Thursday, December 25, 2008

၂၀၀၈ ကို ဖြတ်သန်းခြင်း

ကျမရဲ့ကိုယ်ပိုင်ဘလော့လေးမှာ

ဒီနှစ် ၂၀၀၈ အတွက် နှစ်ချုပ်စာရင်းလေး လုပ်ကြည့်ရရင်...
ဒီနှစ်ထဲမှာပဲ ဒီဘလော့လေးက ရတဲ့ ဘလော့မိတ်ဆွေတွေနဲ့ ၂၀၀၈ ခုနှစ်ဟာ ပျော်ရွှင်ဖွယ်နေ့ရက်တွေ ၊ ပျော်ရွှင်ဖွယ် စကားဝိုင်းတွေ၊ ပျော်ရွှင်ဖွယ် ခရီးစဉ်လေးတွေ ရရှိခံစားခဲ့ရပါတယ်။
ဒီနှစ်ထဲမှာပဲ ကိုယ်မမှားပါပဲ ကိုယ့်ကိုပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေကိုလဲ ခံစားရပါသေးတယ်။ အဲဒီအချိန်က ကျမဘေးမှာ ၀ိုင်းရံပေးခဲ့တဲ့ ဘလော့မိတ်ဆွေတွေ နဲ့အတူ ကျမရဲ့ဘ၀လက်တွဲဖော် ၊ ကျမရဲ့ အရင်းနှီးဆုံး ရဲဘော်တွေ ၊ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးလဲတင်ပါတယ်။ ဒီလိုမိတ်ဆွေစစ်တွေ ရရှိတာကြောင့် ဘ၀မှာ ခုလိုကြံ့ကြံ့ခံနေနိုင်တာပဲလို့လဲ တန်ဖိုးထားတတ်ခဲ့ပြီ။
ဒီနှစ်ထဲမှာပဲ ကိုယ့်ခင်မင်ရတဲ့ ရဲဘော်ဂူရု ၊ကိုယ်လေးစားရတဲ့ ဒေါက်တာမျိုးဝင်း တို့ကွယ်လွန်ဆုံးပါးခဲ့ရတယ်။ ၂ ယောက်စလုံးရဲ့ ဈာပနမှာ ကျမ မရောက်ရှိခဲ့ရဘူး။
ဒီနှစ်ထဲမှာပဲ မမျှော်လင့်တဲ့ ခရီးတွေ ဆက်တိုက်ထွက်နေရတယ်။ အတွေ့အကြုံသစ်တွေ ရရှိတယ်။
ဒီနှစ်ထဲမှာပဲ အလုပ်အကိုင်မှာ ပျော်ရွှင်တတ်စေတဲ့ စိတ်ခံစားမှုကို သိရှိခဲ့ရတယ်။
ဒီနှစ်ထဲမှာပဲ တခါမှမကြားဖူးတဲ့ သတင်းဆိုးတွေကို ကိုယ်တိုင် ဖတ်ပေးနေရတယ်။
ဒီနှစ်ထဲမှာပဲ ဒေါသကို ဘယ်လိုထိန်းချုပ်ရတယ်ဆိုတာ ကိုယ့်ထက်ငယ်တဲ့ သူတွေက ရှေ့ဆောင်ပြတာ လက်ခံလိုက်ရပြီ။
ဒီနှစ်ထဲမှာပဲ ဘ၀လက်တွဲဖော်နဲ့ တခါမှ မရဘူးတဲ့နားလည်မှုတွေကို ဝေးကွာနေရမှုကနေတဆင့် လက်ခံရရှိ လိုက်ရတယ်။
ဒီနှစ်ထဲမှာပဲ ဘလော့ထဲကတဆင့် ၁၀နှစ်ကျော် အဆက်အသွယ်ပြတ်ခဲ့တဲ့ သူငယ်ချင်းရဲဘော်တချို့နဲ့ ဆက်သွယ်မှုတွေ ပြန်ရခဲ့တယ်။
ဒီနှစ်ထဲမှာပဲ ခင်မင်းဇော်ဆိုတဲ့ ဘ၀မှာ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ မှတ်တိုင်တချို့လဲ စိုက်ထူနိုင်ခဲ့ပြီ။
ဒီနှစ်ထဲမှာပဲ ဘယ်လိုအခက်အခဲမဆို ရင်ဆိုင်နိုင်တယ် ဆိုတဲ့ ယုံကြည်မှုတွေကိုလဲ ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။

ဒီနှစ် ၂၀၀၈ ကိုတော့ အမြတ်ရာနှုန်းများများနဲ့ ကျော်ဖြတ်အောင်မြင်ခဲ့တယ်လို့ စာရင်းချုပ်ရလိမ့်မယ်။
အားလုံးကို ကျေနပ်ပါတယ်။ ဒါ့ကြောင့်လဲ....
ရှေ့လာမယ့် ၂၀၀၉ မှာလဲ ကြုံလာမယ့် လောကဓံအားလုံးကို ခိုင်မာတဲ့ စိတ်ဓါတ်တွေ ယုံကြည်ချက်တွေနဲ့ ကျော်ဖြတ်မယ်လို့ စိတ်ကူးထားလိုက်ပါပြီ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Friday, December 19, 2008

အလွမ်း ဒီဇင်ဘာ နောက်ဆက်တွဲ

တနေ့က အလုပ်ထဲမှာ ရှိနေချိန်
ကျမပီအေက ဂျီတော့ကနေ လှမ်းမေးတယ်။
တကယ်လားတဲ့။ ဘာလဲ ဆိုတော့ လွမ်းတယ် ဆိုတာလေတဲ့....
အချင်းချင်းစကားကို မယုံတာလား...
ရင်ဘတ်ထဲထိ နားလည်တယ်ဆို... ဘာညာကွိကွပေါ့လေ... ပြန်ပြောရတာပေါ့...
သူက ဘလော့ကို ၀င်လည်တာ အလွမ်းဒီဇင်ဘာပို့စ်ကို ဖတ်ရလို့မေးတာတဲ့... ကြည့် မေးပုံက...
အင်းးးးး သူမေးလဲ မေးလောက်ရဲ့...
ကျမက ပို့ပေးလိုက်တဲ့ ဓါတ်ပုံလေးလဲ ကြည့်ပါဦးးးးး။




တကယ့်ကို နှင်းတွေမမြင်ဖူးလို့ တွေ့စလေးပဲ အဲလိုနေတာပါ။
ခုတော့ အချိန်တိုင်း စက္ကန့်တိုင်း ချမ်းချမ်းအေးအေးထဲ လွမ်းလို့သာ နေပါတော့တယ် လို့....
တကမ္ဘာလုံးးးးးးးးးးးးးကြားအောင် အော်ပြောလို့ရရင် အော်ပြောပြချင်ပါတယ်..... လို့
အဲလိုပြောလိုက်တော့.......
အင်းးးးးးးးတဲ့.....
(အချစ်ဆိုတာ အသက်အရွယ်နဲ့ ဆိုင်ပါသလား)

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, December 15, 2008

အလွမ်း ဒီဇင်ဘာ

အဲဒါ နေ့တိုင်း မနက် ၇ နာရီခွဲ ရထားကို စောင့်နေရတဲ့ ရထားမှတ်တိုင်လေး
(ခုနေတဲ့ အိမ်ထမင်းစားခန်းကရိုက်ထားတာ၊ အဲဒီကုန်းတက်ကလေးကို ဖြတ်ပြီး ရထားမှတ်တိုင်လေးကို သွားရတာလေ)

အော်စလိုရဲ့ ဒီဇင်ဘာကတော့ နှင်းတွေ ဖွေးဖွေးပေါ့..
နှင်းဆိုတာ ရုပ်ရှင်ထဲ နဲ့ ကားတွန်းကားထဲသာ မြင်ဖူးသူ တယောက် ဒီလိုဖွေးဖွေးလှုပ်နေတဲ့ နှင်းတွေထဲ ရုံးတက်ရုံးဆင်း အဲဒီဘူတာလေးမှာ နေ့တိုင်းသွားနေရတဲ့ အခါ မလွမ်းဘယ်သူရှိပါ့မလဲလေ ကြည့်ပါဦး အဲဒါ မနက် ၇ နာရီခွဲခါနီး တဲ့ မှောင်နေတာပဲ … ပြီးခဲ့တဲ့ သောကြာနေ့က ထမင်းဖိတ်ကျွေးတဲ့အိမ်မှာ ခိုင်ထူးရဲ့ အိမ်အလွမ်းသီချင်းကိုလဲ နားထောင်ပြီးသကာလ တချိန်တည်းမှာ ကာရာအိုကေကိုလဲ ဟဲလိုက်တဲ့အခါမှာ ပိုလို့ လွမ်းသွားလေရဲ့၊
(ကိုပေါနဲ့တကွ အပေါင်းအသင်းတွေကလဲ သားကိုချည်း လွမ်းတာ ဟုတ်လို့လားလို့လဲ မေးထားသေး)
ဒီလိုနှင်းတွေ မရှိပေမယ့် ဒီလိုပဲ အေးချမ်းလှတဲ့ ကယားပြည်နယ် လွိုင်ကော်မြို့လေးကို သတိရမိတယ်.. အဲဒီတောင်ပေါ်မြေပြန့်မြို့လေးက တူနှစ်ကိုယ် တိုင်းပြည်ကလေးကို လဲ သတိရမိတယ်။ ဒီမှာက ခုလိုလျှပ်စစ်အနွေးပေးစက်လေးလဲ မရှိ ။ ခုနေတဲ့ အိမ်လို လေမ၀င်နိုင်တဲ့ တိုက်အိမ်လဲ မဟုတ်ပေမယ်လို့ ချစ်ခြင်းမေတ္တာတွေနဲ့ နွေးထွေးနေခဲ့ရတဲ့ အချိန်ပေါ့။ လွမ်းတယ် အိမ်လေးကိုလဲ။

အဲဒီအချိန်တွေတုန်းကတော့ ဒီဇင်ဘာလရဲ့ နှစ်သစ်ကူးညစကားဝိုင်းတွေမှာ ရှိနေသေးတဲ့ ရဲဘော်တွေနဲ့ ဝေးကွာနေတဲ့ ရဲဘော်တွေ အကြောင်းပြန်ပြောဖြစ်ကြတာ များတယ်။ တချို့ ထောင်ထဲက ရဲဘော်တွေ ၊ကျဆုံး ရဲဘော်တွေ ၊ဒေသမတူတဲ့ နေရာရောက်နေတဲ့ ရဲဘော်တွေ အကြောင်းကို တသသပြောကြလွန်းလို့ တချို့ကိုဆို လူကိုလဲ မြင်လိုက်ရရော အရမ်းကို ရင်းနှီးပြီးသား ဖြစ်သွားတာပါပဲ။ အဲဒီရဲဘော်တွေရဲ့ ကိုယ်နေဟန်ထားတွေကို လုပ်ပြတဲ့အခါ လုပ်ပြကြ၊ သူတို့ အမှတ်တမဲ့ဖြစ်ခဲ့ကြတဲ့ ဟာသတွေကို ပြောပြကြပြီး ရွှေပြည်ကြီး ဒီမိုကရေစီရကြရင်ဆိုတဲ့ မျှော်လင့်ချက် အနာဂတ်တွေနဲ့ လူငယ်လေးတွေက ကောင်းကင်ကြီးကိုမော့ကြည့်လိုက် သက်ပြင်းတွေချလိုက် လမင်းကြီးကို မော့ကြည့်လိုက် ..
ကိုယ့်ဇာတိမြေကို လွမ်းလိုက်ကြနဲ့… ဘယ်လိုမှ မေ့မရတဲ့ ညတွေပေါ့။ လွမ်းတယ် အဲဒီညတွေကိုလဲ။

အဲဒီလိုပဲ သိပ်မဝေးသေးတဲ့ ၂၀၀၅ ဒီဇင်ဘာလေးကိုလဲ လွမ်းမောမိသေးတယ်။
လွမ်းမောတယ်လို့ ပြောရလောက်အောင်ပဲ အခု ပြန်တွေးရင် လွမ်းလဲ လွမ်းတယ် မောလဲ မောတယ်။ အဖြစ်က ပြန်ပြောရင် သံယောဇဉ်လေးတွေက အသစ် အသစ်ဖြစ်သွားမယ်ထင်ရဲ့၊
အဲဒီ ၂၀၀၅ ဒီဇင်ဘာတုန်းကပေါ့…

ခရစ်စမတ်အတွက် သီချင်းလိုက်ဆိုတဲ့ ကလေးတွေက သူတို့ရတဲ့ ပိုက်ဆံတွေကို စုပြီး ဒီဇင်ဘာ ၃၁ ရက်နေ့ညဖက် နှစ်သစ်ကြိုဆိုပွဲ လုပ်ကြတယ်။ ကျမတို့နေတဲ့ အိမ်ရှေ့က ကွင်းပြင်ကျယ်ကြီးမှာဆိုတော့ ကျမတို့က ၀ိုင်းကူချက်ပြုတ် ပါဝင်ဆင်နွဲ၊ ပါဆယ်ဂိမ်းဆော့၊ ကာရာအိုကေဆို၊ လက်ဆောင်တွေ လဲကြပေါ့။ အဲဒီနှစ်တုန်းကတော့ ကဗျာဆရာ ကိုလွမ်းဏီအိမ်မှာလဲ နှစ်သစ်ကြိုမယ် ဆိုလို့ ၁၀ နာရီထိုးရင် ပြန်လာနော် ဒီမှာ ပါဆယ်ဂိမ်းဆော့မယ် လို့ သေချာမှာလိုက်ရက်နဲ့ ပြန်မလာလို့ သူနောက်လိုက်သွားဖြစ်တယ်။ သိပ်လဲမဝေးဘူးလေ။ ဒါနဲ့ ရောက်သွားတော့ နောက်ဖေးဘက်ခြမ်းမှာ လူတွေက စုစု စုစု မြင်နေရတယ်။ ဘာလုပ်နေလဲ သွားကြည့်တော့ လားလား သူတို့ ပိုကာ ၀ိုင်း။ ကျမပီအေက ၀ိုင်းထဲမှာ ခန့်ခန့်ကြီး ထိုင်နေလို့၊ ဘာဖြစ်လို့ ပြန်မလာသေးတာလဲ။ ၁၀ နာရီကျော်နေပြီ ကတိလဲ မတည်ဘူးလို့ ခပ်တည်တည်ပြောတော့ မလာသေးဘူးလေတဲ့ မျက်နှာကို မော့တောင်မကြည့်ပဲ ပြန်ပြောတာ၊ ဒေါသက အချစ်တွေကို ဖုံးသွားတယ်။ ၀ိုင်းနားမှာ ထိုင်နေသူတွေကလဲ အများကြီး။ ဘယ်သူ့မှမမြင်တော့ဘူး။ ဘာလုပ်လိုက်တယ်ထင်လဲ……

သူတို့ သောက်နေတဲ့ အရက်ဝိုင်းထဲက ပုလင်းအသစ်စက်စက်တပုလင်းကို ၀င်ကောက်ကိုင် လိုက်ပြီး တံခါးပေါက်ကနေ လွှင့်ပစ်လိုက်တယ်။ ပြီး အပြင်ကိုထွက်လိုက်တယ်။ အကုန်ဝရုန်းသုန်းကား ဖြစ်သွားတာ သိလား။ အရက်ပုလင်းကလဲ အပြင်က မြေပျော့ပျော့နေရာ ကျသွားတယ်တဲ့ နောက်မှ ပြန်သိတာ။ မကွဲဘူး ၊ အေး ခု ပြန်မလာရင် ပြန်ကိုမလာတော့နဲ့ လို့ ပြောပြီး ဘောက်ဆတ်ဆတ်နဲ့ ပြန်လာလိုက်တယ်။ ၁၂ နာရီတီးခါနီးတော့ ဘိုးတော်က ပြန်လာတယ်။ ဟိုလိုလို ဒီလိုလိုနဲ့ ။ သူ့ကိုမကြည့်ပဲ ဒီတိုင်းနေတယ်။ နောက်နေ့ကျတော့ ကျမတို့ စုံတွဲလိုပဲ ဒီဝိုင်းထဲ ပါတဲ့ လူတွေရဲ့ စုံတွဲတိုင်း မခေါ်ကြဘူး၊ အဲဒီည ကျန်တဲ့လူတွေလဲ သူတို့အိမ်တွေကို ပြန်မလာကြဘူးတဲ့။ ဒီတော့ မိန်းမဖြစ်သူတွေက စကားမပြောပဲ သပိတ်မှောက်လိုက်ကြတာ ညီလို့။

သူကလဲ အရက်ပုလင်းကို လွှင့်ပစ်တာ ရိုင်းတယ်ဆိုပြီး စကားမပြောဘူး။ ကိုယ်ကလဲ ဒီလိုရိုင်းအောင် လုပ်တာ ဘယ်သူလဲ ပြန်မေးပြီး စကားမပြောဘူး။ ခုန ပြောတာမေးတာတွေက အီးမေးလ်နဲ့ပို့တာတွေ။ လူတွေကတော့ စကားမပြောကြ။ အိမ်ထောင်သည်ဘ၀မှာ အဲဒီအခါ ရန်ဖြစ်စကားမပြော အကြာဆုံးထင်ခဲ့တယ်။ ငါ့တို့ ကွာရှင်းမယ် စာချုပ်မှာ လက်မှတ်ထိုးလို့ မေးလ်ပို့လိုက်တော့ ဘာမှ ပြန်မလာဘူး၊ စကားမပြောတာ တရက်လောက် ကြာလာတော့ ငိုချင်လာရော၊ ငါ့ကို သူကပြန်ပြီးများဒေါသ ထွက်စရာလားပေါ့၊ ထမင်းကျတော့ တူတူလာစားနေပြီး စကားမပြောတာကိုး၊ ထမင်းဝိုင်းမှာ တွေးရင်း မျက်ရည်က ကျတော့ ဘာလို့ ငိုတာလဲတဲ့၊ စကားမှ မပြောတာ ဆိုတော့ ဟမ် ဘယ်သူက မပြောတာလဲတဲ့၊ ဘာစကားမှ ပြန်မပြောပဲနေတော့ ဘာလို့ အရက်ပုလင်းကို လွှင့်ပစ်တာလဲ သူများတွေ အားနာစရာ တဲ့၊ လွှင့်ပစ်အောင် ဘယ်သူက စလုပ်လဲ ဆိုတဲ့ သံသရာက ပြန်စပြန်ရော… အဲဒီစကားတွေနဲ့ပဲ ပတ်ချာလည်နေခဲ့ကြတယ်။ အဲလိုငိုနေ ပြောနေတုန်း ဖုန်းဝင်လာတယ်၊ ဗွီအိုအေ သတင်းထောက်အေးအေးမာလေ၊ ဇာတ်လမ်းအစ အိမ်ကလဲ သူတို့အိမ်၊ သူက ကဗျာဆရာ ကိုလွမ်းဏီ မိန်းမလေ၊ ကိုယ်က ငိုနေတော့ ဖုန်းမကိုင်ဘူး၊ သူက ဖုန်းကိုင်လိုက်တယ်၊ အမကို တီကေစက်ရုံက ဒစ်ကောင့် ချတာ သွားဝယ်မယ် လိုက်မလားမေးမလို့ ဆိုတဲ့ ဖုန်းတဲ့ ပြောပြီး ဖုန်းလာပေးတယ်၊ မပြောဘူး ပြောတော့ ဖုန်းထဲကနေ ဒီမှာ သူက မပြောဘူးတဲ့၊ ဟိုကဘာပြန်ပြောတယ် မသိဘူး၊ အကြာကြီး ပြောနေကြသေးတယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ခုကျတော့ ကျနော်စကားမပြောလို့ ငိုနေတယ် ဘာညာကွိကွ စကားရှည်နေသေး၊ နောက်ဆုံး ကျနော် လိုက်ပို့လိုက်ပါ့မယ် ဆိုပဲ။ အင်းပြောရရင် အဲဒီစက်ရုံကို ဈေးသွားမ၀ယ်ဖြစ်ပေမယ့် ဇာတ်သိမ်းအပိုင်းမှာ စကားတော့ ပြန်ပြောဖြစ်ခဲ့ကြပြီး နှစ်ဦးသဘောတူညီချက်တွေအရ နောက်ဆို ကတိပေးပြီးရင် တည်အောင် လုပ်ရမယ် ဆိုတာကို ပီအေက ခုထိ သဘောပေါက် လိုက်နာနေရပြီး ကိုယ်ကလဲ အဲလိုသူတို့ ဘော်ဘော်တွေပွဲမှာ ခုလို ပွဲလာမကြမ်းဖို့ ထိန်းသိမ်းလိုက်နာ လိုက်ရတယ်လေ၊
ဒီိလိုနဲ့ကိုယ်တို့ ရန်သိပ်မဖြစ်တော့ဘူးပေါ့။( နီးတကျက်ကျက် ဝေးတသက်သက် ဆိုတာ ဒါမျိး)

အင်း လွမ်းရတဲ့ အဖြစ်လေးတွေ ဆိုတာ ဒါပဲ ထင်ပါရဲ့၊ ဒီလကို့ အလွမ်း ဒီဇင်ဘာလို့ နာမည်တပ်ထားတာ မှန်တယ်မဟုတ်လား၊ တကယ်လဲ လွမ်းနေတယ်၊ ချစ်ရတဲ့သူမပါပဲ ဒီနှစ်သစ်ကို ဘယ်လိုကြိုရပါ့၊
လွမ်းးးးးးးးးးးးးးတယ်.............။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Friday, December 12, 2008

သားကိုလွမ်းလို့ ရေးတဲ့စာ

ဓါတ်ပုံရိုက်မခံဘူးလေ သူက အဲလိုလူနောက်

အိမ်ကထွက်လာတာ ကြာပြီဆိုတော့ ၁၀နှစ်ကျော်နေပြီဖြစ်တဲ့ တဦးတည်းသော သားကို တော်တော် သတိရမိတယ်။ သူက ဖုန်းပြောရင်လဲ မပြောချင်ဘူး တဲ့။ သူ့အသံကိုတောင် မကြားရဖြစ်နေတယ်။

တကယ်တော့ ကျမဘ၀ရဲ့ ပြောင်းလဲမှု တော်တော်များများက သူ့ကြောင့်ဖြစ်ခဲ့ရတာချည်းပဲ။ သူ့ကြောင့်ပဲ ကျမက မိဘတွေအိမ်ပြန်နေခဲ့ရတာ။ သားမွေးပြီးတလခွဲလေးနဲ့ ဘ၀တိုက်ပွဲတွေ ကြုံရတာကိုး။ ထောက်လှမ်းရေး ဆိုတာကလည်း မာရ်နတ်။ အခြေတကျ သာယာမယ်ကြံရင် သူလာနှောက်ယှက်ပြီ။ သားပေါက်စလေးကို အချုပ်ခန်းထဲ ခေါ်သွားလို့ မိဘတွေက အတင်းပြန်ခေါ်။ မျက်ရည်တွေကျကြ။ နောက် ထောင်ထဲကို ခေါ်သွားမယ်လုပ်တော့ အတင်းပြန်ခေါ်ထားကြ။ သူ့ကို အမေနို့မစို့ရလို့ နို့မှုန့်ဖျော်တိုက်တော့ မသောက်ပဲ နို့ဗူးမြင်တာနဲ့ ငိုနေတာ။ အနားဝန်းကျင် ဆွေမျိုး မိတ်ဆွေအားလုံး မျက်ရည် မဆည်နိုင်အောင် သူ့ကို ၀ိုင်းပြီး သနားခဲ့ကြရတဲ့ သားပေါ့။

ထောင်ထဲ ၀င်ခါနီး ထောင်ဗူးဝမှာ သူ့ကို ပွေ့ထားပြီး ထိုင်နေတာ မြင်ရတဲ့ ကျမကို တွေ့တော့ ကလေးလေးနဲ့ ထောင်ထဲ ပြန်ဝင်ရပြန်ပြီလား ဆိုပြီး ရုံးထုတ်လာသူ သူငယ်ချင်းတွေလဲ ငိုခဲ့ကြရ။ အမ ဘာမှ မပူနဲ့ သားလေးကို ကျနော်တို့ ၀ိုင်းစောင့်ရှောက်ထားမှာပါလို့ လာအားပေးကြသူတွေနဲ့ဝိုင်းဝိုင်းလည်ခဲ့ရတဲ့ သူ့ဘ၀က သူ့ကုသိုလ်ကံကြောင့် ကျမမှာ ဒုတိယအကြိမ် ထောင်ကနေ ရက်ပိုင်းလေးနဲ့ ပြန်လွတ်လာခဲ့ရ။ သူ့မှာ အဖေနဲ့ဝေးနေတော့ အားငယ်နေရှာမယ်ဆိုပြီး အားလုံးနဲ့ ဆန့်ကျင်လို့ အဖေနောက်ကို ကလေးတယောက်နဲ့ လိုက်လာခဲ့ရတာလဲ သူ့ကြောင့်ပဲ။

သားနာမည်ကို ကဗျာဆရာ နာမည်ကြီးတယောက်က မှည့်ပေးတယ်။ အီဖေကိုယ်ထူးပေအံ့။ ဖေထူးအံ့ တဲ့။ ကျမက နာမည်ကလဲ ရင့်လိုက်တာ ဆိုပြီး ပိုင်ဆိုင်မှုတွေ ထူးပေအံ့။ ပိုင်ထူးအံ့ လို့ မှည့်တယ်။ အဲဒီကဗျာဆရာကြီးက ရယ်လိုက်တာ။ ကောင်းပါတယ် ပဲ ပြောနိုင်တော့တယ်။ နောက် ကဗျာဆရာ နာမည်မကြီးတကြီးက သူ့အဖေက တောင်တန်းတွေ ပေါ်မှာ ရောက်နေချိန် သူ့အမေကတော့ ကလေးပိုက်လို့ မြစ်ဝကျွန်းပေါ်ကို စုန်ဆင်းလာခဲ့သူမို့ တောင်တန်းတ၀က် ပင်လယ်တ၀က် ကောင်ကလေးလို့ တင်စားပြီး ကဗျာဖွဲ့ပေးခဲ့သေးတယ်။ ခု တောင်တန်းတ၀က် ပင်လယ်တ၀က်ကလေးက သူပုန်လက်သစ်လေး ဖြစ်လို့။

ဖြစ်ပုံက သူ့ကို မူကြိုထားတော့ သူတို့မူကြိုကလဲ မြို့မှာ နာမည်ကြီးသားသမီးတွေ ထားတာကိုး။ ဒီတော့ လူကြီးတယောက်ရဲ့ သားက သူကြီးလာရင် ဥက္ကဌ လုပ်မယ် ပြောရော။ ဒီတော့ တဈေးလုံး တရပ်ကွက်လုံးက သူပုန်လေး လို့ ခေါ်တဲ့ ကျမသားက ငါကတော့ ကြီးလာရင် သူပုန်ပဲ လုပ်မယ်တဲ့။ သူတို့ ဆရာမက ပြန်ပြောပြတာလေ။ ကျမမှာ ရယ်ရအခက် ငိုရအခက်။ အသက်ကဖြင့် ၃ နှစ်ခွဲ။ နည်းနည်းကြီးတော့ အတန်းထဲမှာ ကလေးအချင်းချင်း သူ့အဖေက ဘာ ငါ့အဖေက ဘာနဲ့ အဖေချင်း ပြိုင်ကြတော့ အဖေတွေအကြောင်း မပြောကြေးလို့ ပိတ်ပင်ခဲ့တဲ့ သား။ ကြားနေတဲ့ သူ့ဆရာမက သူ့အဖေရဲ့သူငယ်ချင်း ။ မျက်ရည်တွေကျလို့။

၉ လသားလောက်ကတည်းက သူက လမ်းသာမလျှောက်သေးတာ။ ကားတို့ မားတို့ခေါ်တတ်နေပြီ။ သိပ်မကြာဘူး အပေါက် တို့ ကြိုးတို့ကို ပီပီသသ ပြောနေပြီ။ လမ်းလျှောက်တာကတော့ နောက်ကျတယ် ၇ လပိုင်းမွေးတဲ့သားက နောက်တနှစ်ကျော် မှတ်မှတ်ရရ ၈ ရက် ၈ လမှာ လမ်းစလျှောက်တာပဲ။

လမ်းမလျှောက်ခင်ကလဲ ကလေးလှည်းထဲ ထည့်ထားရင် ကားမ၀င်တဲ့ ဈေးထဲက လမ်းပေါ် လျှောက်သွားနေတာပဲ။ လမ်းလျှောက်တတ်ခါစက ပြေးချည်းနေတာ။ လိုက်ထိန်းဖို့ လူတယောက်က ကုန်နေတယ်။ သူ့လက်ကို ကိုင်ရင်လဲ မကြိုက်ဘူး။ သူ့ဖာသာသူပဲ အကုန်လုပ်ချင်နေတာ။ ဒီတော့ နာမည်က လမ်းဗိုလ်လို့ အမည်တွင်ပြန်ရော။ တချိန်လုံး လမ်းပေါ်မှာ ။ သူ့ကို တယောက်ယောက် ဖက်နမ်းရင် မကြိုက်ဘူး။ပါးကို လက်နဲ့ ပွတ်ပစ်တာ ငယ်ကတည်းက။ သူတို့ခေတ်က ကြော်ငြာတွေ အကုန်အလွတ်ရတယ်။ အဲဒီခေတ်က ပြည်တွင်းမှာက ကလေးတွေအတွက် ကြော်ငြာချည်း စုသွင်းထားတဲ့ ဗွီစီဒီတွေ တောင် ထုတ်ရတဲ့ထိ ခေတ်စားတာကလား။

မောင်ဝမ်းကွဲ သင်္ဘောသားက ကြောင်နဲ့ကြွက်ဇာတ်လမ်းတွဲတွေ ၀ယ်ပြီး လက်ဆောင်ပေးထားရင် သားသားတို့အကြိုက်ပဲ။ တယောက်တည်း ရယ်နေတာ တခစ်ခစ်။ သူက မူကြိုမတက်ခင်ကတည်းက Discovery လိုမျိုးကို နားလည်ပြီး ကြည့်တတ်နေပြီ။ တခါက ရေခဲတွေထဲနေတဲ့ ၀က်ဝံလေးတွေအကြောင်း ပြနေတာ တယောက်တည်းကြည့်ရင်းက ငိုမဲ့မဲ့နဲ့ မားမား ဟိုမှာ တကောင်တည်း ကျန်တော့တယ်တဲ့။ အံ့သြသွားတယ်။ သူက သိနေလို့။ ပြနေတာက ဆောင်းတွင်းတတွင်းလုံး ရေခဲတွေထဲ အားလုံးအိပ်နေကြပြီး ဆောင်းကုန်ပြန်ထွက်လာတော့ အမေရယ် သားလေး တကောင်ရယ်ပဲ ထွက်လာနိုင်ပြီး ကျန်တဲ့ဝက်ဝံလေးတွေက သေကျန်ခဲ့တာကို ပြနေတာ။ တကယ့်ဝက်ဝံတွေရဲ့ ဘ၀ကို ပြနေတာကို သူက ခံစားနားလည်နေတာလေ။

သူက ဗိုလ်ချုပ်လိုပဲ မိုးတွင်းဆောင်းတွင်းရှိပြီး ဘာလို့နွေတွင်းမရှိလဲ ဆိုတဲ့စကားကိုလဲ မေးခဲ့ဘူးတယ်။ နောက် သူအလီစသင်ရတော့ အရမ်းစိတ်ဝင်စားခဲ့တယ်။ အလီတွေ ဆိုနေရင်း တရက်တော့ သူက မားမားရေတဲ့။ ကိုးအလီမှာလေ နောက်က ရတာတွေကို ပေါင်းရင်လဲ ကိုးပဲတဲ့ သိလားတဲ့ လာပြောတယ်။ အဲဒီအချိန် ပုသိမ်မှာ ရေတွေ အရမ်းကြီးတဲ့ ၂၀၀၄ ခုနှစ် မို့ အိမ်မှာ လာနေတဲ့ မိတ်ဆွေမိသားစုထဲက ဘီအီးဒီဆင်း အထက်တန်းပြဆရာမကြီးက သားလေးရယ် ဖွားဖွားတောင် သတိမထားမိခဲ့ဘူးတဲ့။ သူ့အသက်က ၆ နှစ်လေ အဲဒီတုန်းက။ ဒါ့ကြောင့်ထင်တယ် ခုချိန်ထိတော့ သူက သချာင်္တော်နေသေးတယ်။( ကြွားရရင်တော့ အဖေရော အမေရော ဆယ်တန်းအောင်တော့ သချာင်္ဂုဏ်ထူးပါတယ်လေ၊)

သတိရမိတဲ့ ထဲက ထူးခြားတာ တခုပြောရဦးမယ်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးဖြစ်တော့ အိမ်ပြန်ရတော့မယ် ထင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကလဲ ရှင်သန်လာလေတော့ သားရေ တို့တွေတော့ အိမ်ပြန်ရတော့မယ် ဟေ့ ပျော်လိုက်တာ ဆိုတော့ သူက သူ့အဖေနဲ့အမေကို ငိုမဲ့မဲ့နဲ့ သားမပြန်ချင်ဘူးတဲ့။ ဟာ ဘာဖြစ်လို့လဲ ။ ကိုယ့်ပြည်မှာ ကိုယ်ပြန်နေရမယ်လေ။ ဒီလိုအိမ်ကျဉ်းကျဉ်းနဲ့ မနေရတော့ဘူးလေ လို့ ပြန်ပြောတော့ ဒီမှာ မီးမပျက်ဘူး ဟိုမှာကမီးပျက်တယ် သားမနေချင်ဘူးတဲ့။ ကျမတို့မှာ ရယ်လိုက်ရတာလေ။ အဲဒီတုန်းက။

သူက ရောက်ရာနေရာမှာ ပျော်အောင်နေတတ်တယ်။ ကျမတို့မိဘတွေ မအားလို့ တအိမ်အိမ်မှာ ထားခဲ့ရရင် အဲဒီအိမ်မှာ ဘယ်သူ့ကို ပေါင်းရမယ်ဆိုတာ သူ့ဖာသာ သိတယ်။ သူများမျက်နှာရိပ် မျက်နှာကဲကို သိပ်သိတယ်။ အမေကို တခါတလေ လာလာစပြီး မျက်နှာကိုသေချာကြည့်တယ်။ စိတ်ဆိုးလားမဆိုးလားပေါ့။ ခပ်တည်တည်ကြည့်လိုက်ရင် အလကားပြောတာပါ တကယ်မဟုတ်ဘူးလို့ ပြန်ပြောတတ်တယ်။ အဲလိုကလေးမျိုး။ သူစကားမပြောချင်ရင် မေးတခွန်း ခေါ်တခွန်း ပဲ ပြောတဲ့ သားက သူစိတ်ဝင်စားတာများ ဖြစ်လို့ကတော့ ရေချိုးခန်းဝထိ လိုက်ရပ်ပြီး အထဲကို ပြောတတ်တဲ့သူ။

အင်း ခုသားကိုခွဲနေရတာ သတိရလိုက်တာလေ။ သားအကြောင်း ပြောပြရရင်တော့ တထောင့်တညထက် ရှည်သွားမယ်။ နောက်ကြုံရင်တော့ သားအကြောင်း ပြောပြချင်ပါသေးတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်