Tuesday, August 26, 2014

ညှို့နိုင်လွန်းတဲ့ သိင်္ဂါရရွာ

                                (ပုံကို Photo:Ak20(PatheinCity.com) ကယူပါတယ်)
အင်တာနက်အသုံးပြုပြီး ဘလော့တွေ ဖေ့ဘွတ်တွေကို တွင်တွင်ကျယ်ကျယ် သုံးဖြစ်လိမ့်မယ်လို့တခါမှ မတွေးခဲ့မိ မမျှော်လင့်ခဲ့ပဲ အသက် ၄၀ လောက်မှ စသုံးတတ်ခဲ့။ ကျင်လည်ခဲ့ရတယ်။ ကိုယ့်လိုပဲ မြန်မာပြည်ထဲက သူငယ်ချင်းတွေ လဲ အင်တာနက်ကို ကောင်းကောင်းကြီး သုံးတတ်လာတော့ အွန်လိုင်းပေါ်မှာ ပြန်တွေ့ ပြန်ဆုံ ပြန်ပွားနဲ့ အတော့်ကို အသုံးဝင်ခဲ့ပါတယ်။ တယောက်နဲ့ တယောက် ဟိုတုန်းက အကြောင်းတွေ ပြော ဖြစ်သလို မဆုံခဲ့ရတဲ့နှစ်တွေက အခက်အခဲတွေ ရင်မောစရာတွေကိုလဲ မေးဖြစ် ပြောဖြစ်ကြပေါ့။ တချို့အကြောင်းအရာ ကိုယ်မေ့တာ သူတို့ ပြော သူတို့ မေ့တာ ကိုယ်ပြောနဲ့ ငယ်ဘ၀ ပြန်ရောက်ရသလိုပဲ ။ တလောက ပြန်ပြောဖြစ်ကြတဲ့အထဲမှာ ကြွက်နီအကြောင်း ဟာသတခုကိုသတိတရ ပြောဖြစ်တယ်။ သူ့အကြောင်းဆိုတော့ သူနဲ့ တွဲဘက် ကိုသျှပ် အကြောင်းလဲ ဆက်စပ်နေတာပေါ့လေ။ ဒါပေမယ့် ခေါင်းစဉ်တပ်လို့လဲကောင်း ဖတ်ရတာလဲ ရှင်းအောင် ငှက်လို့ ဒီထဲမှာ သတ်မှတ်လိုက်ကြစို့။
ခေါင်းစဉ်တပ်ရရင် ကြွက်နဲ့ ငှက် အလွဲလို့ တပ်ပေးရမယ် ထင်ပါရဲ့။

ကြွက်လား ငှက်လား လွဲချက်ရယ်

ဖြစ်စဉ်အစကို မပြောခင် ပါဝင်သူတွေကို အရင် မိတ်ဆက်ပေးဦမယ်နော်။ ကျမတို့ ပထမနှစ်တုန်းက မော်ကျွန်းကနေ ကျောင်းလာတက်တဲ့ ကောင်မလေး ချောချော တယော က်ရှိတယ်။ သူ့နာမည်ကိုတော့ TTO လို့ မှတ်ပါလေ။ အဲဒီခေတ်က ကျောင်းတက်ရင် အဆောင်မရခင် အပြင်ဆောင်မှာ နေရသေးတယ်။ အဆောင်မှာ သတ်မှတ်လူဦးရေ ပြည့်တဲ့ထိ ဘယ်သူအဆောင်ရတယ် မရဘူး ကျေညာပေးတယ်လေ။ အဲဒီမှာ မပါရင်တော့ အပြင်ဆောင်ပဲ နေတော့ပေါ့။ အဲဒီနှစ်က TTO က အတွင်းဆောင်မရဘူး။ အပြင်ဆောင်က တက်ရတယ်။ ပုသိမ်ကောလိပ် အပြင်ဆောင်တွေက တာလမ်းကြီးလို့ခေါ်တဲ့နေရာမှာ ရှိတယ်။ ကျောင်းနဲ့ မနီးမဝေးပေါ့။ ကျောင်းသူအများစုက နယ်က လာတာဆိုတော့ အဲဒီမနီးမဝေး ၁၀မိနစ်လောက်ခရီးကို လမ်းလျှောက်တတ်တာ များပါတယ်။ အဲဒီခရီးကို TTO က လမ်းမလျှောက်ဘူး။ ပန်းကမ္ဘာ စက်ဘီးအသစ်ချပ်ချွတ်နဲ့ ကျောင်းတက်တယ်။ နှာတံပေါ်ပေါ် အသားဖြူဖြူ နှုတ်ခမ်းချွန်ချွန်လေးနဲ့ အရပ်ကလဲ ရှည်ရှည် ဆိုတော့ အတော်ပေါ်လွင်တယ်။ အဲဒီမှာ ကောင်လေးတွေလဲ အီကြတာပေါ့။ အဲဒီထဲ ကြွက်ရော ငှက်ရော သူတို့ အုပ်စုလဲ ပါတယ်။ သူတို့က အုပ်စုလိုက်ကြီး အီတော့ ဘယ်သူကဘယ်သူလဲ ဆိုတာ ဘေးကလဲ မခွဲခြားနိုင်။ အအီခံရတဲ့ ကောင်မလေးလဲခွဲခြား မတတ်တွေ ဖြစ်တာပေါ့လေ။

သူတို့က ညတိုင်း အဲဒီမိန်းကလေးဆောင်ရှေ့ သီချင်းသွားသွားဆိုတယ်။ အော်မေ့လို့ အဲဒီ TTO က သဘောလဲ ကောင်းတယ် ။ ဖေါ်ဖေါ်ရွေရွေ လူတိုင်းကို နှုတ်ဆက် တတ်တော့ ကျမရဲ့ ညီမ၀မ်းကွဲနဲ့ လာပြီး ပေါင်းဖြစ်နေတယ်။ သူ့အိမ်တွေ ဘာတွေ လိုက်အိပ် ပြီး လည်တာ ဘာညာလဲ ရှိတော့ ကျမတို့နဲ့လဲ အရမ်းမတွဲဖြစ်ပေမယ့် မစိမ်းတဲ့ အနေအထားမှာ ရှိတယ်။ ပြောင်ပြောင်နောက်နောက် ရှိတယ် အဆက်အစပ်ရှိတယ်ပေါ့။ စာသင်ချိန်တွေဘာတွေဆိုလဲ ရှေ့နောက် ထိုင်ဖြစ်ကြတယ်။ ဆိုတော့ ခုန စကားပြန်ကောက်ရရင် သူတို့ညတိုင်း TTO အဆောင်ရှေ့ သွားသီချင်းဆိုပြီးရင် နောက်နေ့ဆို ကျမတို့က သိတာပဲ။ သူတို့ အုပ်စု ဘယ်အချိန်ကနေ ဘယ်အချိန်ထိ ဘာသီချင်းတွေ ဆိုတယ် ဆိုတာကအစ။ ကြွက်တို့ကို သွားမေးရင်လဲ တယောက်နဲ့တယောက်လွှဲချတာပေါ့။ သူလိုလို သူလိုလို ပေါ့လေ ။ အီနေတာတော့ အီနေတယ် ဆိုတာ သိသာတဲ့ စကေးကြီးကလဲ ရှိပေါ့။ နောက် တဖွဲ့လုံးကို တဖြည်းဖြည်း စုံစမ်းတော့ ကြွက်နဲ့ ငှက်နဲ့ ၂ယောက်က အီဇယားရဲ့ ထိပ်ဆုံးမှာကျန်နေတယ်။ (စကားချပ်....သူတို့ ၂ယောက်လုံးကလဲ တခြားလူတွေ မသိဘူးဆိုတဲ့အထာနဲ့ပေါ့။)

အဲလို ၂ယောက်ပြူးကြီးနဲ့ ဇာတ်လမ်းက ဆက်နေတော့ TTO ဘက်ကလဲ ဘယ်သူမှန်းမသိ ဖြစ်နေတာပေါ့လေ။ ဒီတော့ ဟိုက မိန်းမဥာဏ်နဲ့ ဇာတ်လမ်းတခု ဆင်လိုက်တယ်။ သူ့ကိုယ်သူ မာမီလို့ သုံးလိုက်ပြီး ငှက်ကို ဒယ်ဒီ လုပ်ပစ်တယ်။ အလိုလိုနေရင်း ကြွက်က သားသား ဖြစ်သွားရော။ မာမီ့စက်ဘီးနောက်မှာဒယ်ဒီ ပါသွားလိုက်။ သားသား ပါသွားလိုက်နဲ့။ ပုသိမ်ကောလိပ်ရဲ့ မိုးပြာမှာ အုပ်စုလိုက် ထိုင်နေချိန် မာမီရောက်လာပြီဆို သားသားရော ဒယ်ဒီရော အဲဒီဝိုင်းရွှေ့သွားရော။ ကျမတို့ပါ မာမီတွေ ဒယ်ဒီတွေ ဖြစ်လိုက်သေးတယ် ဆိုပါတော့။
ဒီလိုနဲ့...။
တနေ့ညဘက် အဲဒီအဆောင်ရှေ့ သွားဆိုကြတယ်။ အဖွဲ့လိုက်ပဲ။ သူတို့သွားဆိုတိုင်း ည ၃နာရီ ၄ နာရီထိ။ TTO ကလဲ ဇွဲကောင်းတယ် ။ မပြန်မချင်း ပြတင်းပေါက်က အားပေးတာ။ လဘက်သုပ်တွေ ချပေးတဲ့အခါ ချပေးပေါ့လေ။ သူတို့ကလဲ အရက်လေး သောက်လိုက် လဘက်သုပ်လေး စားလိုက် သီချင်းဆိုလိုက်ကြပေါ့။ အဲဒီလိုနေရာတွေကပဲ ငှက်က သူ့သူငယ်ချင်းတွေကို ဟာမိုနီ ဆိုတတ်အောင် သင်ပေးခဲ့တာပါ။ ဟာမိုနီပါတဲ့ သီချင်းတွေဆိုရင် ဘယ်သူက ဘာအသံကို ဆို။ ဘာသူက ဘာကိုအော်ပေါ့ ။
အဲဒီနေ့က ညနက်လာတော့ အေးတာလဲ အရမ်းပဲပေါ့။ ဒါနဲ့ အဆောင်ထဲက ဂျင်းဂျာကင်ပစ်ချပေး လာတယ်။ သီဆိုနေသူများဆီပေါ့။ အဲဒီမှာ ဇယားထိပ်မှာ ရောက်နေတဲ့၂ယောက်က ဖမ်းလိုက်တော့ ကြွက်က ရတယ်။ ကြွက်ကလဲ သူ့ပေးတယ် ထင်ပြီး ၀တ်ထားတာချွတ်ကို မချွတ်တော့ဘူး။ နောက်နေ့ ကျောင်းပိတ်ရက်ဆိုတော့ အဲဒီအဖြစ်အပျက် ကျမတို့လဲ မသိဘူးပေါ့။ တနင်္လာနေ့ ကျောင်းတက်တော့ နေပူပူထဲ ကြွက်က ဂျင်းဂျာကင် ၀တ်လို့။ ကြွားလို့မဆုံး ထူးခြားလို့။ ထုံးစံအတိုင်း သီချင်းတိုက်ကြတော့ TTO ရောက်လာပါလေရော။ ရောက်ရောက်ချင်းပဲ ဟဲ့ အဲဒါ ဒယ်ဒီ့ကို ပေးတာလေ ဆိုတော့ ကြွက် ရှက်ပြီး သီချင်းတိုက်နေရာက ထွက်ပြေးတာပဲ။
နောက်နေ့ ထိ ကြွက် ရှက်ပြီး မတီးတော့ပါဘူးဆိုပြီး ထွက်ပြေးနေလို့ TTO က အမကြီးစားသောက်ဆိုင်က ဆီချက်ကျွေးပြီး ချော့ခဲ့ရတာ မှတ်မိသေးတယ်။

ငှက်ကရော အဲဒီဂျာကင်လေး ဘယ်အချိန်ထိ ၀တ်သွားလဲ ကျမမမှတ်မိတော့ပါဘူး။ ဒါပေမယ့် အဆောင်ရှေ့ဟာ သူတို့ရဲ့ အဆိုလေ့ကျင့်ကွင်းဖြစ်ခဲ့သလို စာသားသစ်တွေ အကြောင်းအရာသစ်တွေ ပေါ်ထွက်လာရာ နေရာလဲ ဖြစ်ခဲ့ပါတယ်။ ကျမတို့က ငှက်ကို ဒယ်ဒီလို့ ခေါ်ခဲ့ဖူးတာလဲ သတိတရ ရှိပါသေးတယ်။ အဲဒီချိန်ကစပြီးကြွက်လဲ TTO အစွဲကျွတ်ပြီး မာ ဘ၀ပြောင်းသွားခဲ့တယ်လို့ ထင်တာပဲနော်။

(ချစ်စွာသော ကြွက်ရေ။ ဒီသတိတရ စာလေးဖတ်မိပြီး ငါ့ကို မဆဲပါနဲ့လို့ ကြိုတင်တောင်းပန်လိုက်ပါတယ်။ မော်ကျွန်းကိုလဲ တခါလောက် သွာလည်ကြရအောင်လေ။ )
ဆက်ရန်...

2 comments:

Anonymous said...

ပျော်စရာကြီးနော် ..အစ်မ ...
ပေါက်ပေါက်ဆိုတာရော ပုသိမ်ကပဲလား


pifpif

Mrs. Bagel said...

ပစ်ချတာ နေရာလွဲသွားတာ နေမှာပေါ့ အစ်မ။ :)