ဒီနေ့ ကော်ဖီဆိုင်က မထင်မှတ်ပဲ လူများနေတာ တွေ့ရတယ်။ ခါတိုင်းထိုင်နေကျ ညာထောင့် စားပွဲမှာလဲ လူရှိနေတယ်။ ဆိုင်ထဲ ဝေ့၀ဲကြည့်လိုက်တော့ တယောက်တည်းထိုင်နေတဲ့ စားပွဲ တခုပဲရှိနေပြီး အဲဒီစားပွဲကလဲ လေးယောက်ထိုင်ခုံနဲ့ စားပွဲဖြစ်နေတာ တွေ့တာနဲ့ ခွင့်တောင်းပြီး ၀င်ထိုင်လိုက်တယ်။
" ဟလို .. ပါပါးလား တို့အခု ကော်ဖီဆိုင်ထဲရောက်နေပြီ။ ထူးထူးဆန်းဆန်း လူများနေလို့။ ဒါပေမယ့် ထိုင်စရာနေရာတော့ ရပြီ။ကော်ဖီသောက်ရင်း ထိုင်စောင့်နေမယ်။ ခုထွက်လာတော့..။ မြန်မြန်လာနော်"
++++++++++++++++
ကော်ဖီဆိုင်မှာ ထိုင်ရင်း ဒီနေရာမှာ ယိုင်နဲ့နဲ့အကြော်ဆိုင်ရှိခဲ့တာ သတိရမိတယ်။ ကောလိပ်ကျောင်းနားဆိုတော့ လူမပြတ်တဲ့ အကြော်ဆိုင်ပေါ့။ ဒီနားက ဘုရားလေးကလဲ အရင်အတိုင်းပါပဲ။ ဒါပေမယ့် ခုတော့ ပိုပြီးတောက်ပြောင်နေတာပေါ့။ လမ်းတဖက်မှာ အရင်ကရှိခဲ့တဲ့ စာအုပ်အငှားဆိုင်တွေ၊ ယောက်ျားလေး မိန်းကလေး အဆောင်တွေ နေရာမှာလဲ တိုက်အိမ်တွေဖြစ်လို့။ အဲ့ဒီဟိုဘက်က လယ်ကွင်းတွေက ခုတော့ အဆင့်မြင့်အိမ်ယာ ဖြစ်နေပြီ။ ကောလိပ်ကျောင်းကလဲ ခုတော့တက္ကသိုလ်အဖြစ် အဆင့်မြှင့်လို့ ဆိုတော့ အရာရာ အသစ်ဖြစ်နေပြီ။ ကိုယ့်ကိုလဲလူတွေ မမှတ်မိ ကိုယ်သိတဲ့လူတွေလဲ တယောက်မှ မရှိတော့တဲ့ အခြေအနေပါလား။
ကိုယ်ဒီမြို့လေးကို မိဘတွေ တာဝန်ရွှေ့ပြောင်းလို့ လိုက်လာခဲ့ရပေမယ့် အဲဒီအချိန်က ဆေးကျောင်းတက်နေချိန်ဆိုတော့ ကျောင်းပိတ်ရက်လောက်ပဲ လာဖြစ်ခဲ့တာကိုး။ ရင်းရင်းနှီးနှီးပေါင်းသင်း ခဲ့သူတောင် သိပ်မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီမြို့လေးကို ဘယ်တော့မှမမေ့ခဲ့ဘူး။ ဘာလို့လဲ ဆို ဒီမြို့မှာပဲ ကိုယ့်နှလုံးသားက ထားခဲ့ရတာကိုး။ ခုတော့လဲ သူ ဘယ်ရောက်နေတယ် မသိတော့ပါဘူး။ စိတ်ကူးထဲမှာတော့ သူ့မျက်နှာ သူ့စကားသံက ထုံ့ပိုင်းထုံ့ပိုင်း ၀င်လာတတ်သေးတယ်။
"တယောက်တည်း မဟုတ်လားဟင်။ ကျမ ဒီမှာ ထိုင်ပါရစေ။ ဒီဆိုင်မှာ ကျမ ချိန်းထားတာလေးတခု ရှိလို့ပါ။ တခြားခုံတွေမှာလဲ လူပြည့်နေလို့နော်"
ဒီအသံကိုကြားလိုက်ချိန်မှာ ကိုယ်ကိုမတ်ကနဲ ပြင်ထိုင်လိုက်မိတယ်။ သူ့မျက်နှာမှာ အထင်ရှားဆုံး ညာဘက်မျက်ခုံးထောင့်က မှည့်ကို မြင်လိုက်ချိန်မှာ ကိုယ်အသက်ရှုဖို့မေ့သွားတယ်။ ခေါင်းကို ခပ်မြန်မြန်ညိတ်ပြလိုက်မိတယ် ထင်တာပဲ။ သူဝင်ထိုင်လိုက်တယ်။ သူကိုယ့်ကို မမှတ်မိတော့ပါလား။ သူကတော့ ပြည့်လာတယ်လို့ ပြောနိုင်ပေမယ့် အရင်က ပုံစံနဲ့ သိပ်မပြောင်းလဲခဲ့ဘူး။ ဆံပင်ကို စုစည်းထားနေကျ သူက ခုတော့ နောက်မှာ ဖဲပြားကလစ်ညှပ်ပြီး ဆံထုံးဆန်ဆန်ထုံးဖွဲ့ထားတယ်။ ခပ်ရှင်းရှင်း သူ့မျက်နှာမှာ ကိုယ်မေ့မရဆုံးဖြစ်ခဲ့တဲ့ မျက်ဆန်ညိုညို တောက်တောက်တွေက အရင်အတိုင်းပဲ။ ပုံကျကျ နှုတ်ခမ်းပေါ်မှာတော့ အရင်လို နှုတ်ခမ်းရောင်ရင့်ရင့်တွေ မရှိတော့ပဲ ခပ်ဖျော့ဖျော့ ဆိုးထားတာတွေ့တယ်။ သူဖုန်းဆက်နေတဲ့အသံနားထောင်ရင်း ခပ်သွက်သွက် ရယ်ပြောတတ်တဲ့ သူ့လေသံတွေက ပေါ့ပေါ့ပါးပါး ရှိနေတုန်း။
+++++++++++++++++++++++++
ရှေ့က လူကြီးက ကျမကိုဘာလို့ကြည့်နေပါလိမ့်။ စိတ်အိုက်လိုက်တာ။ ဒါနဲ့ အိမ်ကယောက်ျားကို ဖုန်းဆက်လိုက်ရတယ်။ အမြန်လာဖို့၊ တခါတည်း အိမ်က ထွက်ရမှာကို ခြေရှည်တော်မူတယ် ကိုယ်တော်က။ သူ့အလုပ်တခုဆီကို အရင်သွားပြီး ဒီမှာ လာဆုံမယ် ဆိုပဲ။ ကော်ဖီကြိုက်တဲ့ ကျမကို ကော်ဖီဆိုင်က စောင့်ခိုင်းတာ အခွင့်အရေးပဲ ပေးသလိုလို။ ခါတိုင်းလိုဆို ဘာအရေးလဲ တမေ့တမော ထိုင်နေလို့ ရတာပဲ။ ခုက ဆိုင်မှာ လူက မကျစဖူးကျလို့။ သူများထိုင်တဲ့ စားပွဲ ၀င်ထိုင်နေရတာ မမိုက်လိုက်တာ။
++++++++++++++++++++++++
အအေးခန်း ကော်ဖီဆိုင်ထဲ စိတ်အိုက်နေပုံ မြင်ရတော့ စိတ်ထဲ အတော်ရယ်ချင်သွားတယ်။ ခုထိ သူ့မျက်နှာက ဟန်ဆောင်မှုအတတ် မကျွမ်းသေးဘူးကိုး။ နည်းနည်းစချင်စိတ်တောင် ဖြစ်မိသေးတယ်။ ဒါပေမယ့် ကိုယ်စကားသွားပြောလို့ ကိုယ့်ကို မှတ်မိသွားမှာလဲ စိုးတယ်။ ဆေးမဆိုးပဲ ထားတဲ့ ဆံပင်ဖြူတွေနဲ့ အထိန်းအကွပ်မဲ့ ဘ၀မှာ နေချင်သလို နေ စားချင်သလိုစား လုပ်ထားတဲ့ ၀တုတ်တုတ် ကိုယ်ထည်ကြောင့် သူမမှတ်မိတာပဲ ကံကောင်းသလို ထင်မိတယ်။ လက်ထဲက အိုင်ပက်ကို ဟိုပွတ်ဒီပွတ်လုပ်ရင်း မသိမသာ အကဲခတ်နေတာပဲ ကောင်းမယ် ထင်ပါရဲ့။ တကယ်တော့ ကိုယ်ဟာ ဘ၀မှာ ငွေကြေးနဲ့ အောင်မြင်မှုနောက်လိုက်ရင်း ကျဆုံးနေသူပါ။
++++++++++++++++++++++++++++++
"ကိုကိုက ကျမကို မရွေးပဲ သူ့ကိုရွေးသွားပြီးမှ ဘာလို့ စကားပြောချင်တယ် ဖြစ်နေရတာလဲ။ ကျမက ထပ်မတွေ့ချင်တော့ဘူးလေ။ ကျမဆီ ဖုန်းလဲ မဆက်ပါနဲ့ ။ စာလဲ မရေးပါနဲ့တော့။ ဒါနောက်ဆုံးပဲ ဖြစ်ပါစေ။ ဒီအသံကိုတောင် ကျမက မကြားချင်တော့ဘူးရှင့်"
ဖုန်းထဲကနေ ခပ်ဖွဖွ ပြောနေတဲ့ သူ့အသံကို နားထောင်ရင်း ထင်သလောက်တော့ သူဝမ်းနည်းကြေကွဲနေတာ မဟုတ်ဘူးလို့ မှတ်ချပြုရင်း စိတ်ချလက်ချ ဖုန်းချလိုက်တော့တယ်။ သာမန်မိန်းကလေးတယောက်ပေမယ့် သူ့ကို ချစ်တဲ့ အချစ်စိတ်က ဘာနဲ့မှ နှိုင်းမရဘူးဆိုတာ ကိုယ်တိုင်သိပေမယ့် သူသိအောင်လဲ မပြောချင်တော့။ ဒါပေမယ့် ဘ၀ကို အချစ်တခုတည်းနဲ့ မတည်ဆောက်နိုင်ဘူးလို့ ကိုယ်က ယုံကြည်နေတော့ ဘယ်လောက်ချစ်ချစ် သူ့ကို ထားခဲ့ရတော့မယ်။
အခု ကိုယ်လက်ထပ်မယ့် မိန်းကလေးက သူ့လောက်မငယ်ပေမယ့် ရာထူးကြီးကြီး အသိုင်းအ၀ိုင်းက ဖြစ်သလို သူ့အဖေလုပ်တဲ့ ဌာနက ၀င်ငွေကောင်းတဲ့ ဌာနဆိုတော့ ကားထည်လဲ စီးနေနိုင်တယ်။ ခြံကျယ်ကျယ် တိုက်တလုံးလဲ လက်ဖွဲ့ဦးမယ် ဆိုတော့ ကိုယ့်မိဘတွေကို ပင်စင်ယူချိန်မှာ ကောင်းကောင်းထားနိုင်ဖို့ ဒီနည်းကလွဲ တခြားနည်းမရှိတော့ဘူးလို့ ထင်တာပဲ။ အဖေကတော့ ဒီမိန်းမကို လက်ထပ်မယ်ဆိုတော့ အံ့သြတဲ့ မျက်လုံးနဲ့ ကြည့်သေးတယ်။ ဘ၀မှာ ငွေရှိရင် ဘာမဆို အဆင်ပြေသွားမှာပါ အဖေလို့ ကိုယ်ကပြောတော့ ခေါင်းတယမ်းယမ်းနဲ့။ အမေကတော့ကိုယ်တို့လူမျိုးရိုးရာအတိုင်း သတို့သားကို ခြံကျယ်ကျယ် တိုက်တလုံး လက်ဖွဲ့နဲ့ တင်တောင်းမယ့် ချွေးမလောင်းဖက်ကို အလေးသာခဲ့ပြီးသားလေ။
အခု ကိုယ်လက်ထပ်မယ့် မိန်းကလေးက သူ့လောက်မငယ်ပေမယ့် ရာထူးကြီးကြီး အသိုင်းအ၀ိုင်းက ဖြစ်သလို သူ့အဖေလုပ်တဲ့ ဌာနက ၀င်ငွေကောင်းတဲ့ ဌာနဆိုတော့ ကားထည်လဲ စီးနေနိုင်တယ်။ ခြံကျယ်ကျယ် တိုက်တလုံးလဲ လက်ဖွဲ့ဦးမယ် ဆိုတော့ ကိုယ့်မိဘတွေကို ပင်စင်ယူချိန်မှာ ကောင်းကောင်းထားနိုင်ဖို့ ဒီနည်းကလွဲ တခြားနည်းမရှိတော့ဘူးလို့ ထင်တာပဲ။ အဖေကတော့ ဒီမိန်းမကို လက်ထပ်မယ်ဆိုတော့ အံ့သြတဲ့ မျက်လုံးနဲ့ ကြည့်သေးတယ်။ ဘ၀မှာ ငွေရှိရင် ဘာမဆို အဆင်ပြေသွားမှာပါ အဖေလို့ ကိုယ်ကပြောတော့ ခေါင်းတယမ်းယမ်းနဲ့။ အမေကတော့ကိုယ်တို့လူမျိုးရိုးရာအတိုင်း သတို့သားကို ခြံကျယ်ကျယ် တိုက်တလုံး လက်ဖွဲ့နဲ့ တင်တောင်းမယ့် ချွေးမလောင်းဖက်ကို အလေးသာခဲ့ပြီးသားလေ။
အံ့သြဖို့ကောင်းတာက ဒီလိုထားခဲ့ရင် သူငိုနေမလားလို့ စိတ်ထဲတွေးထင် သနားနေမိတာတွေ အားလုံးက ပြောင်းပြန်ဖြစ်ခဲ့ရတာပဲ။ လုံးဝ မငိုပေမယ့် မှုန်တည်တည် သူ့စကားတွေက ကိုယ့်ထက် ငါးနှစ်ငယ်တဲ့ မိန်းကလေးပြောနေတာမှ ဟုတ်ရဲ့လားလို့ အံ့သြခဲ့ရတဲ့ အထိ တည်ငြိမ်အေးစက်လွန်းနေတယ်။ ကိုယ်မျှော်လင့်တာက သူငိုမယ် သူ့ကို မထားခဲ့ဖို့ ပြောလိမ့်မယ်လို့ ထင်ထားတာ။
+++++++++++++++++++++++++++
"ကိုကိုရွေးတဲ့လမ်း ပဲ သွားပေါ့။ ဘ၀တလျှောက်လုံးပျော်ရွှင်ပါစေလို့ပဲ ဆုတောင်းပေးပါတယ်။ ကံရှိလို့ ဆုံကြရတာပဲ မဟုတ်လား။ ကျမအပေါ် ဘာအခွင့်အရေးမှ မယူခဲ့တဲ့အတွက်လဲေ ကျးဇူးတင်ပါတယ်။ ဒါပေမယ့် ကျမကို ထပ်မံပတ်သက်ဖို့ တော့ မစဉ်းစားပါနဲ့။ ကျမဘ၀ထဲက အပြီး ထုတ်ပစ်လိုက်ပြီနော်။"
မျက်ရည်လုံးဝမကျပဲ ပြောပြီးထွက်သွားတဲ့ အသက် ၂၀ အရွယ်ကောင်မလေးတယောက်က အဲဒီနှစ်ရဲ့ နောက်ဆုံးနှစ်စာမေးပွဲကို ဂုဏ်ထူးတွေ တွေအများကြီးနဲ့ အထူးအောင် ဆိုတဲ့ စာတန်းနဲ့ အောင်သတဲ့။ သူ့အောင်စာရင်းကို တိတ်တဆိတ်သွားကြည့်မိတဲ့ ကိုယ့်မျက်လုံးထဲမှာတော့ သူ့နာမည်ကြည့်နေရင်း သူထီမထင် မျက်နှာပေးကို မြင်ယောင်မိနေတယ်။ သူဝမ်းနည်းပြီး စာမကျက်နိုင်ဖြစ်နေလား။ စာမေးပွဲကျရှုံးလေမလားလို့ စိုးရိမ်မိခဲ့တဲ့ စိတ်တွေဟာ တကယ်တော့ သူ့ကို ငါဘာမှ နားမလည်နိုင်ခဲ့ သူတယောက်ပါလားလို့လဲ တွေးမိစေခဲ့တယ်။
ကိုယ်လက်ထပ်ပြီးချိန်မှာတောင် သူမဟာသိပ္ပံတက်တာ။ ကျောင်းပြီးတော့ လုပ်ငန်းတခုမှာ အလုပ်ဝင်နေတာ ၊ အဲဒီအလုပ်မှာ သူက အောင်မြင်နေတာတွေကို ဘာလို့ လိုက်စုံစမ်းမိနေတယ် မသိခဲ့ဘူး။
တချိန်တည်းမှာပဲ သမီး ၂ယောက် ပိုင်ဆိုင်ပြီး သူ့ကိုယ်သူ လှပအောင် မွမ်းမံနေတတ်တဲ့ ဇနီးလှလှတယောက်နဲ့ အင်မတန်အားကျစရာလို့ လူအထင်ကြီးခံရတဲ့ ကိုယ့်ဘ၀မှာလဲ လူမသိ သူမသိ ကံကြမ္မာဆိုးက ၀င်လာခဲ့သေးတယ်။ ဘာကိုမှ သည်းမခံတတ် အလိုမကျတတ် ပဲ လိုချင်လောဘကြီးတတ်တဲ့ ဇနီးနဲ့ ခွန်းကြီးခွန်းငယ် စကားများရတဲ့ ညတွေ ရက်ဆက်လာတဲ့ အိမ်ထောင်သည် ဘ၀ကြီးမှာ လှလှပပကြီး ကိုယ်ရှုံးနိမ့်ခဲ့တယ်။ အရက်နဲ့ စိတ်အနာကို ဖြေသိမ့်ရင်း ကိုယ်ကလဲ အရက်ရဲ့ကျေးကျွန်ဖြစ်နေရပြီ။ ကျမက ရှင့်အချစ်ကိုမှ မရခဲ့တာလို့ မျက်ရည်တွေနဲ့ ပြောနေတဲ့ ဇနီးသည်ကို သမီး၂ယောက်မျက်နှာနဲ့ ကိုယ်ခွင့်လွှတ်ပေးခဲ့ပြီးတဲ့နောက်မှာ အရက်ကိုပါ စွန့်လွှတ်ပေးပြီးတဲ့နောက်မှာ ငွေဆိုတာ ဘာမှမဟုတ်ဘူး ။ ငွေရှိပေမယ့် အဆင်မပြေနိုင်တဲ့ အခြေအနေ ရှိနေပါသေးလားလို့ နှောင်းတဲ့ နောင်တတွေ ရခဲ့တော့တယ်။
အများအမြင်မှာ လိုက်ဖက်ညီလှတဲ့ ကိုယ်တို့မိသားစုရဲ့ အတွင်းပိုင်းအေးစက်မာကျောမှုတွေကို သမီးတွေ မခံစားရစေဖို့ ကြိုးစားရင်း ဘ၀ကို ရေစုန်မျောနေခဲ့မိတယ်။ ကိုယ့်နာမည်တွေနဲ့ အိမ်တွေ တလုံးပြီးတလုံးဝယ်နေရင်း ဘ၀ရဲ့ အဓိပ္ပါယ်ကို ရှာဖွေနေမိတော့တယ်။
+++++++++++++++++++++++++++++++
"ဟေး ပါပါး ဒီမှာ ဒီမှာ ဒီကိုလာ ....."
အတိတ်ကို ရောက်နေတဲ့ ကိုယ့်စိတ်တွေက သူ့အသံကြောင့် ပစ္စုပ္ပန်ထဲ ပြန်ရောက်လာတယ်။သူနဲ့ သက်တူရွယ်တူ အမျိုးသားတဦးက ဆယ်ကျော်သက် သားလေးတယောက်နဲ့ ၀င်လာတာ တွေ့ရတယ်။ အော် ဒါ သူ့သားလေး ထင်ပါရဲ့။ အဖေအမေနှစ်ယောက်လုံးနဲ့ ခပ်ဆင်ဆင်တူတဲ့ ကလေးက ကိုယ့်ဘေးက ခုံမှာ ၀င်ထိုင်လိုက်တယ်။ ကိုယ့်မျက်နှာချင်းဆိုင်မှာ သူ့အမျိုးသားက ၀င်ထိုင်ရင်း ကိုယ့်ကို ရယ်ပြလိုက်တော့ အလိုက်သင့်ပဲ ကိုယ်ပြန်ရယ်ပြရင်း ထထွက်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။
" ထိုင်ပါ အကိုကြီး။ ကျနော်တို့ ခုပဲ ထွက်တော့မှာ။ ကျနော်တို့ နက်ဖြန် မြန်မာ့ရိုးရာ အဆင့်မြင့် စားသောက်ဆိုင်အသစ်တခု ထပ်ဖွင့်ဖို့ရှိတယ်။ အဲဒါပြင်ဆင်ထားတာ သွားကြည့်မလို့ခင်ဗျ။ အကိုကြီး ဒီမြို့က မဟုတ်ဖူးထင်တယ်။ နောက်တခေါက်မြို့ကို လာလည်ရင်ဖြစ်ဖြစ် မနက်ဖြန် လမ်းကြုံရင်ဖြစ်ဖြစ် ကျနော်တို့ဆိုင်ကို ၀င်လာနိုင်ပါတယ်။ ခဏ.. သားသား ဒီဦးဦးကို လိပ်စာကတ်လေးပေးလိုက်ပါဦး။"
ကလေးက သူဆွဲလာတဲ့ အိတ်ထဲကနေ လိပ်စာ ကတ်တခု ကိုယ့်လက်ထဲကမ်းပေးရင် ပြုံးပြနေတယ်။ ကိုယ်ပြန်ပြုံးပြလိုက်ရင်း သူမဘက်ကို လှည့်ကြည့်လိုက်တော့ လှိုက်လှိုက်လှဲလှဲ သူအပြုံးက မြင်ရသူတိုင်းကို ကူးစက်တဲ့ အပြုံး ။ မျက်လုံးတွေပါ လိုက်ပြုံးနေတဲ့ အပြုံး၊ အဲဒီအပြုံးနဲ့ ကြည်ကြည်စင်စင် ကိုယ့်ကို ကြည့်လို့။
" ဒါဆိုလဲ သွားကြမယ်လေ။ သွားလိုက်ပါဦးမယ်ရှင့်။ ကျမတို့ဆိုင်လဲ လာဖြစ်အောင် လာပါဦးနော်။ ဒါက သားလေး နာမည်နဲ့ ဖွင့်ပေးထားတာ"
ခပ်သွက်သွက်နှုတ်ဆက်သံနဲ့ စတင်ရွေ့လျားသွားတဲ့ သူ့နောက်ကနေ သူ့အမျိုးသားနဲ့ သူ့သား လိုက်ပါသွားတယ်။ မြန်မာ့ရိုးရာ အဆင့်မြင့်စားသောက်ဆိုင်ဆိုတော့ သူ့လက်ရာ ငှက်ပျောပေါင်း တခွက် စားဖူးတာ သတိရမိတယ်။ သူ ဒါတွေ ဘယ်လိုများ ချက်ပြုတ်ဦးစီးတတ်သွားခဲ့သလဲ ဆိုတာ စဉ်းစားမိရင်း လက်ထဲက လိပ်စာ ကတ်ကို ကြည့်လိုက်မိတော့ ရင်ဘတ်ထဲက ဆတ်ကနဲ နာနာကျင်ကျင်ခံစားလိုက်ရတယ်။
"ဝင်းသန့် မြန်မာ့ရိုးရာအဆင့်မြင့်စားသောက်ဆိုင်" တဲ့။
+++++++++++++++++++++++++
မနေ့ညနေက မြို့ကလေးရဲ့ အထွက် အဝေးပြေးလမ်းမကြီးမှာ ကားတိုက်မှုတခု ဖြစ်ပြီး လူသေတယ်တဲ့။ သေဆုံးသွားသူက ဒေါက်တာ ၀င်းသန့် ဆိုပါလားး။ ဘုရားရေ။
×××××××××××××××××××××××××××××××
(စိတ်ကူးယဉ်ရေးဖွဲ့ခြင်းသာ ဖြစ်ပါသည်)ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
9 comments:
လာလည်ဖတ်ရှူသွားပါကြောင်း... ဒေါက်တာဝင်းသန့်က ဆိုင်ကအပြန်လမ်းမှာကားတိုက်မှူဖြစ်တာထင်တယ်နော်.. အတွေးတွေကျန်စေခဲ့တဲ့ဇာတ်လမ်းကောင်းလေး...
အမ ကလည်း ကိုယ့်ငယ်ချစ်ဟောင်း ကို ဘယ်လိုမှ မမှတ်မိ တော့ဘူးလား.. :P
ဖတ်လို့ကောင်းတယ် ညီမရေ ကျေးကျေး
ရွှေစင်ဦး
စိတ်ကူးယဉ်သက်သက်ဆိုပေမယ့်
ဖြစ်ရပ်မှန်လေးလိုပဲ...
ဖတ်ကောင်းတယ်ကြည်ရေ။
ဖောရေ.... စိတ်ကူးယဉ်ဇာတ်လမ်းလေးပါနော်။
ကေ... မှတ်မိချင်လဲ မှတ်မိမှာပေါ့။ မမှတ်မိချင်ယောင်ဆောင်တာနေမယ်နော် ။
မရွှေစင်... ကျေးဇူးနော်။
တီတင့် ... ဖတ်ဖို့ ပို့စ်တခုရသွားပြီနော်
ညီမသာဆို ရစဟ အမည် ကိုယ့်ကလေးကို မပေးပေါင်
ဟမ်
အမလဲ ပေးမထားဘူး စင်စင် (((ဟမ်)))
(y) :)
(y)
Post a Comment