ပါပုရေ..
နင်ထွက်သွားတာ စောလိုက်တာ။ တို့ဧရာဝတီတိုင်း ဗကသ မှာ ပထမဆုံးအဖမ်းခံခဲ့ရတဲ့အုပ်စုထဲက တယောက်၊ နင်တို့တင်းခံနိုင်လို့ နောက်လူတွေ ထပ်အဖမ်းမခံရတဲ့အပြင် တချို့အချုပ်နဲ့ ပြန်လွတ်ခဲ့ရတာ မမေ့ဘူး။ ၁၉၈၉ ခုနှစ် အာဇာနည်နေ့မှာ လူထုနဲ့ တူတူ အာဇာနည်ကုန်းကို သွားမယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်ပွဲခေါ်သံကြောင့် နယ်မြို့တွေကတို့ လူငယ်တွေ တက်ကြွလှုပ်ရှား ပြင်ဆင်ခဲ့ကြရတဲ့နေ့တွေကို သတိရတယ်။ နောက်နေ့မနက်စောစော အန်တီက ရုပ်သိမ်းလိုက်တယ်ဆိုတဲ့ စကားက နယ်မြို့လေးကို အဲဒီတုန်းက အချိန်မှီမရောက်ခဲ့ပါဘူး။ တက်ကြွတဲ့ လူငယ်လေးတွေက အာဇာနည်ကျောက်တိုင်ရှေ့မှာ ဗကသ ပန်းခွေကို အရောက်ပို့ခဲ့ကြတယ်။ အဲဒီအတွက် အဖမ်းခံရတဲ့လူငယ်တွေ နည်းမှမနည်းပဲ။ အယောက် ၂၀ကျော်တယ်။ ဗကသရော လူ့ဘောင်ရော ဒီချုပ်လူငယ်တွေရော အကုန်ဖမ်းလိုက်တာ။
စစ်ကြောရေးမှာ.. ကိုယ့်ရဲဘော်တွေ အတွက် ရပ်တည်ခေါင်းခံပေးခဲ့တဲ့ နင်တို့တွေရဲ့ သတ္တိကို လေးစားခဲ့ရတာ။
အာခံမှုကို အားကျခဲ့ရတာ။
...........
ခုတော့ ကျော်ကျော်ဝင်းမရှိတော့ဘူး။
ကျောင်းဆရာ မရှိတော့ဘူး။
ဂတီးမရှိတော့ဘူး။
ပါပုမရှိတော့ဘူး။
တို့တွေ အဲဒီအချိန် စစ်အစိုးရကို အံတုတုန်းက ခုခေတ်နဲ့ မတူသလိုပဲနော်။ အဖမ်းခံရလဲ မီဒီယာတွေက မသိခဲ့။ စာစောင် ထုတ်လဲ ဘယ်ဒိုနာမှ မရှိပေါင်။ ကိုယ့်မုန့်ဖိုးတွေ စုပြီး ဖယောင်းလက်ရေးဖောက် မီးချောင်းအပျက်နဲ့ လှိမ့်ထုတ်ခဲ့ကြရတာပဲ။
ပါပုရေ…
ဂတီးရေ…
ကျောင်းဆရာရေ…
ကျော်ကျော်ဝင်းရေ….
မစွန့်ပဲစားနေသူတွေကို မြင်ရင် နင်တို့ကို သတိရတယ်။
လေကြီးလေကျယ် တိုက်ပွဲဆင်နေရင် နင်တို့ကို သတိရတယ်။
ပုသိမ်ရဲ့ ဒီမိုကရေစီလှုပ်ရှားမှု သမိုင်းမှာ နင်တို့ကို ဖယ်လို့မရဘူးဆိုတာတွေ သတိရတယ်။
နင်ထောင်ထဲမှာ ရှိနေတုန်း နင့်အမေဆုံးတော့ ထောင်ထဲကရေးတဲ့ ကဗျာလေးတပုဒ် အပြင်ထွက်လာတာလဲ သတိရတယ်။
အဲဒီ အိမ်သာသုံးစက္ကူပေါ်က ကဗျာလေးက ဒီမိုကရက်တစ်မြန်မာ့အသံရဲ့ အသံလှိုင်းက နင့်နာမည်ရင်းနဲ့ ရွတ်ဆိုသွားခဲ့တာလဲ သတိရတယ်။
အညွန့်တလူလူနဲ့နင်တို့ အနာဂတ်တွေကို ရိုက်ချိုးခံခဲ့ရတာတွေကို သတိရတယ်။
ထောက်လှမ်းရေးရဲ့ ကြိမ်းဝါးသံတွေ ၊ နှောက်ယှက်မှုတွေက ထောင်ပြင်ရောက်နေတဲ့ ဘ၀တွေထိ ထိခိုက်ခဲ့တာတွေ သတိရတယ်။
ဒါတွေကို နင်တို့က ဘာလို့ မတွန်းလှန်နိုင်ခဲ့သလဲ ဆိုတာလဲ ငါဒေါသထွက်ရတဲ့အကြောင်းတခုပဲ။ ဒါလဲ သတိရတယ်။
ကိုယ့်ကိုယ်ကိုယ်မီးလောင်တိုက်သွင်းနေတာလို့ ငါခဏခဏပြောနေရတာလဲ နင်တို့ အပြုံးမပျက်။ဒါလဲ သတိရတယ်။
ငါဒုတိယအကြိမ်ထောင်ထဲ ၀င်တော့ ကလေးလေးကို စိတ်ချ ကျနော်တို့ စောင့်ရှောက်မယ်ဆိုတာတွေ သတိရတယ်။
ခုတော့ တယောက်ပြီးတယောက် အချိန်မတိုင်ခင် ထွက်သွားနှင့်ကြရပြီ။
နင်တို့တွေ ကောင်းရာသုဂတိရောက်ပါစေ။
ငါတို့နောက်လူတွေလဲ တလှမ်းချင်း လိုက်လာနေရတာပဲ ပါပုရယ်…။
(၁၇ ရက်နေ့ ဒီဇင်ဘာ ၂၀၁၀ ခုနှစ်က ကွယ်လွန်သွားတဲ့ ပါပုအတွက်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
5 comments:
When I read your this article...very very sad for my bro..
In 2006, when I went back Pathein, stayed 3 days there and I tried to meet with all my brothers...
Then I heard that" today Ga Tee passed away"
I was ....do not how to say...Ma Kyi Khin..
I did as camera man for his funeral..
I saw only my brother's dead body..he can not call me.." Moe Moe Yae..Moe Moe Yae any more..
Too early...
မြန်မာပြည်သားတိုင်း ဖတ်ဖြစ်အောင် ဖတ်ပါ
မြန်မာပြည်၌ ကမောက်ကမ ဖြစ်ချင်ရာဖြစ်နေပုံကို ထိမိစွာ ခနဲ့ခြင်း
http://simpleviewsonmyland.blogspot.com/2010/12/blog-post_21.html
လာဖတ်သွားပါတယ် ဒေါ်ခင်မင်းဇော်ေ၇
ပုသိမ်ဆိုတော့ ဘောကြိးခေါ် တင်စိုးနဲ့ တူတူ လုပ်ခဲ့တာထင်တယ်နော်
အဲကောင်သစ္စာဖောက်အင်ဖော်မာ လေ သိတယ်မလား
ဇော်ထွန်း (ဗကသ)
မကြည် ပါပုဆုံးပြီလား ခုမှ သိတယ်ဗျာ ဂေါ်ယာဆောင်အောက်ထပ်က အကသတွေရော ၈၉ ဇူလိုင်မှာ ၀င်လာတဲ့အုပ်စုတွေထဲကရော ခုချိန်ပြန်တွေ့ရင် လူနဲ့နာမည်နဲ့ တွဲမိပါ့မလားမသိ နာမည်တွေက ပိုရင်းနှီးနေတာ..အေးဗျာသေချင်းသေရင် သေသင့်တဲ့သူတွေက မသေပဲ မသေသင့်သေးသူတွေက အရင်သေရတာလဲ ကျနော်တို့ မတတ်နိုင်ပါ.
ဗကသ=ဗဟိုကွန်မြူနစ်သောင်းကျန်းသူအဖွဲ့
Post a Comment