၈နာရီခွဲမှ နိုးတော့ ဈေးသွားရမှာလဲ ပျင်းတယ်။ ဒါနဲ့ အိမ်နားက မုန့်ဟင်းခါးဆိုင်မှာ အသုပ်စုံဝယ်စားလိုက်တယ်။ ပြီးတော့ ဒီနေ့ ဘုန်းကြီးကျောင်းဆွမ်းပို့ရမယ့်နေ့ ဆိုတော့ ညကတည်းက ကုလားပဲ ရေစိမ်ထားတာ ရှိတယ်။ ဒါနဲ့ ဈေးမသွားတော့ပဲ ရှိတာနဲ့ ချက်မယ် ။ ပဲဟင်းချိုကို ပဲကြာဇံခတ်လိုက်တယ်။ မနေ့ညနေကတည်းက ရေစိမ်ပြီး နွင်ထားတဲ့ ငါးကျည်းကျပ်တင်ကို ငရုတ်သီးစပ်စပ်နဲ့ ကြော်တယ်။ ဟင်းသီးဟင်းရွက်ဘာကျန်လဲ ကြည့်တော့ ဂေါ်ရခါးသီး သုံးလုံး ရှိတာနဲ့ အဲဒါကို ကြော်လိုက်တယ်။ ဘုန်းကြီးဆွမ်းကပ်ဖို့ရယ် အိမ်အတွက် မနက်စာရယ် ရပြီဆိုပြီး ထားလိုက်တယ်။ ပြီးတော့ မီးဖိုချောင်ရေဆေးတယ်။ (တပတ်တခါ ကြမ်းပြင်တွေကိုပါဆေးရတယ်။ ခုငှားနေတဲ့အိမ်က နောက်ဖေးခန်း ကြွေပြားကပ်မထားလို့ မမိုက်ဘူး။)။ ထိုင်ခုံအခင်းတွေ မှီအုံးအစွပ်တွေ အကုန်လျှော်တယ်။ ရေချိုးဖို့ လုပ်နေတုန်း အမေရိကားက ဖုန်းလာတယ်။ ထုံးစံအတိုင်း သူတို့က ဖုန်းကဒ်မကုန်မချင်း ပြောတာ ။ နောက် ပီအေကို ဆက်ပြောဖို့ လက်လွှဲပြီး ရေချိုး ခေါင်းလျှော်။ မနက်စာ စားတော့ နေ့လည် ၁ နာရီ။ ဟင်းတွေ ကုန်သွားတယ်။ ညစာကတော့ ဖြစ်သလိုလေးပေါ့ လို့ အားပေးထားလိုက်တယ်။။
ကွန်ပျုတာရှေ့ထိုင်ပြီး သတင်းလေးဘာလေး ကြည့်မယ်ဆိုပြီး ဒေါက်တာလွဏ်းဆွေဘလော့ဝင်လိုက်တော့ တရုပ် ပြည်မှာ ဆရာဝန်မကြီး အသက် ၇၇ နှစ်က ၀တ်လစ်စလစ်နဲ့ ဆန္ဒပြနေတဲ့ ဒီ ဗွီဒီယို ဖိုင်ကို တွေ့တော့ ကြည့်လိုက်တယ်။ အောက်က ရေးထားတဲ့ သတင်းမှာ ကွန်မြူနစ်ကြောင့် ဘာသာမဲ့နေလို့ အရှက်မရှိဘူး ဘာညာရေးထားတာကို သဘောမတွေ့ဘူး။ အသက် ၇၇ နှစ်အရွယ်မှာ ကိုယ်နေတဲ့ နေအိမ်ကို ဘာမှမဖြစ်စလောက်လျော်ကြေးနဲ့ ဖျက်ဆီးခံရတော့ သူဘယ်လို ပြန်လည်ရပ်တည်မလဲ ဆိုတာ ကိုယ်ချင်းစာမိတယ်။ တော်ရုံခံစားမှုနဲ့ဒီလို လုပ်မလား။ သူတို့အသံကို နားထောင်လိုက်တော့ နားမလည်ပဲနဲ့တောင် ရင်ထဲတော်တော်ဆို့သွားတယ်။
ခုရက်မှာ တရုပ်တွေကို အမြင်ကပ်နေတဲ့ ခံစားချက်က ဒီဗွီဒီယိုဖိုင်ကြည့်တော့ ကွဲပြားသွားတယ်။ အစိုးရအသုံးမကျမှုကိုလဲပိုမြင်တယ်။ ဒီလိုပဲ အုပ်ချုပ်တဲ့လူအသုံးမကျရင် ပြည်သူတွေ ဒုက္ခရောက်ကြရတာပဲ။