ရေးလက်စပြတ်သွားတော့ ရေးရမှာ ပျင်း။ ရေးရမှာ ပျင်းတော့ ခေါင်းထဲက ရေးချင်တဲ့အကြောင်းလေးတွေ ပေါ်လာတာတောင် ကီးဘုတ်ကို မနှိပ်ချင် ဖြစ်ရတာမို့ ခေါင်းနဲ့ မော်နီတာ ကြိုးနဲ့ ဆက်ထားပြီး တွေးသမျှ စာလုံးပေါ်နိုင်အောင်လုပ်တဲ့ စက်ကလေးများ တီထွင်ကြရင်ကောင်းမယ်လို့ စဉ်းစားမိသေးတယ်။
ငယ်ငယ်တုန်းက ဖတ်တဲ့ကာတွန်းထဲက ဖိုးဆိတ်ဖြူသာ ရှိသေးရင် သိပ်ကောင်းမယ်။ တီထွင်ပါရဂူ ဖိုးဆိတ်ဖြူဆိုရင်တော့ ပူဆာတာ အကုန်လုပ်ပေးနိုင်မှာပဲနော်။
ဘလော့မဖတ်မလည် မရေး လုပ်နေရင်း ညီမသက်ဝေက အမကိုလဲ တဂ် တဲ့အထဲပါတယ် ပြောလာတယ်။ ဘာအကြောင်းတဂ်ထားသလဲ မေးတော့ ကိုယ်အကြိုက် လုံချည်(ထဘီ) လေးအကြောင်းတဲ့။ ဗုဒ္ဓေါလို့ တမိပါတယ်။ ဘာလို့ဆို ဒီမှာ နေတာ ဘောင်းဘီချည်းဝတ်ဖြစ်တာ များတယ် ဆိုတော့ ဘယ်လိုရေးရပါ့မလဲ ခက်လိုက်တာ လို့ ညည်းမိတယ်။ ပြီးတော့ ပြန်စဉ်းစားရင် အိမ်မှာတော့ လုံချည်ဝတ်ဖြစ်ပေမယ့် အပြင်သွားရင် ဘောင်းဘီပဲ ၀တ်ဖြစ်နေတာမို့ ဘာအကြိုက်ဆုံးလဲတောင် စဉ်းစားမရဖြစ်နေတယ်။
သေချာပြန်စဉ်းစားရင်တော့ ငယ်ငယ်က လုံချည်(ထဘီ)၀တ်ချင်လွန်းလို့ မေမေတို့ ဈေးဝယ်ထွက်တဲ့ ကျောင်းပိတ်ရက်မျိုးမှာ သူတို့ လုံချည်တွေ ယူပြီးဝတ်ရင်း ရေသီနားခတ်တမ်းဆော့ခဲ့တာကို သတိရတယ်။ တကယ်လုံချည်(ထဘီ)၀တ်ဖြစ်တာက ၉ တန်းမှပါ။ ကျမတို့ကျောင်းက ၈တန်းထိ စကဒ်ဝတ်ခွင့်ပေးပါတယ်။ ၉ တန်းရောက်ရင်တော့ မဖြစ်မနေ ထဘီဝတ်ရမယ်ဆိုတော့ ထဘီမမြဲတဲ့ ကျမအဖို့ ခါးပတ်ပတ်ဝတ်ခဲ့ရပါတယ်။ ခါးတိုအကျီ င်္နဲ့ ထဘီခါးပတ် ပတ်ဝတ်ခဲ့ရတဲ့ ငယ်ဘ၀မှာတော့ တော်တော်ခါးသက်ဖွယ်ရာပါပဲ။ နောက် ထဘီဝတ်ကျင့်ဖြစ်တယ်။ သူများတွေလို ဒီတိုင်းဝတ်ချင်လွန်းလို့ ကျောင်းပိတ်ရက်မှာ အိမ်နေရင်း စကဒ်မ၀တ်ပဲ ထဘီဝတ်နေတယ်။ လူရှေ့သူရှေ့ဆို ထဘီပြင်ဝတ်တတ်လွန်းလို့ ခဏခဏ အဆူခံခဲ့ရတဲ့ ငယ်ဘ၀ပါပဲ။
ဒါပေမယ့် အဲဒီတုန်းက ကျင့်ခဲ့တဲ့ အကျိုးကြောင့် နောက်ပိုင်းမှာ ကျမ ထဘီတခါဝတ်ထားရင် အကြာကြီးခံတယ်။ ပြန်ပြင်မ၀တ်ရတော့ဘူး။ ဒေါက်ထည့်ဝတ်တတ်တာကလဲ ကောလိပ်တတ်တော့မှပါ။ ဒေါက်လေးဒေါက် တဒေါက်ချင်းထည့်တဲ့ ပတ်လည်ဒေါက်ကို ချည်သားထည်တွေမှာ ထည့်ဖြစ်ပြီး ပွဲနေပွဲထိုင်အ၀တ်တွေမှာတော့ ၂ ဒေါက်ပြိုင် လေးဒေါက် ထည့်ပြီး ပုံကျပန်းကျဝတ်တတ်လာတယ်။
ကျမက ပတ်ထဘီတွေ လုံချည်စကဒ်တွေကို မကြိုက်ဘူး။ ကိုယ့်စိတ်ကြိုက် ချပ်ချပ်ရပ်ရပ်ပြင်ဝတ်လို့ရတဲ့ ကွင်းလိုက်လုံချည်ထဘီလေးတွေပဲ ကြိုက်ခဲ့တယ်။
ကိုယ်ဝတ်တတ်စားတတ်တဲ့ အရွယ်ရောက်တော့ တရုပ်ချည်ထည်တွေ ခေတ်စားလာတာကလဲ ကျေးဇူးးတင်စရာပဲ။ တရုပ်ချည်ထည်က အဆင်ဆန်းဆန်းလေးတွေကို ကြိုက်တတ်သလို အပွင့်နုတ်နုတ်လေးတွေကိုလဲ ကြိုက်နှစ်သက်ခဲ့တယ်။ အဲဒီတုန်းကတော့ ၀မ်းဆက်တွေ ချုပ်ဝတ်ဖြစ်ခဲ့တယ်။ အဖြူခံပေါ်မှာ ပန်းရောင် အ၀ါရောင် အစိမ်းရောင်နဲ့ ငယ်ကကြည့်ဖူးတဲ့ ဖန်စင်္ကြာထဲက ပန်းပွင့်ပုံလေးတွေ ဖော်ထားတဲ့ တရုပ်ပိတ်ဝမ်းဆက်ကလေးဟာ ကျမရဲ့ အစွဲလမ်းဆုံး ၀တ်စုံလေး ဖြစ်ခဲ့ဘူးတယ်။
အလုံးတွေပေါ်တဲ့အချိန်မှာတော့ အလုံးအကြီးကနေ အသေးဆုံးထိ အရောင်စုံ အလုံး ဆိုဒ်စုံ ၀ယ်ဝတ်ခဲ့တယ်။ အဖြူလုံးတွေချည်းပဲမို့ အပေါ်က အကျီ င်္ကို အဖြူနဲ့ပဲ တွဲဝတ်တတ်လွန်းလို့ ကျမရဲ့ အဆောင်သေတ္တာထဲမှာ ရှိသမျှအကျီ င်္ အဖြူရောင်တွေချည်းပါပဲ။ မီးခိုးရောင်ဖျော့ဖျော့ပေါ်မှာ ဖန်ခွက်အ၀ိုင်းလောက်ရှိတဲ့ အဖြူလုံးထဘီလေးတထည်ဟာလဲ ကျမရဲ့ ဖေးဘရိတ်ဖြစ်ခဲ့ဘူးတယ်။
အဲဒီခေတ်ပြီးတော့ ဒါးကြီးပါတိတ်ခေတ်၊ ဘူးပါတိတ်ခေတ်တွေရောက်လာတော့ ကျမက နိုင်ငံရေးလှုပ်ရှားမှုတွေထဲ ပါနေပြီဖြစ်တော့ အ၀တ်အစားမှာ ယောလုံချည်အညို၊ အနက် ၊ အစိမ်းရင့်တွေ ချည်း ၀တ်ဖြစ်ပြန်ပါရော။ ၂ နံစပ် အညိုယောလုံချည်မှာ ရောင်စုံ စင်္ကြာပုံလေးတွေ ပါတဲ့ ထဘီလေးတထည်ကို ကျမဖြင့် ဘယ်လိုမှ မေ့မရနိုင်တာ ဒီနေ့ထိပဲ။
ထိုင်းရောက်တော့ ပတ်ထဘီလေးတွေ ၀တ်ဖြစ်ခဲ့ပေမယ့် လုံချည်ကွင်းလိုက် ၀တ်ရတာလောက် မနှစ်သက်ခဲ့ဘူး။ ဒါပေမယ့်လဲ ချည်ထည်ကိုသာ ကြိုက်နှစ်သက်တဲ့ စိတ်အခံကြောင့်ရယ် ပတ်ထဘီပေါ်က လက်နဲ့ရေးတဲ့ ပန်းပွင့်လေးတွေကို နှစ်သက်မှုရယ်ကြောင့် ၀ယ်ထားတဲ့ ပတ်ထဘီအနက်ရောင်လေးတထည်ကိုတော့ ဒီနေ့ထိ ကြိုက်မိတုန်းပါပဲ။
ကိုယ်ကြိုက်မိတဲ့ ပတ်ထဘီလေး ၀တ်ထားတယ်။
ထောင်က ထွက်မယ့်နေ့ဝတ်ခဲ့ဘူးတဲ့ အစိမ်းရင့်ပေါ်မှာ အဖြူ ၂ ဆင့်ချိတ် အချွန်လေး၊ ဘွဲ့ယူတုန်းက ၀တ်တဲ့ အဖြူပေါ် အောက်နားရောင်စုံအချွန်းနဲ့ ဟေမာနေ၀င်းချိတ်ဆင်လေး ။မင်္ဂလာဆောင်တုန်းက ၀တ်ခဲ့တဲ့ ကျောက်ပွင့်ကပ် ပုဇွန်ဆီရောင် ဇာဝတ်စုံလေး။
ကိုယ့်အကြိုက်တွေကလဲ များလွန်းလှပါတယ် ပေါက်ရေ… ဒီလောက်ရေးဖြစ်တာပဲ ကျေနပ်ပါတော့နော်။
စာပြန်ရေးဖြစ်အောင် သတိတရ တဂ်ပေးတဲ့ ညီမပေါက်ကို အထူးကျေးဇူးတင်ပါတယ်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
9 comments:
ကျွန်မကတော့ ထမိန် အကွင်းဆိုရင် အခုထိ ပြင်ဝတ်ရတုန်းပဲ။ ကြိုးပါတဲ့ ပတ်တမိန် ဒါမှမဟုတ် ကြိုးတ၀က် ကွင်းတ၀က် ထမိန်ဆိုရင်တော့ ပြင်ဝတ်စရာမလိုပေမဲ့ လမ်းလျှောက်ရင် ထမိန်စ ဆွဲရသေးတော့ သက်တောင့်သက်သာမရှိလို့ အပြင်သွား အပြင်လာ မ၀တ်ဖြစ်ဘူး။
ပို့စ်လေးဖတ်ပြီး အန်တီ့အကြိုက် ထမိန်လေးတွေက ချစ်စရာလေးတွေချည်းပဲ။ သမီးကတော့ အခုထိ ထမိန်အရမ်းကြိုက်တယ် တွေ့တိုင်းလည်း အမြဲဝယ်တယ်။ ကျောင်းသွားတိုင်းလည်း ၀တ်တယ်။ အန်တီ့ဆီလာလည်တုန်းက အတူတူသွား ချုပ်သွားတဲ့ မြန်မာအကျီလေးတွေ မြန်မာလုံချည်လေးတွေနဲ့ ဒေါင်းရုပ် အစိမ်းရောင်လေးမှန်ဇာလေး ကို ကြိုရင်ခုန်နေတယ် ဟိဟိ
ထမိန်ရင်ခုန် ရေးလို့ မကုန်
နှစ်ထောင့်ကိုးကို နှုတ်ဆက်
နှစ်ထောင့်တစ်ဆယ်ကို ထမိန်နဲ့ ထွက်..။
မင်္ဂလာနံနက်ခင်းပါ မန်ဒါလီ
အဲလေ ခင်မင်းဇော်ရေ..။
ဒီတခါထပ်ပြီး ဖွဲ့ စည်းပုံကို အစည်းအဝေလုပ်ကြရင်
မကောင်းဘူးလား။
အမ..ချင်းမိုင် ပတ်ကွင်း ကျမ ကြိုက်တယ်နော်..
အကျယ်ကြီး အော်ပြောထားတယ်..
အမ မကြိုက်တဲ့ ဟာတွေ ရှိရင် လက်ဆောင်ပေးဖို့ သိမ်းထားး)
အမဆီမှာ ပိုစ့်အသစ် မတွေ့တာ ကြာလှပေါ့...း))
အခုမှပဲ တွေ့ရတော့တယ်...
အမတို့ပြောနေကြတဲ့ ပတ်ထဘီဆိုတာ မဝတ်ဖူးဘူး...
အမဝတ်ထားတာ တွေ့ရတာ ချစ်စရာလေး...
လှတယ်... နောက်မှ အဲဒီကို လာလည်ဖြစ်မှ ဝယ်ဝတ်ကြည့်အုံးမယ်...း))
ဘလော့တခုနဲ့တခု ထမိန်ကွင်းတွေနဲ့ဆက်နေကြပါရော၊ ကိုယ့်အကြိုက်ဆိုလို့ မောင့်အကြိုက် အကျီ င်္လည်း ရှိခဲ့ဖူးတယ်နော် :))
မအယ်
အဟီးး
အစ်မရေ..
အစ်မဖက်မရောက်တာကြာလို့..အခုသတိရလို့လာလည်မှတွေ့တော့တယ်..
၅ရက်နေ့လောက်ကတည်းကအိမ်ပြောင်းတာဆိုတော့..
မတွေ့မိဘူး..
ရေးပေးတဲ့အတွက်ကျေးဇူး..
ကျနော်လဲစုံဒေါက်ပဲကြိုက်တယ်..
ပတ်လည်ဒေါက်မကြိုက်ဘူး..
ပတ်ထမီလည်းမကြိုက်ဘူး...
ချည်ထည်ကြိုက်တာများတယ်..
ပေါက်
အာဟား .. တီထွင်ပါရဂူ ဖိုးဆိတ်ဖြူကို တမ်းတသူဆိုရင်တော့ ကိုယ်တွေလို အဖိုးကြီး အဖွားကြီး အတန်းထဲကပဲ ဖြစ်ရမယ်။ ကဲ ကဲ .. ဦးစိတ်တို ပြန်ပြီဗျို့။
ကျတော်လဲ ထမိန်ဝတ်ပါတယ်။ထဘီပြောင်လေးတွေပါ။အလုပ်မှာကျ မိန်းကလေးလိူဝတ်မရလို့ ထဘီပြောင်ကို ပုဆိုးလိုလူပ်ဝတ်ရပါတယ်
Post a Comment