Tuesday, December 14, 2010

ချစ်သော ဒီဇင်ဘာ



ဒီလို အေးချမ်းတဲ့ ဒီဇင်ဘာလတွေကို
ငယ်ငယ်တုန်းကတော့ ကျောင်းပေါင်းစုံလမ်းလျှောက်ထွက်တဲ့အခါမှာ ပျော်ရွှင်ခဲ့ဖူးတယ်။
တမြို့လုံးပတ်ပြီး ကာယလေ့ကျင့်ခန်းသရုပ်ပြ ခဲ့ရတုန်းကလဲ ပျော်ရွှင်ခဲ့ဖူးတယ်။
အသက် ၁၆နှစ်ကျော်ခါစ...
ဆယ်တန်းအောင်ပြီး ပုသိမ်ကောလိပ်တက်တော့ ကားနဲ့ မသွားပဲ မနက်စောစော ကန်သုံးဆင့်လမ်းကို စက်ဘီးစီးရတာလဲ ပျော်ရွှင်ခဲ့ဖူးတယ်။
မြူတွေဆိုင်းနေတဲ့ နှစ်တနှစ်မှာတုန်းက စက်ဘီးစီးရင်း ရှေ့ တလံလောက်ကို မမြင်ရတော့တာ။ စက်ဘီးတူတူစီးဘက်တွေနဲ့ တယောက်မျက်နှာ တယောက်ကြည့်ကြရင်း မျက်တော်တွေပေါ်က နှင်းတွေကို သဘောတကျ ရယ်မောခဲ့ရတာ ဘယ်လိုမှမမေ့နိုင်တဲ့ ပျော်ရွှင်မှုတွေပေါ့။
အသက် ၂၀ ၀န်းကျင်
ရန်ကုန်တက္ကသိုလ်တက်တော့ ဒီဇင်ဘာချမ်းချမ်းအေးအေးထဲ မနက်စောစော အဆောင်ရှေ့က ခြံတံခါးဝမှာ လာထားတတ်တဲ့ ကိုယ့်နာမည်တပ်သစ်ခွဖြူဖြူတွေကို ဘယ်သူပေးလဲ မသိတတ်ပဲ နေ့တိုင်းဆင်းယူပြီး ဘုရားပန်းကပ်ခဲ့တာ။(အဲဒါ ဘယ်သူလဲ ခုထိမသိခဲ့ရဘူး)
အသက် ၃၀ မှာ...
ချစ်တဲ့သူ ရှိရာ လွိုင်ကော်ကို လိုက်သွားတော့လဲ ခုလိုဒီဇင်ဘာအေးအေးတွေ ကြုံရပြန်ရော။ အနွေးထည်တွေ တထပ်ကြီး ၀တ်ပြီး မနက်စောစော လမ်းထလျှောက်ကြရတာ၊ တဖြည်းဖြည်းတထည်ပြီး တထည်ချွတ်ကိုင်တော့ လက်ထဲမှာ အနွေးထည်ချည်းပုံနေတာ။ မီးပုံတွေ ဖိုပြီး ရဲဘော်တွေနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ခေါင်ရည် ရယ် အသားကင်ရယ်နဲ့ နှစ်သစ်ကြိုဆိုခဲ့ရတဲ့ နှစ်တွေ ပြန်မဆုံနိုင်သေးတဲ့ အဲဒီရဲဘော်တွေကိုလဲ အမှတ်ရမိနေသေးတယ်၊ တောင်တွေ ကြားထဲက လွိုင်ကော်ဒီဇင်ဘာရဲ့ အေးမြမှု လန်းဆန်းမှုတွေကြောင့် ဒီနေ့ထိမမေ့နိုင်ပဲ မြန်မာပြည်ပြန်ဖြစ်ရင် လွိုင်ကော်မှာ သွားနေချင်တယ်လို့ ခဏခဏပြောဖြစ်ခဲ့ရတာပါ။
အသက် ၄၀ ကျော်...
နော်ဝေးအော်စလိုဆောင်းရဲ့ အနှုတ် ၇ ချမ်းအေးမှုမှာ တိုက်ရိုက်တင်ဆက်တခုအဖြစ် ၂၀၀၈ နိုဘယ်ဆုရှင် ပိုလန်သမတဟောင်းကို နှုတ်ဆက်တဲ့ သတင်းသွားရိုက်တုန်းက ကင်မရာမန်းကလဲ လက်တွေအေးခဲ၊ တင်ဆက်သူကျမကလဲ တုန်တုန်ခိုက်ခိုက်.. အဲဒါကလဲ အမှတ်တရတခု။

ခုရောက်နေတဲ့ မဲဆောက်ကတော့ ဆောင်းဆိုတာ သိသာယုံလေးအေးနေတာပဲ ရှိပါတယ်။ ဒါပေမဲ့လဲ ဒီဇင်ဘာအငွေ့အသက် ခရစ်စမတ်သီချင်းဆိုသံတွေကတော့ ကြားနေရပြီလေ။ ခြံတံခါးဝကနေ ဟက်ပီးခရစ်စမတ် တူးယူ ဆိုတဲ့အသံသာသာလေးနဲ့ လှုပ်နှိုးလာရင်တော့ ကြိုတင်ပြင်ဆင်ထားတဲ့ လိမ္မော်သီးတွေ သကြားလုံးတွေနဲ့ ကြိုဆိုရဦးမှာပေါ့။

ဒီလိုနဲ့ပဲ တနှစ်ပြီး တနှစ်ဖြတ်သန်းခဲ့ရ..
ပျော်ရွှင်မှုတွေကို အမှတ်တရပွေ့ဖက်လို့..
နာကျင်မှုတွေကို မေ့ပစ်နိုင်အောင်ကြိုးစားလို့..
ကျရှုံးခဲ့ရမှုတွေကို သင်ခန်းစာယူလို့...
အောင်မြင်မှုတွေက လှေခါးထစ်အသွင်ပြောင်းလို့...
ဘ၀ကြီး မဆုံးသရွေ့... ဆက်လျှောက်နေကြရဦးမှာပဲ မဟုတ်လားးးး

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်


9 comments:

သက်ဝေ said...

ကျော်ဖြတ်လာခဲ့တဲ့ ဒီဇင်ဘာတွေ ဆောင်းမနက်တွေအများကြီးပဲ ရှိခဲ့ပြီ....
နောက်ထပ် ဆက်ပြီး ရင်ဆိုင်ကြုံတွေ့ရအုံးမယ့် ဒီဇင်ဘာတွေ ဆောင်းမနက်တွေမှာ နှင်းပွင့်တွေလိုပဲ အေးချမ်းပြီး ကျရှုံးမှုတွေ နာကျင်မှုတွေ ကင်းဝေးစေဖို့ပဲ အတူတူ ဆုတောင်းကြတာပေါ့ အမရယ်...

PAUK said...

အမ်မယ်..
ချစ်သော ဒီဇင်ဘာတဲ့..
ဟီးးဟီ..
အစ်မရေ..
ဒီက ဒီဇင်ဘာမနက်ခင်းတွေက မြူလဲ မရှိ..
နှင်းဆိုတာ ဝေးရော့..

Maung Myo said...

မဲဆောက် ဒီဇင်ဘာကတော့ နှင်းမကျပဲ မိုးတွေရွာနေတယ်နော့်း)

ခင်မင်းဇော် said...

သက်ဝေ... တူတူဆုတောင်းကြမယ်လေ။
ပေါက်.. ထဆင်ထူးက အဲလိုလားး။
မောင်မျိုး..မိုးက ရန်ကုန်မှာလဲ ရွာတယ်တဲ့ ။

Anonymous said...

~လိမ္မော်ချိန်ရောက်ပြီ.. ဒါဟာဆောင်းပေါ့ကွယ်..
ရာသီတွေလည်းရွေ့ပြောင်းတစ်ပတ်လည်လာ...~

pandora said...

ချစ်စရာဒီဇင်ဘာတွေကို အေးအေးဆေးဆေးလာဖတ်သွားပါတယ်။
လန်းဆန်းတက်ကြွဖွယ် ဒီဇင်ဘာ
ရင်ခုန်လှိုက်မောဖွယ် ဒီဇင်ဘာ
ပျော်ရွှင်ကြည်နူးဖွယ် ဒီဇင်ဘာ
ထူးခြားစိတ်ဝင်စားဖွယ် ဒီဇင်ဘာ
စိမ့်ရုံလေး အေးမြနေတဲ့ ဒီဇင်ဘာ
နှစ်တိုင်းရဲ့ဒီဇင်ဘာတွေမှာ ပျော်ရွှင်မှုတွေ ပွေ့ဖက်နိုင်ပါစေ.. :)

ဂျူနို said...

ဒီဇင်ဘာက တကယ်ပဲ ပျော်စရာကောင်းတယ်။ ကျူရှင်သွားရင် မနက်အစောကြီးထသွားရတာ။ မြူတွေနဲ့ မှောင်နေတာပေါ့။
ကျောင်းပိတ်ရင် အမ ပြောသလိုပဲ ဒီဇင်ဘာ လမ်းလျှောက်လဆိုပီး မနက်အစောကြီး ထထ လျှောက်ကြ ဟိုးအဝေးကြီး ရွာတွေဖက် သွားကြတာ။ လမ်းမှာ ကောက်ညှင်းပေါင်းနဲ့ ငါးသလောက်ပေါင်း အကြော် စုံအောင် ကျွေးကြတယ်။
ခရစ်မတ်ဆိုလည်း ဗမာပြည်ကခရစ်မတ်ပွဲတွေကိုပဲ ကြိုက်တယ်။ တကယ့် ခရစ်ယာန်တွေကပဲ လုပ်ကြတယ်။ နွေးနွေးထွေးထွေးနဲ့ လက်ဆောင်တွေ ပေးကြ မုန့်တွေ ကျွေးကြ အလှူငွေထဲ့ကြ သိတ်ပျော်စရာ ကောင်းတယ်။ အိမ်မှာလည်း စားစရာတွေကို စက္ကူအိတ်လေးတွေနဲ့ အထုတ်လေးတွေ ထုတ်ထားတယ်။ စက္ကူအိတ်တွေလည်း ကိုယ့်ဖာသာ လုပ်တာဆိုတော့ တကယ့်ကို ပျော်စရာပဲ။
မယ်ရီ ခရစ်မတ်စ်လို့ ကိုယ့်အိမ်ရှေ့ လာအော်ပီဆို သိတ်ပျော်တာပဲ။ အီအိမ်ပေါ်တွင် ကောင်းခြင်းမင်ဂလာ ရောက်စေသော် ရောက်စေသော် ဆိုတာလေးကို အရမ်း သဘောကျတယ်။ ဒီလူတွေတော့ ဆုတောင်းပေးသွားပီ အကုန် ကောင်းတော့မယ်နဲ့ စိတ်ထဲကို ပျော်လို့။
ပြန်ခါနီး ကျေးဂျူးတင်ပါတယ် ကျေးဂျူးတင်ပါတယ်ဆို ဝမ်းနည်းရသေးတယ်။ ဒီဇင်ဘာအကြောင်း ပြောရရင် စာ ၂ပုဒ် ၃ပုဒ်စာ မကဘူး။
တကသိုလ်ရောက်တော့ ကားကြီးနဲ့ကို ရန်ကုန်ပတ် ကယ်ရယ်ဇင်း ထွက်ကြတယ်။ အဆောင်ကနေ မုဒုံစောင်တွေ သကလပ်စောင်တွေ လိုက်ငှား ညကြ ချမ်းတယ်လေ။ စောင်မပါလာတဲ့လူကို မျှရအောင်ပေါ့။

တကယ့်ပျော်စရာပါ။ ပျော်စရာပဲ ဆိုနေပေမယ့် ရိုးစင်းတယ်။ နွေးထွေးတယ်။ ခင်ခင်မင်မင် ရင်းရင်းနှီးနှီးနဲ့။ ခုခေတ်လို ရန်ကုန်မှာ ပိုက်ဆံရှိတဲ့လူတွေ ဘိုဆန်သလိုလို ဘာလိုလိုနဲ့ ဖက်ရှင် ထွင်ပီး ဟန်လုပ်ပီး လုပ်တာမျိုး မအယ်တို့ရှိတုန်းကတော့ မရှိဘူး။

ခုကျတော့ ကုန်မနီတွေလည်း များလာတာလည်း ပါမယ်။ MULTICULTI ပေါ့လေ။ ဒါပေမယ့် ပေါ့ပျက်ပျက်နဲ့ ဟန်လုပ်တာ များတယ် ထင်တာပဲ။ အနှစ်သာရ သိတ်မရှိဘူး။
ဒီက ခရစ်မတ်စ်ကတော့ ဖီလင် မလာပါဘူး။

တော်သေးပီ အရီးရယ်။

မအယ်

Anonymous said...

တူမောင်craton
ညီမ ပန်ပန်နဲ့ မအယ်... လာမန့်ကြတယ်ပေါ့။
ရာသီတိုင်းကို တမျိုးစီနှစ်သက်ပါတယ်။
နွေဆိုလဲ နွေအလျောက်။
မိုးဆိုလဲမိုးအလျောက် ချစ်ခင်မိတဲ့အကြောင်းလေးတွေ ရေးပါဦးမယ်။
မအယ်ရဲ့ မန့်အရှည်ကြီးကိုဖတ်ပြီး ကယ်ရယ်ဇင်း ထွက်တဲ့အချိန်တွေကို ပြန်သတိရမိတယ်။ အမေဖက်က အမျိုးတွေက ရိုမန်ကက်သလစ်တွေ များတာမို့ ချာ့ခ်ျလိုက်တက်ခဲ့တာ ရန်ကုန်ကျောင်းတက်နေတဲ့ တလျှောက်လုံးမို့ ခရစ်ယာန်ကို တော်တော်ကျွမ်းဝင်ခဲ့ဘူးပါတယ်။ အသွေးတော်အသားတော်စားတဲ့အဆင့်သာ မရောက်ခဲ့တာလေ။ ကျေးဇူးတင်ပါသည် အိမ့်ရှင်များ ဆိုရင် ၀မ်းနည်းတတ်တာလဲ တူပါ့။ ခုနောက်ပိုင်း ကြိုက်တဲ့သီချင်းတပုဒ်ကတော့ အိမ်ကိုပြန်ချင်စိတ်ကြောင့် မျက်ရည်လည် ဆိုတဲ့ ခရစ်စမတ်သီချင်းလေးပဲ မအယ်ရေ။
အမခင်မင်းဇော်

မန်းကိုကို said...

မင်္ဂလာ Gregorian နဲ့ ကရင်နှစ်သစ်ပါ၊ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေဖို့ ဆန္ဒပြုပါတယ်။ :-)