အော်စလိုကို လည်တဲ့အထဲမှာ မှတ်မှတ်ရရ ရောက်ခဲ့တာကတော့
အော်စလိုရဲ့ ခံတပ်ဟောင်းတနေရာပါ။ အဲဒီကိုရောက်ပြီး သူတို့နိုင်ငံသားတွေရဲ့ စိတ်ဓါတ်ကို နည်းနည်းဖတ်လို့ရခဲ့တယ်လို့ ပြောချင်ပါတယ်။
အော်စလိုက ဆိပ်ကမ်းမြို့ဖြစ်လေတော့ အဲဒီကိုပဲ ဂျာမန် ရေကြောင်းက လာတိုက်ခဲ့တာတဲ့။ သူတို့ ခံစစ်အဖြစ် တိုက်ခဲ့တဲ့ ရှေးဟောင်းအမြှောက်တွေ တင့်ကားတွေ မြို့တော် အုတ်ရိုးတွေနဲ့ အခုခေတ်မှာတော့ ပြတိုက်အဖြစ် ပြသထားတာပေါ့။ အရင်ရောက်နှင့်သူတွေ ပြောပြတဲ့ နော်ဝေး သမိုင်းအရတော့ ဂျာမန်တွေ လာတိုက်တော့ အင်အားမမျှတာလဲ သိရော ပါလီမာန်ထဲမှာ အမြန်ဆုံးဖြတ်ကြပြီး လက်နက်ချအညံ့ခံလိုက်သတဲ့။ သူတို့က နော်ဝေးလူမျိုးတွေ ထိခိုက်မှာနဲ့ တိုင်းပြည် ပျက်စီးမှာကို လုံးဝမလိုလားတဲ့အတွက် အာဏာလိုချင်သလား လာအုပ်ချုပ်ပါဆိုပြီး ပေးလိုက်တာတဲ့။
အဲဒါ နော်ဝေးလူမျိုးတွေရဲ့ စိတ်ဓါတ်တဲ့။ သူတို့က သူတို့ရဲ့ လူမျိုးတွေ အဓိက လူကိုပဲ ကြည့်တာလေ။ ဒါ့ကြောင့်လဲ လူ့အခွင့်အရေး အရဆုံးတိုင်းပြည်၊ ကမ္ဘာမှာ ကိုယ့်နိုင်ငံသားကိုယ့်ပြည်သူကို အကြည့်ဆုံး တိုင်းပြည်အဖြစ် ခုချိန်ထိရှိနေတာပါ။
သူတို့ဆီက ဆေးသမားတွေကို ကြည့်ရှုစောင့်ရှောက်ပုံလေးကို ပြောပြချင်ပါသေးတယ်။ ကျမတို့ အများစုက ဆေးသမား ဘိန်းသမား အရက်သမားတွေကို လုံးဝ လူလို မဆက်ဆံချင်ဘူးမဟုတ်လား။ မကောင်းမှန်းသိရက်နဲ့ မိုက်တဲ့လူတွေ လုံးဝ အရေးပေးစရာ ဂရုစိုက်စရာ မလိုဘူးလို့ တွေးထား ခဲ့သလို အဲလိုပဲ ဆက်ဆံတတ်ကြတယ် မဟုတ်လား။ ကျမဆိုလဲ အဲလိုပဲ ဆက်ဆံတတ်ခဲ့တာပါ။ အော်စလိုမှာ နေစဉ်မှာတော့ အရက်သမား ဆေးသမားတွေကို သေချာတွေ့ခဲ့ရတယ်။ တခါတလေဆို သူတို့ ဆေးချနေတာကို မြေအောက်ဘူတာကိုဆင်းတဲ့ ဓါတ်လှေကားတွေနားမှာ တွေ့ရတယ်။ မနက်စောစော ရုံးတက်လာတဲ့နေ့တွေဆို မြေအောက်ဘူတာ တချို့နေရာလေးတွေမှာ အိပ်နေဆဲ ဆေးသမားတွေတောင် တွေ့ဖူးတယ်။ သူတို့ကို နော်ဝေးမှာ ဘယ်လို စောင့်ရှောက်သလဲ အရေးမယူဘူးလားလို့ ကျမမေးဖူးတယ်။ ကျမသူငယ်ချင်းက ကျမလိုပဲ ဆေးသမားအရက်သမား မုန်းသူ။ သူကအဲဒီဆေးသမား အရက်သမားတွေကို စောင့်ရှောက်ကူညီတဲ့အဖွဲ့မှာ မေးဖူးတယ်တဲ့။ သူတို့က ဘာပြန်ပြောလဲ ဆိုတော့…. နင်တို့ကိုလဲ ငွေအများကြီးလိုသလောက်ပေးမယ် ဆေးသမားလုပ်မလား လို့ ပြန်မေးတယ်တဲ့။ ဟာ ဒါ ကောင်းမှမကောင်းတာ မလုပ်ဘူး ဆိုတော့ အဲဒါပဲတဲ့ ၊ဒီလူတွေလဲ ဆေးသမားဖြစ်ချင်လွန်းလို့ ဖြစ်တာ ဟုတ်ချင်မှ ဟုတ်မယ်တဲ့။ အကြောင်းကြောင်း တွေကြောင့် ဆေးစွဲသွားခဲ့ကြတယ်။ ဒီတော့ သူတို့ကို ဒီဘ၀မှာ ပစ်ထားလို့မရဘူး။ တတ်နိုင်သလောက် ကူညီရမယ်။ သူတို့ ၀င်ငွေရှိအောင် အလုပ်ပေးရမယ်။ ဒါ့ကြောင့် သူတို့ကို စာအုပ်ရောင်းတဲ့ အလုပ်မျိုးတွေ ရအောင် လုပ်ပေးထားတယ်။ ဒီအခါမှာ သူတို့ကို ပစ်ပယ်ထားတာထက် ကောင်းတဲ့တုန့်ပြန်မှုကို ရမယ်။ သူတို့ လိုအပ်တာ ကူညီတဲ့အတွက် ခိုးဆိုးလုယက်တာ မရှိတော့ဘူး။ စာအုပ်ရောင်းနေတဲ့ ဆေးသမားတွေဆီက စာအုပ်ကို အာပေးရမယ်။ ဒါသူတို့ ၀င်ငွေပဲ။ သူတို့ကို အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် ကူညီတာကမှ သူတို့ဘ၀ကို ကောင်းစေချင်တာလို့ ခေါ်တယ်တဲ့။
အင်း သူတို့ အယူအဆအရတော့လဲ ဟုတ်နေတာပဲ။ ဒါ့ကြောင့်လဲ အဲဒီတိုင်းပြည်မှာ ခိုးဆိုးလုယက်မှုက မရှိသလောက်ပါပဲ။ ဒါတောင် ကျမရှိနေတုန်းက ရုံးက နော်ဝေးမလေးရဲ့ အိမ်မှာ သူခိုးဝင်ခိုးသွားလို့တဲ့။ သူတို့အတွက် သိပ်ထူးဆန်းစရာပဲ။ ဒီလိုခိုးမှုဖြစ်လာတာတွေမှာ သူတို့ ခေါ်ထားတဲ့ ဒုက္ခသည်တွေကြောင့် ဆိုပြီးလဲ ပင်စင်စားတွေက ဒုက္ခသည်လက်ခံတဲ့ မူကို ကန့်ကွတ်ကြောင်း တင်ထားသေးတယ်တဲ့။
သူတို့လက်ခံတာ မြန်မာတွေတင်မကဘူးလေ။ တခြားနိုင်ငံတွေကလဲ ပါသေးတာကိုး။ ကိုးရီးယားတွေ ပါကစ္စတန်တွေနဲ့အတူ လူမည်းတွေလဲ တွေ့ခဲ့ရတယ်။ အားလုံးက ဆံပင်အရောင်မှာ သူတို့တွေလို ရွှေဝါမဟုတ်တဲ့ အမည်းရောင်ဆိုတော့ ခြုံပြီးခေါင်းမည်းတွေလို့ ခေါ်ကြတယ်။တချို့နော်ဝေးတွေက အဲလိုအမှုအခင်းတွေဖြစ်လာတာ ခေါင်းမည်းတွေကြောင့်ဆိုပြီး ခေါင်းမည်းတွေကို စက်ဆုပ်ကြတယ်။ ကျမတို့ မြန်မာတွေကလဲ ခေါင်းမည်းနေတော့ တခါတလေ အဲလိုဆက်ဆံခံရတယ်တဲ့။
ကျမတွေ့ခဲ့တာလဲ အဲဒီအတိုင်းပဲ။ အမူးသမားတွေက မူးလွန်းလို့ အိမ်မပြန်နိုင်တော့ရင် ဖုန်းဆက်ပြီးရဲစခန်းကို ဘယ်နေရမှာ မူးလဲနေပါတယ်ပြောယုံပဲ။ ရဲကားရောက်လာပြီး ခေါ်သွားပြီး အိမ်ပြောနိုင်ရင် အိမ်တိုင်ယာရောက် မပြောနိုင်ရင်လဲ ထိန်းသိမ်းစောင့်ရှောက်တဲ့ နေရာတွေကိုခေါ်သွားထာတယ်တဲ့။ သူတို့ဆီမှာကလဲ အရမ်းအေးတော့ အပြင်မှာ နေရင်သေမယ်လေ။ ဒီတော့ရဲကားတွေကလဲ ညဖက်တွေဆို မြို့တွေပတ်ပြီး နေရတာပဲ။ လူတွေက မီးပွိုင့်တွေမှာပဲ မီးနီမီးစိမ်းစောင့်စရာလိုပြီး တခြားလမ်းတွေပေါ်က လူကူးမျဉ်းကျားမှာ ဖြတ်ရင်တော့ ဘယ်အချိန်ဖြတ်ဖြတ် လမ်းပေါ်ခြေချတာနဲ့ ကားတွေက ရပ်ပြီးသားပဲ။ လမ်းလျှောက်တဲ့ လူကို ဦးစားပေးရတော့ ကားတွေလမ်းပေါ်မှာ မောင်းနေလဲ အမြန်ကြီးမောင်းတာ မတွေ့ခဲ့ရဘူး။ တိတ်ဆိတ်ပြီအေးချမ်းလွန်းနေတဲ့ အော်စလိုဆိုတဲ့မြို့တော်ပါပဲ။ နယ်မြို့တွေလဲ မထူးပါဘူး ဒီအတိုင်းပဲ။ အေးချမ်းငြိမ်သက်လို့လေ။
ဒါ့ကြောင့်လဲ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ချီးမြှင့်တာလား။ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုချီးမြှင့်တဲ့ တိုင်းပြည်မို့လို ဒီလို အေးချမ်းနေတာလား အတွေးပွားစရာပါ။ ကျမတွေ့ခဲ့တဲ့ နော်ဝေးလူမျိုးတွေကတော့ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်တဲ့ နိုင်ငံသား ဖြစ်တာကိုတော့ အတော်ဂုဏ်ယူနေတာ တွေ့ခဲ့ရပါတယ်။
(ဆက်ရန်ရေးဦးမယ်။)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်