Friday, November 16, 2012

ပြည်သူပြည်သား သတင်းသမားများ (အခန်း-သုံး)


                       ပြည်သူပြည်သားသတင်းသမားများ(အခန်း-သုံး)

အရည်အသွေးကောင်းတဲ့ ရိုက်ချက်နဲ့ အရုပ်တွေရမှ စိတ်ဝင်စားဖွယ် အကောင်းဆုံး ရုပ်မြင်သံကြားသတင်းတခု ရအောင် တည်းဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ရိုက်ကူးသူက အကောင်းဆုံး အရည်အသွေးနဲ့ ရိုက်ပေးနိုင်မှုကသာ အခရာ ဖြစ်ပါတယ်။ ကင်မရာ ဘယ်လောက်ကောင်းကောင်း ရိုက်ကူးသူရဲ့အယူအဆ ၊ နည်းလမ်းတကျ ရိုက်ကူးတတ်မှုမရှိရင် အရုပ်ကောင်းမရနိုင်ပါဘူး။ အရုပ်ကောင်းမရခဲ့ရင် ဘယ်လောက်အရေးကြီးတဲ့ သတင်းပဲ ဖြစ်ပါစေ။ လူစိတ်ဝင်စားမှု ရနိုင်ဖို့ ခက်ခဲသွားတတ်ပါတယ်။ အရင်အပတ်က ဘယ်လိုကတ်တွေ ရိုက်သင့်တယ်လို့ အကြံပေးပြီးတဲ့နောက် အဲဒီရိုက်ကို ရိုက်သင့်တဲ့ ကတ်တွေကို ဘယ်လိုကောင်းအောင် ရိုက်မလဲ ဆိုတဲ့ ရိုက်ကူးရေးလမ်းညွှန်ကို ဒီတပတ် ပြောပြချင်ပါတယ်။

အခု ကျမပြောပြမယ့်အချက်တွေကတော့ ပညာရှင်တွေထောက်ပြလမ်းညွှန်ချက်တွေထဲက ကျမ မှတ်မိသိရှိသလောက် ဖြစ်တာမို့ ပြည့်စုံတဲ့လမ်းညွှန်မှုတော့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် သာမန်ပြည်သူပြည်သား သတင်းသမားတယောက်အနေနဲ့ ပညာရှင်တွေ ထောက်ပြလေ့ ရှိတဲ့၊ မဖြစ်မနေသိထားသင့်တဲ့ ရှောင်ရန်ဆောင်ရန်တွေကို သိရှိထားခဲ့ရင်ဖြင့် အရုပ်ကောင်းတွေ ရပြီး အချိန်တိုတိုနဲ့ လိုရင်းကို တင်ပြနိုင်မှာပါ။
သတင်းတပုဒ်အတွက်အသင့်တော်ဆုံး အရုပ်ကတ်တွေရအောင် ဘယ်လိုရိုက်သင့်လဲ…..။

၁။ သုံးချောင်းထောက်ကို အခြေအနေပေးတိုင်း သုံးပါ၊
Tripod လို့ခေါ်တဲ့ သုံးချောင်းထောက်ကို မဖြစ်မနေ လက်နဲ့ ကိုင်ရိုက်မှ ဖြစ်မယ်ဆိုတဲ့နေရာကလွဲပြီး ကျန်တဲ့ ရိုက်ကူးချိန်တိုင်းမှာ သုံးဖြစ်အောင် သုံးပါ။ ဒါဟာ အရုပ်ငြိမ်ဖို့အင်မတန်အထောက်အကူဖြစ်ပါတယ်။ လက်နဲ့ ကိုင်ရိုက်တဲ့အခါ အင်တာဗျူးတွေမှာ တဖက်သား ပြောတဲ့လူပေရှည်နေပြီဆိုရင် လက်က မငြိမ်နိုင်တော့ပါဘူး။ အနည်းနဲ့ အများဇောချွေးပြန်အောင် တောင့်ခံထားသည့်တိုင်အောင် လှုပ်နေတဲ့ အရုပ်ပဲ ရတတ်ပါတယ်။ လက်ပေါ်မှာ ရိုက်ရင် နည်းနည်းလေး လှုပ်တာနဲ့ တီဗီဖန်သားပြင်မှာ ကြီးကြီးမားမားတုန်ခါနေတတ်တာကို သတိပြုမိရပါမယ်။ ဒီလိုအချိန်မျိုးမှာ သုံးချောင်းထောက်လေးနဲ့ ချိန်ရိုက်ခဲ့ရင် အေးဆေးလေး သူပြောတာကို နားထောင်ပြီး ဘယ်နေရာ ဘယ်နှစ်မိနစ်လောက်မှာ ကောင်းတဲ့ စကားလေး ပြောသွားတယ်ဆိုတာကို အလွယ်လေး မှတ်ထားနိုင်မှာပါ။ တုန်ခါနေတဲ့ အရုပ်တွေကို ရုပ်မြင်သံကြားမှာ မသုံးဖို့ ပညာရှင်တွေက အကြံပေးထားပါတယ်၊ (ပြေးရင်းလွှားရင်း သတင်းယူရတဲ့ ဆန္ဒပြပွဲတွေ ၊ စစ်သတင်းတွေက လွဲရင်ပေါ့)။
အင်မတန်တော်တဲ့ ရိုက်သားကျနေတဲ့ သတင်းထောက်တွေကတော့ သူတို့ရဲ့ခြေထောက်ဟာ သူတို့ Tripod ပါပဲ။ အဲဒီအခါ သူတို့ရဲ့ ကင်မရာ ကိုင်တဲ့လက်တွေကို သေချာသတိထားကြည့်မယ်ဆိုရင် သာမန်လူတွေလို လက်မြှောက်ရိုက်နေတာ မတွေ့ရပဲ လက်မောင်းကနေ တံတောင်ဆစ်အထိဟာ ကိုယ်ခန္မာနဲ့ ကပ်နေပြီး ခါးကို အားပြုထားတယ် ဆိုတာ တွေ့ရပါလိမ့်မယ်။

၂။ ရိုက်ချက်အားလုံးဟာ ၁၀စက္ကန့်တည်ငြိမ်တဲ့ ရိုက်ချက်မျိုး ဖြစ်ပါစေ။
ဆိုလိုတာက ကိုယ်ပြချင်တဲ့ မြင်ကွင်းတခုကို ရိုက်တဲ့အခါ အဲဒီမြင်ကွင်းကို အပြောင်းအလဲ မရှိပဲ တသမတ်တည်း ရိုက်ကူးနေတာကို ဆိုလိုတာပါ။ ဘယ်မြင်ကွင်း ဘယ်လိုအခြေအနေကိုပဲ ဖြစ်ပါစေ။ ရိုက်ကူးချက်ဟာ ၁၀ စက္ကန့်စီ ငြိမ်အောင် ရိုက်ကူးရပါမယ်။ တချို့ ကင်မရာသမားတွေက ၅ စက္ကန့်လို့ ပြောပေမယ့် ၁၀စက္ကန့်ရိုက်ထားတာက စိတ်အချရဆုံးပါ။ ဘာလို့ဆို စတင်ရိုက်ကူးချိန်နဲ့ ပြီးဆုံးချိန်မှာ လှုပ်ရမ်းတတ်တဲ့သဘာဝ ရှိလို့ပါပဲ။ တည်းဖြတ်တဲ့အခါ ရိုက်ချက်တခုရဲ့တည်ငြိမ်မှုဟာ ၅ စက္ကန့်ထက် နည်းနေပြီဆိုရင် အဲဒီကတ်ကို အသုံးပြုဖို့ ခက်ခဲလှပါတယ်။ ဖျတ်ကနဲ မြင်ပြီး ပျောက်သွားသလိုဖြစ်တဲ့အတွက် ကြည့်သူတွေ အမြင်မှာ မစွဲမြဲနိုင်ပါဘူး။

၃။ လှုပ်ရှားမှုနောက်ကို ကင်မရာ လိုက်မသွားပါနဲ့။
ဒါကတော့ ကိုယ်ရိုက်ကူးမယ့် မြင်ကွင်းထဲမှာ ရွေ့လျားနေတဲ့ ကားတွေ၊ လမ်းလျှောက်နေတဲ့လူတွေ၊ ပြေးလွှားပျံသန်းနေတဲ့ တိရိစ္ဆာန်တွေပါဝင်နေတဲ့အခါမှာ သူတို့ ရွေ့လျားနေတဲ့နောက်ကို ကင်မရာ လိုက်သွားတာမျိုးကို ရှောင်ကျဉ်ခိုင်းတာပါ။ ရွေ့လျားနေမှုကို မြင်ကွင်း (ရိုက်ကွင်း) အတွင်းမှာပဲ ရှိနေပါစေ။ ကားသွားနေတာ။ လူလမ်းလျှောက်နေတာမျိုး ရိုက်ပြီဆိုပါစို့။ ကိုယ့်ရဲ့ ကင်မရာ ဘယ်ဖက် ဒါမှမဟုတ် ညာဖက်က ၀င်လာတာကို ရိုက်တဲ့အခါမှာ ကင်မရာကို မရွှေ့ပဲ အငြိမ်ထားရိုက်ပြီး ၀င်လာတဲ့ ကား သို့မဟုတ်လူဟာ တခြားတဖက်ကနေ ပြန်ထွက်သွားတဲ့ ရိုက်ချက်မျိုးကိုသာ ရိုက်ရပါမယ်။ သွားနေတဲ့နောက်ကို လိုက်မရိုက်ရဘူးလို့ ဆိုလိုတာပါ။

၎။အနီးအဝေး ကစားတဲ့ ရိုက်ချက်မျိုးတွေကို ရှောင်ကျဉ်ပါ။
ကိုယ်ပြချင်တဲ့ မြင်ကွင်းတခုကို ရိုက်ကူးနေချိန်မှာ အဝေးက မြင်ကွင်းကို နီးလာအောင်၊ နီးနေတဲ့မြင်ကွင်းကို ဝေးသွားအောင် Zoom ကို ကစားပြီး အနီးအဝေး ရိုက်ကူးတာမျိုးကို မလုပ်ခိုင်းပါဘူး ။ ရှောင်ရမှာပါ။ အဲဒီရိုက်ချက်မျိုးကို ရုပ်မြင်သံကြား သတင်းတွေမှာ ဖြစ်နိုင်ရင် ထည့်မသုံးဖို့ ပညာရှင်တွေက အကြံပေးထားပါတယ်။တည်းဖြတ်တဲ့အခါမှာ သတင်းစခရစ်နဲ့ အချိန်ကန့်သတ်ချက်ကြောင့် အသုံးပြုရခက်တာကို သတိပြုရမှာမို့ ဒီလိုရိုက်ချက်မျိုးကို ရှောင်ကျဉ်ခိုင်းတာပါ။ လိုအပ်လို့ ကန့်သတ်ချက်နဲ့ Zoom ကစားတာမျိုးကို တော့ လုပ်နိုင်ပါတယ်။ (ဥပမာ..အရေးတကြီးအနီးကပ်ကိုယ်ပြချင်တဲ့အရာကို ရိုက်ယူရင်း တစ်ကနေ ၁၀ ထိရေပြီး Zoom out ထုတ်ပစ်တာမျိုး၊ Zoom in ၀င်နေရင်း မြင်ကွင်းက လှုပ်ရှားနေတဲ့အခါ ၀ါးသွားတဲ့အခါမျိုးတွေမှာ Zoom out ထုတ်ပစ်တာမျိုး တွေမှာတော့ လုပ်နိုင်ပါတယ်။ )အဲဒီလို Zoom ကစားပြီးရင် ၁၀စက္ကန့်ငြိမ်အောင် ရိုက်ယူဖို့မမေ့ပါနဲ့။(၁၀စက္ကန့် အငြိမ်ကတ် မပါလာရင် ဖျတ်ကနဲ ကိုယ်ဘာပြချင်မှန်းမသိပဲ ကတ်ချိန်းသွားတာမျိုးဟာ ကြည့်သူအတွက်အကျိုးမရှိတဲ့ အပိုကတ်ဖြစ်သွားတတ်တဲ့အတွက် တည်းဖြတ်တဲ့အခါမှာ ဒီကတ်မျိုးကို မသုံးတော့ပါဘူး)
ကိုယ်ရိုက်မယ့်မြင်ကွင်းကို နီးအောင် ဒါမှမဟုတ် အရာဝတ္တုကို ကြီးအောင် လုပ်ချင်တဲ့အခါမှာ အဲဒီမြင်ကွင်း ဒါမှမဟုတ် အရာဝတ္တုအနားကို ကင်မရာရွှေ့သွားရပါမယ်။ တကယ်လို့ ကင်မရာ ရွှေ့သွားဖို့ အခက်အခဲ ဖြစ်နေတယ်ဆိုရင်လဲ Zoom ဆွဲပြီး လိုချင်တဲ့အနေအထား ရအောင် အရင်ချိန်၊ ငြိမ်ပြီဆိုမှ ၁၀စက္ကန့် အငြိမ်ရိုက်ချက်ကို ယူရမှာပါ။

၅။ ဘယ်ညာယိမ်းတဲ့ရိုက်ချက်များကို ရှောင်ပါ။
ကိုယ်ရိုက်တဲ့မြင်ကွင်းကနေ ဘယ်ကနေညာ ၊ ညာကနေ ဘယ် ပြောင်းနေတဲ့ ရိုက်ချက်ကို Pan လို့ ခေါ်ပါတယ်။ အဲဒီလို ရိုက်ချက်မျိုးကို မပြုလုပ်ရပါဘူး။ ဘယ်ရော ညာရောက မြင်ကွင်းတွေကို လိုချင်လို့ ရိုက်မယ်ဆိုရင်လဲ ကိုယ်ရိုက်ကူးလိုတဲ့မြင်ကွင်ကို ကင်မရာနဲ့ အရင်ချိန်ပါ။ ပြီးရင် ၁၀ စက္ကန့် ငြိမ်အောင် ရိုက်ပါ။ ပြီးရင် ဘယ်ညာပြောင်းပြီး ကိုယ်ရိုက်လိုတဲ့ မြင်ကွင်းကိုရောက်ရင် တခါ ၁၀စက္ကန့် တသမတ်တည်း တည်ငြိမ်အောင် ရိုက်ကူးပါ။ အချိန်အကန့်အသတ်ကြောင့် ဘယ်ညာပြောင်းတဲ့ ကတ်ကို မယူပဲ ဘယ်က အငြိမ်ကတ်နဲ့ ညာက အငြိမ်ကတ်ကို ဖြတ်သုံးနိုင်တဲ့အတွက် အဆင်ပြေတဲ့ ရိုက်ချက်ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်သွားလိုက်၊ ဘယ်ဘက်ရောက်ရင်ညာဘက်ပြန်လာလိုက် ရိုက်တတ်တာမျိုးကို သတိထားရှောင်ကျဉ်ရပါမယ်။

၆။ တည်ငြိမ်တဲ့ အရာဝတ္တုနဲ့ မျက်နှာပြင်ညီတဲ့ အရာဝတ္တုတွေကို ရိုက်တဲ့အခါ မူယင်းအတိုင်း ဖြစ်ပါစေ။
ဒါကတော့ အင်မတန်လွယ်ပေမယ့် သတိလက်လွတ်ဖြစ်တတ်တဲ့ ရိုက်ချက်ပါ။ အဲဒါကတော့ လက်နဲ့ ကင်မရာ ကိုင်ရိုက်တဲ့အခါတွေမှာ ဖြစ်တတ်ပါတယ်၊ တည်ငြိမ်နေတဲ့ အဆောက်အဦးတွေကို ရိုက်ယူရင်း ကင်မရာရမ်းနေတဲ့အတွက် အဆောက်အဦးကလဲ လှုပ်ခါနေတာမျိုး ဖြစ်တဲ့ အခြေအနေမျိုးကို ဆိုလိုပါတယ်။ တည့်မတ်နေတဲ့ နာရီစင်ကို ကင်မရာစောင်းနေတဲ့အတွက် ရုပ်မြင်သံကြားမှာ အစောင်းကြီး မြင်နေရတာမျိုးပေါ့။ ပင်လယ်ပြင်လို မျက်နှာပြင်ညီနေတဲ့နေရာတွေ ရိုက်တဲ့အခါမှာလဲ မျက်နှာပြင်ညီတဲ့ရိုက်ချက်ဖြစ်အောင်သတိပြုရပါမယ်။ အဲဒီအခါမျိုး ဘယ်နေရာနဲ့ ချိန်ကိုက်ကြည့်မလဲ ဆိုရင် တည့်မတ်နေတဲ့ အရာတွေကို ရိုက်ဖို့ ဗီဒီယိုကင်မရာက ဘေးဘောင်နဲ့ တန်းညှိကြည့်ပါ။ ရေပြင်ညီရိုက်တဲ့အခါ အပေါ်အောက်ဘောင်နဲ့ ညှိကြည့်ပါ။ ဒါဆို အင်မတန်လွယ်ကူတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။

၇။အသံအကောင်းဆုံးရအောင် ထိန်းညှိပါ။
ရုပ်မြင်သံကြားဆိုတဲ့အတွက် အရုပ်ရော အသံရော ကောင်းမှ အစီအစဉ်ကောင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရိုက်ကူးရာမှာ အသံအရည်အသွေးကောင်းအောင် ဂရုစိုက်သင့်ပါတယ်။ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ရိုက်ကူးတဲ့အခါတိုင်းမှာ အသံ Volum ကို အလယ်မှတ်ထက် အနိမ့် တ၀က်လောက်မှာ ထားသင့်ပါတယ်။ ဒါမှ ပြင်ပအသံတွေ ၀င်ရောက်မှုကို အတိုင်းအတာတခုထိ လျှော့ချနိုင်ပါလိမ့်မယ်။

၈။ မလိုလားအပ်တဲ့အသံတွေ မပါအောင် သတိထားပါ။
ဒါကတော့ အင်မတန်အရေးကြီးတဲ့အချက်တခုပါပဲ။ ဥပမာအားဖြင်တော့ ဘုရားဝတ်ပြုတဲ့မြင်ကွင်းကို ရိုက်ကူးရာမှာ ဘုရားရှိခိုးသံ ၊ ကြေးစည်သံ၊ ဆည်းလည်းသံတွေနဲ့သာ လိုက်ဖက်ပြီး အဲဒီလို သဘာဝ အသံမျိုးတွေ ထည့်သွင်းအသုံးပြုရမှာ ဖြစ်ပေမယ့် အဲဒီမြင်ကွင်းကို ရိုက်နေတုန်း ကင်မရာမန်းနဲ့ တခြားလူတယောက် စကားပြောသံတွေ ပါနေရင် အင်မတန် အရုပ်ဆိုးသွားပါလိမ့်မယ်။ဒါ့အပြင် ကျမတို့ ရိုက်ကူးရေးကျင့်ခဲ့တုန်းက စာရေးမှတ်ရမှာ ပျင်းတဲ့ တယောက်က သူမှတ်ချင်တာတွေကို ရိုက်နေရင်း စကားပြောပြီး ရိုက်ခဲ့ပါတယ်။ အက်ဒစ်လုပ်ဖို့ ပြင်ဆင်တဲ့အခါ သူ့အသံတွေနဲ့ ထပ်နေတော့ သဘာဝအသံတွေ မရတော့ပါဘူး။ ရေခဲခြစ်သည်ကို ရိုက်နေရင် ရေခဲခြစ်နေတဲ့အသံမျိုး ပါရမယ်။ စက်ဘီးပြင်ဆိုင်မှာ ရိုက်လာရင် စက်ဘီးလှည့်သံလေးမျိုး ပါလာရမယ် စသဖြင့်ရှိပါတယ်။ ဒီလိုသဘာဝအသံ ကို ပျောက်ပျက်သွားစေနိုင်တဲ့ ရိုက်ကူးမှုမျိုးကို မပြုလုပ်ပါဘူး။ ဒါ့ကြောင့် ရှောင်ရှားနိုင်တဲ့ မလိုလား အပ်တဲ့အသံတွေကို တတ်နိုင်သမျှ ရှောင်ကျဉ်သင့်ပါတယ်။
အခု ဖေါ်ပြထားတဲ့ ရိုက်ကူးရာမှာ သတိထားရမယ့် အချက်တွေ အပြင် အဲဒီလို ရိုက်ကူးတဲ့အခါမှ ပိုမိုပြည့်စုံတဲ့ အရုပ်ကတ်တွေ ရရှိဖို့ ရိုက်ချက် အဆင့်အဆင့် ရှိပါသေးတယ်။ ဒါကိုတော့ ရှေ့တပတ်မှာ ဆက်လက်ဖေါ်ပြပေးပါဦးမယ်။
(အပတ်စဉ် အင်္ဂါနေ့တိုင်း ထုတ်ဝေသော ပေါ်ပြူလာဂျာနယ်တွင်ဖေါ်ပြပြီး)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

2 comments:

မြတ်ပန်းနွယ် said...

သတင်းသမားတော့ မဟုတ်ပေမယ့် အပိုင်း တစ် နှစ် သုံး သုံးခုစလုံးကို စိတ်ဝင်တစား ဖတ်သွားခဲ့တယ် အစ်မရေ.. ။

လေးစားခင်မင်လျက်
မြတ်ပန်းနွယ်

Unknown said...

ကျေးဇူးပါအမ