အခန်း(၁၁)
ဒီလိုနဲ့ ထောင်ထဲမှာ ၁၉၉၁ ခုနှစ်မုန်တိုင်းစစ်ဆင်ရေးနဲ့ ကရင်လူမျိုးတွေ အများကြီး ၀င်လာကြတယ်။ တကယ့်ကို အသက်ကြီးကြီး ကရင်အဖွားကြီးတွေရော။ အသက်သိပ်မကြီးသေးတဲ့ ပညာတတ်ကရင်အမျိုးသမီးတွေရော ကျမအရင်နေခဲ့တဲ့ သီးသန့်အချုပ်တိုက်တန်း ၅ ခန်းတွဲကို ရောက်လာကြတယ်။ အ၀တ်တထည် ကိုယ်တခု ဆိုတာ သူတို့မှအစစ်၊ ဘာဆိုဘာမှ မပါပဲ ရောက်လာကြတာပဲ။ အရမ်းအေးနေတဲ့ အချိန်ဖြစ်တာကြောင့် သူတို့အတွက် စောင်မရှိအနွေးထည်မရှိ ။စစ်ကြောရေးကို ဘယ်လိုဖြတ်လာလဲ ထောင်ထဲဘယ်လိုဖြတ်သန်းမလဲ စဉ်းစားစရာရင်း စိတ်မကောင်းလဲ ဖြစ်ရတယ်။
သူတို့ဝင်ပြီးတဲ့အပတ်ကစပြီး ထောင်ဝင်စာ ၂ ပတ်တခါထွက်တိုင်း အပြင်က ရှေ့ကလူတွေ တွေ့နေလို့ ကိုယ့်အလှည့်မရောက်သေးရင် စောင့်ရတဲ့ စက်ချုပ်ဘုတ်ထားတဲ့အခန်းလေးမှာ ခေါင်းတွေ တွေ့တွေ့ နေရတယ်။ အစက ဘာကြောင့်လဲ မစဉ်းစားမိဘူး။ ထောင်ထဲကများ ခေါင်းစပ်ပြီး ရောင်းသလားပေါ့။ နောက် အငြိမ်မနေနိုင်တဲ့ ပါးစပ်က စပ်စုတော့ အဲဒါ ထောင်ထဲက သေတဲ့လူတွေအတွက်တဲ့။ ဟင်.. ကနဲပဲ အသံက ထွက်နိုင်တော့တယ်။ အသက်ကြီးလွန်းတဲ့ ကရင်လူမျိုး အဖိုးကြီးတွေ ကိုမျက်စိထဲ ပြေးမြင်ယောင်မိတယ်။
အုတ်ရိုးတွေပတ်ချာလည်ကာရံထားပြီး အုတ်တိုက်ခန်းလေးတွေက ပူတဲ့အခါ အရမ်းပူပြီး အေးတဲ့ရာသီမှာတော့ အရိုးစိမ့်အောင် အေးပါတယ်။ စောင်မပါ အနွေးထည်မပါနဲ့ အဖမ်းဆီးခံလာရတဲ့ ကရင်အဖိုးကြီးတွေ ဒီလိုရာသီမှာ ကျော်ဖြတ်နိုင်ဖို့ လွယ်ပါ့မလား။ ကြားရတဲ့ သတင်းတချို့မှာ မနက်စောစော တန်းစီနေရင်း အသက်ပျောက်နေတာကို တွေ့ရတာလဲ ရှိသတဲ့။ ဘုရားရေ….သူတို့အများစုဟာ အရင်က ကေအန်ယူဟောင်းပဲ ဖြစ်ဖြစ် ။လက်ရှိ ကေအန်ယူပဲ ဖြစ်ဖြစ် ။ ခုလိုမျိုး ပစ်စလက်ခတ်မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ ကျမတို့ မိန်းမထောင်ကို ရောက်လာတဲ့ ကရင်အဖွားကြီးတွေဆို တော်တော့်ကို အသက်ကြီးနေပါပြီ။ တချို့ဆို တမိသားစုလုံးဖမ်းခံရတဲ့အတွက် ကလေးတွေ ဒီတိုင်းကျန်ရစ်ခဲ့တာတွေ ရှိသလို တချို့တွေကတော့ ရွာကို အကြမ်းပတမ်းဝင်ရောက်စီးနင်းပြီး ဖမ်းတာမို့ သား တွေ ယောက်ျားတွေ သေကြေခဲ့တာတောင် ရှိပါတယ်။ သူတို့ဟာ အသက်ကြီးနေကြပြီး တချို့ဆို ကရင်လူမျိုးဆိုတာလေး တခုတည်းနဲ့ ဘာအချက်အလက်မှာ သေချာမရှိပဲနဲ့ အဖမ်းခံလိုက်ရတာပါ။ ရွာလုံးကျွတ် ယောက်ျား အားလုံး အဖမ်းခံရတဲ့ရွာတောင် ရှိပါတယ်။
မိန်းမထောင်ထဲကို ရောက်လာတဲ့ အထဲက အသက်ကြီးကြီး အဖွားကြီးတွေ ပြန်လွတ်သွားပြီး အသက် ခပ်ရွယ်ရွယ် ကရင်အမျိုးသမီး ၂ ယောက်ကတော့ ထောင် ၁၀ နှစ်ဆီ ကျခဲ့ပါတယ်။ သူတို့ ၂ယောက်ကို နန်းနန်းကြီး၊ နန်းနန်းလေး လို့ ကျမတို့က ခေါ်ပါတယ်။ နန်းနန်းကြီးက အရင် ကေအန်ယူ ရဲမေဟောင်းပါ။ သူကတော့ ကေအန်ယူရဲ့ ၉၀ လှုပ်ရှားမှုမှာ ပါဝင်တယ် မပါဝင်ဘူး ကျမတို့ကိုလုံးဝမပြောပဲ အင်မတန် စကားနည်းတဲ့ အမဖြစ်ပါတယ်။ အကျီ င်္ချုပ် ကျွမ်းကျင်တာမို့ ထောင်ထဲမှာ ၀ါဒါမတွေရဲ့ ကလေးတွေအတွက် ဘောင်းဘီအကျီ င်္လေးတွေကို လက်ချုပ်နဲ့ ချုပ်ပေးပါတယ်။ သူ့ဆီကို ထောင်ဝင်စာ လာတွေ့တဲ့လူမရှိတဲ့အတွက် အဲဒီလို အလုပ် လုပ်ပြီး သူစားဖို့ ရှာရပါတယ်။
နောက် ၆ နှစ်ကျော်အကြာ ကျမ ဒုတိယတခေါက်ဝင်သွားတော့ သူက အပ်ချုပ်စက်ဘုတ်ကိုင် ဖြစ်နေပါပြီ။ ကျမကို ၀မ်းပန်းတသာ ကြိုဆိုလို့၊ ပြီးတော့ အပြင်က သတင်းတွေ မေး၊ ကျမ အိမ်ထောင်ကျတဲ့အကြောင်းတွေ မေးပေါ့။ ပိန်နေတာကတော့ ၀င်လာတဲ့အတိုင်းပါပဲ။ သူ့နာမည်အရင်းကတော့ နန်းကြည်ကြည်လို့ ထင်ပါတယ်။
နောက်နန်းနန်းလေးလို့ ခေါ်တဲ့တယောက်ကတော့ သူ့မောင်တွေလဲ အသတ်ခံရ၊ သူ့အဖေလဲ အသတ်ခံရပြီး သူ့ယောက်ျားဖြစ်တဲ့ သင်းအုပ်ဆရာပါ ထောင်ကျတာပါ။ သူတို့လင်မယားအတွင်းထောင်ဝင်စာ တွေ့ခွင့်ရပါတယ်။ သူပြောပြတာက မုန်တိုင်းစစ်ဆင်ရေးနဲ့ တရွာလုံးကို ၀င်ရှာတော့ သူ့ယောက်ျားကို အသိတယောက်က အပ်သွားတဲ့ ကက်ဆက်ခွေကို ဖမ်းမိပြီး ခုလို သူတို့ မိသားစု အားလုံး ထောင်ကျတာလို့ ပြောပါတယ်။ သူ့ကလေးတွေကို ဘယ်သူကြည့်ကျန်ခဲ့လဲ ဆိုတာကိုတောင် သူသေချာ မပြောနိုင်တော့ပါဘူး။ သူ့အဖေက မန်းနဲ့စတဲ့ နာမည်တခု ဖြစ်ပြီး အောင်တလုံး ပါတယ် ဆိုတာတော့ ကျမမှတ်မိပါတယ်။ ဒီဘက်ကို ကျမရောက်ခါစကတောင် အဲဒီနာမည်ကို မှတ်မိပါသေးတယ်။ အတီးဖဒိုမန်းရှာကို မေးတော့ သူသိတယ် လို့ ပြောပါတယ်။ နန်းနန်းလေး ယောက်ျား သင်းအုပ်ဆရာက အဖမ်းမခံရခင်က ဘာသာရေးအရဖိလစ်ပိုင်ကို ခရီးထွက်ဖို့ ပြင်ဆင်နေချိန်တဲ့။ သူ့မောင်လေးလဲ အသတ်ခံရတာပါပဲ။ ဖမ်းမိတော့ ခေါင်းကို အုတ်ခဲနဲ့ ထုသတ်ပစ်တာပဲတဲ့။ သူ့အဖေလဲ ကေအန်ယူဟောင်းပါပဲ။ သူ့အဖေလဲသေတယ်။ ဘယ်လိုသေလဲ ဆိုတာ သူပြောပြခဲ့ဖူးတယ်။ ခုတော့နည်းနည်းမေ့နေပြီ။ သေနတ်နဲ့ ပစ်သတ်တာပဲ လားမသိဘူး။ သူပြောပြတဲ့ထဲမှာ ရဟတ်ယာဉ်ပါ သုံးတယ်တဲ့။ အဲဒီရွာတွေကို ရဟတ်ယာဉ်သုံးပြီးဝင်ရောက်ချေမှုန်းခဲ့တယ်လို့ စာစီရမယ်။ သူလဲ ထောင်ဝင်စာ လာသူ မရှိပါဘူး။ နန်းနန်းလေး နာမည်အရင်းက နန်းခင်ခင်လှ တဲ့။
ခုချိန်မှာတော့ သူတို့ လွတ်နေပြီး သာမန်ဘ၀မှာပဲ ရပ်တည်နေမလား။ တော်လှန်ရေးပဲ ပြန်လုပ်ဦးမလား မသိပါဘူး။ ဒါပေမယ့် သူတို့တွေဟာ လူမသိသူမသိ ဘ၀တွေကို စတေးနေရတဲ့ လူတွေထဲမှာ ပါပါတယ်။ နာမည်မကြီးပဲ ခုလို အကျဉ်းထောင်ထဲမှာ နှစ်ဆယ်ချီကျနေသူတွေကို ၈၈ ပြီးတော့ ထောင်ကျတဲ့အခါကျမှ ကျမတို့လို မျိုးဆက်သစ်တွေက မြင်ဖူး ကြားဖူးခဲ့ရတာပါ။ သူတို့ကိုမြင်ရ ကြားရ သိရတဲ့အခါမှာ ကျမရင်ထဲ တော်တော်မကောင်းပဲ ၀မ်းနည်းမိပါတယ်။ စိတ်မကောင်းဘူး ဆိုတာထက် ဆို့ဆို့နင့်နင့်ခံစားရတယ်။
ဒုတိယအကြိမ်မှာ ၂ ယောက်လုံးနဲ့ ဆုံခဲ့ရပြီး ကျမပြန်လွတ်တော့ သူတို့ကို နှုတ်မဆက်ဖြစ်ခဲ့ဘူး။ ထောက်လှမ်းရေးမှာ အစစ်ခံဖို့ ခေါ်ထုတ်ရင်းက ပြန်လွတ်ခဲ့တာမို့ ကျန်ခဲ့တဲ့ ပစ္စည်းတွေကို ယူလိုက်ပါလို့ပဲ သတင်းပို့ပေးနိုင်ခဲ့တယ်။ သူတို့လိုတာလေးတွေ ၀ယ်နိုင်အောင် သူတို့ကို ပေးဖို့ အိမ်ကနေ ၂ ရာတန်လေးတွေ တောင်းထားတာကိုတောင် ပို့မပေးနိုင်တော့ပါဘူး။ ဒါပေမယ့် ကျမဘ၀မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ အမ ၂ယောက်ပါပဲ။ ပထမတခါ သူတို့ဝင်လာတုန်းက ကျမတို့က ကြိုဆိုသူတွေဖြစ်ခဲ့ပြီး ဒုတိယအကြိမ် ကျမ၀င်သွားတော့ သူတို့က တဖန်ကြိုဆိုသူအဖြစ် တာဝန်ကျေပြလိုက်တာကိုလဲ ခုချိန်ထိ သတိရမြင်ယောင်နေဆဲပါ။
(ဆက်ရန်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်