Sunday, November 25, 2012

ပြည်သူပြည်သား သတင်းသမားများ (အခန်း-လေး)


                                   ပြည်သူပြည်သား သတင်းသမားများ(အခန်း-လေး)

ပြည်သူ ပြည်သား သတင်းသမားများအတွက် ရိုက်ကူးရာမှာ သတိထားရမယ့် အချက်တွေကို ရှေ့အပိုင်းတွေမှာ တင်ပြပေးပြီးတဲ့နောက် အခုတပတ်မှာတော့ ပိုမိုပြည့်စုံတဲ့ အရုပ်ကတ်တွေ ရရှိစေဖို့ ရိုက်ချက် အဆင့်အဆင့် ကို ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။ ကိုယ်ရိုက်ကူးမယ့် ၂မိနစ်စာသတင်းအတွက်ဆို သူ့ရဲ့ ငါးဆ ၁၀မိနစ် လောက်ရိုက်ရမှာ ဖြစ်တဲ့အတွက် အဲဒီ ၁၀မိနစ်အတွင်းမှာ ရိုက်ချက်စုံစုံ အရုပ်ကတ်ကောင်းကောင်းတွေနဲ့ စနစ်တကျဝင်အောင် ရိုက်နိုင်မယ်ဆိုရင် တည်းဖြတ်ပေးသူအတွက်လဲ ပြည့်စုံတဲ့ သတင်းတပုဒ်အဖြစ် ပရိတ်သတ်ရှေ့ကို အရောက်ပို့ပေးနိုင်မှာပါ။ ဒါ့ကြောင့် ရိုက်ချက်တွေ ကောင်းအောင် လေ့ကျင့်သင့်ပါတယ်။
ရိုက်ချက်အမျိုးမျိုး ဆိုရာဝယ်
ရိုက်ကူးရာမှာ ရိုက်ချက် (Shoot ) ၅မျိုး ရအောင် ရိုက်ကူးသင့်ပါတယ်။ အခြေအနေ မပေးတဲ့အခါ မပေးသလို ပေးတဲ့ အခါ ပေးသလို ပြည့်စုံအောင် ရိုက်လို့ရသလောက် ရိုက်ကူး ရမှာပါ။ အခုလို ရိုက်ချက်စုံပါမှ ပြည်စုံတဲ့ သတင်းတပုဒ်အတွက် အကောင်းဆုံး တည်းဖြတ်နိုင်မှာဖြစ်ပါတယ်။
ရိုက်ချက်တွေဟာ သတင်းစာဆောင်းပါးတွေ သတင်းတွေမှာ အချက်အလက်တွေကို စာကြောင်းတွေနဲ့ ၀ါကျ တည်ဆောက်ပြီး သတင်းရေးတင်ပြသလို ရုပ်မြင်သံကြားမှာလဲ ရိုက်ချက်တွေနဲ့ ကိုယ်ပြောချင်တဲ့ သတင်းစကားကို ပုံဖေါ်ပြတာပါပဲ။


(၁)အကြီးစားအနီးကပ် ရိုက်ချက် ( Extreme close up)


ဒီရိုက်ချက်ကတော့ လူတွေရဲ့ စိတ်လှုပ်ရှားမှုတွေ၊ စိတ်ဝင်တစား ရှိနေမှုတွေ ၊ စိတ်ခံစားမှုတွေကို ပုံဖေါ်သလို သက်မဲ့ အရာဝတ္တုတွေရဲ့ အသေးစိတ်အရာတွေကို ဖေါ်ပြပေးနိုင်ဖို့ သုံးလေ့ရှိပါတယ်။
ဥပမာ…ဟောပြောပွဲ တခုမှာ လူတွေ စိတ်ဝင်တစားနားထောင်တာကို ပြချင်ရင် စူးစိုက်ကြည့်နေတဲ့ အနီးကပ်ရိုက်ချက်၊ ၀မ်းနည်းလို့ ငိုကြွေးနေတဲ့အခါ မျက်လုံးမှာ မျက်ရည်တွေ ပြည့်နေတဲ့ ရိုက်ချက်၊ ကားတိုက်မှု ဘာညာဆိုရင်ပျက်စီး သွားတဲ့ နေရာတွေ ထိခိုက်သွားတဲ့နေရာတွေကို ထင်ရှားအောင် အနီးကပ်ရိုက်ပြရတဲ့ ရိုက်ချက် စသဖြင့်ပေါ့။
(၂)အနီးကပ်ရိုက်ချက်( Close Up)


ဒီရိုက်ချက်ကိုတော့ သတင်းမှတ်ချက်အတွက် အင်တာဗျူးတွေမှာ အများဆုံးသုံးပါတယ်။ နောက်တခါ လူတဦး စကားပြောနေတဲ့အချိန်မျိုးမှာလဲ ဒီရိုက်ချက်ကို သုံးပါတယ်၊ အင်တာဗျူး ယူတဲ့အခါမှာ ကင်မရာကို တည့်တည့်ကြည့်ဖြေတာထက် မေးတဲ့သတင်းထောက်ကို ကြည့်ဖြေတဲ့ပုံစံမျိုး ဖြစ်အောင် ရိုက်သင့်ပါတယ်။ အခု ပုံမှာ ဆိုရင် မျက်လုံးကြည့်နေတဲ့ဘက်ကို များများချန်ထားပြီး ရိုက်ပြထားပါတယ်၊ ကင်မရာအပြောနဲ့ ဆိုရင် သုံးချိုးနှစ်ချိုးနေရာလွတ်ပေးထားတယ်လို့ ပြောပါတယ်၊ သတိပြုလိုက်နာရမယ့်အချက်ပါ။
(၃) မြင်ကွင်းအလယ်အလတ်ရိုက်ချက် ( Medium Shot/ Mid Shot)


ဒါကတော့ လူအများကြီးထဲက လူအုပ်စုတစုကို ဖေါ်ပြချင်တဲ့အခါ ဒီရိုက်ချက်ကို သုံးပါတယ်။ အခမ်းအနားတွေ ဆန္ဒပြပွဲတွေမှာ အများဆုံး သုံးပါတယ်၊ ပရိတ်သတ်အားလုံးထဲက လူလေးငါး ယောက်လောက် စီကို ဖြတ်ဖြတ်ရိုက်တာမျိုးပါ။
(၄) မြင်ကွင်းကျယ်ရိုက်ချက် (Wide shot)

ဒီရိုက်ချက်ကတော့ ကိုယ်တင်ပြချင်တဲ့အကြောင်းအရာကို ပေါ်လွင်အောင် ပြချင်တဲ့အခါသုံးပါတယ်။  အဲဒီရိုက်ချက်နဲ့ မြင်ရတဲ့မြင်ကွင်းဟာ ဘယ်လိုဖြစ်ပျက်နေတယ် ဆိုတာကို  ပေါ်လွင်သဘောပေါက်သွားစေတဲ့ မြင်ကွင်းမျိုးပါ။ ဒီအခမ်းအနားကို လူအများကြီး  တက်နေတယ်။ လူအများကြီးတက်နေတယ်၊ လမ်းပေါ်မှာ ကားတွေ အများကြီးသွားနေတယ်၊ ခရီးသွားတွေ များနေတယ်။  ဒီနေရာမှာ အပန်းဖြေ လာသူတွေ အများကြီး စသဖြင့်ပေါ့။
(၅) ပတ်ဝန်းကျင်သရုပ်ဖေါ်ရိုက်ချက်( Establishing Shot)


ဒီရိုက်ချက်ကို မြင်တာနဲ့ ကြည့်နေတဲ့ ပရိတ်သတ်က ဘယ်နေရာ လဲ ဆိုတာ သဘောပေါက်စေတဲ့ ရိုက်ချက်ကို ခေါ်ပါတယ်၊ ပတ်ဝန်းကျင်က ထင်ရှားတဲ့ အဆောက်အဦတွေ၊ ဆိုင်းဘုတ်တွေကိုရိုက်ပြရမှာပါ။ အဲဒါတွေမြင်တာနဲ့ လူတွေက သဘောပေါက်သွားစေတဲ့ ရိုက်ချက်မျိုးပေါ့။
(၆)ပုခုံးပေါ် ကျော်လွှားရိုက်ချက် ( Over- the-shoulder soot)

ဒီရိုက်ချက်ကတော့ ကိုယ့်သတင်းထဲက ဇာတ်ကောင် ဘာလုပ်နေတယ်ဆိုတာကို ပြချင်တဲ့အခါ သူ့ကျောကုန်း အထက်နားကနေ သူမျက်နှာ မူရာဘက်ကို ရိုက်ကူးရတာပါ။ လူတွေရဲ့ လုပ်ဆောင်မှုကို ပြသဖို့အတွက် ဒီရိုက်ချက်ဟာ မဖြစ်မနေ လိုအပ်ပါတယ်၊ စာဖတ်နေတဲ့ လူကို သူဘာစာဖတ်နေတယ် ပြနိုင်သလို အခမ်းအနားတခုမှာ စကားပြောနေသူနောက်ကနေ ရှေ့က ပရိတ်သတ်ကို ရိုက်ပြနိုင်ပါတယ်၊
(၇)သုံးချိုးတချိုးစည်းကမ်း( Rule of thirds)

ဒီရိုက်ချက်ကတော့ သမရိုးကျဆန်တယ်လို့ ပြောနိုင်ပေမယ့် ပန်းချီကားတချပ်လို ဓါတ်ပုံတပုံလို ကိုယ်ပြချင်တဲ့ အရာဝတ္တု လူ စတဲ့ အဓိက ကျတာတွေကို မြင်ကွင်းရဲ့ သုံးချိုးတချိုးမှာနေရာချတာကို ဆိုလိုပါတယ်။ ပရိတ်သတ်ရဲ့ အမြင်ကို ဖမ်းစားနိုင်ဖို့ ဟိုးနှစ်ပေါင်းများစွာကတည်းက ပန်းချီဆရာတွေ ကျင့်သုံးလာတဲ့ နည်းစနစ်ပါပဲ။ ရုပ်မြင်သံကြား ရိုက်ချက်ထဲမှာလဲ ဒီအချက်ကို အဓိက အဖြစ် လူတွေရဲ့ စိတ်ကို ဖမ်းစားနိုင်ဖို့ ပန်းချီဆရာ ဓါတ်ပုံဆရာတွေ နည်းတူ ပုံမှန် သုံးထားပါတယ်။
(၈) နေရာ အပုတ် (Negative Space)

ဒီအချက်ကလဲ အပေါ်က အချက်လိုပါပဲ။ မြင်ကွင်းထဲမှာ နေရာလွတ်တွေ အများကြီးနဲ့ ဟာ ကျန်မနေသင့်တဲ့ အချက်ကို သတိပြုဖို့ပါပဲ။ ကိုယ်ရိုက်ကူးလိုက်တဲ့ ရိုက်ချက်က ထွက်လာတဲ့ မြင်ကွင်းမှာ ကွတ်လပ်များနေတာ၊ အဓိက ကျတဲ့ အရာဝတ္တု၊ လူပုံတွေဟာ သေးနေပြီး အရေးမကြီးတာတွေ ပါနေတာမျိုးကို နေရာ အပုတ်လို့ ခေါ်ပါတယ်။ အဲဒီလိုနေရာပုတ်မျိုး မပါအောင် ရှောင်ကျဉ်ရမှာပါ။

ပြည်သူပြည်သား သတင်းသမားများအတွက် ရုပ်ကတ်ကောင်းကောင်းရဖို့ ရိုက်ချက်တွေ စုံစုံလင်လင်ရအောင် ရိုက်နိုင်ပြီလို့ ထင်ပါတယ်၊ ဒီရိုက်ချက်မျိုးအားလုံး အလေ့အကျင့်ပေါ်မူတည်ပြီး တဖြည်းဖြည်း ပြည့်စုံအောင်ရိုက်လာနိုင်ပါလိမ့်မယ်၊ အလေ့အကျင့်များလေ ပိုပြီး အဆင်ပြေေ ချာမွေ့လေပါပဲ။ ရိုက်ပြီးတဲ့အရုပ်တွေကို ပြန်ကြည့်ဖို့လဲ မမေ့ကြပါနဲ့၊ ပြန်ကြည့်ရင်း ကိုယ်ဘယ်နေရာမှာ မှားနေလဲ။ ဘယ်လိုရိုက်လိုက်ရင်ကောင်းမယ်၊ ဒီကတ်လေးကို နည်းနည်းဆက်ရိုက်နေသင့်သား၊ ဟိုနေရာလေးကို အနီးကပ်ရိုက်လိုက်သင့်သား စတာတွေ ပြန်တွေ့ရသလို ကိုယ့်ဘာသာလဲ ပြန်သတိထားမိလာပါလိမ့်မယ်၊
သတင်းသမားတွေ အတွက် နောက်ဆုံး အရေးအကြီးဆုံး မှတ်ချက်အတွက် အင်တာဗျူး ရိုက်နည်းနဲ့  မေးပုံမေးနည်းလေးတွေ လက်ဆောင်ပေးခဲ့ပါရစေ။

ဘယ်လိုမေးကြမလဲ
တိုက်ရိုက်တင်ဆက်မဟုတ်တဲ့ သတင်းအများစုကတော့ ကင်မရာသမားရဲ့ အသံကို အစီအစဉ် တည်းဖြတ်တဲ့ အခါမှာ မသုံးပဲ အဖြေကိုသာ သုံးပါတယ်။ ဒါ့ကြောင့် အဖြေကိုသာ ကြားယုံနဲ့ ပရိသတ်သဘောပေါက်မယ့် အဖြေမျိုး ဖြစ်အောင်မေးပေးနိုင်ဖို့ အရေးကြီးပါတယ်။ အဲလိုမေးနိုင်ဖို့ ဘယ်လိုအချက်တွေကို သတိပြုရမလဲ။

(၁) ဟုတ်တယ်မဟုတ်ဘူး လို့သာ ဖြေနိုင်မယ့် မေးခွန်းမျိုးကို ရှောင်ရပါမယ်၊
ဥပမာ… ဒီနေရာမှာ အလုပ်လုပ်ရတာ ပျော်လား ဆိုတဲ့မေးခွန်းမျိုးကို မေးရင် အလုပ်သမားက ပျော်တယ် မပျော်ဖူး ဆိုတာပဲ ဖြေတဲ့အဖြေမျိုးပေးပါလိမ့်မယ်၊ အဲဒီလိုအဖြေကို မေးခွန်းဖြုတ်လိုက်ရင် တုံးတိကြီးနဲ့ အဖြေသက်သက် သုံးလို့ မရတော့ပါဘူး။ ဒါ့ကြောင့် မေးခွန်းကို ပြောင်းမေးပေးရပါတယ်၊ ဒီနေရာမှာ အလုပ်လုပ်ရတာနဲ့ ပတ်သက်လို့ ဘယ်လိုအခက်အခဲတွေ ရှိလဲ၊ ဘာတွေရင်ဆိုင်ရသလဲ ဆိုတာလေး ပြောပေးပါဆိုတဲ့ မေးခွန်းမျိုး မေးလိုက်ရင် သူဖြေတဲ့အဖြေဟာ မေးခွန်းဖယ်ပြီး သုံးတဲ့အခါ အဆင်ပြေတာကို တွေ့ရပါလိမ့်မယ်။

(၂)ဖြေနေတဲ့အချိန်မှာ ကြားက ၀င်မထောက်ပါနဲ့။
အဲလိုကြားကစကားဝင်ပြောတာ၊ ထောက်တာမျိုးတွေဟာ မေးသူအသံနဲ့ ဖြေသူအသံ ရောသွားစေတဲ့အတွက် မေးတဲ့လူအသံကို ဖယ်မရတော့ပါဘူး။ အဲဒီအခါမျိုးမှာ အဖြေကောင်းပေမယ့် အသံရောနေတဲ့အတွက် မသုံးနိုင်တော့ပါဘူး။ တကယ်လို့ အဲလို ဖြစ်သွားမိရင် ထပ်မေးပြီး ထပ်ဖြေခိုင်းပါ။

(၃)နောက်ခံအရုပ်ကို သတိထားပါ၊
လူတဦးဦးကို အင်တာဗျူးမေးမြန်းနေချိန်မှာ မေးမြန်းတဲ့အကြောင်းအရာနဲ့ လိုက်ဖက်တဲ့ နောက်ခံအရုပ်မျိုး ရအောင် စဉ်းစားရပါမယ်။ ဥပမာ ဆန္ဒပြပွဲအကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူကိုမေးတယ်ဆိုရင် ဆန္ဒပြပွဲ နောက်ခံဟာ အကောင်းဆုံးပါပဲ။ အခမ်းအနားတွေဆိုလဲ အခမ်းအနားနဲ့ သက်ဆိုင်တဲ့ ဆိုင်းဘုတ်တွေက အကောင်းဆုံးပေါ့။ အနှောင့်အယှက်ဖြစ်နိုင်တဲ့ အရုပ်တွေ နောက်ခံတွေ မပါဖို့လဲ သတိထားရပါမယ်။ 

ဒီအချက် တွေကို သတိထားအလေ့အကျင့်ပြုထားမယ်ဆိုရင် ပြည်သူပြည်သား သတင်းသမားကောင်း တယောက်ဖြစ်ပြီပေါ့။ ၀ါသနာပါရင် သတင်းထောက်အဖြစ် ရှေ့ဆက်လေ့လာပြီး တက်လှမ်းလို့ လဲ ရနိုင်ပါသေးတယ်။ ကြိုစားမှုကိုသာ မလျှော့ခဲ့ရင် အကောင်းဆုံး သတင်းသမားတယောက် ဖြစ်လာမှာ မလွဲပါဘူးဆိုတာ ပြောကြားရင်း သတင်းအဖြစ် ရိုက်ကူးတဲ့အခါ သိထားသင့်တဲ့ အခြေခံအချက်လေးတွေ မျှဝေမှုကို အဆုံးသတ်ပါရစေ။ ဖတ်ရှုအားပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်။
အခုရေးသားတင်ပြချက်တွေထဲက မရှင်းတာ သိချင်တာတွေ ရှိနေသေးရင် khinminzaw@gmail.com ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။
(အပတ်စဉ် အင်္ဂါနေ့တိုင်း ထုတ်ဝေသော ပ်ါပြူလာဂျာနယ်တွင်ဖေါ်ပြပြီး)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

2 comments:

Unknown said...

ဗမာလိုဘဲ ပြောနိုင်တယ်နော်။ လေးစားပါတယ် ။ အားလုံးကိုမဖတ်ရသေးပေမဲ့ပေါ။ အပိုင်းလိုက်ဖော်ပြပေး နေတဲ့ ပြည်သူပြည်သားသတင်းသမားများ ဆိုတဲ့ ဆောင်းပါးတွေကို ရယူခွင်ပြုပါသလား ရယူလိုတယ်ဆိုယင် ဘယ်သို့ ဘယ်ပုံ ဆိုတာလေး သင့်ရာနည်းလမ်းဖြင့် ပြန်ကြားပေးစေလိုပါတယ်။

ခင်မင်းဇော် said...

ဒီဆောင်းပါးတွေ အကုန်ဖြန့်ချီအသုံးပြုနိုင်ပါတယ်။ မူရင်းဆောင်းပါးရှင်နဲ့ ဖေါ်ပြခဲ့တဲ့ ပေါ်ပြူလာမဂဇင်းကိုတော့ ခရက်ဒစ်ပေးရပါမယ်ရှင့်။ ကျေးဇူးတင်ပါတယ်။ အပေါ်ဆုံးက ပုံက ပေါ်ပြူလာက ဖေါ်ပြတဲ့ ဆောင်းပါးအတိုင်း စကင်တာ ဖတ်ထားတာပါ။ အဲဒါကိုပဲ ပရင့်ထုတ် သုံးရင်လဲ အဆင်ပြေပါတယ်။