Monday, January 21, 2013

ဘ၀ဆိုတဲ့ ရှင်သန်ရာ


ကိုးလ သမီးမှာ အဖိုးအဖွားဆီအပို့ခံရပြီး အသက် ၃ နှစ်ကျော်မှ မိဘနဲ့ ပြန်နေရတဲ့ ကလေးဘ၀ကို ဖြတ်သန်းခဲ့ရသူ ကျမအတွက်တော့ မိဘဆိုတာ သူစိမ်းဆန်ဆန်ပါပဲ။ ပြန်ရောက်ပြီး သိပ်မကြာခင်ပဲ လိုက်ပို့တဲ့ အဒေါ်ပြန်တော့မှာမို့ မူကြိုကျောင်းကို ပို့ခံရတဲ့ ငယ်ဘ၀ အသက် ၃နှစ်ကျော်က အဖြစ်အပျက်ကို ကျမက ခုချိန်ထိ မှတ်မိနေသေးတာကလဲ မကောင်းဘူး ထင်ပါတယ်။
ကျောင်းကြီးကအကြီးကြီး ကိုယ့်အရွယ်ကလေးတွေ အိပ်သူအိပ် ဆော့သူဆော့နေတဲ့ အချိန်မှာ ကိုယ်က အဲဒီကျောင်းကို ရောက်သွားတော့ မနေခဲ့ချင်ဘူး။ လိုက်ပို့တဲ့အဒေါ်ရဲ့ လက်ကို အတင်းဆွဲပြီး အာပြဲနဲ့ အော်ငိုခဲ့တယ်။ အမေ့သူငယ်ချင်းဆိုတဲ့ ဆရာမက အတင်းပွေ့ချီခေါ်တဲ့အခါ အင်မတန်အကိုက်သန်တဲ့ ကိုယ်က မလွှတ်တမ်း ကိုက်ခဲခဲ့တာကိုလဲ ခုချိန်ထိ မှတ်မိနေသေးတယ်။ ကျမ နှာခေါင်းကို ပိတ်လိုက်ချိန် ပါးစပ်ဟအော်ဟစ်ငိုနေတဲ့ ကျမရဲ့ အဲဒီအချိန်လေးဟာ ဘ၀မှာ တယောက်တည်း ကျန်ခဲ့ရမှာ အားအငယ်ဆုံး အချိန်လဲ ဖြစ်သလို နောက်ပိုင်း ကြုံတွေ့ရတဲ့ ၀မ်းနည်းအားငယ်ခြင်းတွေကို ကြုံရတိုင်း ပြန်လည်သတိရ စိတ်တင်းရတဲ့ အဖြစ်အပျက်လဲ ဖြစ်ခဲ့ပါတယ်။