Thursday, May 29, 2014

မနေ့ကလို


မနေ့ကလို

ဟောဒီမှာ
 ကိုးပေပတ်လည်လား
ဆယ်ပေပတ်လည်လား
ငါမမှန်းတတ်တဲ့ အလုံပိတ်ခန်းထဲ
ရှေ့တံခါးပေါက်ကြီးသော့ပိတ်ခတ်ထား
နောက်က တပေပတ်လည် ပြတင်းပေါက်သေး
အပြင်က သော့ခတ်လို့။
မှောင်လိုက်တာ ပိန်းလို့
ကိုယ့်လက်တောင် ကိုယ်မမြင်ရ
ကိုယ့်ထမင်းကို ကိုယ့်ပါးစပ်ဆီသယ်မရ။
နေ့လား ညလား
မှန်းဆလို့လဲမရ
တိတ်ဆိတ် ငြိမ်သက်
တဒိတ်ဒိတ်
တဒိတ်ဒိတ်
ကိုယ့်နှလုံးခုန်သံ ကိုယ်ပြန်ကြား
ဒီလောက်ကျယ်သလား
လူတယောက်ရဲ့ နှလုံးခုန်သံ
ဒီလောက်ကျယ်သလား။


နာရီသံချောင်းခေါက်သံကြားတယ်။
ဒါပေမယ့် သူက နာရီမပါဘူး။
နာရီဝက် တခါ
တနာရီတခါ
အချက်တွေက ခေါက်ချင်သလို ခေါက်နေလေရဲ့။
တစက္ကန့်ချင်း ငါရေတွက်
စက္ကန့်တွေ ရာက ထောင်
ထောင်က သောင်း
ငါမရေတွက်နိုင်တော့ဘူး။
နှလုံးခုန်သံ တဒိတ်ဒိတ်ကတော့
တဒိတ်ဒိတ်
တဒိတ်ဒိတ်
ပို ပို ကျယ်လောင်လာခဲ့။
ဒီမှောင်ပိတ်နေတဲ့ အခန်းထဲ
ငါဘယ်နှစ်ရက် ရှိနေပြီလဲ
ဘယ်နှစ်ရက်ဆက်ရှိနေမလဲ။
ငါကဘာကို တုန်လှုပ်နေတာလဲ။
ဒီအခန်းထဲ
မသေထမင်းကျွေးထားတယ်။
မသေအောင်ရေတိုက်တယ်။
မနက်လင်းရင်တော့
မိလ္လာချဖို့ ထုတ်ကို ထုတ်ရတာပဲ။
ဒီလိုနဲ့ ..
ဒီလိုနဲ့...
မိုးလင်းပေါက် ခေါ်ထိုင်ခိုင်းထားတာ တည။
ဒါပေမယ့် အလင်းရောင်တော့ မမြင်ရ
ငါ့ခေါင်းပေါ် အမည်းရောင်ကြီး စွပ်လို့။
တနေ့လုံး ခေါ်စစ်
ဒါပေမယ့် ငါ့ကို ပြောနေသူ ငါမမြင်ရ။
ငါ့ခေါင်းပေါ် အမည်းရောင်ကြီး စွပ်လို့။
သူတို့ ပြောသမျှ တချိန်လုံး နားထောင်။
ဒါပေမယ့်ငါကတော့ ဘာမှမမြင်
ငါ့ခေါင်းပေါ် အမည်းရောင်ကြီး စွပ်လို့။
တချိန်လုံး မတ်တပ်ရပ်
ငါ့ခြေသလုံးတွေ တောင့်လို့
ငါ့ဒူးခေါင်းကို အားထည့် ငါ့ရပ်နိုင်ခဲ့တယ်။
ဒါပေမယ့် ဘယ်သူတွေ ထိုင်ရယ်နေမယ်
ငါဘာမှမမြင်ရ။
ငါ့ခေါင်းပေါ် အမည်းရောင်ကြီး စွပ်လို့။
ဒီလိုနဲ့..
ဒီလိုနဲ့ ..
အစကပြန်စ..
ပိန်းပိတ်မှောင်မည်းအခန်းထဲ
တိတ်ဆိတ် ငြိမ်သက်
တဒိတ်ဒိတ်
တဒိတ်ဒိတ်
ကိုယ့်နှလုံးခုန်သံ ကိုယ်ပြန်ကြား
ဒီလောက်ကျယ်သလား
လူတယောက်ရဲ့ နှလုံးခုန်သံ
ဒီလောက်ကျယ်သလား။
ငါ
ဘယ်
တော့
မှ
မေ့။
ဘယ်
တော့
မှ
ခွင့်
လွှတ်။
ခံ
စား
ချက်
မနေ့ကလို။

(ခင်မင်းဇော်)

1 comment:

Anonymous said...

Like