Saturday, November 10, 2012

ပြည်သူပြည်သား သတင်းသမားများ (အခန်း-နှစ်)


ပြည်သူပြည်သား သတင်းသမားများ (အခန်း-နှစ်)

ပြည်သူပြည်သား သတင်းသမားများအတွက် ကြုံရနိုင်တဲ့နောက်ထပ် သတင်းအမျိုးအစားတွေထဲမှာ ကိုယ့်မြို့မှာ ကိုယ့်ရပ်ကွက်ထဲမှာ ကိုယ့်လမ်းထဲမှာ  ဖြစ်တတ်တဲ့ မှုခင်းတွေ (မီးလောင်မှု၊ကားတိုက်မှု၊ မတရားအနိုင်ကျင့်မှု၊လယ်မြေသိမ်းမှု၊ခိုးမှု၊ရေကြီးမှု.. စသဖြင့် )ကစလို့ ရပ်ကွက်တွင်းမတရားမှုတွေ အမြင်မတော်တဲ့ ဖြစ်ရပ်တွေပါပဲ။
ကိုယ့်ရပ်ကွက်တွင်း ဖြစ်ပွားတဲ့ အဲဒီပြဿနာပေါင်းစုံကို သတင်းဌာနတွေက သတင်းထောက်တွေ မရောက်လာခင် ဒါမှမဟုတ် မလာနိုင်ရင်  ကိုယ်က အရင် သိပြီးဖြစ်နေမယ်။ စုံစမ်းပေးပြီး ဖြစ်နေမယ်။ အချက်အလက်တွေ စုဆောင်းပေးပြီး ဖြစ်နေမယ်ဆိုရင် ပြည့်စုံတဲ့ သတင်းတခုအဖြစ် အများပြည်သူကို တင်ပြပြီးသား ဖြစ်လာမှာမို့ ကိုယ်လဲ ကျေနပ်အားရမိမှာပါ။ ကိုယ့်နယ်ဖြစ်တော့ ကိုယ်က ပိုပြီးကျွမ်းကျင်နှံစပ်မယ်။ ဒါကဒေသခံရဲ့အားသာချက်မဟုတ်လား။ ဘယ်သူ့ကိုမေးမယ်။ ဘယ်သူက ချက်ကျလက်ကျပြောနိုင်မယ် အားလုံးကိုယ်သိပြီးသားချည်းပဲပေါ့။ ဒါကို ဘယ်လိုရိုက်ပြီး တင်ပေးမလဲ။ သတင်းပို့ပေးမလဲ ။ ကျွမ်းကျင်တဲ့ သတင်းထောက်တယောက် မဟုတ်ပေမယ့် ပည်စုံတဲ့အချက်အလက်တွေ ပေးပို့နိုင်ရင် တာဝန်ကျေတဲ့ ပြည်သူပြည်သား သတင်းသမားတယောက်ပါပဲ။ နယ်မြို့သေးသေးလေးလိုမျိုးတွေမှာဆို သတင်းထောက်တွေ မရှိတတ်တော့ ကိုယ်ကပို့ပေးနိုင်ရင် ကိုယ့်မြို ကိုယ်ရပ်ကွက် ကိုယ့်လမ်းက အမှုအခင်းတွေ မတရားမှုတွေကို အားလုံးသိသွားနိုင်မယ်။ ဒီအချက်တွေကနေ ဖြေရှင်းဖို့ နည်းလမ်းတွေ ရလာမယ်။ ကူညီမယ့်လူတွေ ရလာမယ်။ သတင်းလောကကြီးမှာ အချက်အလက်တွေ ပေးပို့နိုင်သမျှပေးပို့နိုင်လေ အားကောင်းတဲ့ သက်ရောက်မှုတွေ ရလာဖြစ်လာပါလိမ့်မယ်။
စမ်းသပ်ကြည့်ရအောင်

ကဲ ဘယ်လိုဖြစ်စဉ်ကိုဘယ်လိုရိုက်ကြမလဲ။
တလောက မိုးရွာလို့ ရပ်ကွက်တွင်း လမ်းတွေရေဖုံးလွှမ်းသွားတဲ့ ရေကြီးတဲ့ဖြစ်ရပ်ဆိုပါစို့။
၁။ ရေတွေကြီးနေတဲ့ လမ်းမှာ လူတွေ ဘယ်လိုလမ်းသွားနေတယ်၊ ဘယ်လောက်ထိ ရေနက်တယ်ဆိုတာ ပြနိုင်ဖို့ လမ်းလျှောက်နေတဲ့ လူတွေ ခြေသလုံးထိလား၊ ဒူးခေါင်းထိလား အဲဒါမျိုးပေါ်လွင်အောင် ရိုက်ပါမယ်။
၂။အိမ်တွေထဲ ဘယ်လောက်ဝင်နေတယ်၊ အိမ်ထဲမ၀င်အောင် လူတွေ ဘယ်လိုကာကွယ်နေတယ်၊ အိမ်အများစု ကို ၀င်တာလား စသဖြင့်ရိုက်ပါမယ်။
၃။ အဲဒီလိုဖြစ်တာ ဒီတလမ်းထဲလား။ ဒီလမ်းနဲ့ ဆက်စပ်နေတဲ့ ဘယ်နေရာက စကြီးနေလဲ။ လမ်းသွယ်ဆိုရင် လမ်းမကြီးမှာ ရေမရှိတာမျိုး ဖြစ်တတ်တော့ အဲဒီလမ်းမကြီးဘက်ကို ရေတွေပြည့်နေတဲ့ လမ်းထဲကနေ ပြန်ရိုက်ပြတာ၊ ရေမရှိတဲ့လမ်းမကြီးကနေ ရေတွေပြည့်နေတဲ့ လမ်းသွယ်ဘက်ကို ပြန်ရိုက်ပြတာမျိုး ရိုက်ပြမယ်။
၎။ ဈေးဆိုင်တွေ ရေကြီးလို့ ပိတ်ထားလား။ ဖွင့်ထားရင် ဘယ်လိုထူးခြားတဲ့ ဖြစ်ရပ်နဲ့ ဖွင့်ထားလဲ။ လူတွေက ရေထဲမှာ မတ်တပ်ရပ်နေလား၊ ခုံတွေဆင့်ထားတာလား။ စသဖြင့် ထူးခြားချက်ရှာရိုက်မယ်။
၅။ လမ်းသွားလာနေတဲ့ လူတွေထဲကနေ ဒီလိုရေမြုပ်နေတဲ့နေရာမှာ ခရီးသွားနေရတာ မဖြစ်မနေ ဖြတ်သွားနေရတာ ဘယ်လိုအနှောင့်အယှက်ဖြစ်သလဲ ဆိုတဲ့မေးခွန်းကိုမေးပါ။ သူဖြေတာရိုက်ယူပါမယ်။
၆။ ဘယ်လိုကြောင့် ခုလိုရေမြုပ်တယ်လို့ ထင်ပါသလဲ မေးပါ။ ( ရေမြောင်းပိတ်ဆို့လို့။ နှစ်တိုင်း မိုးကြီးရင်မြုပ်နေကျ၊ စသဖြင့် ဖြေတာ ရိုက်ယူပါမယ်) အဲဒီမှာ ကိုယ်က ဒီရပ်ကွက်သားဖြစ်တဲ့အတွက် ဘာ့ကြောင့်ဆိုတာ သိပြီးသား ဖြစ်ပါလိမ့်မယ်၊ ကိုယ့်လိုရပ်ကွက်သားအစစ်ကိုပဲမေးပါ။ သူဖြေနိုင်ပါလိမ့်မယ်။
၇။ ဒီလိုရေမမြုပ်အောင်ဘာလုပ်ရင်ကောင်းမယ်ထင်လဲ။ဒီရပ်ကွက်သား ဒီနယ်သားဖြစ်တဲ့အတွက် အဲလိုပြောနိုင်သူကို လဲ ရှာနိုင်ပါလိမ့်မယ်။
၈။ဖြစ်နိုင်ရင် စည်ပင်သာယာက တာဝန်ရှိတယောက်ယောက်ကိုလဲ အထက်မေးခွန်းတွေထဲက သူဖြေနိုင်မယ့်မေးခွန်းတခုလောက်ကို ရိုက်ယူနိုင်မယ်ဆိုရင် ပြည့်စုံတဲ့ အရုပ်ကတ်တွေ ရနိုင်ပြီပေါ့။

ဒီမှာ နံပါတ်အစဉ်လိုက်ကို ဘယ်လိုပေါ်အောင်ရိုက်မလဲ ဆိုတာ အသေးစိတ် ထပ်ရေးပေးပါ့မယ်။
၁။ ရေထဲမှာ ပုဆိုးမ ထမိန်မ လမ်းလျှောက်လာသူတွေကို ရိုက်ပါမယ်။ အဲဒီအခါ ရေတွေထဲမှာ သူတို့တွေလမ်းတလျှောက် လျှောက်နေတဲ့အဝေးကတ် ၊ လူတွေများလေ ပိုကောင်းလေ ဆိုပေမယ့် လူနည်းနည်းလဲ ရိုက်လို့ ရပါတယ်။ ထုံးစံအတိုင်း လူကို အနီးကပ် ရိုက်တဲ့အခါ ရေထဲက ခြေထောက်အနှုတ်အသိမ်း၊ မတင်ထားတဲ့ ပုဆိုး ထမိန်တွေနဲ့ လှုပ်ရှားနေတဲ့ ရေတွေကို ရေအထက်လောက်ကပဲ ရိုက်ယူတဲ့ အနီးကတ်တွေ ရိုက်ယူပါမယ်။ ခြေသလုံးလား ဒူးခေါင်းလား ရေဘယ်လောက်ထိနက်တယ်ဆိုတာ သိရအောင် ရိုက်ပြတာပါ။
၂။ အိမ်တွေထဲ ၀င်တာရိုက်တဲ့အခါမှာလဲ တချို့ အိမ်အောက်ထပ်ထိဝင်လား။ ဒါမှမဟုတ် အိမ်ထဲ ထိမ၀င်အောင် သဲအိတ်တွေကာထားသလား။ အဲဒါတွေကို အိမ်ရှေ့အားလုံးခြုံပြီး ရိုက်ပြတဲ့ကဒ် အဝေးကတ်၊ သဲအိတ်တွေကို ရေတွေလာထိနေတဲ့ အနီးကတ် ။ သဲအိတ်မရှိတဲ့အိမ်တွေ အောက်ထပ်ထဲထိဝင်နေတဲ့အတွက် ခုံတွေ လှေခါးတွေ ရေမြုပ်နေတဲ့ ကတ်တွေ ရိုက်ပါမယ်။
၃။ လမ်းမကြီးနေက လမ်းသွယ် လမ်းသွယ်ကနေ လမ်းမကြီးအဲလိုရိုက်စေချင်တာကတော့ ပတ်ဝန်းကျင်ကို ပြချင်တဲ့သဘောပါ။ အဲလိုမဟုတ်လဲ ဆက်စပ်နေတဲ့နေရာတွေပေါ့။ တ၀က်မြုပ်တ၀က်ပေါ်နေတဲ့ ကျောင်းတို့ ရုံးတို့လိုနေရာမျိုးတွေလဲ ရတာပါပဲ။
၎။ ရေကြီးနေလို့ ရပ်ကွက်ထဲက ဆိုင်တွေ ပိတ်ထားသလား။ ပိတ်ထားတဲ့ ဆိုင်တွေ တဆိုင်ချင်း ပိတ်ထားတာမျိုး ကတ်တွေ တကဒ်ချင်း။ ဆိုင်းတန်းတတန်းလုံး ပိတ်ထားတာမျိုးကဒ်တွေ အဝေးကတ် ၊ ဖွင့်ထားတဲ့ ဆိုင်တွေ အုတ်ခဲခုထားတာမျိုးဆို ခုထားတဲ့နေရာတွေ အဝေးကတ်၊ အနီးကတ် ၊ အုတ်ခဲ ၂ လုံး ၃ လုံး ဒါမှမဟုတ် ခုံ စသဖြင့်ဆင့်ထားတဲ့ အမြင့်ကို ပြတာ ရေဘယ်လောက်တက်တယ်ဆိုတာ သိစေချင်တာပါ။

အဲဒီရိုက်ချက်တွေနဲ့ အင်တာဗျူးအတိုလေးတွေ ပေါင်းသွားရင် သတင်းတပုဒ် တမိနစ်ခွဲစာအတွက် လုံလောက်ပါပြီ။ 

စိတ်ငြိမ်ဖို့သာအဓိက
အဲဒီမှာ အဓိက ရိုက်ချက်တွေကို အငြိမ်တွေပဲ ရိုက်ရပါမယ်။ ကိုယ်ရိုက်တဲ့ ကင်မရာက ဘယ်လိုမျိုးပဲ ဖြစ်ပါစေ။ ရိုက်တဲ့အခါမှ စိတ်က ဗျာများမနေဖို့ အရေးကြီးတယ်။ ဒါလဲ ရိုက်ချင်ဟိုဟာလဲ ပါချင်နဲ့ ကင်မရာကို စိတ်သွားတိုင်း ဆွဲဆွဲယူသွားတာမျိုးကိုရှောင်ရပါမယ်။ ဒီတကတ်ကို ရိုက်မယ်ဆိုရင် တစ်ကနေ တဆယ်ထိ ရေတွက်ပြီး လက်ကို အငြိမ်ပဲ ထားပေးပါ။ ခလုတ်ပိတ်ရင် ဖွင့်တာ ပိတ်တာ အချိန်ကြာတယ် လွတ်သွားမှာစိုးတယ် ဆိုရင် မပိတ်ပဲ နောက်ရိုက်မယ့် ကတ် ဆီသွားနိုင်ပါတယ်။ ဒါပေမယ့် အဲဒီနေရာမှာ အထူးပြုကိုယ်ရိုက်ပြမယ့် အရာဝတ္တုမှာ လှုပ်ရှားမှုမှာ ကင်မရာအငြိမ်နဲ့ တစ်ကနေတဆယ်ထိ ကတ်တကတ်ကို ရိုက်ယူပါ ။ ဒီနေရာကနေ ဟိုနေရာကို ခလုပ်ပိတ်သည်ဖြစ်စေ မပိတ်ပဲနဲ့ ဖြစ်စေ သွားပြီးကိုယ်ယူမယ့် ကဒ်ကို အငြိမ်ယူထားမှသာ သတင်းလုပ်တဲ့အခါ အဆင်ပြေပါမယ်။ ကင်မရာကို ဟိုဘက်ဒီဘက်ယမ်းလိုက် ။ ရိုက်နေတဲ့နေရာ တခုကို ကင်မရာ မှန်ဘီလူးက ၀င်လိုက်ထွက်လိုက် ရိုက်ကူးတာမျိုးဟာ သတင်းတည်းဖြတ်တဲ့အခါ အင်မတန်အရုပ်ဆိုးတဲ့ ရိုက်ချက်တွေပဲ ရလာစေပါတယ်။ ဒါ့ကြောင့် ဓါတ်ပုံရိုက်သလို ကင်မရာကို ချိန်ပြီး အငြိမ်ကတ်တွေသာ ရိုက်သင့်ကြောင့် အထူးသတိပေးလိုပါတယ်။
ဒါ့အပြင် သတင်းတိုင်းရဲ့အသက်ဟာ အင်တာဗျုးပေါ်မှာလဲ မူတည်ပါသေးတယ်။ ဖြေပေးတဲ့မှတ်ချက် အင်တာဗျူးကောင်းရင်ကောင်းသလို သတင်းကလဲ ရုပ်လုံးကြွလာပါတယ်။ ဒါ့ကြောင့် ဗြုန်းစားကြီးမေးတာမျိုးရှောင်ရှားပြီး ကိုယ်အင်တာဗျူးရိုက်မယ့်လူကို ရွေးချယ်ပြီးတာနဲ့ စကားစမြည်ပြောကြည့်ပါ။ မေးချင်တဲ့အကြောင်းအရာကို မေးကြည့်ပါ ။ ဒါဆို ဖြေမယ့်လူကသက်တော့ သက်သာ ရှိလာပြီး ပြောရဲဆိုရဲရှိလာပါလိမ့်မယ်။

ဘာတွေ ရှိဦးမလဲ
ရေကြီးတာလိုပဲ မီးလောင်တာ၊ ကားတိုက်တာ၊ မျိုးတွေမှာလဲ ကိုယ်က ဒေသခံဆိုတော့ အရင်ဆုံး ရောက်တတ်ကြတာပဲ မဟုတ်လား။ ရောက်တာနဲ့ အခင်းဖြစ်တဲ့နေရာကို ခပ်မြန်မြန်လေး အနီးကတ်။ အဝေးက အားလုံးမြင်ရတဲ့ကတ်။ ထူးခြားတဲ့ကတ်တွေ ရိုက်ထားပြီး အဲဒီအချိန်မှာ မျက်မြင် ဘယ်သူဖြစ်မလဲေးမမြန်းရိုက်ယူတာမျိုးလုပ်ရပါမယ်။ ရဲအရာရှိတွေ ရောက်လာရင် သူတို့ စစ်ဆေးနေတာ မေးမြန်းနေတာတွေလဲ ရိုက်ယူပါ။ အင်တာဗျူး ဖြေမယ်ဆိုလဲ မေးပြီးရိုက်ယူပါ။ မီးလောင်တာဆို မီးသတ်တွေ ရောက်လာတာ ။ ရေပက်နေတာမျိုးတွေ ကတော့ မရိုက်မဖြစ်ပေါ့။ ကားတိုက်တယ်ဆိုရင်လဲ တိုက်တဲ့နေရာ မှာ ရပ်နေမယ့် ကား။ လူမရှိတော့ရင်လဲ မြေဖြူနဲ့ ဆွဲထားတဲ့နေရာတွေ။ ရဲ တွေ စစ်ဆေးနေတာမျိုးတွေ ပေါ့။

တွေ့နေကျထဲက သတင်းတခု
ရပ်ကွက်တွင်းဖြစ်တတ်တာတွေထဲက တခုဖြစ်တဲ့ လမ်းထောင့်လိုနေရာမျိုးမှာ အမှိုက်ပုံမဟုတ်ပဲ စုပုံလာရင်းက ဖြစ်လာတဲ့ အမှိုက်ပုံကြီးကြောင့် ပတ်ဝန်းကျင်အနှောင့်အယှက်ဖြစ် ဆိုတာမျိုး သတင်းလုပ်ချင်ရင်လဲ အမှိုက်ပုံကို ဒေါင့်မျိုးစုံကနေ အနီး အဝေး ကတ်တွေ ရိုက်ရပါမယ်။ အမှိုက်ပုံမှာ ခွေးတွေ မွှေနှောက်နေတာ၊ အမှိုက်ကောက်သူတွေ မွှေနှောက်နေတာမျိုးနဲ့ ကံကောင်းရင် အမှိုက်လာပစ်နေသူတွေကိုလဲ ရိုက်ယူနိုင်တာပေါ့။ အဲဒါမျိုးကျတော့ တနေ့တည်းတချိန်တည်း ရိုက်လို့မရနိုင်ပဲ အချိန်တော့ နည်းနည်းယူရတာပေါ့။ အမှိုက်သိမ်းကား ရှိတဲ့ မြို့ဖြစ်နေရင် အမှိုက်သိမ်းကား လာပေမယ့် ဒီအမှိုက်ပုံကို ယူမသွားတာ ပြနိုင်ဖို့ အမှိုက်သိမ်းကား လာတာ ကျော်သွားတာတွေလဲ စောင့်ရိုက်ရမှာပေါ့။ ဒီအမှိုက်နားမှာ အမှိုက်မပုံရဆိုတဲ့ စာတမ်းများ ရှိရင်လဲ ရိုက်ရပါဦးမယ်။ ယင်ကောင်တွေ တလောင်းလောင်းလေးလဲ ဖြည့်စွက်ရိုက်ချက်ပေါ့။ ပြီးရင် အနီးအနားက အနံ့အသက်မခံနိုင်တာမျိုး ပြောမယ့် လူကို ရှာပြီးရိုက်ရမှာ ဖြစ်သလို ကျန်းမာရေးဝန်ထမ်းလို ဆရာဝန်လို တယောက်လောက်ကလဲ ဒီလိုအမှိုက်ပုံမျိုး ရှိမနေသင့်ကြောင့် ဘာညာပြောတာလေးလဲ ရရင်ကောင်းတာပေါ့။ စည်ပင်သာယာကိုလဲ ဒီအမှိုက်ပုံကို ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ ဆိုတာမျိုးမေးလို့ ရရင်လဲ ကောင်းတာပါပဲ။(ဘာလို့ မသိမ်းလဲ မေးတာထက် ဘာလုပ်ဖို့အစီအစဉ်ရှိလဲ မေးတာက ပိုဖြေလို့ ကောင်းတာကိုး)။ ဒီလို အင်တာဗျူးမျိုး နဲ့ အမှိုက်ပုံကြီး ရှုဒေါင့်မျိုးစုံသာ ရခဲ့ရင် အင်မတန်ပြည့်စုံတဲ့ သတင်းတပုဒ်ရမှာ ဖြစ်သလို အဲဒီသတင်း တင်ပြီး မကြာခင်မှာပဲ ဒီအမှိုက်ပုံလဲ လူသိထင်ရှားဖြစ်ကာ သတိပြုမိသွားပြီးသကာလ အလိုရှိသလို ပျောက်ပျက်သွားလတ္တံ့ မဟုတ်လား။ ဒါမျိုးဖြစ်လာရင်တော့ အင်မတန် တာဝန်ကျေတဲ့ ပြည်သူပြည်သား သတင်းသမားစစ်စစ်ဖြစ်ပြီပေါ့။

အရုပ်ငြိမ်လေ သတင်းကောင်းလေ
အဓိကက စိတ်ကူးရှိသလို ထူးခြားချက်တွေ ရှာရိုက်တဲ့အခါ ရိုက်ချက်ငြိမ်နေဖို့ပါပဲ။ သတင်းလုပ်ဖို့ စိတ်ကူးပြီး ရိုက်နေပြီဆိုတာနဲ့ ကိုယ့်ကင်မရာကို ဟိုဘက်ယမ်း ဒီဘက်ယမ်း မလုပ်ဖို့၊ရိုက်နေရင်း မှန်ဘီလူးကစားပြီး နီးလိုက်ဝေးလိုက် မလုပ်မိဖို့ဟာ အရေးအကြီးဆုံးပါပဲ။ အဲဒါကိုသာ နိုင်အောင်စိတ်ထိန်းနိုင်ရင် ကောင်းမွန်တဲ့ ပြည်သူပြည်သား သတင်းသမားတယောက်ဖြစ်နေပါပြီ။ နောက်အပတ်တွေမှာ ရိုက်ချက်တွေ ဘယ်လိုရိုက်ရမလဲ ဆိုတာနဲ့ သတင်းအတွက် အင်တာဗျူးကို ဘယ်လိုမေးမြန်းသင့်တယ်ဆိုတာလေးကို ဝေမျှပေးပါဦးမယ်နော်။
(အပတ်စဉ် အင်္ဂါနေ့တိုင် ထုတ်ဝေသော ပေါ်ပြူလာ ဂျာနယ်တွင် ဖေါ်ပြပြီး)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

No comments: