Sunday, December 19, 2010

သူငယ်ချင်းရေ...မစောလွန်းဘူးလားးးးးး

ပါပုရေ..
နင်ထွက်သွားတာ စောလိုက်တာ။ တို့ဧရာဝတီတိုင်း ဗကသ မှာ ပထမဆုံးအဖမ်းခံခဲ့ရတဲ့အုပ်စုထဲက တယောက်၊ နင်တို့တင်းခံနိုင်လို့ နောက်လူတွေ ထပ်အဖမ်းမခံရတဲ့အပြင် တချို့အချုပ်နဲ့ ပြန်လွတ်ခဲ့ရတာ မမေ့ဘူး။ ၁၉၈၉ ခုနှစ် အာဇာနည်နေ့မှာ လူထုနဲ့ တူတူ အာဇာနည်ကုန်းကို သွားမယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်ပွဲခေါ်သံကြောင့် နယ်မြို့တွေကတို့ လူငယ်တွေ တက်ကြွလှုပ်ရှား ပြင်ဆင်ခဲ့ကြရတဲ့နေ့တွေကို သတိရတယ်။ နောက်နေ့မနက်စောစော အန်တီက ရုပ်သိမ်းလိုက်တယ်ဆိုတဲ့ စကားက နယ်မြို့လေးကို အဲဒီတုန်းက အချိန်မှီမရောက်ခဲ့ပါဘူး။ တက်ကြွတဲ့ လူငယ်လေးတွေက အာဇာနည်ကျောက်တိုင်ရှေ့မှာ ဗကသ ပန်းခွေကို အရောက်ပို့ခဲ့ကြတယ်။ အဲဒီအတွက် အဖမ်းခံရတဲ့လူငယ်တွေ နည်းမှမနည်းပဲ။ အယောက် ၂၀ကျော်တယ်။ ဗကသရော လူ့ဘောင်ရော ဒီချုပ်လူငယ်တွေရော အကုန်ဖမ်းလိုက်တာ။
စစ်ကြောရေးမှာ.. ကိုယ့်ရဲဘော်တွေ အတွက် ရပ်တည်ခေါင်းခံပေးခဲ့တဲ့ နင်တို့တွေရဲ့ သတ္တိကို လေးစားခဲ့ရတာ။
အာခံမှုကို အားကျခဲ့ရတာ။
...........
ခုတော့ ကျော်ကျော်ဝင်းမရှိတော့ဘူး။
ကျောင်းဆရာ မရှိတော့ဘူး။
ဂတီးမရှိတော့ဘူး။
ပါပုမရှိတော့ဘူး။
တို့တွေ အဲဒီအချိန် စစ်အစိုးရကို အံတုတုန်းက ခုခေတ်နဲ့ မတူသလိုပဲနော်။ အဖမ်းခံရလဲ မီဒီယာတွေက မသိခဲ့။ စာစောင် ထုတ်လဲ ဘယ်ဒိုနာမှ မရှိပေါင်။ ကိုယ့်မုန့်ဖိုးတွေ စုပြီး ဖယောင်းလက်ရေးဖောက် မီးချောင်းအပျက်နဲ့ လှိမ့်ထုတ်ခဲ့ကြရတာပဲ။
ပါပုရေ…
ဂတီးရေ…
ကျောင်းဆရာရေ…
ကျော်ကျော်ဝင်းရေ….
မစွန့်ပဲစားနေသူတွေကို မြင်ရင် နင်တို့ကို သတိရတယ်။
လေကြီးလေကျယ် တိုက်ပွဲဆင်နေရင် နင်တို့ကို သတိရတယ်။
ပုသိမ်ရဲ့ ဒီမိုကရေစီလှုပ်ရှားမှု သမိုင်းမှာ နင်တို့ကို ဖယ်လို့မရဘူးဆိုတာတွေ သတိရတယ်။
နင်ထောင်ထဲမှာ ရှိနေတုန်း နင့်အမေဆုံးတော့ ထောင်ထဲကရေးတဲ့ ကဗျာလေးတပုဒ် အပြင်ထွက်လာတာလဲ သတိရတယ်။
အဲဒီ အိမ်သာသုံးစက္ကူပေါ်က ကဗျာလေးက ဒီမိုကရက်တစ်မြန်မာ့အသံရဲ့ အသံလှိုင်းက နင့်နာမည်ရင်းနဲ့ ရွတ်ဆိုသွားခဲ့တာလဲ သတိရတယ်။
အညွန့်တလူလူနဲ့နင်တို့ အနာဂတ်တွေကို ရိုက်ချိုးခံခဲ့ရတာတွေကို သတိရတယ်။
ထောက်လှမ်းရေးရဲ့ ကြိမ်းဝါးသံတွေ ၊ နှောက်ယှက်မှုတွေက ထောင်ပြင်ရောက်နေတဲ့ ဘ၀တွေထိ ထိခိုက်ခဲ့တာတွေ သတိရတယ်။
ဒါတွေကို နင်တို့က ဘာလို့ မတွန်းလှန်နိုင်ခဲ့သလဲ ဆိုတာလဲ ငါဒေါသထွက်ရတဲ့အကြောင်းတခုပဲ။ ဒါလဲ သတိရတယ်။
ကိုယ့်ကိုယ်ကိုယ်မီးလောင်တိုက်သွင်းနေတာလို့ ငါခဏခဏပြောနေရတာလဲ နင်တို့ အပြုံးမပျက်။ဒါလဲ သတိရတယ်။
ငါဒုတိယအကြိမ်ထောင်ထဲ ၀င်တော့ ကလေးလေးကို စိတ်ချ ကျနော်တို့ စောင့်ရှောက်မယ်ဆိုတာတွေ သတိရတယ်။
ခုတော့ တယောက်ပြီးတယောက် အချိန်မတိုင်ခင် ထွက်သွားနှင့်ကြရပြီ။
နင်တို့တွေ ကောင်းရာသုဂတိရောက်ပါစေ။
ငါတို့နောက်လူတွေလဲ တလှမ်းချင်း လိုက်လာနေရတာပဲ ပါပုရယ်…။
(၁၇ ရက်နေ့ ဒီဇင်ဘာ ၂၀၁၀ ခုနှစ်က ကွယ်လွန်သွားတဲ့ ပါပုအတွက်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Tuesday, December 14, 2010

ချစ်သော ဒီဇင်ဘာ



ဒီလို အေးချမ်းတဲ့ ဒီဇင်ဘာလတွေကို
ငယ်ငယ်တုန်းကတော့ ကျောင်းပေါင်းစုံလမ်းလျှောက်ထွက်တဲ့အခါမှာ ပျော်ရွှင်ခဲ့ဖူးတယ်။
တမြို့လုံးပတ်ပြီး ကာယလေ့ကျင့်ခန်းသရုပ်ပြ ခဲ့ရတုန်းကလဲ ပျော်ရွှင်ခဲ့ဖူးတယ်။
အသက် ၁၆နှစ်ကျော်ခါစ...
ဆယ်တန်းအောင်ပြီး ပုသိမ်ကောလိပ်တက်တော့ ကားနဲ့ မသွားပဲ မနက်စောစော ကန်သုံးဆင့်လမ်းကို စက်ဘီးစီးရတာလဲ ပျော်ရွှင်ခဲ့ဖူးတယ်။
မြူတွေဆိုင်းနေတဲ့ နှစ်တနှစ်မှာတုန်းက စက်ဘီးစီးရင်း ရှေ့ တလံလောက်ကို မမြင်ရတော့တာ။ စက်ဘီးတူတူစီးဘက်တွေနဲ့ တယောက်မျက်နှာ တယောက်ကြည့်ကြရင်း မျက်တော်တွေပေါ်က နှင်းတွေကို သဘောတကျ ရယ်မောခဲ့ရတာ ဘယ်လိုမှမမေ့နိုင်တဲ့ ပျော်ရွှင်မှုတွေပေါ့။
အသက် ၂၀ ၀န်းကျင်
ရန်ကုန်တက္ကသိုလ်တက်တော့ ဒီဇင်ဘာချမ်းချမ်းအေးအေးထဲ မနက်စောစော အဆောင်ရှေ့က ခြံတံခါးဝမှာ လာထားတတ်တဲ့ ကိုယ့်နာမည်တပ်သစ်ခွဖြူဖြူတွေကို ဘယ်သူပေးလဲ မသိတတ်ပဲ နေ့တိုင်းဆင်းယူပြီး ဘုရားပန်းကပ်ခဲ့တာ။(အဲဒါ ဘယ်သူလဲ ခုထိမသိခဲ့ရဘူး)
အသက် ၃၀ မှာ...
ချစ်တဲ့သူ ရှိရာ လွိုင်ကော်ကို လိုက်သွားတော့လဲ ခုလိုဒီဇင်ဘာအေးအေးတွေ ကြုံရပြန်ရော။ အနွေးထည်တွေ တထပ်ကြီး ၀တ်ပြီး မနက်စောစော လမ်းထလျှောက်ကြရတာ၊ တဖြည်းဖြည်းတထည်ပြီး တထည်ချွတ်ကိုင်တော့ လက်ထဲမှာ အနွေးထည်ချည်းပုံနေတာ။ မီးပုံတွေ ဖိုပြီး ရဲဘော်တွေနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ခေါင်ရည် ရယ် အသားကင်ရယ်နဲ့ နှစ်သစ်ကြိုဆိုခဲ့ရတဲ့ နှစ်တွေ ပြန်မဆုံနိုင်သေးတဲ့ အဲဒီရဲဘော်တွေကိုလဲ အမှတ်ရမိနေသေးတယ်၊ တောင်တွေ ကြားထဲက လွိုင်ကော်ဒီဇင်ဘာရဲ့ အေးမြမှု လန်းဆန်းမှုတွေကြောင့် ဒီနေ့ထိမမေ့နိုင်ပဲ မြန်မာပြည်ပြန်ဖြစ်ရင် လွိုင်ကော်မှာ သွားနေချင်တယ်လို့ ခဏခဏပြောဖြစ်ခဲ့ရတာပါ။
အသက် ၄၀ ကျော်...
နော်ဝေးအော်စလိုဆောင်းရဲ့ အနှုတ် ၇ ချမ်းအေးမှုမှာ တိုက်ရိုက်တင်ဆက်တခုအဖြစ် ၂၀၀၈ နိုဘယ်ဆုရှင် ပိုလန်သမတဟောင်းကို နှုတ်ဆက်တဲ့ သတင်းသွားရိုက်တုန်းက ကင်မရာမန်းကလဲ လက်တွေအေးခဲ၊ တင်ဆက်သူကျမကလဲ တုန်တုန်ခိုက်ခိုက်.. အဲဒါကလဲ အမှတ်တရတခု။

ခုရောက်နေတဲ့ မဲဆောက်ကတော့ ဆောင်းဆိုတာ သိသာယုံလေးအေးနေတာပဲ ရှိပါတယ်။ ဒါပေမဲ့လဲ ဒီဇင်ဘာအငွေ့အသက် ခရစ်စမတ်သီချင်းဆိုသံတွေကတော့ ကြားနေရပြီလေ။ ခြံတံခါးဝကနေ ဟက်ပီးခရစ်စမတ် တူးယူ ဆိုတဲ့အသံသာသာလေးနဲ့ လှုပ်နှိုးလာရင်တော့ ကြိုတင်ပြင်ဆင်ထားတဲ့ လိမ္မော်သီးတွေ သကြားလုံးတွေနဲ့ ကြိုဆိုရဦးမှာပေါ့။

ဒီလိုနဲ့ပဲ တနှစ်ပြီး တနှစ်ဖြတ်သန်းခဲ့ရ..
ပျော်ရွှင်မှုတွေကို အမှတ်တရပွေ့ဖက်လို့..
နာကျင်မှုတွေကို မေ့ပစ်နိုင်အောင်ကြိုးစားလို့..
ကျရှုံးခဲ့ရမှုတွေကို သင်ခန်းစာယူလို့...
အောင်မြင်မှုတွေက လှေခါးထစ်အသွင်ပြောင်းလို့...
ဘ၀ကြီး မဆုံးသရွေ့... ဆက်လျှောက်နေကြရဦးမှာပဲ မဟုတ်လားးးး

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်