Sunday, November 13, 2011

အချစ်နှင်းဆီဖြူ (ဖြစ်တည်ခြင်း အခန်း နှစ်)

                                                          ဒီပုံလေးကို ဒီက ယူပါတယ်။
ဖြစ်တည်ခြင်း (၂)

ရင်ထဲမှာ..
သူ့ကိုချစ်ခြင်းတွေ ဖွဲ့တည်နေခဲ့တာ ဘယ်အချိန်တုန်းကလဲ ဆိုတာကို သတိမပြုမိပါဘူး။

အဲဒီနေ့ကတော့…
စာအုပ်တအုပ်အကြောင်း ငြင်းခုန်နေခဲ့တာပဲ။ ဂျူးရဲ့ အမှတ်တရ ဆိုတာ တော့ မှတ်မိတယ်။ ကော်ရည်ခေါက်ဆွဲဆိုင်မှာ ထိုင်ရင်း ကော်ရည်ခေါက်ဆွဲသောက်ရင်း စကားက အဲဒီစာအုပ်အကြောင်း ရောက်သွားတာ။ အဲဒီထဲ လက်ထပ်ခြင်းသဘောတရားကို ငြင်းခုန်ပြောဆိုနေရင်းက ငါ့ကိုလက်ထပ်ပါလားလို့ ဗြုန်းစားကြီးပြောချလိုက်တော့ တော်တော်အံ့အားသင့်သွားတယ်။ နေရာဒေသ ရွေးချယ်ပုံကြီးကလဲ ဘာသီချင်းမှလဲ မရှိ၊ ဘာနမိတ်ပုံမှလဲ မရှိ၊ ပြန်စဉ်းစားရင်တောင် ရင်ခုန်စရာ တကွက်မှမရှိတဲ့ ပူလောင်လောင် ကော်ရည်ဆိုင်ထဲ ။ ဘယ်လိုဖြစ်လို့ အဆင့်တွေက ကျော်သွားလဲ လို့ ကိုယ်မေးလိုက်ချိန်တုန်းက ရင်လဲ မခုန်မိပါဘူး။ အံ့သြသွားတာ တခုပဲ ရှိတယ်။ ပြီးတော့ အဲလိုပြောလိုက်တဲ့ အချိန်ကာလက တို့တွေ စသိကြပြီး ၇ နှစ် ကြာခဲ့တဲ့အချိန်လေ။
အပြည့်အစုံဖတ်ချင်ရင် ခေါင်းစဉ်ကို(သို့မဟုတ်) links to this post ကို ကလစ်ပါ။

ရင်ထဲမှာ
ချည်နှောင်ထားတဲ့ သံယောဇဉ်တွေကို သတိပြုမိလိုက်ချိန်မှာတော့ ကိုယ်က ရုန်းထွက်မရနိုင်တော့အောင် စုန်းစုန်းမြုပ်နေခဲ့ပါပြီ။

လက်ထပ်ပါလားလို့ တောင်းဆိုပြီးတနှစ်တိတိ မြောက်နေ့မှာ သူအလုပ်လုပ်နေရာ နယ်စပ် မြို့လေး ကို လေယာဉ်စီးပြီး ကိုယ်က လိုက်သွားဖြစ်ခဲ့တယ်။ ပြီးတော့ လက်မှတ်ထိုးမယ်လို့ ကိုယ်အဖြေပေးလိုက်တာပဲ။
၇နှစ်တာ ကာလတွင်းက သံယောဇဉ်က ဒီတနှစ်တာ ကာလအတွင်းမှာ ပိုပြီးသိပ်သည်းလာသလားပဲ။ တယောက်အသံ တယောက်မကြားရတဲ့နေ့ရက်တွေ မရှိခဲ့ဘူး။ ဖုန်းထဲက သူ့အသံမှာ ရှက်ရွံ့သံ ပါနေမလားလို့ ရှာကြည့်ဖူးသလို သူကလဲ ကိုယ့်အသံထဲက နူးညံ့မှုတွေရှိမလားလို့ ခံစားကြည့်သေးတယ်တဲ့။
…………………..
ရင်ထဲမှာ
ကိုယ့်ဘ၀တခုလုံးကို သူ့ဘ၀ထဲ ပေးအပ်လို့ ပြီးပြည့်စုံတဲ့ ချစ်ခြင်းတွေနဲ့ အခက်အခဲမှန်သမျှ ရင်ဆိုင်ပစ်ဖို့
တို့နှစ်ယောက်ရဲ့ ကောင်းကင်ကို အသစ်လဲပစ်နိုင်ခဲ့တယ်။

ကိုယ့်ဘ၀ရဲ့ အိမ်ရှင်မ စစ်စစ်နေ့တွေလို ပြောရမယ့်အချိန်တွေကို ပိုင်ဆိုင်ခဲ့ဖူးတယ်။ ချက်ပြုတ်စားသောက်ပြီးရင် ကိုယ့်အလုပ်က မဂဇင်းတွေ စာအုပ်တွေ ဖတ်ဖို့ပဲ။ တကယ့်ကိုအေးချမ်းလှတဲ့ ဘ၀လေးဖြစ်လို့ ခုချိန်ထိ ကိုယ့်ဘ၀ထဲမှာ အပျော်ဆုံးနဲ့ ပြန်လည် တမ်းတမိနေရတဲ့ ကာလ။ မတူညီတဲ့ အခြေခံတွေကို တူညီအောင် ညှိနိုင်ခဲ့ကြသလို တယောက်ကိုတယောက်ပိုမိုစွဲနစ်လာစေခဲ့တယ်။ ……………………

အဲဒီတုန်းက
ကိုယ်တို့ရဲ့ မျိုးဆက် ရင်သွေးလေး ဘာ့ကြောင့် ရောက်မလာနိုင်ရသလဲ ဆိုတာကို သူမက စပြီး စဉ်းစားလာတယ်။ အိမ်ထောင်တခု သာယာဖို့ ရင်သွေးဆိုတာ လိုအပ်တယ်လို့သူမက ဆိုတယ်။ သူ့ရဲ့ အတွေးထဲကို အဲဒီလို ၀င်လာဖို့ ကျနော့်ရဲ့ ခရီးခဏခဏ ထွက်ရတဲ့အလုပ်က ပေါ်ပေါက်လာစေတာများလားလို့ ကျနော် ထင်မိတယ်။ သူမက အိမ်ထောင်တခုဆိုတာ ကလေးရှိမှ ခိုင်မြဲမယ်လို့ ထစ်ထစ်ချ ယုံကြည်နေတယ်။ ကျနော်သူ့ကိုချစ်တဲ့အချစ်က ဘယ်လိုအကြောင်းကြောင့်မှ မလျော့ပါးပါဘူးလို့ ပြောခဲ့ပေမယ့် သူမကလက်မခံခဲ့ဘူး။ ကျနော့်အတွက် သူမက ပြည့်စုံတဲ့ မိန်းမ ဖြစ်ချင်တာတဲ့။
………………..
အဲဒီတုန်းက
ကျနော်တို့ရဲ့ အိမ်ထောင်သက် ၂ နှစ်မြောက် ပြည့်ပြီးချိန်ပေါ့။
ဆရာဝန်တွေ စုံအောင်ပြသစမ်းသပ်ရင်း အဖြေမထွက်တဲ့ပုစ္ဆာဖြစ်လာခဲ့တယ်။ သူမရော ကျနော်ရောမှာ ဘာချို့ယွင်းမှုမှ မရှိဘူးဆိုတာပဲ ဆေးခန်းတွေက အဖြေထွက်လာပြီး ပြီးဆုံးသွားတော့တယ်။ သူမရဲ့ ပြစ်ချက်လားဆိုတဲ့ အစွဲနဲ့ ထားခဲ့လေမလား ဆိုတဲ့ သံသယ ၀န်တိုမှု တွေကို ခံစားလာခဲ့ရတယ်။ ဘာအကြောင်းပြချက်မှမရှိပဲ သူမ၀မ်းနည်းပက်လက် ငိုကြွေးနေတတ်တဲ့အခါတွေမှာ ကျနော့်ရင်ထဲမှာလဲ ကမ္ဘာပျက်နေသလိုပါပဲ။
(ဆက်ရန်)

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

4 comments:

Anonymous said...

I am waiting for part 3.
EiEi

rose of sharon said...

ငြင်းခုန်နေရင်းက " ငါ့ကိုလက်ထပ်ပါလား" တဲ့လား... ကဗျာမဆန်စွာ ကြည်နူးစရာရယ်...း))

သက်ဝေ said...

ဆက်ရေးပါအုံး အမရေ... ဖတ်ရတာ ကြည်နူးစရာ...
သေချာတာကတော့ အမရေးတာဖတ်ပြီး အဲဒီလို စာ လှလှလေးတွေ ပြန်ရေးချင်သွားတယ်...း))

Anonymous said...

Money Make Online:

http://www.dataentryjobs.us/102269.html