Sunday, July 13, 2008

ကိုယ်ပိုင်အမြင်


ဆန်းစစ်ခြင်း ပို့စ်အတွက် ကျမရဲ့ ကိုယ်ပိုင်အမြင်
မျိုးဆက်သစ်မြန်မာကျောင်းသားလူငယ်တွေရဲ့ အင်တာဗျူးတွေကို နားထောင်ပြီး ကျမ ရှော့ဖြစ်သွားရာကနေ ဒီပို့စ်ကို တင်ဖြစ်တာပါ။ ကိုလင်းထက်နိုင်ဟာ ၂၀၀၇ သြဂုတ်လမှာမှ ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ဗကသနောက်ဆုံး(ဒီကနေ့)မျိုးဆက်ရဲ့ ပြောခွင့်ရှိသူဖြစ်ပြီး ကိုမိုးသွေးကတော့ ဟစ်ဟော့လူငယ်တွေထဲက နအဖရဲ့ဖမ်းဆီးတာကို ခံထားရတဲ့ ကိုဇေယျာသော်၊ ကိုရန်ရန်ချမ်းတို့ရဲ့မျိုးဆက်သစ်လူငယ်များ အစည်းအရုံးက ခေါင်းဆောင် တယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ ပြည်တွင်းထဲမှာပဲ ရှောင်တိမ်း ပုန်းအောင်း နေထိုင်ရင်း စစ်အာဏာရှင်တွေကို ဆက်လက်အံတု တော်လှန်နေရင်းနဲ့ ဘီဘီစီမြန်မာပိုင်း အစီအစဉ်နဲ့ အင်တာဗျူးလုပ်ကြတာ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ မတူညီတဲ့အင်တာဗျူးခေါင်းစဉ်တွေကို ပြောဆိုဆွေးနွေးခဲ့ကြတာကို တွေ့ရပါတယ်။ သီးခြားအချိန်တွေမှာ သီးခြားခေါင်းစဉ်တွေနဲ့ ပါတ်သက်ပြီး ပြောဆိုခဲ့ကြတာပါ။ ဒီနေရာမှာ ထူးခြားတာက ဒီလူငယ်နှစ်ယောက်ရဲ့အမြင်တွေဟာ နအဖကို ဆန့်ကျင်မယ့် တိုက်ပွဲနည်းလမ်းအပေါ်မှာ ထူးထူးခြားခြားသွားပြီး တူညီနေတာကို တွေ့လိုက်ရပါတယ်။ အဲဒီတော့ ဒီလူငယ်နှစ်ယောက်ရဲ့ အမြင်ဟာ သူတို့နှစ်ဦးရဲ့ သီးခြားအမြင်သက်သက်ပဲလား။ သူတို့ပါဝင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ အမြင်လား။ ဒီကနေ့မြန်မာလူငယ်အများစုကြီးရဲ့  အမြင်ပဲလားဆိုတာကို စဉ်းစားစရာဖြစ်လာပါတယ်။ တွေးတောစရာ ဖြစ်လာပါတော့တယ်။

ကျမအနေနဲ့ ဆန်းစစ်ခြင်းလို့ နာမည်ပေးထားတဲ့ ပို့စ်တခုနဲ့ သူတို့ရဲ့ အတွေးအခေါ်နဲ့ ဘလော့ဖတ်သူ တချို့ရဲ့ အတွေးအခေါ်တွေကို လေ့လာဆွေးနွေး ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အဲဒီအခါမှာ ကျမမျှော်မှန်းသလောက် ကောမန့် မ၀င်ပေမယ့် ၀င်သမျှ ကောမန့်တိုင်းက သေသေချာချာ ကျကျနန ဆွေးနွေးထားတာကို တွေ့ရလို့ ကျေးဇူးတင်ကြောင်း အရင်ဆုံး ပြောပြချင်ပါတယ်။

အများစုရဲ့ ကောမန့်ကနေ တဆင့်ရရှိလိုက်တဲ့ သဘောထားတွေကတော့ အာဏာရှင်ကို ဘယ်လိုနည်းလမ်း သုံးသုံး သုံးသင့်တယ်လို့ အမြင်ရှိကြောင်း ရရှိလိုက်ပါတယ်။

ပထမဆုံး ဗကသ(၂၀၀၇)၊ ကိုလင်းထက်နိုင်(ပြောခွင့်ရသူ)တို့ကို ဆန်းစစ်ကြည့်ုချင်ပါတယ်။

ဗကသ(ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်)ဆိုတာ ၂၀၀၇ သြဂုတ်လ ၂၈ ရက်နေ့မှာ ဖွဲ့စည်းလိုက်တဲ့ နောက်ဆုံးမျိုးဆက် ဗကသဖြစ်ပါတယ်။ အဓိကခေါင်းဆောင်ကတော့ စက်တင်ဘာသံဃာ့တော်လှန်ရေးမှာ ပါဝင်ခဲ့ပြီး ၂၀၀၈ မတ်လထဲမှာ အဖမ်းခံလိုက်ရတဲ့ ဥက္ကဌကိုကျော်ကိုကိုနဲ့ ကိုညဏ်လင်းအောင်တို့ဖြစ်ပါတယ်။ သိရသလောက် ဗကသအဆက်ဆက်မှာ ပြောရေးဆိုခွင့် ရသူဆိုတဲ့ အသုံးအနူန်းမျိုး မကြားမိပါဘူး။ ဘီဘီစီက လုပ်လိုက်တာလား။ ဗကသကိုယ်တိုင်က အဲဒီလို တကယ်ပဲ ဖွဲ့စည်း တာဝန်ပေးထားသလားမသိပါ။ သတင်းဌာနတွေက မြန်မာ့အရေးကျွမ်းကျင်သူ၊ မြန်မာ့အရေးလေ့လာသူ၊ စစ်ရေးအကဲခတ် စသဖြင့် ကိုယ်ထင်ရာမြင်ရာ နာမ၀ိသေသနတွေ ပေးတတ်တာ တွေ့နေရလို့ပါ။ သတိပြုသင့်တာက နိုင်ငံရေးပါတီတွေ အဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့တွေမှာ ပြောခွင့်ရသူဆိုတာ တကယ်ကို အရေးပါတဲ့နေရာ(တာဝန်)ဖြစ်တယ်။ မီဒီယာနဲ့ ထိတွေ့ဆက်ဆံတဲ့ အလုပ်မျိုးကို အင်မတန် ကျွမ်းကျင်လိမ္မာ ပါးနပ်သူများကိုသာ တာဝန်ပေးတတ်ကြပါတယ်။ ကိုယ့်ပါတီ အစိုးရ အဖွဲ့အစည်းရဲ့မူ ပေါ်လစီတွေကို အာမခံရတဲ့ အစွန်းမထွက်ရတဲ့စကား၊ အင်တာဗျူး၊ သတင်းစာရှင်းလင်းပွဲ ပေးရတဲ့သူမျိုး ဖြစ်လို့ပါ။

ကိုလင်းထက်နိုင်အနေနဲ့ ၂၀၀၇ မျိုးဆက် ဗကသရဲ့ တကယ့်ပြောခွင့်ရသူဖြစ်ခဲ့ရင် မီဒီယာနဲ့ ပြောဆိုတဲ့ အကြောင်းအရာတိုင်းသည် ကျောင်းသားမြေအောက်အဖွဲ့အစည်း ဗကသရဲ့မူတွေကို အာမခံနိုင်ပါစေလို့ပဲ အကြံပြုချင်ပါတယ်။

ကျောင်းသား(လူငယ်)တွေရဲ့ အခြေခံစိတ်ဓါတ်ကတော့ မဟုတ်မခံစိတ်ပါ။ ထိရင်ချမယ် ဆိုတဲ့စိတ်မျိုးပါ။ ဒီလိုစိတ်ဓါတ်မျိုးကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့ ငြိမ်းချမ်းရေး သမားကြီး ဆရာဒဂုန်တာရာတို့ ငယ်နုစဉ်ဘ၀တွေတုန်းက ရှိခဲ့ကြတာသမိုင်းမှာ အထင်အရှားပါ။

ခုခေတ်လူငယ်တွေဖြစ်တဲ့ကိုမိုးသွေးတို့ ကိုလင်းထက်နိုင်တို့ဟာ တကယ်ပဲ မှန်ကန်တဲ့အမြင်ရှိကြပြီလား။ ရင့်ကျက်ကြပြီလား။ စဉ်းစားစရာပါ။ ခေတ်အဆက်ဆက် သမိုင်းတာဝန်တွေကို လူငယ်တွေဟာ အရင်းပိုင်းက ထမ်းခဲ့ကြတာချည်းပါ။

ရေဒီယိုအင်တာဗျူးတွေဆိုတာဟာ သတင်းဌာနတွေမေးတာကို ဖြေတယ်ဆိုတာထက် ကိုယ့်ပြည်သူတွေကို သတင်းဌာနတွေကတဆင့် ကိုယ်ပြောချင်တဲ့ သတင်းစကားပေးရတယ် ဆိုတာ အားလုံးသိကြပါတယ်။ အဖက်ဖက်က ပိတ်လှောင်နေတဲ့အခြေအနေအောက်မှာ ရတဲ့အပေါက်ကလေးကနေ ကိုယ့်ပြည်သူကို ကိုယ့်မူတွေ အလုပ်တွေကို ချပြရတာပါ။ ရှင်းလင်းတိကျပြီး ကိုယ့်အဖွဲ့အစည်းရဲ့ အလုပ်၊ သွားနေတဲ့လမ်းကြောင်းကို ရတဲ့အချိန်လေး အတွင်း တင်ပြရတာပါ။

သာရေး နာရေး ဘာလူမှုရေးအသင်းဖွဲ့စည်းတာ လှုပ်ရှားတာကိုမဆို ဒေါက်ထောက်ကြည့် နေတဲ့နအဖလို အစိုးရမျိုးအောက်မှာ ဗကသတို့ ဂျန်နရေးရှင်းဝေဗ့်တို့လို နိုင်ငံရေးအဖွဲ့အစည်း မျိုး စံနစ်တကျ စုစုစည်းစည်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းနိုင်ဖို့ အင်မတန် ခက်ခဲမယ်လို့ ခန့်မှန်း မိပါတယ်။

ဒီလို ခက်ခဲမှုကြားထဲက အဖွဲ့အစည်းတွေ ဖွဲ့စည်းပြီး လှုပ်ရှားနေတဲ့ လူငယ်တွေ အနေနဲ့ စစ်မှန်တဲ့ ကိုယ့်အဖွဲ့ ပေါ်လစီ မူဝါဒတွေကို ပြည်သူတွေ သိစေရအောင် သတင်းဌာနတွေကိုပဲ အားကိုးရသလို အဲဒီသတင်းဌာနက တဆင့်ကိုယ်ပေးတဲ့ ကိုယ့်မူဝါဒတွေဟာ ပြည်သူတွေ အတွက် အားဖြစ်စေမလား၊ တကယ်လိုက်လုပ်နိုင်မလား၊ ပြည်သူတွေအရှေ့က ဘယ်အတိုင်းအတာထိ ကိုယ်က လုပ်ပြနိုင်မလဲ သေချာ စဉ်းစားတွက်ချက်ဖြေကြားပေးဖို့ လိုပါတယ်။ နာမည်ကြီးချင်ယုံ ထင်ပေါ်ချင်ယုံနဲ့တော့ နိုင်ငံရေး လုပ်လို့ မရပါဘူး။ တိုက်ပွဲခေါ်လို့ မရပါဘူး။ ကိုယ့်အပေါ် ပြည်သူတွေ ယုံကြည်အောင် အားကိုး လေးစားလာနိုင်အောင် ကိုယ်ထုတ်တဲ့ စတိတ်မန့်တွေ ကိုယ်ပြောတဲ့ စကားတွေကို ကိုယ်တိုင် လိုက်နာ လုပ်ကိုင်နိုင်ရမှာလဲ ဖြစ်ပါတယ်။

ဟုတ်ပြီ။ သူတို့ ၂ ဦးစလုံး အဓိက ထားဖြေဆိုသွားတဲ့ သွေးထွက်သံယိုမရှိတဲ့ အကြမ်းမဖက်နည်းလမ်းတဲ့။ ဒီမှာ ကျမတွေးမိတာ တခု ၀င်လာပါပြီ။ လက်နက်ကိုင်တော်လှန်ရေး နဲ့ အကြမ်းဖက်မှုတွေဟာ တူညီပါသလား။ တူညီတယ်လို့ ခုခေတ်လူငယ်တွေက နားလည်ထားလိုက်ပြီလား။ နောက် မဟတ္တမ ဂန္ဓီတို့ လုပ်ခဲ့တဲ့ အကြမ်းမဖက် လူထု လှုပ်ရှားမှုဟာ ဘယ်အဆင့်ထိ အာဏာပိုင်တွေကို ဆန့်ကျင်ခဲ့တယ် ဆိုတာကိုရော သေချာ လေ့လာခဲ့မိပါရဲ့လား။ မဟတ္တမဂန္ဓီတို့ရဲ့  အာဏာဖီဆန်မှုတွေကို နှိမ်နင်းတဲ့အခါတွေမှာ လူထုက ဘယ်လိုတုန့်ပြန်ပါသလဲ။ ဆူဘတ်ချန်ဒရာဘို့ရဲ့ တပ်တွေအနေနဲ့ ဘယ်လို ချိတ်ဆက်မိမိ ပံ့ပိုးခဲ့တယ်ဆိုတာကိုလဲ လေ့လာရပါဦးမယ်။

နောက်တကြောင်းကတော့ လူတွေဟာ သူတို့ဖြတ်သန်းမှုအရ အတွေ့အကြုံအရ သူဘယ်လို တော်လှန်မယ်ဆိုတာကို ရွေးချယ်မိတာပဲ ဖြစ်မယ်ထင်ပါတယ်။ သွေးထွက်သံယိုမရှိလေ ကောင်းလေ ဆိုတာ လူတိုင်းနားလည်ပေမယ့် ဘာလက်နက်မှ မပါပဲ ကြွေးကြော်သံတွေနဲ့ ဟစ်အော်နေတဲ့ ကျောင်းသား လူငယ်လေးတွေကို၊ ဘာလက်နက်မှ မကိုင်ဆောင်ပဲ ဆုတောင်းမေတ္တာပို့နေတဲ့ ဘုန်းတော်ကြီးတွေကို ၊ ကိုယ့်ကို ပစ်လာမယ့် ရိုက်လာမယ့် အရာတွေကို ကြောက်လို့နောက်လှည့်ပြေးနေသူတွေကို အသေသတ်တာ ရိုက်တာကိုရော ဒီလိုပဲ ငုံခံနေရမှာပဲလား။

(ဒီစာရေးနေဆဲမှာပဲ ဗကသ မှ ကိုလင်းထက်နိုင်အဖမ်းခံရတယ်။ နောက်ထပ် ပြောရေး ဆိုခွင့်ရှိသူ ၂ ယောက်လောက် ထပ်ပြောလာတယ်။ ဒါဟာ ကျေနပ်ဝမ်းသာစရာပါပဲ။ တဗိုလ်ကျ တဗိုလ်တက် စနစ်နဲ့ နအဖကို ဆန့်ကျင်တော်လှန်နေတာ အကောင်းတကာ့ အကောင်းဆုံးပေါ့။ ဒီတော့ ရှည်ရှည်ဝေးဝေး ကွေ့ကာ ၀ိုက်ကာ ရေးဖို့အတွက် ကျမအနေနဲ့ တော်တော် စိတ်ထဲမှာ မရှိတော့ပါဘူး။ အစတုန်းက သေချာ ဆွေးနွေးဖို့ အားတင်းထားခဲ့တာပါ။)

ဒါ့ကြောင့် ဒီဆွေးနွေးချက်ကို အဆုံးသတ်လိုက်ပါတော့မယ်။
ကောမန့်လာရေးသူတွေအားလုံးရဲ့ အမြင်တွေကို သိပ်လေးစားပါတယ်။ ကျမအယူအဆအရလည်း ဘယ်နည်းနဲ့ဖြစ်ဖြစ် တိုက်စေချင်တယ်။ နည်းကို ကန့်သတ်ထားလို့ မရသလို ကိုယ်သုံးတဲ့ နည်းပဲ ကောင်းတယ်။ ကျန်တဲ့နည်း အသုံးမ၀င်လို့လဲ အားလုံးကို မယူဆစေချင်ဘူး။

နည်းနည်းလေး ရှည်ပေးရရင် လွတ်လပ်ရေးရယူပေးခဲ့တဲ့ ရဲဘော်သုံးကျိပ်ထဲမှာ ကျောင်းသားသမဂ္ဂက ရဲဘော်တွေ ပါပါတယ်။ ဗကသဟာ လက်နက်ကိုင်လမ်းစဉ်ကို လုံးဝမဆန့်ကျင်ခဲ့ပါဘူး။ နေ၀င်းအစိုးရတက်ပြီး ၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့ ဖြစ်ပြီး လက်နက်ကိုင်ဖို့ တောခိုခဲ့တာအများစုဟာ ဗကသ အဖွဲ့ဝင်တွေပါပဲ။မြန်မာ့ တပ်မတော်ရဲ့ သန္ဓေအစမှာတကည်းက ကျောင်းသားဆိုတာ ပါလာပြီးသားပါ။ ဒါ့ကြောင့် ဗကသ အနေနဲ့လဲ လက်နက်ကိုင်တော်လှန်ရေးကို အကြမ်းဖက်ခြင်းနဲ့ ရောထွေး မသတ်မှတ်စေချင်သလို ၊ ခုထိ မအောင်မြင်သေးတဲ့ ဒီမိုကရေစီရေးတိုက်ပွဲမှာ ဘယ်နည်းက မအောင်မြင်နိုင်ဘူး၊ ဘယ်နည်းမှ အောင်မြင်မယ်လို့ ကြိုတင် မကန့်သတ်သင့်သေးပါဘူး။ လက်နက်ကိုင်တော်လှန်ရေးဟာ ကမ္ဘာမှာ ခေတ်မစားတော့လို့၊ ခုထိမအောင်နိုင်သေးလို့ မသုံးဖူးလို့လဲ မကြွေးကြော်သင့် သေးဘူး။

တကယ်လို့များ ဒီနေ့ခေတ် လူငယ်အများစုဟာ လက်နက်ကိုင်တော်လှန်ရေးကို ကျောခိုင်းလို့ အကြမ်းမဖက် လူထုတိုက်ပွဲ တခုတည်းကိုသာ ရွေးချယ်ခဲ့မယ်ဆိုရင်…..။
သူတောင်းစားလို တောင်းဆိုမှုတခုတည်းနဲ့ နအဖလို ရန်သူမျိုးကို ဆက်လက် တိုက်ဦးမယ်ဆိုရင်……..

မြန်မာနိုင်ငံရဲ့ တော်လှန်ရေးဟာ ဘယ်နိုင်ငံနဲ့မှ မတူတဲ့ ရေမြေသဘာဝ၊ အိမ်နီးချင်းနိုင်ငံ တွေရဲ့ ပါဝင်ပတ်သက်အမြတ်ထုတ်မှုတွေရှိနေတာကြောင့် ……..

မျိုးဆက်သစ်တွေရဲ့ အနာဂတ်မဲ့နေမှုတွေ……
နောက်ထပ် ဘယ်နှစ်နှစ် ကြာဦးမယ်ဆိုတာ…....? ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

9 comments:

Myo Win Zaw said...

လူငယ်တွေရဲ့အားဟာကျေနပ်စရာပါဘဲ သို့ပေတည်း ဒီဘက်က မီဒီယာတွေသတိထားသင့်တာရှိတယ် ဥပမာလူတစ်ယာက်ဖမ်းခံထိပြီဆိုပါဆို့ ဖမ်းခံရတဲ့လူရဲ့ အရင်လ့ရှားမှုတွေ သူဟာဘယ်မဖွဲ့မှာ ဘယ်အဆင့်ရှိတယ် စသဖြင့် ကြေငြာလေ့ရှိပါတယ် အဲဒါ ဘာမကောင်းဖူးလဲဆိုတော့ စစ်ကြောရေးက စစ်တဲ့ကောင်တွေက ဒါတွေကိုအရအမိကောက်ပြီး အတင်းစွပ်မေးတော့တာဟာ အဖမ်းခံရသူတွေအတွက် ပြသနာတစ်ရပ်ဖြစ်နေတယ်ဆိုတာဘဲ

2007 JALS said...

တကယ်လို့များ ဒီနေ့ခေတ် လူငယ်အများစုဟာ လက်နက်ကိုင်တော်လှန်ရေးကို ကျောခိုင်းလို့ အကြမ်းမဖက် လူထုတိုက်ပွဲ တခုတည်းကိုသာ ရွေးချယ်ခဲ့မယ်ဆိုရင်…..။
သူတောင်းစားလို တောင်းဆိုမှုတခုတည်းနဲ့ နအဖလို ရန်သူမျိုးကို ဆက်လက် တိုက်ဦးမယ်ဆိုရင်……..

ဒီနေ့မြန်မာလူငယ်လေးတွေဟာ တော်လှန်ရေးတခုရဲ့ နည်းဗျူဟာ အတော်များများကို သိထားနေကြပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေအရ၊ နောင်တော်တွေရဲ့ အတွေ့အကြုံတွေအရ၊ ခေတ်ရဲ့ တိုးတက်မှုအရ သူတို့ရဲ့ အရည်အချင်းတွေဟာ အများကြီး တိုးတက်လာနေပါတယ်။
မြန်မာနိုင်ငံက အာဏာရှင်စနစ်ကို တော်လှန်ရာမှာ နိုင်ငံရေးအရ တော်လှန်တာနဲ့ စစ်ရေးအရ တော်လှန်တာ နှစ်မျိုးစလုံး လိုအပ်တာကို လူငယ်တွေ သဘောပေါက်ကြပါတယ်။ ဒါ့အပြင် စိတ်ဓါတ်ရေးရာ စစ်ဆင်ရေးကလည်း အရေးပါတယ်လို့ သိထားသူတွေ ရှိကြပါတယ်။ ကောက်ကျစ်လှည့်စားတတ်တဲ့ ရန်သူကို အနိုင်ယူနိုင်ဖို့ နိုင်ငံရေး-စစ်ရေး နှစ်မျိုးစလုံးမှာ သေနင်္ဂဗျူဟာတွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်မှ ဖြစ်ပါမယ်။ သူတို့လို လူငယ်တွေထဲက အချို့ဟာ ဒီအဆင့်ကို ရောက်လာနိုင်နေကြပါပြီ။ အခု ဒီနေရာက လွတ်လပ်တဲ့ ပြည်ပမီဒီယာ ဖြစ်နေလို့ အသေးစိတ်တွေကို ရှင်းပြနိုင်တာ နားလည်ပေးကြပါ။

2007 JALS said...

ရှင်းမပြနိုင်တာ ဟု ပြင်ဆင်ဖတ်ရှုပါရန်

ခင်မင်းဇော် said...

မြန်မာအာမီဒေါ့ရေ အဲဒီအင်တာဗျုးတွေမှာ တချို့က သူတို့ကိုယ် သူတို့ ဖွင့်တိုက်ပါတယ် ပြောပြီး သူတို့ကိုယ်တိုင် သတင်းတင်ခိုင်းတာလဲ ရှိပါတယ်။ အဲဒီလို ဖြစ်ခဲ့လို့ အထဲက လူ ရှောင်မရဖြစ်တတ်တယ် ဆိုတာကို မီဒီယာတွေ နားမလည်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် တချို့ ကြိမ်းသေ သိပြီးသား၊ ထင်ရှားသူတွေဆိုရင်တော့ သူတို့ ပရိုဖိုင်းကို မြှင့်ပေးရတဲ့ အပိုင်းလဲ ရှိပါတယ်။ အဲဒါကတော့ အဖမ်းခံရပြီဆိုရင် အင်တာဗျုးဖို့ ဆက်သွယ်လိုက်တဲ့အခါမှာ ဗျုးပေးသူ အပေါ်မှာ တည်ပါတယ်။ ကိုယ်ဘယ်လောက်သိသိ ဗျုးတဲ့သူ မပြောတဲ့ အကြောင်းကို လွှင့်ထုတ်လို့ မရပါဘူး။ ဒါဟာ သတင်းသမားရဲ့ ကျင့်ဝတ်ပါပဲ။ ဒါ့ကြောင့်လဲ သတင်းသမားတွေက အင်တာဗျုးပေးမယ့်လူတွေကို အမြဲ ရှာနေရတာပါပဲ။ သူတို့ ဘယ်လောက်သိသိ အသံပေးမလားမေးလို့ မပေးရင် မျက်မြင် သက်သေ မရှိလို့ သတင်းလုပ်ခွင့် မရပါဘူး။ အရေးကြီးသတင်းဆိုရင်တောင် အင်တာဗျုး တယောက်တည်း ခွင့်မပြုပါဘူး။ အနည်းဆုံး ၂ ယောက် ၃ ယောက် ရရှိမှ သတင်းအဖြစ်တင်ခွင့်ရှိပါတယ်။
ဒါ့ကြောင့် သတင်းသမားဘယ်လောက်မေးမေး ကိုယ်မတင်ချင်တာကို မဖြေပဲ နေခွင့်ရှိပါတယ်။

ခင်မင်းဇော် said...

2007 jals ရေ.. ခုလို ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်။ ခုခေတ်လူငယ်တွေကို အထင်သေးတာမဟုတ်ပါ။ လက်ရုံးရည် နှလုံးရည် ဆိုတာကို နားလည်တဲ့ လူငယ်တွေ ပိုမို များပြားလာစေချင်တဲ့ စေတနာနဲ့ လူငယ်တချို့ရဲ့ အတွေးကို ဆန်းစစ်ကြည့်တာပါ။ ကိုယ်တယောက်တည်း တွေးတာ အပြင် သူများအတွေးကိုပါ ရှင်သန်ခွင့်ပေးချင်စိတ် ရှိသူ တယောက်အဖြစ်လဲ ခံယူထားပါတယ်။

2007 JALS said...

ဒီလို စေတနာမျိုး ထားရှိပေးနိုင်သူတွေ၊ လက်ရုံးရည်- နှလုံးရည် ကောင်းတဲ့ လူငယ်မျိုးဆက်သစ်တွေ များများ ပေါ်ထွက်လာအောင် ကူညီပေးကြပါဦး။ ဒါဟာ နိုင်ငံရေး ခေတ်သစ်တခုကို တည်ဆောက်နေကြတာလို့ပဲ ထင်မိပါတယ်။ အများကြီး ကျေနပ် ဝမ်းသာအားရလှပါတယ်။

yannaing said...

ရန်သူကိုတိုက်တဲ့နေရာမှ..လူငယ်၊လူကြီး၊မျိုးဆက်သစ်၊
မျိုးဆက်ဟောင်းလို့ခွဲခြားမနေပဲအားလုံးညီညီညွတ်နဲ့
လက်တွဲသွားကြရင်ကျွန်တော်တို့အောင်ပွဲရမှအမှန်ပါ
ငယ်ငယ်တုန်းကသင်ရတဲ့မှုလတန်းဖတ်စာထဲက
( သားသုံးယောက်နဲ့အဖိုးအို ) ပုံပြင်လိုပေါ့ဗျာ...
ဘယ်လိုနည်းနဲ့တိုက်တိုက်အနိုင်ရဖို့ကအဓိကပါ..

2007 JALS said...

ရန်နိုင်ရဲ့ မှတ်ချက်က မှတ်သားစရာ ကောင်းလှပါတယ်။
လူငယ်မျိုးဆက်သစ်တွေ ထွက်ပေါ်လာတာ အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ အနည်းဆုံး လက်ဆင့်ကမ်း တာဝန်တွေ ယူမယ့်သူတွေ ထွက်ပေါ်လာတာကိုက အင်အားတွေ ပိုပြီး တိုးပွားလာနေတာပါပဲ။ လက်ရှိတိုက်ပွဲဝင် လှုပ်ရှားနေတဲ့သူတွေမှာ လက်ရှိတာဝန်တွေအပြင် အနာဂတ်မျိုးဆက်သစ်တွေကို လက်တွဲ ခေါ်ဆောင်ရမယ့် တာဝန်လည်း ရှိနေရပါမယ်။ လက်တွဲခွင့်လည်း ပေးရဲရပါလိမ့်မယ်။ ညီညီညွတ်ညွတ် လက်တွဲနိုင်မယ့် နည်းလမ်းတွေကို အတွေ့အကြုံရှိသူ လူကြီးတွေက လမ်းညွှန်ပြလာနိုင်တဲ့အခါ လူငယ်တွေ ပိုမိုပူးပေါင်းလာကြမှာ မလွဲပါဘူး။

Unknown said...

ဆွေးနွေးနေတာတွေကော ၊ တိုက်နေတာတွေကော ၊ တယောက်တပြန်ဂုဏ်ပြုနေတာတွေကော ၊ မျိုးချစ်စိတ်ဓါတ် ထက်သန်တာတွေကော ...အစရှိသဖြင့်ပေါ့ဗျာ.. အားရစရာကြီးပဲ ...ဒါပေမယ့် ...ခက်နေတာက အွန်လိုင်းမှာ သက်သက်ပဲဖြစ်နေတာ ဆိုးတယ် .. ကျွန်တော် မသိလို့လဲ နေရင်နေမှာပေါ့လေ..။ ဒါနဲ့ အဲဒီ နောက်ဆုံးမျိုးဆက် ဗကသ ဆိုလားဘာဆိုလား ရန်ရန်ချမ်းတို့ ဘာတို့ညာတို့ ဘယ်လိုလှုပ်ရှားမှုတွေ လုပ်ခဲ့လို့ ဝိုင်းပြီး လေမိုင်းခွဲနေရသလဲ လို့ သိခွင့်ရှိရင် သိပါရစေဗျာ...။ လုံခြုံေ၇းတွေ ဘာတွေ အကြောင်းပြလိမ့်မယ်လို့တော့ မမျှော်လင့်မိပါဘူး ။ အာချောင် အသံကောင်းဟစ်နေတယ် လို့ တော့ မမြင်ပါဘူးဗျာ...ဟဲဟဲ ...