Saturday, February 4, 2012

တို့ငယ်ငယ်တုန်းဝယ်…

ရေးလက်စ ပို့စ်တခုတောင် အစမသတ်ရသေးပဲ ပျင်းနေတာမို့ စာရေးအားရအောင် ဒီ tag ပို့စ်လေးကို အားစိုက်ခွန်စိုက် ရေးလိုက်ပါတယ်။

ကျမငယ်ငယ်ကတော့ အမေဖက်မှာ မြေးဦး၊ အဖေကတော့ ညီအကိုမောင်နှမ ၇ ယောက်ထဲမှာ အငယ်ဆုံးသားဆိုပေမယ့်လဲ တမိသားစုလုံးချစ်တဲ့ အငယ်ဆုံးသားဆိုတော့ သူ့သမီး ဖြစ်တဲ့ မြေးကိုလဲ သည်းသည်းလှုပ်ပေါ့။ ဒီတော့ ရလဒ်က အတော့်ကို စွာပါတယ်။ ပုသိမ်တဖက်ကမ်း သဘောင်္ကျင်း မှာလဲဖြစ် ဆွေမျိုးတွေ တန်းစီနေတဲ့ လမ်းမှာ ဖြစ်ပြန်တော့ မောင်နှမ၀မ်းကွဲတွေနဲ့ ဆော့ကြကစားကြပါပဲ။ အဲဒီအခါ ပြန်ခါနီးတိုင်း ကလေးတယောက်က အမြဲ ငိုရတယ်တဲ့။ ဘာကြောင့်လဲ ဆိုတော့ တယောက်မဟုတ် တယောက်နား ကပ်ပြီး နားရွက်တွေ လက်မောင်းတွေ မှီရာကို ကိုက်လိုက်တဲ့ ကျမကြောင့်တဲ့။ အဲဒါ မောင်နှမအရင်းကိုတော့ မကိုက်ဘူးတဲ့။ ၀မ်းကွဲတွေ အတော်များများ အကိုက်ခံရဘူးတယ်။ ၀မ်းကွဲထဲမှာလဲ အသက်တွေက မတိမ်းမယိမ်းတွေ ၊ တနှစ်တည်းမွေးပြီး လပိုင်းကွာတာ တွေရော တနှစ်နှစ်နှစ်ခြားတွေရော ၂၀ ကျော် ရှိတယ်၊ ၊နောက်ပိုင်း ပုသိမ်ဖက်ကမ်းကို ပြောင်းလာကြတော့လဲ အိမ်တွေက သိပ်မဝေးကြဘူး။

စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ တအိမ်အိမ်မှာ စုပြီးဆော့ကြတာပဲ။ ပုသိမ်နဲ့ သိပ်မဝေးတဲ့ ကန်ကြီးဒေါင့်လိုမျိုး နေရာတွေနဲ့ ပုသိမ်ထဲမှာ ရှိတဲ့ ဘုရားပေါင်းစုံ အကုန်လုံးနီးပါးကို တအိမ်တမျိုး ချက်ပြုတ်ပြီး အပတ်တိုင်း သွားခဲ့ကြတယ်။ လူကြီးတွေက ဘုရားဖူး ပြီး ဘာတွေ လုပ်တယ် မမှတ်မိပေမယ့် ကလေးတွေကတော့ အသားကုန်ဆော့ခဲ့တာတော့ တော်တော်ပျော်ဖို့ကောင်းတယ်။ ပုသိမ်က ဘုရားတွေကလဲ ၀င်းကျယ်ကျယ် ကားလမ်းနဲ့ ဝေး၊ သစ်ပင်တွေနဲ့ပြခန်းတွေ လှိုဏ်ဂူတွေ များတော့ စိန်ပြေးတမ်းတို့၊ တူပုန်းတမ်းတို့ ဆော့ခဲ့ကြတာ တော်တော်ပျော်ဖို့ကောင်းတယ်။ မသွားဖြစ်တဲ့ အပတ်တွေဆိုရင် ဇယ်ခုတ်တမ်းဆော့ကြတယ်။ ကျောက်စရစ်ခဲ အလုံးလှလှလေးတွေ သေချာ ရှာပြီး ၇ လုံးရရင် ဇယ်ခုတ်တာမှ သိပ်မိုက်တာပဲ။ ပြောရင်း ခုတောင် ခုတ်ချင်လာသလိုပဲ။ တလုံးမြှောက်တလုံးကောက်ကနေ တိုးတိုးသွားတာ နောက်ဆုံး ၁လုံးမြှောက်ပြီး အောက်က ကျဲပြန့်နေတဲ့ ကျောက်စရစ်ခဲတွေကို အမြန်စုကောက်ပြီး ပြန်ဖမ်းရတာ ပညာတော်တော်ပါတယ်လေ။ နောက်တခုက ဇယ်တောက်တမ်းဆော့တာ၊ မန်ကျည်းစေ့တွေကို ရာနဲ့ချီ စုဆောင်းထားပြီး ရောင်းတောင် ရောင်းခဲ့သေးတယ်၊ ဇယ်တောက်တမ်းဆော့တဲ့အထဲမှာ မောင်နှမ၀မ်းကွဲအကိုတယောက်က ယောက်ျားလေးဖြစ်ပြီး တော်တာတော့ မှတ်မိတယ်။ သူ့ကို ဇယ်ပြရင် ဘယ်လောက်ထပ်နေနေ ဝေးနေနေ သူက ၀င်အောင် တောက်နိုင်တယ်။ ကိုယ့်မောင်နှမ ၀မ်းကွဲတွေချည်း ဆော့နေရာက လမ်းထဲကတခြားကလေး တွေပါလာရင် တိုင်ဦးတမ်း၊ ဖန်ခုန်တမ်း၊ ကျောက်ရုပ် လုပ်တမ်း လူများများနဲ့ ကစားနည်းတွေ ပြောင်းကစားကြတယ်။


နောက် သားရေကွင်းပစ်တာကိုလဲ ပြိုင်ပွဲ ပုံစံလုပ်ပြီး ကစားဖူးတယ်။ သားရေကွင်းပစ်လို့ မဖမ်းနိုင်ပဲ လွတ်သွားတဲ့လူက ထွက် နောက်လူက ၀င်ပစ်ပေါ့။ ၆ လက်မ ၇ လက်မ အ၀န်းလောက်ရှိမယ့် သားရေကွင်းကို ရိုးရိုးမပစ်ပဲ လိမ်ပစ်တဲ့ နေရာမှာ ကျမက ဆရာတပါး။ အဲလိုပစ်လိုက်လို့ကတော့ တဖက်က ဖမ်းတဲ့လူ မိဖို့ မလွယ်ဘူး။ ဟဲ့ကောင်းကောင်းပစ်လေ ဒီလိုပစ်တာ မပါဘူးလို့ လာငြင်းရင် ဘယ်လိုပစ်ပစ်လေ မိအောင်ဖမ်းဖို့ပဲ မဟုတ်လား ဆိုပြီး ရုပ်တည်နဲ့ ခံငြင်းတတ်သေးတာ။ အကိုတွေ မောင်တွေနဲ့ လိုက်ဆော့တာ တခုက သားရေကွင်း ထပ်တမ်း ကစားတာပဲ။ အဲလိုပဲ အရုပ်ထပ်တမ်းလဲ ကစားဖူးတယ်။ ဘုန်းကြီးလုပ်တမ်းကစားရင် နည်းနည်းကြီးတဲ့ အကိုတယောက်လောက်က စားပွဲခုံပေါ်တက် သြကာသ သြကာသ ဆိုပြီး ကန်တော့ရတယ်။ ဘုန်းကြီးလုပ်တဲ့လူက ခပ်တည်တည် နေရတာပဲ။ အိမ်က မုန့်တွေယူပြီး ဆွမ်းတော်ကပ်တယ်ဆိုပြီး ကပ်ထား၊ နောက်ပြန်စားကြပေါ့၊

ဇာတ်ကတမ်းဆော့ရင်တော့ စောင်တွေကို ယူပြီး ကန့်လာကာ လုပ်၊ ပုဆိုးတွေကို ခေါင်းမှာ ဆံပင်အရှည်လုပ်၊ ခုန ဘုန်းကြီး ထိုင်တဲ့ စားပွဲခုံကြီးက ဇာတ်စင်ဖြစ်သွားပြန်ရော။ အဲလိုဇာတ်ကရင် ဇာတ်ပွဲမှာ လာရောင်းတဲ့ ဈေးသည်တွေကလဲ ရှိသေး။ အိမ်ရှေ့က ဗန်ဒါပင်ရွက်တွေ စင်္ကြာပန်းရွက်တွေ ခူး ၊ ခဲတန်ချွန်တဲ့ဒါးသေးသေးနဲ့လှီး၊ ရေထဲ ထည့်လိုက်ရင် မုန့်လက်ဆောင်း၊ သဲတွေကို ပုံ၊ ထိပ်ချွန်ကို လက်နဲ့ထိုးချိုင့်လိုက်ပြီး ရေနည်းနည်းလောင်းလိုက်ရင် မုန့်ပျစ်စလက် ဖြစ်ရော၊ အဲဒီတုန်းက ကြွေပန်းကန်ကွဲတွေ စုထားပြီးပိုက်ဆံလုပ်သေးတယ်။ နောက်ပိုင်းကြွေပန်းကန်ကွဲက ရှားသွားတော့ စက္ကူတွေကို ဖြဲပြီး ပိုက်ဆံအတုလုပ်တယ်၊ ပိုက်ဆံအစစ်လိုမျိုး ပုံတွေဆွဲ အင်္ဂလိပ်လို တဖက် မြန်မာလိုတဖက် ရေးပြီး လုပ်ထားတဲ့ ပိုက်ဆံတွေကိုလဲ စုလိုက်ရတာ အမော။ နောက်ပိုင်းနည်းနည်းကြီးတော့ မိုနိုပိုလီက ပိုက်ဆံတွေ ယူသုံးတယ်။ မိုနိုပိုလီဆော့တဲ့အခါ ရှိသမျှ အကုန်ပေါင်ဆော့ကြသေးတယ်။

ကျောင်းမှာလဲ ဆော့ခဲ့တာပဲ။ ကျောင်းတပတ်ပတ်ပြေးရင် သူရဲမြင်ရတယ် ဆိုလို့ နေ့လည် ထမင်းစားပြီးတာနဲ့ ပတ်ပြေးတာ ကျောင်းတက်ချိန်မမှီဘူးဖြစ်သွားဖူးတယ်။ အဲဒါ မူလတန်းတုန်းက၊ မျက်နှာနီနီချွေးတွေပြန်နေပြီး ကျောင်းဝင်းထဲ ပြေးဝင်လာတော့ ဆရာမတွေ အလန့်တကြားဖြစ်တာပေါ့။ ကျောင်းကို ပတ်ပြေးတော့ ကျောင်းက ဘုန်းကြီးကျောင်းနဲ့ လဲ ဆက်နေတော့ အဝေးကြီးဖြစ်သွားတယ်လေ။

၅ တန်းတက်တုန်းက နေ့လည်မုန့်စားဆင်းချိန် ကြိုးခုန်တာ စကားများပြီး စိတ်မရှည်တာနဲ့ လက်ကို ကိုက်လိုက်တာ အကိုက်ခံရတဲ့ ကောင်မလေးဖျားပြီး ကျောင်းပျက်သွားသေးတယ်။ ခင်ခင်နိုင် တဲ့။ သူလဲ ကိုယ့်ကို ငယ်ကြောက်ဖြစ်သွားတော့တာပဲလေ။ အဲဒါဘေးချင်းကပ်ခုံမှာ ထိုင်တာပဲ။

ပုသိမ်မှာ မုန်တိုင်းတိုက်တဲ့ နှစ်က အဖေဘက်က အကိုကြီးဖြစ်တဲ့ ဘကြီးရဲ့ အိမ်မှာရောက်နေတဲ့အချိန်၊ လေတိုက်တာဘယ်လောက်ကြမ်းလဲ ဆို အိမ်အလယ်တိုင် လက်နဲ့ဖက်ရင်တောင်မမှီတဲ့ တိုင်လုံးကြီးကို ဖက်ထားရတယ်။ တံခါးပိတ်ဖို့သွားတာ သွားမရဘူး။ ညစာထမင်းလဲ ငတ်၊ အဲဒီအိမ်ဘေးက အဖေ့အမကြီးဆိုတော့ ၂ အိမ် တအိမ်ပေါင်းလိုက်ကြတော့ လူကြီးတွေက သွပ်မိုးတွေ လန် ရေတွေပက် လို့ စိတ်ညစ်၊ ကလေးတွေက စုပြီး သီချင်းတွေ အော်ဆိုကြ၊ ရယ်စရာတွေ ပြောပြီး ရယ်လိုက်ကြ လုပ်နေလို့။ နောက်နေ့ အပြင်ထွက်တော့ ဘေးပတ်ဝန်းကျင်က ရှင်းလင်း လို့ သစ်ပင်တွေ အကုန်လဲ ပြို၊ အိမ်ခေါင်းမိုးတွေ သွပ်ပြားမရှိနဲ့ လမ်းတွေပိတ်နေတာပဲ။ အဲဒီတော့မှ ညက တော်တော် ဆိုးသွားပါလား သိတော့တယ်။

ကျောင်းကြီးပိတ်ပြီဆိုရင် အမျိုးတွေထဲက တအိမ်စီမှာ လှည့်ပတ်နေကြတာပဲ။ တအိမ်တပတ် တချို့အိမ်ဆို တလလောက်ဖြစ်ကုန်ရော။ နည်းနည်းကြီးသွားတဲ့ အကိုအမတွေက ကျောင်းပိတ်ရက်မှာ ပို့စကဒ်တွေ လုပ်ပေးတယ်။ ပန်းချီဆွဲ အရောင်ခြယ် ကဗျာလေးတွေ ရေးပေးပေါ့။ ကျောင်းပြန်မတက်ခင် သူငယ်ချင်းတွေကို အဲဒါလေးတွေ ပေးတဲ့အခါ သိပ်မျက်နှာပွင့်တာပဲ။ သူတို့တွေမှာ အဲလိုလုပ်ပေးမယ့် အကိုအမ မရှိတော့ ဈေးထဲက တကယ့်ပို့စကဒ်တွေ ၀ယ်ပေးကြတယ်။ ငါ့အမတွေ လုပ်ပေးတာ ၀ယ်မလား ဆိုပြီး ရောင်းစားကြသေးတယ်။ အဲဒီကတည်းကဈေးရောင်းတာ ၀ါသနာပါတာ။ :P

၆ တန်းလောက်ထိ အဲလို ပို့စ်စကဒ်တွေ လုပ်ရောင်းကြတာ နာမည်ကြီးပဲ။ ကျောင်းကလဲ တကျောင်းထဲ ဆိုတော့ ၁၀တန်းလောက်က အကိုအမတွေ အခန်းကို သွားရတာကိုက မြောက်ကြွ မြောက်ကြွ၊ အကိုတယောက်က ပန်းချီတော်တယ် လက်ရေးလှတယ်။ အမတယောက်ကလဲ လက်မှုပညာတော်တယ် သူတို့နဲ့ ပေါင်းပြီး ရောင်းတမ်းဝင်ပို့စ်စကဒ်တွေ လုပ်ရတာမှ လက်မလည်ဘူး။

ထုတ်စီးတိုးတာကတော့ တော်တော်အသက်ကြီးတဲ့ထိ ညဘက်တွေမှာ ဆော့ဖြစ်တယ်။ ပိတ်ဖမ်းတာတို့ နောက်ပြန် ၀င်လိုက်တာတို့မှာတော့ ဆရာတဆူပါပဲ။ ခေါင်သူကြီးမလုပ်ရရင် နောက်ဆုံး စည်းကို တားတယ်။ အငြင်းသန်တဲ့လူကို မမိမိအောင်မှီရာ အတင်းဆွဲတတ်လွန်းလို့ အကျီ င်္တွေ စကဒ်တွေ ပြဲတဲ့ထိလဲ ဖြစ်ခဲ့ဖူးတယ်။

ပြန်တွေးရတာနဲ့ တင် တော်တော်တန်တဲ့ ပို့စ်လေးပါပဲ။ ဆက်ရေးရရင် တက္ကသိုလ်တက်တဲ့ထိ ဂိမ်းမာစတာ လုပ်ခဲ့ရတယ်ဆိုတာတွေ ပါလာဦးမှာမို့ ဒီမှာပဲ ရပ်ပါရစေတော့….။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

16 comments:

အမေ့သား said...

အစ်မလည်း အမေ့သားလိုပဲ မောင်နှမများတယ်နော်...ပျော်စရာကြီးနော် အစ်မ....ခုတော့ပြန်မရနိုင်တော့ပါဖူး အစ်မရယ်...

mirror said...

တနယ်ထဲသားတွေမလို့လားမသိ။
ငယ်တုန်းက ဆော့တာတွေအကုန်လုံးနီးပါး တူတူပဲ။
ဇာတ်ကတမ်းနဲ့ဘုန်းကြီးလုပ်တမ်းကစားတာတွေနားလဲ ရောက်ရော ခွိခွိနဲ့ ရီလိုက်ရတာ။ :D

ဒီလိုပဲ..တို့ တောခလေးတွေဆိုတာ သဘာဝကသင်တဲ့ သင်ခန်းစာတွေမှလဲ များကြီး၊ များကြီးနော် မကြီး။ :)

Kay said...

ဆိုးလိုက်တဲ့..ကောင်မလေး နော်း)

ကြွေပုဂံကွဲ ကို ပိုက်ဆံလုပ်တာ..ဘာလုပ် မြန်မာကလေးတွေ မှာ သွားတူနေပါလိမ့် နော်။ ကျပ်ခိုးက..ငံပြာရည်။ အုတ်နီမှုန့်က..ငရုပ်သီး။ ဘီရိုတွေကြားက..ပိုးကိုက်စာလေးတွေပါ..ဘိန်းစေ့လုပ်ဖို့ မကျန်။ ခေါင်ရမ်းပန်းကို ရေနဲ့ ညှစ် တော့..ပျစ်ချွဲ၂ နဲ့ ဆီချက်။ ဆနွင်းမှုန့်ကတော့..အိမ်က မီးဖိုချောင်ထဲ တက်နှိုက်..ဟိ

လွမ်း ထှာါ...

rose of sharon said...

ပျော်စရာကြီးအမရယ်... စိတ်တိုရင် ကိုက်တတ်တယ်ဆိုတော့ ဘန်ကောက်လာလည်မလို့စဉ်းစားနေတာ နဲနဲတွန့်သွားတယ်... (နောက်တာနော်)

နေ၀သန် said...

:P.. အစ်မရဲ့ ငယ်ဘ၀ကလည်း ဇနဲ့နော်... :P.. ကလေးဘ၀ကို ပြန်တွေးရင်ပျော်စရာကြီးနော်.. အစ်မငယ်ဘ၀ကျတော့ ဖတ်ရင်းနဲ့ပြုံးတုံ့တုံ့ဖြစ်မိတယ်.... အကိုက်ခံရမှာစိုးလို့ လက်တွေတောင် ယားလာတယ်.. :D

ခင်မင်လျက်
နေ၀သန်

ချစ်ကြည်အေး said...

အတော်လေး အဆော့သန် အကိုက်သန်တဲ့ အစ်မကြီးပဲ
သူနဲ့ ငယ်ငယ်က အိမ်နီးချင်း ကစားဖော် မဖြစ်ခဲ့လို့ တော်ပါသေးး)))))

Anonymous said...

ဘုန်းကြီးက ခပ်တည်တည်နေရတာပေါ့.. ဟိဟိ ရယ်စရာကြီး.. ညီမတို့တော့ ဘုန်းကြီးလုပ်တမ်း မကစားခဲ့ရဘူး.. မကေပြောတာတွေ အားလုံးလည်း ညီမတို့ လုပ်ဖူးတာတွေလေ....

အပေါ်က ပြောတဲ့အတိုင်းတွေးမိတာ.. အင်း ငယ်ငယ်က ဒီအစ်မကြီးနဲ့ သာ အိမ်နီးချင်းဖြစ်ခဲ့မယ်ဆို ငါချည်း ဗျင်းခံရမှာလို့.... ဟီးးးးးးးးး


စင်စင်

mstint said...

ပျော်စရာကောင်းတဲ့ ငယ်ဘဝလေးပဲနော်။
လူတစ်ယောက်ဘဝတစ်မျိုးဆီနဲ့ ငယ်ဘဝတွေကို
ဖြတ်သန်းလျှောက်လှမ်းကြရတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Thandar Lwin said...

အစ မှ အဆုံး ပြုံးပြီး ကိုဖတ်သွားပါတယ် ။ ကျမ လဲ အဲလိုဘဲလို့ ။

မိုးခါး said...

အမလေး မမခင်မင်းဇော်ရေ .. နောက်တခါဆို အဂန့်စ် မလုပ်ရဲတော့ပါဘူး .. :D
ဟုတ်တယ် .. ငယ်ငယ်ကတော့ ဆော့တာ အစုံပဲနော် .. ပြန်သတိရတော့ ပျော်သွားတယ် ..း)

aungnyc said...

ပို့စ်စကဒ်တွေ ရောင်းဘို့ ရှိ သေးတယ်။ ၀ယ်ချင် လို့။


ခင်မင်လျှက်

ဇွန်မိုးစက် said...

ဖတ်ပြီး ပြုံးနေရတယ် အစ်မ။ ပျော်စရာကောင်းလို့ အောက်မေ့စရာ အကြောင်းလေးတွေနော်။း))

Myat Pan Nwe (မြတ်ပန်းနွယ်) said...

အစ်မ ကလေးတုန်းက အကြောင်းလေးတွေဖတ်ပြီး ပြုံးရပါတယ်။

အစ်မရဲ့ တခြားပို့စ်တွေကို ဖတ်ဖူးသူမို့ ကျွန်မက အစ်မကို အားကျတယ်။

ခင်မင်လေးစားစွာဖြင့်
မြတ်ပန်းနွယ်

Anonymous said...

ခုရော ကိုက်တုန်းဘဲလား ဟင်င်င်င်င်င်င် တော်ပြီ တော်ပြီ မီးမီးကြောက်ကြောက်။



လင်းစ်

phung bella said...

hi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog

Anonymous said...

Money Make Online:

http://www.dataentryjobs.us/102269.html