အပိုင်း(၁)
ဘုန်း...
ခွပ် ....
အင့်...
နင်တို့လို မလောက်လေး မလောက်စားလေးတွေက ငါတို့လို စစ်တပ်ကြီးကို ဘယ်လိုတော်လှန်မလဲ။
အေးအေးဆေးဆေးမနေဘူး။ သိပ်တတ်နေတယ် ထင်နေသလား။
ပြောစမ်း။ ဒီစာစောင်တွေ ထုတ်ဖို့ ဘယ်သူက ငွေပေးလဲ။ ဘယ်သူက သင်ပေးလဲ။
...........
............
အံမယ် အံတောင်ကြိတ်ထားသေး။ နင့်နာမည်ကို နင့်ရှေ့က လူတွေပြောထားခဲ့ပြီ။ နောက်ဘယ်သူတွေ ပါသေးလဲ။ ခုနေပြောထားနော်။ ငါတို့ လက်သီးစာ ကောင်းကောင်းကျွေးထားတာတောင် ခေါင်းမာတုန်း။ နောက်ထပ် ဒါ့ထက်ဆိုးတာတွေလာမယ်။
........................
...........................
ဒူးထောက်ထား။ လက်ကို ခေါင်းပေါ်တင်ထား။ ခေါင်းစွပ်ကို ဖွင့်မကြည့်နဲ့။ ဘယ်သူတွေလဲ စဉ်းစားထား ။ ငါပြန်လာရင် ပြောနိုင်အောင် လုပ် ။
အပိုင်း(၂)
ဟာ...... ဒူးထောက်ခိုင်းထားသလားး။
ထ.....ထ.. ဒီထိုင်ခုံမှာ ထိုင်ပါဦး။ ကော်ဖီသောက်မလား လဘက်ရည်သောက်မလား။
သမီးတို့လို ကျောင်းသူလေးတွေကို ခုလိုနှိပ်စက်တာတော့ ဒီကောင်တွေတရားလွန်တယ်။
ဘဘတို့က ဒါမျိုး မလုပ်ချင်ဘူး။
ပညာတတ်ကလေးတွေကို ကောင်းကောင်းမွန်မွန်ဆက်ဆံရမယ် ဆိုတာဒီကောင်တွေ ပြောထားရက်နဲ့
သူ့ကိုအရေးယူခိုင်းရမှာပဲ။ သမီးလဲ ခဏနားပါဦး။
.................
ကဲ .. သမီးကလဲ ပြောပြပါဦး။ ဘယ်သူတွေနဲ့ ဒီစာစောင်တွေကို ထုတ်ဖို့ ပြောဖြစ်ကြလဲ။
စာစောင်က ထုတ်မယ်ဆို ပိုက်ဆံလဲ လိုတယ်မဟုတ်လား။ သမီးတို့ အကုန်စုခံလိုက်တာလား။
ဘဘတို့က လူငယ်တွေ ကျောင်းသားတွေကို ဘာမှမလုပ်ဖူး စိတ်ချ။
ခု သမီးရှေ့က ခေါ်မေးတဲ့ သူငယ်ချင်းတွေကိုလဲ အကုန်လွှတ်ပေးမှာ စိတ်ချ။
သမီးလဲ ဘာမှမကြောက်နဲ့။ သမီးတို့ ကျောင်းတက်နေတုန်းအရွယ်တွေက ဒီလိုပဲလေ။
သူငယ်ချင်းတွေနဲ့ဆို တက်ညီလက်ညီလုပ်တတ်ကြတာ ဘဘတို့ နားလည်တယ်။ ဘဘတို့တုန်းကလဲ ဒီလိုပဲ ။ ဒီအရွယ်ကို ဖြတ်သန်းခဲ့တာပဲ။ ကဲ သမီးသိသလောက်ပြောပါဦး။
.....................
.........................
အပိုင်း (၃)
အပျော့ပဲ လာလာ၊ အမာပဲလာလာ။ ဘာကိုမှ အဖြေမပေးဖို့ ကျမတို့ ဦးနှောက်တွေက အသိပေးထားတာမို့ ပါးစပ်တွေက ပိတ်ရက်ပါပဲ။ ဒီလိုပဲ ချော့တခါ ခြောက်တလှည့်နဲ့
စစ်ကြောရေးတွေကို ဖြတ်သန်းခဲ့ကြရတယ်။
စစ်ကြောရေးကို ခိုင်ခိုင်မာမာနဲ့ ဖြတ်သန်းနိုင်သူတွေဟာ လူတွေဘယ်လိုပြောင်းပြောင်း အဲဒီလူတွေအားလုံးဟာ စစ်အာဏာရှင်အတွက် စစ်အုပ်စုအတွက် သူတို့ လိုသလို ပုံပြောင်းလုပ်ဆောင်နေတယ်ဆိုတာကို နားလည်ခဲ့ကြတယ်။ ဒီလူဟာ ကိုယ့်သူငယ်ချင်းနဲ့ ဆုံတုန်းက ပတ်ကြမ်းတိုက်ပြီးလက်သီးတွေ ကောင်းကောင်းသုံးခဲ့ပေမယ့်
နောက်သူငယ်ချင်းတယောက်ဆီမှာတော့ ပျော့ပြောင်းနူးညံ့သူပေါ့။
လူတွေဘယ်လိုပြောင်းပြောင်း မူကတော့ တခုတည်း။ စစ်ချက်မှာ နောက်ထပ် နာမည်အသစ်တွေ ရရှိလာရေးပဲလေ။
.............
အခုလက်ရှိအချိန်မှာရော.. ယူနီဖောင်းဝတ်ကို ချွတ်ထားပေမဲ့ သူတို့က စစ်အုပ်တွေပဲ မဟုတ်လား။
တယောက်ချင်းက ပျော့ပြောင်းချင်ယောင်ဆောင်ထားပေမဲ့ စစ်အုပ်စု နက်ဝပ်ကြီးက တည်ရှိနေဆဲပါ။
ဒီတော့ တယောက်ချင်းကို မြင်ပြီးပြောင်းလဲနေပြီလို့ ယူဆကြည့်မယ်ဆို စစ်အုပ်စု နက်ဝပ်ကြီးက ဟားတိုက်ရယ်မောနေပါလိမ့်မယ်။ ပုံသဏ္ဍာန်တွေနဲ့ အယောင်ဆောင်ပြနေပေမယ့် အတွင်းသဏ္ဍာန်အနှစ်သာရကို မြင်နေရင် ဘာမှလိမ်လို့ရမှာ မဟုတ်ဘူး။ ဒါကို မာကျောတယ်ဆိုလဲ ပြောကြပါစေ။ ကျမကတော့ပြတ်သားတယ်လို့ပဲ ခံယူထားလို့ပါ။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
4 comments:
ဟုတ်ပါတယ်အမ... လက်ခံပါတယ်... စောင့်ကြည့်ကြရမှာဘဲလေ
Hello Ma Khin Min Zaw
I have no mail account and
Just Greeting.
MHN
မထန
တော်တော်ကြာသွားတယ်နော်။
သတိရနေပါတယ်။ လွတ်တာနဲ့ အသံလဲ ကြားလိုက်ရတယ်။ မေးလ်ဖွင့်ပြီးတာနဲ့ ဆက်သွယ်ပါဦး။ စကားတွေ ပြောရအောင်။
အမ ခင်မင်းဇော်
I would like to invite you all to come and listen to Myanmar Music at my site. I have many Myanmar Songs and Myanmar Mp3 collected on my site.
Myanmar Online Music: http://www.myanmaronlinemusic.com/
Thanks a lot!
Post a Comment