Monday, May 13, 2013

(၁၉၉၀) မှတ်မှတ်ရရ ဘ၀စာမျက်နှာ

မေလရောက်တိုင်း ခံစားရတဲ့ ဝေဒနာ တခု ရှိပါတယ်။ အဲဒီဝေဒနာကို မှတ်မှတ်ရရ ဘဝ စာမျက်နှာအဖြစ် ချရေးခဲ့ဖူးတာလေးကို ဘလော့မှာ မှတ်တမ်းတင်ချင်စိတ် ပေါ်လာတာနဲ့ ဘလော့ပို့စ်အဖြစ် မှတ်တမ်းတင်ပါရစေ။ တချိန်တုံးက ယုံကြည်မျှော်လင့်ချက်တွေ လေးစားချစ်ခင်ခြင်းတွေကို မြင်နိုင်ကြမယ် ထင်ပါတယ်။

မှတ်မှတ်ရရ ဘ၀စာမျက်နှာစာ

ဗမာပြည်မှာ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ဖို့ အစပျိုးတဲ့ ငွေစက္ကူတွေတရားမဝင်ကြောင်း ကျေညာတာ ၁၉၈၇ ခုနှစ်မှာပါ။အဲဒီအချိန်က ကျမ ရန်ကုန်တ္ကသိုလ်မှာ မဟာသိပ္ပံသင်တန်း သွားတက်ခဲ့တဲ့နှစ် ဖြစ်ပြီး အာဏာပိုင်အစိုးရနဲ့ကျောင်းသားတွေရဲ့ ရင်ဆိုင်တွေ့ဆုံပွဲတွေ အကြိမ်ကြိမ်ကို မျက်ဝါးထင်ထင်မြင်တွေ့၊ မတရားမှုတွေကို ကိုယ်တွေ့ ခံစား ဒီလိုနဲ့ တက္ကသိုလ်မှာ ဆရာမလုပ်ရင်း စာရေးမယ်ဆိုတဲ့ ကျမရဲ့ အနာဂါတ် ပန်းတိုင်တွေလည်း မေ့ပစ်ခဲ့မိတော့တယ်။ ပြည်သူတွေရဲ့ ရင်သွေး၊ တိုင်းပြည်တပြည်အတွက် အနာဂါတ် သားကောင်းတွေ၊ လက်နက်ဆိုလို့ အပ်တိုတချောင်းတောင် ကိုင်မထားတဲ့ ကျောင်းသားတွေကို ရန်သူလို သဘောထားပြီး အသေပစ်ခတ်တဲ့ အစိုးရကို တော်လှန်ဖို့ အာခံဖို့ ၊ကျမတို့ ကျောင်းသားတွေရဲ့ အခွင့်အရေးတွေကို တိုက်ပွဲဝင်ဖို့ ကျမတို့ သူငယ်ချင်းတစု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကို ဘယ်သူမှ မတိုက်တွန်းရပဲ ဝင်ရောက်ခဲ့ကြတယ်။
၁၉၈၈ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဖွဲ့တော့ အဖွဲ့ချုပ်ကို ဝိုင်းရံဖို့ ဗကသ တချို့က ဒီချုပ်ကိုဝင်၊ တချို့က လူ့ဘောင်သစ်ပါတီကိုဝင် ၊ ဗကသ ဆက်လုပ်တဲ့သူက လုပ်နဲ့ ညီညွတ်စွာ ရုန်းကန်ခဲ့ကြတယ်။
ကျမကတော့ ဗကသ ကိုဆက်လုပ်ဖြစ်ပြီး ဒီချုပ်ရုံးဟာ ကျမတို့ရဲ့ တရားမဝင် ရုံးခန်းဖြစ်ခဲ့တယ်။ ဒီချုပ်ရုံးက အခမ်းအနားတိုင်းမှာ ကျမတို့တွေက မရောက်မဖြစ်တွေ၊ မပါပဲ မနေသူတွေ ဖြစ်ခဲ့ကြတယ်။
ဒီလိုနဲ့ ရွေးကောက်ပွဲဝင်ဖို့ပြင်ဆင်ကြတဲ့ အချိန်ကို ရောက်လာတော့တယ်။ ကျမတို့ ဗကသက ဒီချုပ်ကို ဝိုင်းရံရမယ်။ မဲဆွယ်ပွဲတွေမှာ လိုက်ပါ အားဖြည့်ဖို့ ပြင်ဆင်ကြပါတော့ တယ်။
ဖြစ်ချင်တော့ ကျမအဖေရဲ့ ဆရာဦးတင်ချော(မြို့နယ်ပညာရေးမှုး)က ပုသိမ်အနောက်မြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂)က လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက် ရွေးချယ်ခံပါတယ်။ ကျမကို တိုင်းရုံးမှာ ၊ မြို့နယ်ရုံးမှာ အမြဲတမ်းတွေ့နေရတော့ သူတို့အဖွဲ့ မဲဆွယ်ခရီးတွေမှာ လူငယ်ကဏ္ဍ ပြောပေးဖို့ တောင်းဆိုလာပါတယ်။ အင်မတန်ရေဆာနေတဲ့ ကျမကလည်းရေတွင်းထဲကျတာဆိုတော့ မငြင်းပါဘူး။ ကျမတို့အဖွဲ့ ခရီးတွေထွက်ခဲ့ကြပါတော့တယ်။
ကြိမ်ချောင်းလေးကျေးရွာ (ပုသိမ်အနောက်မြို့နယ်)မဲဆွယ်စည်းရုံးရေးခရီးထွက်ခဲ့စဉ်က

ကျမတို့အဖွဲ့မှာ ရှေ့နေဦးမြင့်အောင်က ဥပဒေရေးရာ ရှုထောင့်ကနေဟောပြောလို့ ၊ အခြေခံလူ့အခွင့်အရေး ကို အရယူဖို့ လူတိုင်းမှာ တာဝန်ရှိတဲ့အကြောင်း ပြည်သူတွေကိုပါ ဆွဲခေါ်ရင်း (အဲဒီအချိန်တုန်းက) နဝတကို မကြောက်အောင် အဓိကစောင်းပေးပြီး ပြောပြရပါတယ်။

 နောက်တယောက်ဖြစ်တဲ့ကျူရှင်ဆရာ ဦးခင်ရင်မောင်က ကျမတို့ အမတ်လောင်းရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံနိုင်မှုတွေ၊ ဂုဏ်ပုဒ်တွေကို ဖော်ရင်း မဆလခေတ်က လွှတ်တော်ကိုယ်စားလှယ်တွေလို ပြည်သူတွေကို နွားလိုမခိုင်းပဲ ဒီမိုကရေစီခေတ်ကြီးမှာ အမတ်တွေက နွားတွေအဖြစ်နဲ့ ပြည်သူတွေ လှည်းပေါ်ကမောင်းတာ၊ နဖားကြိုးဆွဲတာခံမယ့် အကြောင်း အားရပါးရပြောတော့ ကျမတို့ရဲ့ အပြန်လမ်းတွေမှာ ဆရာကြီး (ဦးတင်ချောကို ခေါ်တာပါ။) မြက်စားချင်စိတ်ပေါက်လာပြီလားလို့ အမြဲပဲ မေးဖြစ်ခဲ့တဲ့အထိ အပြောကောင်းပါတယ်။
အဲဒီဦးခင်ရင်မောင်ဆိုတာကလည်း နှယ်နှယ်ရရတော့ မဟုတ်ပါဘူး။ ၁၉၇၄ ဦးသန့်ဈာပနအရေးအခင်းမှာ တက်ကြွစွာ ပါဝင်ခဲ့ပြီး ထောင်ကျခဲ့သူ၊ ဆေးတက္ကသိုလ် ကျောင်းသားဟောင်း တစ်ယောက်ပါ။ အင်္ဂလိပ်စာ သိပ်ကောင်းပြီး သူကိုယ်တိုင် ဆေးကျောင်းက အထုတ်ခံခဲ့ရပေမဲ့ သူ့သား နှစ်ယောက်စလုံးကို ဆေးကျောင်းရောက်အောင် ပို့ဆောင် ထိန်းကျောင်းနိုင်ခဲ့သူပါ။ ပုသိမ်မှာတော့ နာမည်ကျော် ကျုရှင်ဆရာပါ။ သူကိုယ်တိုင် အမတ်အဖြစ် ဝင်မရွေးပဲ သူ့ထက်သင့်တော်သူကို အားတက်သရော မဲဆွယ် တရားဟောပေးတာမို့ကျမက သိပ်ကို ဂုဏ်ယူ လေးစားမိသူ တစ်ဦး ဖြစ်ပါတယ်။

နောက် ကိုယ်စားလှယ်လောင်း ကိုယ်တိုင်ကတော့ ဒီမိုကရေစီဆိုတာ ပြည်သူတွေကို အုပ်ချုပ်ဖို့ ပြည်သူတွေကိုယ်တိုင်ရွေးချယ်တဲ့ စနစ်ပဲမို့ လူတိုင်းလူတိုင်း ကိုယ့်အခွင့်အရေးကို လက်မလွှတ်ပဲ မဲပေးကြဖို့နဲ့ ကျားသေကို အသက်မသွင်းမိဖို့ပြောလေ့ရှိပါတယ်။ ဆရာကြီး ကျားသေဆိုတာ တစညလား၊ဘာလားဆိုတာ မရှင်းဘူးလို့ ကျမကစရင် လမ်းလျှောက်လို့ မောနေတဲ့ ကြားက ဆရာကြီး ပြုံးပါတယ်။ ရှုပ်ပါတယ် ဆရာကြီးရယ်၊၊ ကျနော့်ကိုသာ မဲထည့်ပါလို့ တည့်တည့်ပြောလိုက် ပြီးရောလို့ ကျမတို့ အပြန်လမ်းမှာ ဟာသတွေဖေါက်ရင်း အမောဖြေ ခဲ့ကြပါတယ်။

ဒီမှာ အသက်အငယ်ဆုံးကျမက လူငယ်ကဏ္ဍကို ပြောမှာဖြစ်ပါတယ်လို့ စကားစပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်တဲ့အခါမှာတော့ လူကြီးလူငယ်အကုန်လုံးက သိပ်ကို စိတ်ဝင်စားပါတော့တယ်။ ဘာ့ကြောင့်လည်းဆိုတော့ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်ပြီး ကျောင်းသားတွေကို လက်နက်အားကိုးနဲ့အနိုင်ကျင့် သတ်ဖြတ်ခဲ့တာတွေ မျက်ဝါးထင်ထင် မြင်ခဲ့ပါတယ် ဆိုလိုက်တော့ သူတို့သွေးတွေ နွေးသွားတော့တယ် ထင်ပါတယ်။ ကျမတွေ့ကြုံခဲ့တာတွေ ၊မြင်တွေ့ခဲ့တဲ့ လှည်းတန်းထိပ်က ကျဆုံးမှုတွေကို ကျမက ပြောပြီးပြီဆိုရင် လူငယ်ဆိုတာ ဖယောင်းတိုင် လေးတွေ လိုပါပဲ၊ ကိုယ်တိုင်အလောင်ကျွမ်းခံပြီး အလင်းရောင်ပေးဖို့ ကြိုးစားခဲ့သူတွေပါ။ ဒါ့ကြောင့် ကျဆုံးခဲ့တဲ့ ကျောင်းသားလူငယ်တွေ၊ ထောင်ထဲမှာ အဖမ်းဆီး အနှိပ်စက်ခံနေရတဲ့ ကျောင်းသားလူငယ်တွေ အတွက် အခု တက်ရောက် နားထောင်နေတဲ့ ပြည်သူတွေက ကိုယ်တတ်နိုင်တဲ့ဖက်က ကူညီတဲ့ အနေနဲ့ မဲထည့်ဖြစ်အောင် ထည့်ကြဖို့၊ မဲထည့်တဲ့အခါ ကျမတို့ ဒီချုပ်ကို ၊ ခမောက်တံဆိပ်ကို မတွေမဝေပဲ မဲပေးကြဖို့ လူငယ်ပီပီ ပြတ်ပြတ်သားသား ပြောပြီး မဲဆွယ်ပါတော့တယ်။ အဲဒီမှာ ထူးခြားတာက နေရာတော်တော်များများမှာ ကျမ ဖယောင်းတိုင် ဥပမာပေးတိုင်း မိန်းမ ပရိတ်သတ်က မျက်ရည်ကျကြတာပါပဲ။

နောက်ဆုံးမှာ ကျမတို့ဟောပြောသူတွေရော ၊ မပြောပဲ အားဖြည့်လိုက်တဲ့ အဖွဲ့ဝင်တွေရော အားလုံး မအားလပ်ရတော့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ မဲထည့်ပုံထည့်နည်းကို ရှေ့ကတယောက်က ရှင်းပြပေးပြီး ကျမတို့တွေက လူတွေကြားမှာ တံဆိပ်တုံးနှိပ်ပုံ နှိပ်နည်းကို သေသေချာချာ သင်ပြကြပါတယ်။ ည (၉)နာရီ မာရှယ်လောခေတ်မို့ အချိန်ကို ဂရုစိုက်ရပါတယ်။ တောတွေမှာဆိုရင် ရွာသားတွေပြန်ဖို့ အချိန်များများပေးပြီး စောစောသိမ်းရပါတယ်။ မြို့ပေါ်ရပ်ကွက်တွေမှာတော့ ကျမတို့က စက်ဘီးကိုယ်စီနဲ့မို့ ၈နာရီ ခွဲလောက်သိမ်းပြီး တစုတဝေးကြီး ပြန်ကြပါတယ်။

စည်းရုံးရေးဆင်းချိန်၊ မဲဆွယ်ချိန်တွေအားလုံးကို တိုင်းငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (တဝတ) အထိ တလစာ ကြိုပြီး စာရင်းပေးရပါတယ်။ ကြိုစားရင်းပေးမထားပဲ မသွားရပါဘူး။ ရက်အတိအကျ မရောက်ရင်လဲ လက်မခံပါဘူး။ လူဆိုရင်လည်း စာရင်းထဲမှာ ပါတဲ့သူပဲ သွားရပါတယ်။ အဲဒီအခါ တချို့ ရွာတွေမှာ ကျမတို့ ရောက်သွားချိန် တရွာလုံးကို လုပ်အားပေးခေါ်တာ ၊ လူနည်းတဲ့ရွာတွေဆိုရင် အခြားရွာမှာ စည်းဝေးပွဲခေါ်တာ၊ ရွာပြင်ထွက်နေခိုင်းတာ မျိုးတွေကို အထက်အမိန့်တွေနဲ့ လုပ်ပါတယ်။

ကျမတို့ရောက်ခဲ့တဲ့ ရွာတရွာမှာတော့ တရွာလုံး တိတ်ဆိတ်နေပြီး လူတောင် မရှိပါဘူး။ ရွာသေးသေးလေးပါ။ အိမ်ခြေ၂ဝ ၊၂၅ လောက်ပဲရှိပါတယ်။ ကျမတို့က အဲဒီရွာမှာ နေ့လည်ဝင်နားရင်း ထမင်းစားမယ်။ မဲထည့်ပုံထည့်နည်း ရှင်းပြဖို့ရည်ရွယ်ထားတာပါ။ မနက်ကတည်းက လမ်းလျှောက်ရတာ မောလည်းမော၊ ဆာလည်းဆာနေတဲ့ ကျမတို့အဖွဲ့ ရွာထဲရောက်တော့ အမောဆို့သွားတာပါပဲ။ ဦးတင်ချောက သူပညာရေးမှုးဘဝက ဒီနယ်တွေ အကုန်ရောက်ဖူးတော့ ရွာမှာ အရင်က သမဝါယမ လူကြီးလုပ်ဖူးသူအိမ်ကို သွားမယ်လို့ ခေါ်သွားပါတယ်။ အဲဒီတရွာလုံးမှာ အဲဒီ အဖိုးကြီးတယောက်ထဲ ကျန်ခဲ့တာလို့ သိရပါတယ်။ သူက ဆရာကြီးတို့ လာမယ်ဆိုတာသိရလို့ တရွာလုံးကို ဟိုဖက်ရွာမှာ တစညက အလှူလုပ်ဖို့ ခေါ်ထားတာတဲ့၊၊ သူကတော့ ဆရာကြီးတို့ ထမင်းငတ်မှာစိုးလို့ ခိုးနေခဲ့တာလို့ ဆိုပါတယ်။

သူချက်ကျွေးတဲ့ သခွားသီးနဲ့ကြက်ဥ အရည်သောက်ဟင်း၊ သရက်သီးထောင်း ထမင်းပွဲဟာ ကျမဘဝမှာ စားလို့အကောင်းဆုံးနဲ့ မမေ့နိုင်ဆုံးသော ထမင်းပွဲပါပဲ။
အဲဒီဘကြီးက ဘာမှ မပူပါနဲ့တဲ့၊ သူ့ရွာတရွာလုံးက တကယ်မဲထည့်ရင် အားလုံး သွားထည့်မှာပါတဲ့၊၊ (မဲထည့်ရမယ့် ရွာကို တနာရီ ကျော်ကျော် လမ်းလျှောက်သွားရမှာပါ။) ဒေါ်အောင်ဆန်းစုကြည်ဆိုရင် တရွာလုံးက သိတယ်တဲ့၊၊ ကျမတို့က ခမောက်ပုံလေးနော် အဘလို့ ဝင်ပြောတော့ သိတယ်သိတယ်၊၊ စိတ်ချပါလို့ပြုံးပြုံး ပြုံးပြုံး နဲ့ပြောပါတယ်။

တစညက တရွာလုံးကို အလှူလုပ်ကျွေးပြီး ကျမတို့ဆီကို မရောက်အောင်လုပ်ထားလည်း ရောက်အောင်လာခဲ့ကြတဲ့ ရွာသားတွေ၊ တစညကဒ်တွေ ကိုင်ထားပေမဲ့ ကျွန်တော်တို့က ခမောက်ပဲ ထည့်မှာပါ၊ ဒီကဒ်က ခရီးသွားရင် အစစ်အဆေးမခံရဘူး၊ ဒါ့ကြောင့် လုပ်ထားတာပါလို့ ပြောပြတဲ့ ရွာသားတွေ၊ ကျမတို့ဟောပြောပွဲ ပျက်အောင် ခဲနဲ့ပေါက်ပြီး ဖျက်ခဲ့ပေမဲ့ စည်းကမ်းတကျနဲ့ ဟောပြောပွဲကို ဆက်ထိန်းထားနိုင်တဲ့ ပြည်သူတွေ သူတို့တွေ တာဝန်ကျေတယ် ၊ အပြောမဟုတ် အလုပ်နဲ့ သက်သေပြနိုင်တယ်ဆိုတာကို ၁၉၉ဝ ရွေးကောက်ပွဲက သက်သေပြခဲ့ပါတယ်။

အခု(၂၀၀၆ခုနှစ်ဆို) ရွေးကောက်ပွဲပြီးခဲ့တာ ၁၆ နှစ်ရှိခဲ့ပါပြီ။ ကျမတို့မဲဆွယ်ခဲ့သူတွေ ဘယ်လောက်ထိ တာဝန်ကျေပြွန်ခဲ့ပြီလဲ၊၊ ကျမတို့ ဒီချုပ်ရဲ့ ကိုယ်စားလှယ်လောင်းတွေကို ပြည်သူ့အာဏာ အပ်နှင်းခဲ့တာကိုရော ဘယ်လောက် ထိ သုတို့ကိုယ်စား လုပ်ဆောင် ပေးနိုင်ခဲ့ပြီလဲ၊၊ ကျမ အထပ်ထပ်မေးပြီး ကိုယ်တိုင် မဖြေရဲတဲ့ မေးခွန်းတွေပါ။

ကျမတို့ အုပ်စုမှာတင်ပဲ ဆရာကြီးက အသက် ၈ဝ နီးပါး။ သွေးတိုး နှလုံးရောဂါရဲ့ တိုက်ခိုက်မှုကြောင့် လေတခါဖြတ်ခဲ့ပြီးပြီ။ ဦးခင်ရင်မောင်က သူ့ကျူရှင်လုပ်ငန်းကို အမျိုးမျိုး နှောက်ယှက်မှုတွေကြောင့် ရန်ကုန်ကို ပြောင်းပြေးခဲ့ရပြီ။ ရှေ့နေ ဦးမြင့်အောင်က ကွယ်လွန်ခဲ့ပြီ။ ကျမကိုယ်တိုင်ကတော့ ထိုင်းမြန်မာနယ်စပ် လွတ်မြောက်နယ်မြေကို ရောက်ရှိနေခဲ့ပြီ။ အမျိုးမျိုးသော အကြောင်းတွေကြောင့် ကျမတို့ကိုအားပေးထောက်ခံသူတွေ ရှေ့က ကြံ့ကြံ့ခံ ရပ်တည် မနေနိုင်ခဲ့မှုအတွက် ကိုယ်တိုင် အားမရဖြစ်ခဲ့မိတာ အကြိမ်ကြိမ်၊၊ 

ဒါပေမဲ့ ရောက်တဲ့နေရာက တတ်နိုင်သလောက် စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက် သွားဦးမှာကတော့ ကျမအသက်ရှင်နေသ၍ လို့ဆန္ဒပြုရင်း--------၊၊ ၊၊
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) က ထုတ်ဝေတဲ့ ရွှေခမောက် ဂျာနယ်တွင် ဖေါ်ပြပြီး)

၂၀၁၃ခုနှစ် မေလ ၁၉၉၀ ရွေးကောက်ပွဲ ၂၃ နှစ်ပြည့်အတွေး

အဲဒီ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ပြည်သူတွေရဲ့ ဆန္ဒနဲ့ ပူးပေါင်းပါဝင်ခဲ့မှုကြောင့် ရရှိခဲ့ပေမယ့် အဲဒီရလဒ်ကို စွန့်လွှတ်လိုက်တာကတော့ သိပ်ကိုလွယ်လွန်းပေါ့ပျက်လွန်းတယ်လို့ ကျမက ယူဆတာမို့ ဒီနေ့ထိ ခံစားနေရတုန်း။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

2 comments:

Thandar Lwin said...

အစအဆုံးသေသေချာချာ ဖတ်သွားပါတယ်အမ ။
ပန်းဆိုးတန်း အဆောင်မှာနေတုန်းက အတူနေအမကြီးက ပန်းဆိုးတန်းတံတားပေါ်မှာ ကျောင်းသားတွေရဲ့ သွေေးတွတဲ့ အမြဲမျှော်ကြည့်ပြီးပြောတယ် ။
ဒီနေ့ထိ ခံစားနေရတာ အမတစ်ယောက်ထဲတော့ မဟုတ်လောက်ပါဘူး ။

rose of sharon said...

အမခံစားရတာကိုနားလည်ပါတယ်အမ...