Monday, March 10, 2014

ရောက်တတ်ရာရာ

                                              အတွေးတွေက မိုးတိမ်ပမာ
                                         လေနှင်ရာ ဝေ့၀ဲ ရောက်တတ်ရာရာ
မနက်က ကုလားဆိုင်ကနေ အမဲသား ကီလိုဝက် ၀ယ်တယ်။ အမဲသားကို ကိုယ်တိုင်က မကြိုက်ပေမယ့် သားက ကြိုက်တော့ သူစားဖို့ ချက်ဦးမယ်ဆိုပြီး ၀ယ်တာပါ။ အသားကို မရွေးတတ်တော့ ကောင်းတာလေးပဲ ထည့်ပေးပါဆိုပြီး ပြောလိုက်တာ အိမ်မှာ ချက်တော့ ခဏလေးနဲ့ နူးသလို အသားက အတော်ကောင်းတယ်။ သန့်နေတာပဲ။
တချိန်တည်းပဲ ငါးဖယ် ငါးဆုပ် ၀ယ်တယ် ဗမာဆိုင်ကပါ။ ခါတိုင်း ၀ယ်နေကျ ဆိုင်ကို မသွားဖြစ်တော့ပဲ လမ်းဘေးမှာ ဗန်းလေးချ ငါးဖယ်တွေကို လှီး နေတဲ့ ကိုယ့် မြန်မာနိုင်ငံသားကိုပဲ အားပေးပါတော့မယ်ဆိုပြီး ၀ယ်လာခဲ့တာ။ အိမ်ရောက်တော့ ငါးဖယ်ကို ထောင်းဖို့ ဆုံထဲ ထည့် တချက်ထောင်းလိုက်ကတည်းက ငါးဖယ်ခြစ် မဟုတ်ဘူးလို့ သိလိုက်တယ်။ ဘယ်လိုမှ မစေးဘူး။ ဘာငါးနဲ့ အင်ရိုက်လိုက်သလဲတောင် မသိတော့ပါဘူး။ စိတ်ထဲ အတော်ဒေါသထွက်လိုက်သေးတယ်။ ဒါပေမယ့် ဒီတခါပဲ ရမှာပေါ့။ ဘာလို့ တနပ်စားပဲ လုပ်ချင်ရလဲ လို့ တွေးရင်း ကြီးပွားရေး စီးပွားရေးတွေမှာ မသမာတဲ့နည်းသုံးတာ။ စေတနာ မသန့်တာတွေဟာ အင်မတန် အရေးကြီးတယ်လို့ တွေးမိတယ်။ ငါးဖယ်ငါးဆုပ်ကီလိုဝက်ဘိုးဟာ ကျမအတွက် ဘာမှ မဖြစ်ပေမယ့် သူ့အတွက် အသုံဝင်ချင်လဲ ၀င်သွားနိုင်မှာပါလို့ စိတ်လျှော့ပေးလိုက်တယ်။ ဘာသာ လူမျိုးက အရေးမကြီးဘူး စိတ် ထားကသာ အရေးအကြီးဆုံးပါပဲ။ (ငယ်တုန်းကဆို နင်ဘာလို့ အတုလုပ်ရောင်းလဲ လို့ ချက်ချင်းပြန်သွားပြောပစ်မှာ)

အဲလို တွေးမိတော့ တချိန်က မှတ်ထားတာလေးတွေ အစီအရီ သတိရလာတယ်။

ဖြစ်စဉ် (တစ်)

၂၀၀၈ တုန်းက နော်ဝေး ရောက်နေတုန်း လစာကို နော်ဝေးခရိုနာနဲ့ ထုတ်တော့ ထိုင်းကို ပြန်မယ့် လူကြုံလဲ ရှိတာနဲ့ စာအိတ်ထဲ ခရိုနာ အရွက်ကြီးကို သေချာ ပိတ် စာအိတ်ပေါ် နာမည်တပ်ပြီး ထည့်ပေးလိုက်တယ်။ ယောက်ျားဆီကို ရောက်တော့ အကြွေတွေ ဖြစ်နေရော။ အံ့သြစရာ မျက်လှည့်တတ်ပုံပဲ။

ကိုယ့်အဖြစ်နဲ့နှိုင်းယှဉ်ရင်နော်ဝေးက ပြန်လာတော့ ထိုင်းက ရဲဘော်တွေကို ခင်ရာမင်ရာ သူတို့မိတ်ဆွေတွေက ပေးလိုက်တဲ့ မုန့်ဖိုးတွေ လက်ဆောင်တွေကို စာရင်းလုပ် သူ့ စာအိတ်တွေအတိုင်း သေချာထည့် ပိတ်ပြီး ပြန်ရောက်တာနဲ့ ခြေရာလက်ရာမပျက် လုံးဝ ဖွင့်တောင် မကြည့်ပဲ ပေးဖြစ်ခဲ့တယ်။
ကိုယ့်လိပ်ပြာ ကိုယ်လုံခဲ့တယ်လို့ ပြောရမယ်။ ဘာမှမဟုတ်တဲ့ အသေးအဖွဲပေမယ့် ယုံကြည်မှုကို အလွဲသုံး လိုက်တယ်လို့ ခုထိခံစားပြီး မှတ်သားထားလိုက်တယ်။ အဲဒီလူကို ဘယ်လိုမှ မလေးစားနိုင်တော့ဘူး။

ဖြစ်စဉ် (နှစ်)
အမေရိကားကနေ လူကြုံပေးလိုက်တဲ့ ဒေါ်လာတချို့ ( အဲဒါလဲ ကျမကို ပေးတာမဟုတ်ဘူး ။ ဆွေမျိုးတွေကို ပေးခိုင်းတဲ့ ငွေကို ကျမက ဘတ်နဲ့ စိုက်ပေးထားလို့ ပြန်ဆပ်တဲ့ ငွေတချို့) လူကြုံရောက်နေသော်လဲ ကျမဆီမရောက်ဖူး။ ဖုန်းဆက်မေးတော့ ဟိုလိုလို ဒီလိုလို။ နောက်တော့ ပေးပါတယ်။ ( အဲဒီငွေကို သုံးထားမိတယ်ဆိုလဲ ပွင့်ပွင့်လင်းလင်း ကျမကို ရောက်တာနဲ့ မပြောသင့်ဘူးလား။ ကျမက မေးတာတောင် တိတိကျကျ မပြောပဲ အချိန်ဘာလို့ ဆွဲနေလဲ) အဲဒီလူမျိုးတွေကိုတော့ ငွေရေးကြေးရေး မယုံကြည်ရ ဆိုတဲ့အထဲ ထည့်ထားလိုက်တော့တယ်။

ဖြစ်စဉ် (သုံး)

သူငယ်ချင်းတယောက်က နယ်စပ်က ကိစ္စတခုအတွက် အလှုငွေထည့်ချင်တယ် ။ သူ့ဆီက ငွေချေးထားသူက လကုန်ပြန်ပေးမယ်ဆိုတော့ သူက အဲဒီငွေကို သူ့ကို ပြန်မပေးနဲ့ ကျမဆီက တဆင့်လှုမယ်ဆိုတော့ ကျမကို ပေးလိုက်ပါလို့ မေးလ်ကို စီစီဆွဲ ပို့ထားတယ်။ လကုန်တော့ ငွေရောက်မလာဘူး။ ကျမက ဖုန်းဆက်မေးတော့ ကျမလာရင် ပေးမယ် လို့ ပြောတယ်။ ကျမ သူတို့ဆီရောက်သွားတော့ ဘယ်သူနဲ့ ပေးလိုက်တယ် ဆိုပြန်တယ်။ ဒါနဲ့ မဲဆောက် ပြန်လာတော့ အဲဒီပေးလိုက်တယ် ဆိုတဲ့လူနဲ့ တွေ့ မေးတော့ သူနဲ့ ဘာမှ ထည့်မပေးလိုက်ပါဘူး ဖြစ်ပြန်တယ်။ အဲဒါနဲ့ ပေးမယ်ဆိုတဲ့လကုန် ပေါင်း ၂ ခါကျော်ပြီးမှ ပေးမယ်ဆိုတဲ့ ပမာဏရဲ့ တ၀က်ကို ရတယ်။ အံ့သြစရာ တွေ့ရတာမို့ အတော်အံ့သြခဲ့ရတဲ့ အဖြစ်။ ဒီလိုလူကို ဘယ်လိုနေရာမှာ ယုံကြည်မှု ပေးရမလဲ မသိတော့။ ဒီတော့ ခပ်ကင်းကင်းနေမှ ဖြစ်မယ်လို့ သတ်မှတ်ရပြန်ရော။

ဖြစ်စဉ် (လေး)

နိုင်ငံခြားမှာနေတယ်။ အရေးကြီးလို့ အရင်လိုလို့ ခဏ စိုက်ပေးထားပါ အသည်းအသန် ဖုန်းတဂွမ်ဂွမ် ဆက်တယ်။ ကျမမှာ ငွေရှိတယ် မရှိတယ် သူမသိဘူး။ စိုက်ထားပေးလိုက်တယ် ။ စိုက်ထားပေးပြီးသကာလ အွန်လိုင်းမှာ ကိုယ့်ကိုများ ဟိုက်ထားသလား ဘလော့ထားသလား ထင်ရ တခါမှကို မတွေ့တော့ဘူး။ မေးလ်ပို့ မက်ဆေ့ခ်ျပို့ အခါခါတောင်းရ။ ကိုယ့်ငွေနဲ့ ကူရပြီး ပြန်တောင် အမျက်သို ခံရတဲ့ဘ၀။ ဒီလိုလူမျိုးနဲ့ ဝေးဝေးနေပါရစေလို့ ပြောရင်း မုန်းကြရပြန်ရော။

ဖြစ်စဉ် (ငါး)

တခြားတယောက်အတွက်ကုန်ကျရမယ့်ငွေ။ ကျမတို့ ကုန်ကျပေးလိုက်တော့ ဒီလကုန် သူတ၀က်စိုက်ပါမယ်လို့ ပြောပြီး လကုန်ပေါင်းများစွာမှာ ဘာအကြောင်းမှ မပြန်တော့။ ဒါပေမယ့် သူ့ကိုလိုင်းပေါ်မှာ စွာနေတာတွေတော့ တွေ့ရပါ့။ စော်ကားနေတာတွေတော့ တွေ့ရပါ့ ။ တကယ်ကူညီရမယ့်လူအတွက် ပါးစပ်ကလေးနဲ့ စိုက်ပြီး ဘာ့ကြောင့် ဆိုတဲ့ အကြောင်းပြချက်တောင် မပေး။ ၂ နှစ်အကြာမှာ လိုင်းပေါ်ကနေ ပြောလိုက်တော့ ဒေါသပုန်ထ။ ပေးမလို့ ပြင်နေတာလို့ ရေး ။ ရန်သူတွေလို မုန်းခဲ့ကြရတယ်။ ကဲ ..........

ဖြစ်စဉ် (ခြောက်)

လူတယောက်ကို တခြားတယောက်က အနိုင်ကျင့်နေတယ်လို့ ခံစားရပြီး ၀င်ရောက် အမုန်းခံ ကူခဲ့ပေးတဲ့နောက် ကိုယ်နဲ့ ရန်သူကြီးဖြစ်ကာ သူတို့၂ယောက်က ပြန်ချစ်နေကြပြန်တော့ ... နင်သာ လူမိုက် ဒုစရိုက်ဟု ရွာမှ ထွက်ခါ တောမှာသေသည်လို့ပဲ ကိုယ့်ဘာသာ ပြန်ပြောနေရတဲ့အခါ...........

ဖြစ်စဉ် များစွာ...........

ဒီနေ့ထိ ကျမတို့ ကိုယ့်လုပ်အားနဲ့ ကိုယ် ရပ်တည်နေရတာမို့ (ကျမ အမျိုးသားလုပ်နေတဲ့ အလုပ်က လစာ လုံးဝမရပါ) (ပိုင်ပိုင့် အတွက် မုန့်ဖိုးဆိုတဲ့ ဘတ် ၁ထောင် ၂ထောင်ကနေ ဒေါ်လာ ၅၀ ပေါင် ၅၀ ) ဆိုတာ လက်ချိုးရေရင် လက်တဖက်မပြည့်တဲ့ အရေအတွက်ပဲ ရှိတဲ့ အခြေအနေမို့၊ တော်လှန်ရေးကို လုပ်စားနေတယ်။ အချောင်စားနေရတယ်၊ အခွင့်ထူးခံ ဒေါ်လာစား ဆိုတဲ့ စွပ်စွဲချက်တွေကို ကျမပြုံးပြုံးလေးနားထောင်နေရပြန်ပါတယ်။

အခုချိန်မှာတော့ ကျမကို လိမ်တဲ့ ငါးဖယ်သည်ကို စိတ်လျှော့ ပေးလိုက်သလို သူတို့ကိုလဲ စိတ်လျှော့ပေးလိုက်တာက အကောင်းဆုံးလို့ ဆင်ခြင်သုံးသပ်ထားရပါတော့တယ်။
(ကျမဘလော့မှာ ပို့စ် သုံးရာမြောက်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

5 comments:

စူးနွယ်လေး said...

၃၀၀ မြောက် ပို့စ်ကို လာဖတ်သွားတယ် :)
ကျမလည်း အဲလိုအဖြစ်အပျက်တွေဆို ဘယ်တော့မှ မမေ့ဘူး..

Aunty Tint said...

'ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံနဲ့' တဲ့။ တီတင့်လဲ ကြုံဘူးတော့ ကိုယ်ချင်းစာ နားလည်တယ် ကြည်ရေ။
Congratulation for post no. 300 :)

မေတ္တာဖြင့်
တီတင့်

ksanchaung said...

မြန်မာတွေက အလုပ်ကို အလုပ်လို နားမလည်ဘူး။ မေးသမျှ အကုန်သိတယ်ဆိုတာချည်းပဲ။
ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စလည်း ၀င်ရှုပ်တယ်။ ဒို့က မိသားစုဝင်တွေဆိုတဲ့ စကားကို ရေလဲသုံးတယ်။ စည်းစံနစ်က ပိုအရေးမကြီးဘူးလား။

စေတနာထားတယ်ဆိုတာက ပါသေး။ ကျွန်တော်ကတော့ ခပ်ပြတ်ပြတ်ပဲ။ အေးကွာ။ မင်းစေတနာတွေက ပူလောင်လွန်းလို့ ငါ့ကိုခွင့်လွှတ်ပါလို့ ပြန်ပြောလိုက်ရတယ်။

မြသွေးနီ said...

ငွေကြေးနဲ့ပတ်သက်လာရင် လှူတယ်ဆို ယတိပြတ်ပြီးမှ ပေးတယ်။ မဟုတ်ရင် စိတ်ဆင်းရဲရလို့ အစ်မရေ..။ မြသွေးလဲ အဲ့ဒီလိုပဲ.. အမြဲခံခဲ့ရဘူးတယ်။ နောက်ဆို... စချဉ်းကပ်လာထဲက မရှီဘူး.. မလွယ်ဘူးပြောလိုက်တယ်။ မဟုတ်ရင် နောက်ပိုင်းဆို မိတ်ပါပျက်ရရော..။

kay said...

ပေါက်ကွဲသံစဉ် ၃၀၀း)