Monday, December 31, 2007

Benazir Bhutto သေဆုံးခြင်းနှင့် ပတ်သက်၍


ဘင်နာဇာဘူတို လုပ်ကြံခံရလို့ သေပြီတဲ့။
ဒီသတင်းကြားခါစက မင်သက်မိသွားတယ်။ အသက် ၃၅ နှစ်မှာ ပါကစ္စတန်ရဲ့ ၀န်ကြီးချုပ်ဖြစ်ခဲ့သူ။ သူက ဟားဗတ်တို့ အောက်စဖို့တို့မှာ ပညာသင်ကြားခဲ့ရသူ။ ဒါပေမယ့် သူ့ရဲ့ ထက်မြက်မှုကို သူ့အဖေ ကြိုးပေး ခံရပြီးနောက် ၁၁ နှစ်အကြာ ၁၉၈၈ မှာ ကမ္ဘာက မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီ။
၁၉၉၀မှာ သူမရဲ့ အောင်မြင်မှုများကို လာဘ်စားမှုဆိုတဲ့ ပြစ်ဒဏ်နှင့် အစိုးရဖျက်သိမ်းခဲ့ပြန်…
ဒါမဲ့ ၁၉၉၃ ခုနှစ်ရွေးကောက်ပွဲမှာ သူမ ဦးဆောင်တဲ့ပါတီကပဲ အနိုင်ရခဲ့ပြန်…
ဝန်ကြီးချုပ် နောက်တခါ ထပ်ဖြစ်ပြန်….
ဒီတခါမှာတော့ သမ္မတက လက်မခံချင်တော့ပဲ လာဘ်စားမှုနဲ့ တရားစွဲ အစိုးရကို ဖျက်သိမ်း တပည့်ကို ၀န်ကြီးချုပ်ခန့်ပစ်လိုက်တော့တယ်။
ယူအေအီးလို့ ခေါ်တဲ့ ယူနိုက်တက်စော်ဘွားနိုင်ငံမှာ ၇ နှစ်ကျော် နေထိုင်ရင်း …
စေ့စပ်ညှိနှိုင်းမှုတွေအများကြီး အဆင့်ဆင့် ကြားကနေ သူမရဲ့ ပြည်တော်ပြန် ခရီးစ စချင်းမှာ လူပေါင်း ၁၄၁ ဦးသေဆုံးခဲ့တဲ့ ဗုံးဖောက်ခွဲမှုကို ကြုံတွေ့ခဲ့ရပါသေးတယ်။

ခုတော့ ၁၉၈၈ က ကမ္ဘာ့အလှဆုံး အမျိုးသမီး ၅၀ ထဲမှာ ပါခဲ့ဖူးတဲ့..
နိုင်ငံတခုရဲ့ ၀န်ကြီးချုပ် တာဝန် ၂ ကြိမ်တိုင်ရရှိထမ်းဆောင်ဖူးတဲ့…
ကလေး ၃ ယောက်ရဲ့ မိခင် …
ခုလာမယ့်ရွေးကောက်ပွဲမှာ မဲအများဆုံးရရှိဖို့ အလားအလာ အကောင်းဆုံး …
ပါကစ္စတန်က စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ပေးမယ့် မျှော်လင့်ခြင်းရောင်ခြည်….
သူမကတော့ သူမဖခင်ဘေးက မြေကွက်လပ်မှာ ဆိတ်ငြိမ်စွာ လဲလျောင်းသွားခဲ့ပြီ..

ကျမ မျက်စိထဲမှာတော့ ..
သူမ အဖေ ကြိုးပေးကွပ်မျက်ခံရတာ…
သူမ သေနတ်နဲ့ ဗုံးနဲ့ အကြမ်းဖက် သတ်ဖြတ်လုပ်ကြံခံရတာ……..
အဲဒါနဲ့အတူ ….
ခု သူ့ရဲ့ ၁၉ နှစ်အရွယ်သားလေးက သူမပါတီရဲ့ ဥက္ကဌ လုပ်မယ်တဲ့…

တဆက်တည်း မြင်နေရပြန်တယ်…
အိန္ဒိယ က အင်ဒရာဂန္ဓီ…
သူမရဲ့သားငယ် ဆန်ဂျေး ဂန္ဓီ..
နောက်သားကြီး ရာဂျစ်ဂန္ဓီ… သူတို့တွေ ရဲ့ သေဆုံးခဲ့ရခြင်းတွေ…
အပြောကျယ်လှတဲ့ ဒီလောကကြီးထဲက…
သေဆုံးခြင်းတွေမှာ အဓိပါယ် ရှိမှာပါ….
နိုင်ငံကို တိုးတက်စေချင်သူတွေ နဲ့ အာဏာကို မက်မောသူတွေကြားထဲက ကွာဟချက်တွေ..
အစွန်းရောက်မှုတွေ…..
အားလုံးထဲမှာ… ခိုင်မာတဲ့ ယုံကြည်ချက်… ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေက …
နောက်မတွန့်တဲ့ ခြေလှမ်းတွေကို ဖြစ်ပေါ်စေတယ် ထင်ပါရဲ့….
ခုတော့…. သူမ က အေးချမ်းသွားခဲ့လေပြီ…
ဒါပေမဲ့ ပါကစ္စတန်ပြည်သူတွေကတော့……

ပါကစ္စတန်နိုင်ငံကို ဒီမိုကရေစီရအောင် လုပ်ဆောင်ခြင်းဟာ အာဏာရှင်စံနစ်ကို အကောင်းဆုံး လက်စားချေခြင်းပဲ တဲ့။

ပါကစ္စတန်ပြည်သူ့ပါတီ ခေါင်းဆောင်သစ်ဖြစ်တဲ့ သားဖြစ်သူရဲ့ ပထမဆုံး မိန့်ခွန်းထဲမှာ သွားလေသူသူ့မိခင် အမြဲပြောနေကျ စကားလေးကို ပြန်ပြောပြခဲ့တာပါ။ သူ့မိခင် ရည်မှန်းခဲ့တဲ့အတိုင်း ပါကစ္စတန်နိုင်ငံကို ဒီမိုကရေစီနိုင်ငံဖြစ်အောင် ကြိုးစားသွားမယ်လို့လည်း အောက်စဖို့ဒ်ကျောင်းတော်သား ၁၉နှစ်အရွယ် လူငယ်လေးက ပြောသွားပါသေးတယ်။

ပါကစ္စတန် နိုင်ငံရေးလောကရဲ့ စစ်အာဏာရှင် တိုက်ဖျက်ရေးမှာ ဘူတိုမျိုးဆက်ဟာ အဘိုး အမေကနေမှတဆင့် မြေးအထိ လက်ဆင့်ကမ်းခဲ့ပါပြီ။

ဘာကြောင့်မှန်းတော့ သေသေချာချာ မဝေခွဲတတ်ပေမယ့် ဘင်နာဇာဘူတို သေဆုံးမှုဟာ ကျမရင်ကို တော်တော် မသက်မသာ ဖြစ်စေခဲ့ပါတယ်။ ဖြစ်နေခဲ့ပါတယ်။

ကျမဘာတွေကို ဆက်စပ်စဉ်းစား ပူပန်မိနေတာပါလိမ့်.. ဘုရား ဘုရား မဖြစ်ပါစေနဲ့။ မဖြစ်လာပါစေနဲ့ လို့ (ဒီတခါတော့ မိန်းမဆန်ဆန်) ဆုတောင်းမိယုံမှတပါး ကျမကကော ဘာများတတ်နိုင်ပါဦးမည်နည်း။ ။

Thursday, December 27, 2007

တွေးမိသမျှ (၂)

The form of the struggle is not chosen by the ruled but by the ruler.

ကိုမိုးသီးဘလော့မှာ တင်ထားတဲ့ inside of september movement 2007 ဗွီဒီယိုမှာ ကြည့်လိုက်ရတော့ တုတ်နဲ့ ကိုင်ရိုက်နေတဲ့ စစ်သား ၁၀ ယောက်လောက်ကို ထွက်ပြေးတဲ့ ယောက်ျား မိန်းမ ၁၀၀ လောက်က ပြန်သာချလိုက်ရင် ခုလို တယောက်သေတာကို မြင်ရမှာ မဟုတ်ဘူး။ လဲနေတဲ့ လူတယောက်ကို အတင်းထပ်ရိုက်နေတာကို ဘယ်လိုစိတ်ဓါတ်မျိုးတွေနဲ့ ထိုင်ကြည့်နေနိုင်သလဲ ဆိုတာကို ဘယ်လိုမှ စဉ်းစားမရဘူး။ အဲဒီမှာ ပြေးနေတဲ့လူတွေဟာ ငါတို့ ပြန်ချမယ်။ သူချ ကိုယ်ချ၊ သူသေ ကိုယ်သေ ဆိုတဲ့ စိတ်ဓါတ်မ၀င်အောင် အကြမ်းမဖက် လူထုလှုပ်ရှားမှု ဆိုတဲ့ ခေါင်းစဉ်ကပဲ ထိန်းချုပ်ထားသလား။ စဉ်းစားလေ ကျမစိတ်ထဲမှာ ပြေးသာ ချချင်လေပဲ။ မတရားတာကို ဘယ်လိုမှ ခေါင်းငုံ့ မခံချင်တဲ့ လူငယ်တွေရဲ့ စိတ်ဓါတ်တွေ တဖွားဖွားပေါ်လာခဲ့တယ်။ ၈၈ တုန်းက အဲလိုစိတ်ဓါတ်နဲ့ပဲ မဆလ တပါတီကို ခံတိုက်ဖို့ ဆုံးဖြတ် တိုက်ပွဲ ၀င်ခဲ့တာ။ နောက်လူထု တိုက်ပွဲကို ယုံလို့ ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးရေးတွေ ဆင်းပေးခဲ့တာ။ အဲဒီတုန်းက စစ်အာဏာရှင်ဆိုတာ ကတိတည်မယ်လို့ ထင်တာကိုး။ သူတို့တွေကလည်း လူထု ကို လေးစားလိမ့်မယ် ထင်ခဲ့တာကိုး။
ခုတော့ ကျမက စစ်အုပ်စု ရွေးပေးလိုက်တဲ့ တိုက်ပွဲ လမ်းကြောင်းပေါ်မှာ ၈၈စိတ်ဓါတ်၊ ရွှေဝါရောင်စိတ်ဓါတ်တွေနဲ့ ပြည့်ဝ တက်ကြွလို့ ...

ကျမတို့ ရွေးချယ်မဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ အကြမ်းဖက်မှုဆိုတဲ့(Terrorism) နဲ့ လားလားမှု မတူဘူးဆိုတာကိုလည်း နားလည်ထားမှ ဖြစ်မယ်။ ကျမပြောတဲ့ လက်နက်ကိုင်တော်လှန်ရေးရဲ့ ပန်းတိုင်ဟာ ငြိမ်းချမ်းရေးပဲ ဖြစ်တယ်။ ဒီအာဏာရှင်ပြုတ်ကျ ပြီးရင် ငြိမ်းချမ်းရေး ရှိအောင် လုပ်ရမယ်လို့ ယုံကြည်ချက် ထားတယ်။ ဒါဟာ အနိမ့်ဆုံး လူတိုင်းသုံးတဲ့စကားနဲ့ ပြောပြတာပါ။

လက်နက်ကိုင်တော်လှန်ရေးမှာ လူတိုင်းပါဝင်နိုင်ဖို့ဆိုတာ မလွယ်တာလက်ခံပါတယ်။ ဒါပေမယ့် လူတိုင်းထောက်ခံ နေဖို့တော့ လိုပါလိမ့်မယ်။ ကမ္ဘာပေါ်က စစ်ကြီး ၂ ခုစလုံးကို ရပ်တန့်စေဖို့အတွက် စစ်ပွဲတွေကပဲ အဆုံးသတ်ပေးခဲ့တာပါ။ ဒါကိုတော့ ငြင်းနိုင်မယ် မထင်ပါဘူး။ ဒီလိုပါပဲ ဂန္ဓီရဲ့ အကြမ်းမဖက် လမ်းစဉ်အတွက် နေရူးက ဘယ်လိုပေးဆပ်ပေးခဲ့ပါသလဲ။ မင်ဒဲလား တို့ စကားဝိုင်းထိုင်နိုင်ဖို့ သူ့ရဲ့ ANC လက်နက်ကိုင် တပ်ဖွဲ့က ဘယ်လိုပံ့ပိုးပေးခဲ့ပါသလဲ ။ သမိုင်းကြောင်းတွေကို သေချာလေ့လာပြီး နောက်ကွယ်က ပံ့ပိုးမှုတွေရဲ့ အားကို သိဖို့လဲလိုပါလိမ့်မယ်။တကယ်တော့ ကျမက နအဖကို တိုက်မှ ရမယ်လို့ ယုံကြည်သူတဦးပါ။ ဘယ်လို တိုက်မလဲ ဆိုတာကိုတော့ ကျမနားမလည်ပါဘူး။ တိုက်သင့်တယ် တိုက်နေတဲ့လူတွေ တိုက်မယ့် လူတွေကို ထောက်ခံမယ်။ ထောက်ပံ့မယ်။ အကြံကောင်းတွေ ၊ နည်းနာသစ်တွေ လိုချင်တယ်။ အားလုံးဝိုင်းဝန်းရမယ်လို့ ခံယူထားသူပါ။နောက်ထပ်ပြောမယ်ဆိုရင် အများကြီး ထိခိုက်စရာတွေ ရှိလာတော့မှာမို့ ဒီအကြောင်းတော့ ရပ်လိုက်ဦးမယ်။
......
ကျမတို့ အင်အားတွေ မသာခဲ့လို့ သူတို့နိုင်နေတာလို့ ယူဆမယ်ဆိုရင် သူတို့ ကို မောင်းထုတ်နိုင်ဖို့ ၊ ကိုယ့်ကျွန် ကိုယ်ပြန်ခံနေရတဲ့ မြန်မာ ပြည်သူတွေကို စစ်ကျွန်ဘ၀က ဆွဲထုတ်ကယ်တင်နိုင်ဖို့၊ အတိုင်းအတာတခုထိတော့ ကျမတို့ စုစည်းညီညွတ်ကြရမယ်။ ဘယ်လိုနည်းလမ်းကို မဆို ကျမတို့ အားပေးကြရမယ်။ဒီတခေတ်မှာ ကျမတို့မျိုးဆက် မလုပ်နိုင်ခဲ့ရင် နောက်မျိုးဆက်တွေက အပြစ်တင်တာ ခံရမယ့်အပြင် ကျမတို့ ရင်သွေးမျိုးဆက်တွေဟာ ကမ္ဘာ့အလယ်မှာ မျက်နှာအောက်ချလို့ လူဖြစ်တယ် ဆိုရုံဘ၀မျိုးနဲ့ အသက်ရှင် သွားရတော့မယ်။

ကျမတို့နိုင်ငံရဲ့ အုပ်ချုပ်နေသူတွေ အသုံးမကျလို့ နိုင်ငံသူနိုင်ငံသားတွေ မျက်နှာငယ်ရတာတွေကို မြင်ရတိုင်း ရင်ထဲမှာ တကယ်မချိပါဘူး။ တကယ်ဆို မြန်မာနိုင်ငံသားတွေဟာ အင်မတန်တော်တဲ့ထက်တဲ့ လူမျိုးတွေပါ။ အုပ်ချုပ်သူညံ့ဖျင်းမှုက နိုင်ငံကို ဆင်းရဲစေတဲ့အပြင် နိုင်ငံသားတွေရဲ့ ကိုယ်ရည်ကိုယ်သွေး ထက်မြက်မှုတွေကိုပါ အောက်ဆုံးအဆင့်ကို ဆွဲချလိုက်တာပါပဲ။ တိုင်းပြည်တပြည် တိုးတက်ခေတ်မှီနေဖို့က အုပ်ချုပ်သူတွေရဲ့ ထက်မြက်မှုပေါ်မှာ မူတည်တယ်ဆိုတာကတော့ ငြင်းစရာမရှိပါဘူးနော်။ ကျမဆက်ဆံဖူးတဲ့  နိုင်ငံခြားသား ပညာတတ်ဆိုတဲ့ လူတချို့ဟာ ကျမလောက်တောင် စည်းကမ်းမရှိ ၊ မသပ်ရပ် ၊ မထက်မြက်ဘူးဆိုတာ ကိုယ်တိုင်ကြုံခဲ့ဖူးတော့ ကျမက အဲလိုပဲ မြင်တယ်။ သူတို့အစိုးရကောင်းနေလို့ သူတို့အခြေအနေက ငါတို့ထက်သာနေတာပါလား လို့.....။

နိုင်တဲ့လူက သမိုင်းကိုရေးစတမ်းလို့ ကျမစီဘောက်မှာ နအဖ အောက်ဆွဲတယောက်က ရေးသွားခဲ့ပါတယ်။ အဲဒီသမိုင်းဟာ တကယ်တည်တန့်တဲ့ သမိုင်းဖြစ်မလား။ နောက် မျိုးဆက်သစ်တွေက ဒီသမိုင်းကို အပြစ်တင်တာ ခံမလား။ ဒီလိုပါပဲ သမိုင်းမှာ လူဆိုးဖြစ်မလား၊ လူကောင်းဖြစ်မလားဆိုတာကို နောက်မျိုးဆက်တွေက ဆုံးဖြတ်မှာပါ။ ကိုယ်ရေးတဲ့သမိုင်းကို ဖတ်မှာက နောက်မျိုးဆက်တွေဆိုတာကို မစဉ်းစားနိုင်အောင် အသိဥာဏ် နုံနဲတဲ့သူတွေကိုသာ နအဖလို လူမိုက်တွေက စည်းရုံးနိုင်တယ်ဆိုတာ လက်တွေ့ သိလိုက်ရတာလဲ ကျေနပ်စရာပါပဲ။ ဗိုလ်ချုပ်ကြီးတွေက တိုင်းပြည်ကို တကယ်ချစ်သတဲ့။ အော် .. တော်တော် ရှော်တဲ့အတွေးတွေပါလား.. လို့ ကျမ တွေးမိသေးတယ်။

တိုင်းပြည်ကို တကယ်ချစ်တဲ့လူတွေက ကိုယ့်တိုင်းပြည် တဖြည်းဖြည်းဆင်းရဲလာနေတာကို ကြည့်ရက်သတဲ့။ နိုင်ငံတွင်းက အခြေခံလူတန်းစားတွေ တပါးနိုင်ငံမှာ ကျွန်လို ရုန်းနေရတာကို ကြည့်ရက်သတဲ့။ ကိုယ့်နိုင်ငံမှာ သုံးရင် နှစ်ပေါင်း ၆၀ လောက် လင်းထိန်နေမဲ့အပြင် စက်မှုလုပ်ငန်းတွေလဲ တိုးတက်လာမဲ့ အခြေအနေရှိတဲ့ နိုင်ငံပိုင် ဂတ်စ်တွေကို အောက်ဈေးနဲ့ ရောင်းပြီး သူတို့ ကိုယ်ကျိုးအတွက် သုံးစွဲ။ တိုင်းပြည်ကိုတော့ မှောင်ချထား။ အော် ချစ်တတ်ပုံများကတော့.. အောချလောက်ရဲ့။

စစ်တပ်ကလွဲများ ကျန်တဲ့ လူများက နိုင်ငံမချစ်တတ်ဘူးတဲ့ ။ ယူဆနေပုံများ။ ကဲ .. ဒါဆိုလဲ
ဆေးရုံက ဆရာဝန်တွေ မောင်းထုတ်.. စစ်သားတွေပဲ လုပ်တော့.
ကျောင်းတွေက ဆရာတွေကို အလုပ်ဖြုတ်…. စစ်သားတွေပဲ လုပ်တော့..
အင်ဂျင်နီယာတွေ အကုန်ဖယ်….. စစ်သားတွေပဲ လုပ်တော့…
ဈေးသည်တွေ ကုန်သည်တွေလဲ အကုန်ပိတ်ခိုင်း… စစ်သားတွေပဲ လုပ်တော့..
ဆိုက်ကားဆရာ ကားဆရာတွေလဲ အကုန်နားတော့… စစ်သားတွေပဲ လုပ်တော့..
လဖက်ရည်ကော်ဖီ အသုတ်စုံ အကုန်နား…. စစ်သားတွေပဲ လုပ်တော့… ရုံးစောင့် ညစောင့် ဂိုဒေါင်စောင့်…. အကုန်နား …… စစ်သားတွေပဲ လုပ်တော့..
ဘုန်းကြီးတွေ လဲ မရှိစေနဲ့ ….. စစ်သားချင်းပဲ ရှိခိုးတော့ ( ကျမတို့ကတော့ ရှိမခိုးနိုင်ဘူးကိုး) ဟိဟိ…. စစ်သား ၄ သိန်းကို အကုန်လုပ်ဖို့ လွှဲပေးလိုက်တော့.. သူတို့တွေမှ တိုင်းပြည်ချစ်သတဲ့ .. နိုင်ငံအတွက် အလုပ်လုပ်သတဲ့…
အော် … သနားပြီးရင်း သနားရပါလား… သန်းရွှေတို့ရဲ့ တပ်မတော်ကြီးရယ်…
နောက်ဆိုရင် မိန်းမတွေ ကလေးမမွေးနဲ့ လို့ … စစ်သားတွေပဲ မွေးခိုင်းတော့မယ်….

အော်…. ကျမတို့ရဲ့တိုင်းပြည်မှာ

Friday, December 21, 2007

ကိုယ်တွေးမိရာပါ

တွေးမိသမျှ (၁)
ရွှေဝါရောင်တော်လှန်ရေး ၃ လပြည့်တော့မယ် ဆိုတော့ သူများတွေ ရေးတဲ့ ခံစားချက်တွေ ဝေဖန်ချက်တွေ လိုက်ဖတ်ပြီး ကိုယ်လဲ ကိုယ့်အယူအဆလေးတွေကို ရေးချင်လာပါတယ်။တကယ်တော့ နအဖ စွပ်စွဲသလို အပြင်က လူတွေ လုပ်လို့ ဒီရွှေဝါရောင်တော်လှန်ရေး ဖြစ်လာတယ် ဆိုတာကိုတော့ မထောက်ခံနိုင်ပါဘူး။သူတို့ ပြောသလို ဒီလို လူထုအုံကြွမှုဖြစ်အောင် လုပ်နိုင်ရင် ခုလို အခြေအနေနဲ့ ဘယ်အရပ်ခံမလဲ။ လူထုအုံကြွပြီးရင် ဘာလုပ်ရမယ် ဆိုတာ စီမံကိန်းတွေ ဆွဲပြီးသားရှိနေမှာမို့ တဆင့်ပြီး တဆင့် တက်သွားဖို့သာ ရှိတော့မပေါ့။ ခုတော့ ဒီဖက်က ပြည်ပကလူတွေလဲ အရှိန်မြန်လွန်းတဲ့ လူထုတိုက်ပွဲမှာ ဘယ်လို ပေါင်းစပ်ရမယ် ဆိုတာကို စီမံကိန်းမဆွဲရသေးခင်၊ (ဆွဲပြီးသားလဲ မရှိဘူး ထင်ပါ့။) မပေါင်းစပ်နိုင်ပဲ ဒါ့ထက်အဆင့်မြင့်ဖို့လဲ ပံ့ပိုးမှုမလုပ်နိုင်ခဲ့ပဲ ကြည့်နေလိုက်ရတယ် ဆိုတဲ့ အခြေအနေဖြစ်သွားခဲ့တယ်။ပြည်သူတွေကတော့ သူတို့ကိုယ်တိုင်ခံစားနေရတဲ့ ဆင်းရဲကျပ်တည်းမှုကနေ လွတ်မြောက်ဖို့ သူတို့ကိုယ်တိုင် ရုန်းကန်တိုက်ပွဲ ၀င်လိုက်တာပါပဲ။

၈၈မျိုးဆက်ကျောင်းသားတွေရဲ့ ရှေ့တန်းက အနစ်နာခံ လမ်းပြနိုင်မှုတွေက နည်းလို့လား။ အဲဒီ ၈၈ မျိုးဆက်တွေကိုလည်း ပြည်ပကလူတွေနဲ့ ချိတ်ဆက်ပေးလိုက်တာ ကုန်ရောပဲ ။ဒီလူနဲ့ ဒီလူတွေဆိုတာကလည်း ၈၈ ကတည်းက အတူတူလုပ်လာခဲ့တယ်။ စစ်အာဏာရှင်တွေကို တိုက်ချင်စိတ်က တထပ်တည်း။ ဒီတော့ ဘာတွေ ဘယ်လိုပဲ တားဆီးထားထား အာဏာရှင်ကို တိုက်ရမဲ့ တိုက်ပွဲနည်းနာတွေကို စဉ်းစားတဲ့နေရာမှာ ဆင်တူုတာတွေ ထပ်တူညီတာတွေ ရှိနေမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုလူစားတွေကို ဒီလိုနည်းတွေနဲ့ တိုက်ရတယ်ဆိုတာ နိုင်ငံရေး စိတ်မ၀င်စားတဲ့လူတွေတောင် သိနေတာပဲ။

ဒီ(၃) လအတွင်းမှာ ဖမ်းဆီးထားတာတွေကို ပြင်ပအဖွဲ့အစည်းတွေနဲ့ အတင်းချိတ်ဆက် ဇာတ်လမ်းဆင်၊ နောက် ဘာဆိုဘာမှ အကြမ်းမဖက်ပဲ မေတ္တာပို့လမ်းလျှောက်နေတာ သိရက်နဲ့ အကြမ်းဖက် ဆူပူရန်ကြံစည်မှုနဲ့ ထောင်ဒဏ် နှစ်ရှည်ကြီးတွေ ချပြီး တရားစီရင်သတဲ့။ တရားဥပဒေရဲ့ အထက်မှာ မည်သူမှမရှိစေရတဲ့။ သူတို့ပဲ ရှိနေရမှာပေါ့။ ပြီးတော့ ဥပဒေနဲ့အကြုံးမ၀င်လဲ အတင်းအမိန့်ချခိုင်း တရားသူကြီးက သူတို့ ပေးလိုက်တဲ့ စာအိတ်ကို တရားခွင်မှာ ဖွင့်ဖတ်ပြရသူပဲ၊ (ဒါကလည်း ကိုယ်တွေ့)သေနတ်တွေနဲ့ ပစ်ခတ်နေတဲ့လူတွေက သူတို့ကို ပြန်လှန် အကြမ်းဖက်ရန်ကြံစည်မှု၊ ကြိုးပမ်းမှုတွေနဲ့ ဖမ်းဆီး ထားတဲ့ သက်သေခံ လက်နက်တွေကလည်း အံ့သြလောက်ဖွယ် လောက်လေးဂွတွေ ။ ကမ္ဘာ့မီဒီယာတွေ မမြင်ဖူးလို့ တချို့ နိုင်ငံခြားသတင်းထောက်တွေဆို မျက်လုံးအပြူးသားလေးနဲ့ သေချာ ကြည့်နေတာကိုလည်း MRTV က သေချာ ရိုက်ပြလိုက်သေး။ အော် သနားစရာလေးတွေ။ လောက်လေးဂွဆိုတာ နောက်ဆုံးပေါ် ၊လူကို မထိခင်ကတည်းက သေစေနိုင်တဲ့ လက်နက် ။ မမြင်ဖူးရင်သေချာ ကြည့်ထားဆိုတဲ့ အထာနဲ့။

မီဒီယာကို မီဒီယာနဲ့ တိုက်နေတဲ့ ဦးကျော်ဆန်းတို့ တစုလည်း မေ့တတ်တာလွန်ပါလေရော။ လေလှိုင်းထဲက လူသတ်သမားဆိုပြီး စွပ်စွဲတဲ့အထဲမှာ DVB ဘာ့ကြောင့်မပါခဲ့သလဲ ဆိုတဲ့ မေးခွန်းကို မေ့ကျန်ခဲ့လို့တဲ့။ အမှန်တကယ်က နိုင်ငံခြားသားတွေ ဦးစီး ဦးဆောင် လုပ်နေတဲ့ နိုင်ငံခြား မီဒီယာတွေကိုသာ သတိပြုစရာ၊ ဂရုစိုက်စရာ လို့ သူတို့က သဘောထားတယ်ဆိုတဲ့ စတိုင်နဲ့ မြန်မာအတိုက်အခံတွေ ဦးစီးလုပ်တဲ့ ဒီမိုကရက်တစ် မြန်မာ့အသံကို ရှိတယ်လို့ စာရင်းထဲတောင် မထည့်ပဲ ထားပြခဲ့တာပါ။ သူတို့စိတ်ထဲမှာ မေ့ဖို့နေနေသာသာ ၊ အမှုန့်ကြိတ်ပစ်ချင်လွန်းလို့ DVB လွှင့်သမျှ လှိုင်းတွေကို အဆမတန်ဈေးပိုပေးပြီး လိုက်ဝယ်နေတာ မသိတာမှတ်လို့။

နိုင်ငံပိုင်သတင်းဌာနကြီးတဲ့၊ ပြန်ကြားရေးဌာနက ၂၀၀၇ စက်တင်ဘာလအတွင်း သေဆုံးသူဦးရေမှာ ဂမ်ဘာရီကိုပြောတော့ တမျိုး၊ ပီညဲရိုးကို ပြောတော့တမျိုး။ အဲဒါကို သတင်းထောက်က ထောက်မေးလိုက်တော့ ဟဲဟဲ… ဟိုဟာက ဒီလို ဒီဟာက ဟိုလို တဲ့…။မထင်မှတ်တဲ့ သာမန်ပြည်သူတွေ ရိုက်ယူထားတဲ့ ဓါတ်ပုံတွေ ဗွီဒီယိုတွေက ပလူပျံလို့ စစ်အုပ်စု ရဲ့ ရက်စက်အကြမ်းဖက်မှုတွေကို မှတ်တမ်းတင်နိုင်ခဲ့တာမို့ နိုင်ငံတကာမှာ အံ့သြမင်သက်ခဲ့ရတယ်။ တကယ်တော့ နအဖဟာ ယုတ်မာတဲ့ နေရာမှာ တော်တယ်။ အာဏာလက်ဆုပ် မဖြည်တဲ့နေရာမှာတော်တယ်။ လိမ်လည် သတင်းထုတ်ပြန်တဲ့နေရာမှာ တော်တယ်။ နောက်ဆုံး ငရဲမကြောက် နိုင်လောက်အောင် တော်ပါပေတယ်။
ကျမတို့ဘက်ကတော့ ကဗျာဆရာကိုအောင်ဝေး ပြောခဲ့သလိုပါပဲ။
ရန်_ငါ မပြတ်လို့
သံဃာအသတ်ခံရတာ… တဲ့။

သေချာ ပြန်စဉ်းစားတိုင်း မြန်မာပြည်မှာ စစ်သားလေးသိန်းဆိုတာမှာတောင် အောက်ခြေ စစ်သားတွေက အငတ်ငတ်အပြတ်ပြတ်။ ကျမတို့ ပြည်သူတွေထဲမှာ ပြည်တွင်းက စစ်အုပ်စုတွေရဲ့ စောင့်ကြည့် အကျဉ်းချ ခံထားရသူတွေမပါပဲ၊ ကလေးသူငယ် သက်ကြီးရွယ်အိုတွေမပါပဲ။ နောက်ဆုံးစကားကုန်ပြောရရင် အခု ထိုင်းမှာ လာအလုပ်လုပ်နေတဲ့ မြန်မာပြည်သား ရွှေ့ပြောင်း အလုပ်သမားတောင် နှစ်သန်းကျော်ရှိနေတာပဲ။ ဒီလူတွေနဲ့ ခုနစစ်သားလေးသိန်းကို ဖိသတ်ရင်တောင် သေနိုင်တဲ့ အခြေအနေ ရှိနေတာပဲ။ ကျမတို့ လူ့အခွင့်အရေးကို နားမလည်။ လူ့စကားနားမလည်။ ငါ့ဖို့ ငါ့အာဏာ ငါ့စည်းစိမ် ဆိုတဲ့ စိတ်မျိုးနဲ့ တိုင်းပြည်ကြီးက သယံဇာတတွေကို ကိုယ်ပိုင်ပစ္စည်းလို လက်ညှိုးထိုးရောင်းစားနေတဲ့ ဒီလို စစ်အုပ်စုတွေကို လက်ဝါးဖြန့်တောင်း ၊ မေတ္တာပို့တောင်း၊ စကားထိုင်ပြောဖို့ တောင်းနေလို့ မရတော့ဘူးထင်ပါတယ်။

ကျမတို့ သိခဲ့တဲ့ ကတ္တီပါတော်လှန်ရေးတို့ နှင်းဆီတော်လှန်ရေးတို့ နဲ့ နှိုင်းယှဉ်ပြီး ဒီစစ်အာဏာရှင်ကို အကြမ်းမဖက် လူထုနည်းနဲ့ မတောင်းပါနဲ့တော့ ။ ဒီနည်းတွေနဲ့ သေသူသေ။ ဘ၀ပျက်သူတွေပျက် ၊ မျိုးဆက်တွေ စတေးခံထားရတာလဲ ထည့်တွက်ကြပါဦး။ ပြည်သူတွေ အထိနာမှာ စိုးရိမ်လို့ သွေးထွက်သံယိုမှုတွေကို စိုးရိမ်လို့ ဆိုပေမဲ့ နောက်ဆုံးတော့ ဒီသွေးထွက်သံယို ကျဆုံးမှုတွေနဲ့ပဲ အဆုံးသတ်နေရတာပဲ မဟုတ်လား။

ခုနောက်ဆုံးဖြစ်ခဲ့တဲ့ ကျမတို့နိုင်ငံက ရွှေဝါရောင်တော်လှန်ရေးတို့ ဆိုတာက တကယ့် ဘာသာသာသနာရဲ့ ၀န်ထမ်း။ အလေးအမြတ်ပြုရာ ဘုရားသားတော်တွေက ဘာလက်နက်မှမပါ လမ်းလျှောက် မေတ္တာပို့ခဲ့တယ်။ အဲဒီလို ဘုရားသားတော်တွေ ရဲ့ မေတ္တာလက်နက်ကို ပြည်သူလူထုက လက်တွဲ အားဖြည့်ခဲ့တယ်။ ဘယ်မှာလဲ အကြမ်းဖက်မှု အရိပ်အယောင်။ ပြည်သူတွေပါခဲ့တယ် ဆိုရာမှာလဲ တကယ့်ကို ဘယ်သူတဦးတယောက်မှ တိုက်တွန်းချက်၊ မြှုဆွယ်ချက်တွေ မပါဘုး၊ ခြိမ်းခြောက်မှုတွေမပါဘူး။ ငြိမ်းချမ်းစွာ ဆိုတာကို အပြည့်အ၀ကို ငြိမ်းချမ်းစွာ လူထု ဆန္ဒပြခဲ့တာစစ်စစ်။ ကမ္ဘာပေါ်မှာ ဒီလို သာသနာ့ဝန်ထမ်း ဘာသာရေး သီးသန့် ဆန္ဒဖော်ထုတ်တာ ကျမတသက်တော့ မတွေ့ခဲ့ဘူး မကြားခဲ့ဘူးပါ။

(အကြမ်းမဖက် လူထုလှုပ်ရှားမှု) ရွှေဝါရောင်တော်လှန်ရေးကြီးမှာ ကျမတို့ အလေးအမြတ်ပြုရာ ဘုရား သားတော်တွေ အသတ်ခံရ၊ ထောင်ချခံရ၊ အနိမ့်ဆုံး ၀ါတ၀ါ ပျက်ခဲ့ရ။ ကျောင်းသားလူငယ် ထောက်ခံ အားပေးသူ ပြည်သူတွေ ဖမ်းဆီးထောင်ချ ခြိမ်းခြောက်။ တင်းကျပ် ။ နောက်ဆုံးတော့ ကျမတို့ရဲ့ အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြမှုက သွေးချောင်းစီးခဲ့ရတယ်။ အသက်ပေးခဲ့ရတယ်။ အနှစ်ပြန်ချုပ်ရရင် အာဏာရှင်တွေနဲ့ တိုက်တဲ့ပွဲမှာတော့ တိုက်ပွဲ နည်းနာကို ကိုယ်ကရွေးချယ်လို့ မရတော့ဘူး။ သူရွေးချယ်ထားတဲ့ လမ်းပေါ်မှာ ကျမတို့က ပြန်လှန်တော်လှန်ရမှာပဲ။
(ဆက်ရန်)

Saturday, December 15, 2007

စကားမစပ် ပြောပြချင်တာ....

စကားမစပ် ပြောပြချင်တာက..
အလုပ်တွေ ပိနေပြီး စာမရေးနိုင် ဖြစ်နေချိန်မှာ အချိန်ကလေးရတိုင်းးကိုယ့်ဘလော့ကို ၀င်ကြည့်ဖြစ်တယ်။ ပို့စ်အသစ်မတင်နိုင်တာ ၂ ပတ်ကျော်တော့ မနေနိုင်တော့ဘူး။ တကယ်တော့ ကိုယ့်လိုပဲ လူတိုင်း စားဝတ်နေရေး ရုန်းကန်ရင်းကပဲ ပို့စ်အသစ်တွေ တင်နေတာပဲ ။ မတူတာဆိုလို့ ကိုယ်က ဒီကွန်ပျုတာ ကို ဗွီဒီယို ဖိုင်တွေ အက်ဒစ်လုပ်ရင်း၊ ဖိုင်ဖွဲ့ရင်း စာရေးတဲ့အခါ အရမ်းအခက်အခဲ ဖြစ်တာ တခုပဲ ကွာမယ်ထင်ပါရဲ့။
ခုရက်တွေမှာတော့ .. ရေးချင်တဲ့ အကြောင်းအရာတွေ အများကြီး ရှိနေပြီး ရေးဖို့ အချိန်မလောက်တာက အဓိက ဖြစ်နေတတ်တယ်။ ဒီရက်ပိုင်းမှာ ဒေါက်တာစင်သီယာမောင်မွေးနေ့ ၊ နိုင်ငံတကာ လူ့အခွင့်အရေးနေ့၊ ကလေးကူးသန်းရောင်းဝယ်ရေး ပပျောက်ရေးနေ့စတဲ့ အခမ်းအနားတွေ ဆက်တိုက်ကို ကိုယ်နဲ့ တိုက်ရိုက်မပတ်သက်ပဲနဲ့ နောက်ကွယ်တာဝန်တွေက ကိုယ့်ကို ဖိစီးသွားခဲ့ပါတယ်။

ကိုယ့်ကို ထမင်းကျွေးတဲ့အလုပ်နဲ့ ကိုယ်က ကူညီရတဲ့ အလုပ်တွေကို မျှတအောင် ပြီးမြောက်အောင် လုပ်နေရတဲ့အခါ အချိန်မရှိဘူး လို့ ညည်းတဲ့လူတွေကို သတိရသွားမိတယ်။ အချိန်ဆိုတာ ယူရင်ရပါတယ်လို့ ပြောခဲ့ဖူးတဲ့ ကျမတော့ အိပ်ချိန်တွေက မနက် ၂ နာရီ ၊ အိပ်ရာထချိန် မနက် ၆ နာရီတွေမှာ မူးချာလည်ခဲ့ရတော့တယ်။ ဒီနေ့ နောက်ဆုံး ။ ခု မနက် နောက်ဆုံးဆိုတဲ့ လောဆော်သံတွေ ကြားမှာ ကွန်ပျုတာကို ခိုင်းနေရတာ စိတ်မရှည်ချင်စရာ.. ကွန်ပျုတာကတော့ သူ့အလုပ်ကို သူ့သတ်မှတ်ချိန်နဲ့ လုပ်ပေးနေတာပဲ.. ကိုယ်ကသာ စိတ်လောနေမိတာကိုး..
ထူးခြားတာလေးတွေ ပြောပြချင်သေးတယ်။
ဒေါက်တာစင်သီယာမောင် အသက် ၄၈ နှစ်ပြည့် မွေးနေ့ပွဲ မှာ gay တွေ မယ်ပြိုင်ပွဲလုပ်တာ…
(အဲဒါကတော့ တကယ်ကြည့်လို့ ကောင်းခဲ့တယ်)
နောက် လူ့အခွင့်အရေးနေ့ စာစီစာကုံးပြိုင်ပွဲကို ကျောင်းသားတပ်မတော် (သြစတေးလျ ဌာနခွဲ) က ကျင်းပတာမှာ ကလေးတွေက ကိုယ့်ထက်တောင် လူ့အခွင့်အရေးနဲ့ ပတ်သက်တာတွေ သိနေတာ..
ထူးခြားဆုံးက ပထမ ရတဲ့ ကလေးရဲ့ စာစီစာကုံး ကို ဒိုင်လုပ်သူတွေအားလုံးက တညီတညာတည်း အမှတ်အမြင့်ဆုံးပေးခဲ့တဲ့ထိ ကောင်းခဲ့တာ..
စာစီစာကုံး ပိုင်ရှင်ကလေးက (၆) တန်းကျောင်းသား ငယ်ငယ်လေး ဖြစ်နေတာ..
(ဒုတိယက ၁၁ တန်း၊ တတိယက ၉ တန်း)
နောက် အဲဒီ ပထမရတဲ့ စာစီစာကုံးတအုပ်ထဲ ရွေးပျောက်သွားခဲ့တာ… (အဲဒါအရမ်းထူးဆန်းနေတယ်)
ကလေး ကူးသန်းရောင်းဝယ်မှု ပပျောက်ရေးနေ့မှာ ကိုယ်တိုင် ၅ နှစ်သားလေးနဲ့ ဘန်ကောက်မှာအရောင်းခံခဲ့ရတဲ့ (ခု အသက် ၁၂ နှစ်လောက်ရှိတဲ့) ကလေးနဲ့ အင်တာဗျုးရင်း မျက်ရည်စို့ခဲ့ရတာ..
အမျိုးသားဒီမိုကရေစီ လွတ်မြောက်နယ်မြေက ထွက်တဲ့ (Saffron Revolution) အခွေမှာ အမိန့်ပေးနေတဲ့ ဒုဗိုလ်မှူးကြီးကို သေချာ ရိုက်ပြထားနိုင်တာ…
လူတွေက ဘာ့ကြောင့် လူ့ကျင့်ဝတ်တွေကို သိပ်ဂရုမစိုက်တော့တာလဲ..
ဘ၀တွေက ဘာတွေများ ထူးခြားဦးမှာလဲ…
ကိုယ်တိုင်ရော ကိုယ့်ဘ၀မှာ ဘာတွေများ ပြောင်းလဲအောင် ပဲ့ကိုင် နိုင်မှာလဲ..
အတွေးတွေက မရပ်မနား..
ရေးချင်တဲ့စိတ်ကို မထိန်းနိုင်ပဲ ရေးလိုက်ပါတယ်။
မနက်ဖြန်တော့ အလုပ်တွေ တကြော ရှင်းတော့မယ် ထင်ပါရဲ့…….
ချစ်ခင်စွာဖြင်
ခင်မင်းဇော်

Thursday, November 29, 2007

အမေ လူထုဒေါ်အမာမွေးနေ့


အမေလူထုဒေါ်အမာရဲ့ အသက် ၉၂ ပြည့်မွေးနေ့ အထိမ်းအမှတ်စကားဝိုင်း

အမေမာရဲ့ မွေးနေ့ကို စာရေးဆရာ ၊ ကဗျာဆရာများနဲ့ အတူ စာပေ၀ါသနာရှင်များနဲ့ လေးစားစွာ ကျင်းပဖြစ်ပါတယ်။
ဒါကတော့ မွေးနေ့ပွဲကျင်းပရေးကော်မတီမှ ကဗျာဆရာ မောင်လွမ်းဏီ (ကျောင်းသားတပ်မတော်)မှ နှုတ်ခွန်းဆက်စကားပြောကြားနေတာပါ..
(ငါးရောင်ခြယ် ဆိုတဲ့ သုံးကြောင်းကဗျာရေးစပ်ခဲ့သူလေ)
ဆောင်းရာသီရဲ့ အေးမြမှုအောက်မှာ ဗမာဆန်ဆန် ကောက်ညှင်းဆီထမင်း၊ ပဲပြုတ်၊ ငါးခြောက်ကြော်၊ ရေနွေးကြမ်း၊ ကော်ဖီတို့နဲ့ ဧည့်ခံပြီး အမေ့မာအတွက် ဂုဏ်ပြုစပ်ဆိုထားတဲ့ ကဗျာတွေကို အnter;">မှတ်တရ ရွတ်ဆိုကြပါတယ်။
အခမ်းအနားမှူးအဖြစ် ကဗျာဆရာပွင့်သစ်(ကရိန်ကန်)က ခုလို ပိုင်နိုင်စွာ ပွဲထိန်းသွားပါတယ်။
(ဘလော်ဂါ ကိုဖိုးဇေ ဆိုတာလဲသူပဲပေါ့..)

ကျမကို မတွေ့ဘူးမဟုတ်လား။ ကျမက ဗွီဒီယို မှတ်တမ်းတင်သူလေ။ ဘယ်တွေ့မှာတုန်း......
ဒီပုံတွေကို ဗွီဒီယိုဖိုင်ထဲက ဓါတ်ပုံပြန်ရိုက်ပြီး တင်ပေးထားတာလေ၊ ဓါတ်ပုံကင်မရာမရှိလို့..(သနားစရာ....)
(အမေမာ မြင်ချင်သလို တိုင်းပြည်ပြောင်းလဲအောင် အတတ်နိုင်ဆုံး ကြိုးစားသွားပါ့မယ်လို့ ဒီနေရာက ဂတိပေးပါတယ်။အစဉ်အမြဲ ပြည်သူ့ဘက်က ရပ်တည်သလို ပြည်သူကချစ်တဲ့ အမေမာ ကျန်းမာပါစေ။ အသက်ရာကျော် ရှည်ပါစေ .....)

Wednesday, November 28, 2007

ပန်းတောင်မှာ

လွမ်းခဲ့တယ်မောင် ဒီပန်းတောင်

နိုဝင်ဘာလ လယ်က ချင်းမိုင်အသွား လမ်းမှာ ၀င်လည်ခဲ့ရတဲ့ ပန်းတောင်လို့ ခေါ်တဲ့ တောင်လေး အကြောင်းကို ဓါတ်ပုံနဲ့ တကွ ကြွားပါရစေ..
အဲဒီတောင်ကို လှမ်းမြင်ရတော့ ပန်းသိပ်မကြိုက်တဲ့ ကျမ ရင်ထဲမှာ လွမ်းသလို.. ပျော်သလို ဖြစ်သွားမိတယ်.. အဟုတ်… လူက နေမကောင်းဖြစ်နေချိန်…
မနက် အစောကြီးထပြီး ကားစီး…… လမ်းကလည်း အကွေ့အကောက်များတဲ့ တောင်ပတ်လမ်း..
စဉ်းစားသာ ကြည့်ပါတော့..အစားလည်း မစားနိုင် … ကားမူးတတ်တော့ မအန်အောင် ဆေးသောက်ရတာရယ်.. နေမကောင်းလို့ သောက်ရတဲ့ဆေးရယ်..အမလေး .. လူဆိုတာ ကားပေါ်က ခေါင်းတောင် မထူနိုင်ဖြစ်နေချိန်..
ဟဲ့ ဟဲ့ ပန်းတောင်ကို ကြည့်ပါဦး မြင်နေရပြီ… ရောက်တော့မယ်..
အိပ်မနေနဲ့တော့ ထပါတော့တဲ့..
အတူသွားတဲ့ ခရီးဖော်က အတင်းနှိုးလို့ ထရပေမယ့် စိတ်က သိပ်ကြည်တာမဟုတ်ဘူး..
ဘာလုပ်ရမှာလဲ ပန်းတောင် ဆို တာ ဘာညာ ဘာညာ..စိတ်ထဲက ပွစိပွစိ..
တကယ်မျက်လုံးဖွင့်ကြည့်လိုက်တော့…
အားပါးပါး….တယ်လှပါလား…ကိုယ့်မျက်လုံးတောင် ကိုယ်မယုံလို့ ပွတ်သတ်ကြည့်ရသေးတယ်… အိပ်မက်များလားပေါ့.. ကိုယ်တယောက်တည်း ရောက်ရတော့ အိမ်က သံယောဇဉ်ကိုလဲ သတိရမိသေးတော့တယ်.. အော် ... မိသားစုလေးနဲ့သာဆိုရင်.....( အဲလို....လဲ....ပြောထားဦးမှ)
အဲဒီခရီးက မနက် ၆ နာရီက စီးလိုက်ရတဲ့ကား…ည ၆ နာရီကျော်မှ တည်းရမယ့် ဟိုတယ်ရောက်တော့တယ်…ဒါပေမဲ့ ပင်ပန်းတာတွေက ပန်းတောင်ကို မြင်လိုက်ရတာနဲ့ တန်ပါတယ်လို့ ခရီးလမ်းကြောင်း စီစဉ်သူများကို ကျေးဇူးတင်လိုက်ရသေးတယ်..
(တကယ်ဆို ၄ နာရီပဲ ဝေးတဲ့ခရီးကို လုံခြုံရေး အစီအစဉ်အရ ကွေ့ပတ်မောင်းနေရလို့လေ..ကျမတို့ ဆူညံဆူညံ မပြောအောင် စီစဉ်ပေးထားတာ)
ကဲ .. ကျမ မြင်ခဲ့ရတဲ့ ပန်းတောင်ကိုလည်း မိတ်ဆက်ပြလိုက်ပါဦးမယ်.. လာလေရော့..
ဒီမှာ…

ကြည့်ပါဦး ပန်းပင်လယ်ကြီးဖြစ်နေတာ ကင်မရာထဲ ၀င်သလောက်ပဲ မြင်ရလို့


ဒီလို နေကြာရိုင်းတွေချည်းပေါ့(ပန်းခူးမိရင် တပွင့် ဘတ် ၅၀၀ ဒဏ်တပ်မတဲ့)
လူကိုသေးနိုင်သမျှသေး ပန်းများများပါအောင် ရိုက်ပါဆိုတာတောင်မှ ...

အဲဒီမှာ မျှော့ လူမျိုးဝတ်စုံကလေးတွေနဲ့ ကလေးလေးတွေလေ.. အဲဒီဝတ်စုံတခါဝတ် ဘတ် ၃၀ ကို ၀တ်ထားတာ ချစ်စရာလေးတွေ မို့ ဓါတ်ပုံတွဲရိုက်ခဲ့တာ.. ကျမ ၀တ်ထားတာလဲ မျှော့လူမျိုးတွေရဲ့ ရိုးရာ ဘောင်းဘီလေး ဆိုတော့ ကွတ်တိပေါ့...

တကယ်ဆို ကျမတို့ တိုင်းပြည်ထဲမှာလဲ အဲလိုနေရာတွေ ရှိမယ်ထင်တယ်။ ပြည်တွင်းမှာတုန်းက ကျမက မြစ်ဝကျွန်းပေါ်သူဆိုတော့ ပင်လယ်ဖက်ကိုပဲ ကျွမ်းကျင်ခဲ့သူ။ နောက် ကယားပြည်နယ်ဖက်မှာ နေခဲ့တော့လဲ တောင်ပေါ်ဒေသ ရွာတွေ ပေါ်မှာပဲ နှံ့စပ်အောင် သွားလာနေခဲ့ရသူ ဆိုတော့ ပန်းမြို့တော်ဆိုတဲ့ မေမြို့ကို မရောက်ဖူးခဲ့ဘူး။

ဒါမဲ့ ဒီလိုနေရာမျိုးကို နိုင်ငံခြားသားတွေပါ လာနိုင်အောင် စီစဉ်ပေးထားတဲ့ ထိုင်းအစိုးရကိုတော့ ချီးကျူးရမှာ အမှန်ပဲ.. တောင်ကြောတလျှောက်လုံး ဒီလို ပန်းတွေ အလေ့ကျ ပေါက်လေ့ရှိတာကို ထိန်းသိမ်းပြီး ၀င်ငွေရှာတာကတော့ အစီအစဉ် ကောင်းလွန်းပါတယ်။ ဒီမိုကရေစီရပြီး နိုင်ငံသစ်တည်ချိန်မှာ ဒါမျိုးနေရာလေးတွေ ရှာပြီး ကမ္ဘာလှည့်တွေကို ဆွဲဆောင်ရဦးမယ်။ ကျမတို့ တိုင်းပြည်မှာဆို အားလုံး ရှိနေတာပဲဟာနော်။
(အားတင်းထားဟ..ရေခဲပြင်တွေလဲရှိ.. ပင်လယ်ကမ်းစပ်လဲရှိ.. လယ်ကွင်းကျယ်တွေ... တောင်တန်းတွေ ... အာပါးပါး .. တွေးကြည့်ရတာ တောင် အများကြီး)
ကဲ နေမကောင်းရက်နဲ့ သွားခဲ့ရတဲ့ ခရီးစဉ်က အမှတ်တရလေး ကို မျှဝေပေးလိုက်တာပါ။

Friday, November 23, 2007

ကျမတို့ဘာလုပ်ကြမလဲ

ကျမတို့ဘာလုပ်ကြမလဲ
မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းမှာ စက်တင်ဘာဆန္ဒပြပွဲတွေအပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေကို ပြစ်တင်ရှုတ်ချထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်သက်တမ်း ထပ်တိုးမှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေအပေါ် စိတ်ပိုင်း ရုပ်ပိုင်း ညှင်းပန်း နှိပ်စက်မှုတွေကို ကုလသမဂ္ဂက အထူးပင် စိုးရိမ်ကြောင်း ဖော်ပြထားပါတယ်။ အဲဒီမူကြမ်းကို မနေ့က မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူ ၈၈ ဦး ကန့်ကွက် ၂၄ ဦးနဲ့ ကြားနေ ၆၆ ဦး ရှိခဲ့ပါတယ်။

ကန့်ကွတ်သူများက တရုတ်၊ ရုရှ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ကျူးဘား၊ ဗင်နီဇွဲလား ၊ (အာစီယံမှ) မလေးရှား၊ လာအို၊ ဗီယက်နမ်တို့ ပါဝင်ပါတယ်။ကြားနေမဲ ပေးခဲ့တဲ့ နိုင်ငံတွေကတော့ အာစီယံထဲက အင်ဒိုနီးရှား၊ စင်္ကာပူ၊ထိုင်း ၊ ဖိလစ်ပိုင် နဲ့ဘရူးနိုင်း တို့ဖြစ်ပြီး ကမ္ဘောဒီးယားကတော့ ညီလာခံကို အစကတည်းက မတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အာစီယံနိုင်ငံ ၁၀ နိုင်ငံစလုံးက မထောက်ခံတာကို ထင်ရှားစွာ တွေ့ရမှာ ဖြစ်ပါတယ်။ (သတင်း ..ဒီဗွီဘီ၊ အင်တာနက်ထဲမှာတော့ အင်ဒိုနီးရှား တနိုင်ငံ က ထောက်ခံမဲ ထည့်တယ်လို့ တွေ့လိုက်ရတယ်)ကျမတို့ ဘာတွေစဉ်းစားရတော့မလဲ။ ဒီဖြစ်စဉ်ပေါ်က ဘာတွေသုံးသပ်ကြည့်ရမလဲ။ပထမဦးဆုံး စဉ်းစားမိတာက ကျမတို့ နိုင်ငံအတွက်၊ ကျမတို့ ပြည်သူတွေအတွက် ဘယ်အိမ်နီးချင်း နိုင်ငံကိုမှ အားကိုးလို့ မရတော့ဘူး ဆိုတာ ပါပဲ။

ကျမတို့နဲ့ အနီးကပ်ဆုံး တရုပ် ၊ အိန္ဒိယ ၊ ထိုင်းလို နိုင်ငံမျိုးတွေဟာ သူတို့ နိုင်ငံစီးပွားရေး ၊ သူတို့ ပြည်သားတွေရဲ့ အကျိုးစီးပွားကို သာ ကြည့်ကြလိမ့်မယ်။ နောက် ကျမတို့ နိုင်ငံက ခုလို မတိုးတက်လေ သူတို့ ခေါင်းပုံဖြတ်လို့ ရလေလို့ တွေးထားပြီး ဖြစ်တယ် ဆိုတာ အထင်အရှားတွေ့နေရပြီ။ ဒီတော့ သူတို့လို အိမ်နီးချင်း နိုင်ငံတွေက မြန်မာနိုင်ငံ မတိုးတက်လေ ကြိုက်လေ ၊ ကျမတို့ ပြည်သူတွေ အသိပညာမရှိလေ သူတို့ တိုင်းပြည် အကျိုးအမြတ်ရလေ ဒီလိုပဲ သဘောထားနေတာကို ပြတ်ပြတ်သားသား မြင်နေရပါပြီ။ ကျမတို့ ဘာလုပ်ကြမလဲ။ သူတို့အိမ်နီးချင်းနိုင်ငံတွေကို ဒေါသထွက်နေယုံနဲ့ ပြီးမလား။ ကန့်ကွက် နေယုံနဲ့ ပြီးမလား။တကယ်တော့ သူတို့နိုင်ငံသားတွေအနေနဲ့က သူတို့ အစိုးရတွေဟာ သူတို့တိုင်းပြည်နဲ့တကွ ပြည်သူ ပြည်သားတွေအတွက် တကယ့်ကို အကျိုးဆောင်ပေးနေတဲ့ အာဏာရ အစိုးရတွေပါပဲ။ ကျမတို့ နိုင်ငံက အာဏာရူးတွေသာ တိုင်းပြည်အကျိုးတို့ ပြည်သူအကျိုးတို့ကို နားမလည်တာပါ။ အိမ်နီးချင်းအစိုးရတွေက သူတို့ နိုင်ငံအကျိုးအတွက် တခြားတိုင်းပြည်က ပြည်သူတွေ ဘယ်လောက်နစ်နာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတယ် ၊ ဘယ်လို သတ်ဖြတ်မှုတွေနဲ့ ကြုံတွေ့နေရတယ် ဆိုတာကို လျစ်လျှူရှုထား နိုင်ကြပါတယ်။

ကျမတို့ ဘာလုပ်ကြမလဲ၊
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် ကိုယ်တိုင် ပါဝင် လှုပ်ရှားမှ ဖြစ်မယ်၊ ဘယ်နိုင်ငံ ဘယ်လူမျိုးကိုမှ အားကိုးလို့မရဘူး ဆိုတာကို ကျမတို့ ရင်ထဲ အသည်းထဲက စွဲစွဲမြဲမြဲ မှတ်ထားဖို့လိုတယ်။
ကျမတို့ ရောက်နေတဲ့ နိုင်ငံကနေ သူတို့ ဥပဒေအတွင်းကနေ ကိုယ့်နိုင်ငံအတွက် လုပ်နိုင်သမျှ လုပ်ပေးကြရမယ်။
ကျမတို့ ဘာလုပ်ကြမလဲ။ ကျမတို့ မြန်မာနိုင်ငံအတွက် မြန်မာနိုင်ငံသား အားလုံးဟာ ဘယ်နေရာ ရောက်ရောက် တစိတ်တည်း တ၀မ်းတည်း ၊ ကိုယ့်တိုင်းပြည်အတွက် ဘယ်လောက် လုပ်ပြနိုင်တယ်၊ ဘယ်လို ရင်ဆိုင်နိုင်တယ် ဆိုတာကို သက်သေပြကြရမယ်။ မျိုးဆက် တဆက်မကတော့ဘူး ဒီတိုင်း စတေးနေကြရတာ။ ဒါတွေအားလုံးဟာ စစ်အုပ်စုကြောင့်ဖြစ်တယ်။ နောက် စစ်အုပ်စုအားပေး အာစီယံ နိုင်ငံတွေကြောင့်ဖြစ်တယ်။
ကျမတို့ဘာလုပ်ကြမလဲ။ ကျမတို့ ပြည်သူတွေကို အာစီယံနိုင်ငံတွေက ပြည်သူတွေကပါ စာနာ နားလည်နိုင်အောင် လုပ်ရမယ်။ သူတို့ အစိုးရကို သူတို့ပြည်သူတွေကိုယ်တိုင်က ပြောနိုင်အောင် ကျမတို့ လှုံ့ဆော်ရမယ်။ ငါးကြင်းဆီနဲ့ ငါးကြင်း ပြန်ကြော်တဲ့နည်းကို သုံးရမယ်။အဲဒါတွေ လုပ်ဖို့ ကိုယ့်လူမျိုးအချင်းချင်း စည်းလုံးရမယ်။ တတ်နိုင်တဲ့နည်းနဲ့ ရနိုင်သလောက် ကိုယ်လုပ်နိုင်သမျှ လုပ်ကြရမယ်။ နောက်ဆုံး ဗမာပြည်က ဘယ်လူမျိုးမဆို သိပ်စည်းလုံးတယ် ကျမတို့ တိုင်းပြည်ကို ကျမတို့တကယ်ချစ်တယ် ဆိုတာကို သူတို့ခံစားသွားရအောင် တိုင်းပြည်ရဲ့ ပြင်ပရောက်နေတဲ့ နိုင်ငံသားတိုင်းက ကြိုးစားကြရမယ်။

ခု တလော စင်္ကာပူက လှုပ်ရှားမှုတွေကို ကျမက သိပ်သဘောကျ ထောက်ခံမိတယ်။ စင်္ကာပူဆိုတာ စစ်အုပ်စု အားကိုးရာ အာစီယံနိုင်ငံတခု ဖြစ်တဲ့အပြင် သူ့ရဲ့ ငွေစာရင်းတွေ ၊ သူတို့ အုပ်စုတွေရဲ့ တထောက်နားရာစခန်းတွေ ၊ ဆေးကု စာသင် ဈေးဝယ်ထွက်ရာမြေ၊ ဒီလိုမြေမှာတောင် သူတို့ မလုံခြုံတော့ဘူး ၊ သူတို့ကို မထောက်ခံသူတွေ ရှိနေတယ် ဆိုတာကို ခံစားသိနေစေရအောင် သေသေသပ်သပ် လုပ်ပြတတ်တဲ့ လှုပ်ရှားမှုတွေကို ကျမက လေးစားဂုဏ်ယူနေမိတယ်။ အာစီယံနိုင်ငံတိုင်း၊ နောက်တဆင့်တက်လို့ ကမ္ဘာတ၀ှမ်းနိုင်ငံပေါင်းစုံရောက် မြန်မာနိုင်ငံသားအားလုံး ကိုယ်ရောက်နေတဲ့ နိုင်ငံကနေ စင်္ကာပူလို မျိုး တက်ကြွလှုပ်ရှားမှုတွေနဲ့ စစ်အုပ်စုကို စိန်ခေါ်မှုတွေ ရက်ဆက် ပြနေရမယ်လို့ ကျမက ခံယူမိတယ်။

စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး ဟာ နအဖလို စစ်အုပ်စုအတွက် အဆုံးမသတ်တဲ့ စိန်ခေါ် တိုက်ပွဲရက်တွေပါပဲ။ပြည်တွင်းက လူတွေက အသက်တွေ ဘ၀တွေ ရင်းနှီးနေချိန်မှာ တိုင်းပြည်ပြင်ပက သွေးချင်းတွေက အဲဒီလူတွေ အတွက် ကိုယ့် အချိန်တွေကို ပေးဆပ်ပြကြစေချင်ပါတယ်။ လုပ်အားတွေကို ပေးဆပ်ပြရမယ်။ တတ်နိုင်သမျှငွေကြေးတွေနဲ့ ပေးဆပ်ပြရမယ်။ကိုယ်သန်ရာ နည်းလမ်းပေါင်းစုံနဲ့ ပေးဆပ်ပြရမယ်။

ကဲ … ဘလော်ဂါသွေးချင်းတို့ရေ…
ကိုယ်တတ်နိုင်သလို နည်းလမ်းတွေနဲ့ စတင်လိုက်ကြရအောင်။

Thursday, November 22, 2007

စင်္ကာပူက လှုပ်ရှားမှု

ဂုဏ်ယူလျှက်ပါ စင်္ကာပူမှ သွေးချင်းများ




လမ်းပြကြယ်မှာ တင်ထားတဲ့ သတင်းနဲ့အတူ စင်္ကာပူနိုင်ငံကို ရောက်ရှိနေတဲ့ အင်္ဂလန်နိုင်ငံခြားရေးဆိုင်ရာ အတွင်းဝန်နဲ့ စင်္ကာပူရောက် မြန်မာများ November 20 ရက်နေ့မှာ တွေ့ဆုံဆွေးနွေးမှု မှတ်တမ်းပုံတွေပါ။

"Concern for Burma" အဖွဲ့ကနေ ဦးဆောင်စီစဉ်ခဲ့ပြီး OBP, Oway, LPK library, DTASG နဲ့ intellectual, religious people အဖွဲ့တွေအားလုံး ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို တင်ပြပြောဆိုခဲ့ကြပါတယ်။
အာစီယံအဖွဲ့တွေအနေနဲ့ မြန်မာနိုင်ငံအပေါ် ပြုမူဆက်ဆံပုံတွေနဲ့ မြန်မာပြည်သူတွေအပေါ် တကယ့်စာနာမှုတွေ နဲ့ ဆက်ဆံမယ့် အိမ်နီးချင်းနိုင်ငံဖြစ်မဖြစ် သုံးသပ်ချက်တွေကို ဆောင်းပါး ဆက်တင်ပေးပါဦးမယ်။

(ကိုယ့်လူမျိုး ကိုယ့်နိုင်ငံအတွက် ကိုယ်သာလျှင် ကြိုးစားရပေမည်)

Tuesday, November 20, 2007

ယုံတမ်းစကား

အင်း ဂျပန်က တူမလေး နှင်းသဇင်ရေ..
ရေးလိုက်ပြီနော်... ယုံတမ်းစကား..

ခင်မင်းဇော်ရဲ့ ယုံတမ်းစကား

အင်း မနက်မိုးလင်းတာနဲ့ ဟုတ်သော်ရှိမဟုတ်သော်ရှိ ။

ခြံထဲမှာ လမ်းလျှောက်ဦးမှ။ အသက်က ကြီးလာတော့........

မာလီလုပ်နေတဲ့ ရွှေမန်းကိုတော့ ခြံဝန်းထဲက သိပ်မလှတော့တဲ့ ပန်းပင်တွေကို ရွှေ့ဖို့ အသစ်တွေ စိုက်ဖို့ ပြောထားတာ အဆင်ပြေရဲ့လား မသိပါဘူး။

ကိုယ်က အာဏာရှိထားပေမယ့် မတရားခိုင်းတာကို မကြိုက်တော့ မနေ့က အလုပ်ချိန်ကုန်ခါနီး ပြောပြလိုက်ပေမယ့် ဒီနေ့မှာ လုပ်လို့ ပြောထားခဲ့တာ ။ အင်း

မနေ့ကလာပြတဲ့ စိန်တွေ ၀ယ်ချင်ပေမဲ့ သန္တာရွှေ ၀တ်ထားတာထက်သေးနေလို့ မ၀ယ်ဖြစ်လိုက်ဖူး။

မနက်ဖြန်တော့ ထပ်လာပြမယ် ပြောထားတာပဲ စောင့်လိုက်ဦးမယ်။

အော် ..

ဂူဂယ်ကလည်း ကျမအကြံပေးတဲ့အတိုင်း လုပ်လို့ အောင်မြင်နေတဲ့ ဖိုးဝပေါ်တယ်ကို ၀ယ်ချင်လို့တဲ့ ။ ဒါမှမဟုတ်လဲ ရှယ်ယာဝင်ခွင့်ပြုပါတဲ့။ အင်းလေ ဖိုးဝမှာ အကြံပေးရုံပေးတာတောင် ဒီလောက်အောင်မြင်နေရင် စဉ်းစားသာ ကြည့်တော့။

ဘီလ်ဂိတ်တို့ လာဆွေးနွေးထားတဲ့ သူတို့ ဖောင်ဒေးရှင်းတွေမှာ ၀င်ရောက်ပေးဖို့ကိုတော့ စဉ်းစားပေးထားပါ့မယ်လို့ ပြောပြီး အကြောင်းပြန်ဖို့ ဘယ်နေ့ချိန်းမိပါလိမ့်။

နေဦး အတွင်းရေးမှူး လာမှမေးရဦးမယ်။

ဘလော်ဂါများ အစည်းအဝေးတက်ဖို့လည်း သွားရဦးမှာပဲ။ ဘလော်ဂါ ဂုဏ်ထူးဆောင် နာယက ဖြစ်ကတည်းက တခါမှမအားရသေးဘူး။

သူတို့ တွေနဲ့အတူ ဟောပြောပွဲတွေသွားရတာ နည်းမှမနည်းပဲ။ တနာရီ မြန်မာဒေါ်လာ ၅ သန်းလောက်ပဲ ယူပေးလိုက်ပါတယ်။ နို့မို့ ပေါက်ဈေး အတိုင်းယူရင် တချို့ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေ ပေးနိုင်ဖို့မလွယ်ဘူး။ ခုဆို အမေရိကန်က လူတွေတောင် အဆိုင်လမ်လာပြီး လျှောက်နေကြတဲ့ ရွှေမြန်မာပြည်ကြီး မဟုတ်လား။ သူတို့ ကို ကိုယ်က တတ်နိုင်သလောက် ပြန်ကြည့်ပါတယ်။

ဟိုဘက်က ဇိနတိုင်းဆို ကျမတို့ နိုင်ငံကို လာလာ ဆက်သရတာ နည်းလို့လား။ သူတို့ ၂၀၀၇ တုန်းက နအဖ ဘက်လိုက်ခဲ့တာ မှားမှန်းသိလို့ တဲ့။ ခုဆို ကျမတို့ဆီက တက္ကသိုလ်တွေက အဆင့်မြင့် ပညာတွေ သင်ချင်လွန်းလို့ လာလိုက်ကြတဲ့ နိုင်ငံခြားသားတွေ ။

အင်း .. ကျမရဲ့ ဘော်ဒါ ဘလော်ဂါတွေလည်း ဖွံ့ဖြိုးမှုနောက်ကျကျန်နေတဲ့ နည်းပညာတွေ မတိုးတက်သေးတဲ့ ပြင်သစ် ဂျာမဏီ အီတလီ ဆိုတဲ့ ဥရောပတွေဖက် သွားပြီး နည်းပညာမျှဝေမှုတွေ လုပ်နေရတာ ကိုယ့်နိုင်ငံတောင် မနေနိုင်ဖူး။ မိုးထက်နေတို့ဆို ဆိုက်ပရပ်တောထဲမှာ သနားပါတယ်။ အင်္ဂလန်က ကိုထိုက်ခမျာများ ကိုယ့်ပြည်က တိုးတက်နေပေမဲ့ မနေရပဲ ခုထိ နိုင်ငံသေးလေးမှာ ဒုက္ခခံနေရတုန်း ။

အော် သနားပေမဲ့လည်း တကမ္ဘာလုံးကို တညီတည်း ဖြစ်စေချင်တဲ့ ဆန္ဒတွေ ကိုယ်စီနဲ့ဆိုတော့ ကိုယ့်အကျိုးစီးပွားကို မကြည့်နိုင်အားသေးဘူး။

အင်း .. လုပ်ပေးရမှာပါပဲလေ..

ကိုယ်တို့ ရွှေပြည်ကြီးက ကမ္ဘာထိပ်သီးနိုင်ငံကြီး ဖြစ်နေပြီဆိုတော့…

( ရေးရတာ တော်တော်အရသာရှိတယ်..ယုံတယ်မဟုတ်လား..ခင်မင်းဇော်ရဲ့ ယုံတမ်းစကား)

ရေးစရာ အကြွေးတက်များ...(ချစ်ခင်စရာ ဘလော်ဂါများရဲ့ ဓလေ့ထုံးစံများ)

ဂျစ်တူး ရေ ညီမလေး အလှည့်ရောက်တော့မယ်။

နှင်းမိုးဝေ ...အနှင်းရေ.. စိတ်ချနေပါ.. ဒီခေါင်းစဉ်က ရေးချင်လှပေါ့။

Saturday, November 17, 2007

ကျမဘယ်သူလဲ?

ဘလော်ဂါအချင်းချင်း ရင်းနှီးစွာ ရေးသားစေချင်တဲ့ အကြောင်းလေးတွေကို လက်ဆင့်ကမ်းလေ့ရှိတာကို တက်(Tag) တယ်လို့ ခေါ်ကြပါတယ်။ ညီမလေး ဂျစ်တူး၊ တူမလေး နှင်းသဇင်၊ မောင်လေး Zero Trash တို့ရဲ့ တက်ထားခြင်းအပေါ် နောက်ဆုံးကနေ ပြန်ရေးလိုက်ပါတယ်။ ဂျစ်ရေ... လာမယ်နော် နောက်တလှည့်၊ နှင်းသဇင်လေးလည်း မကြာမီ လာမည်လို့....

ကျမဘယ်သူလဲ?

ပုံပန်းသဏ္ဍာန်ကို အရင်မိတ်ဆက်ရရင်…….. (ဓါတ်ပုံမြင်ဖူးသူလဲ ရှိမှာပါ၊ ဓါတ်ပုံတင်ပေးသင့်တယ် ဆိုလဲ ပြောကြပါ ၊ အင်း တင်ပေးဖို့ အဆင်သင့်ပါ။ ကြီ....)

ကိုယ့်ကိုယ်ကို မညှာမတာ ပြောပြမှာပါ….

၁) မျက်နှာကျပုံကတော့ လုံးလုံး(၀ လာလို့ဖြစ်မှာပါ)

၂) မျက်ခုံးမွှေးနည်းပါတယ်။ ဒါမဲ့ မျက်ခုံးပေါက်ပုံက လှတော့ အဲဒီပေါ်မှာ ခဲတံနဲ့ထပ်ဆွဲ လိုက်ရုံပါပဲ။(ဟဟ)

၃) နှာတံပေါ်ပေမယ့် နှာတံမချွန်ပါ။

၎) မျက်လုံးမျက်ရစ်လှပေမယ့် မျက်တောင်တိုပြီး ပါးတော့ မပေါ်လွင်တော့ပါ။ ( မျက်တောင် စိုက်ရင် လှမယ် ဆိုတာသိပေမယ့် ဘဏ္ဍာရေး အခြေအနေနဲ့ အသက်အရွယ်အရ အလျှော့ပေးလိုက်ပါတယ်)

၅)နှုတ်ခမ်းလှပေမယ့် ပါးစပ်ပြဲပါတယ်။(ဒါပေမဲ့ သွားတွေကတော့ လှမှလှလို့ လူတကာပြောပါတယ်။ ဒါ့ကြောင့် ဓါတ်ပုံရိုက်တဲ့အခါ အမြဲပဲ ရယ်နေပါတယ်)

၆) အရပ် ၅ ပေ ၂ လက်မပဲ ရှိပေမဲ့ ပေါင်ချိန်ကတော့ ၅၄ မှာ မနည်း ရပ်အောင် ထိန်းရင်း ကျော်သွားခဲ့ရင်လဲ မသိမသာမေ့ထားလိုက်ပါတယ်။( အသက်က ၄၀ ကျော်နေပြီကိုး)

၇)အဓိက အသားရောင်ကတော့ ဖြူဝင်းလှပစိုပြေပါပေတယ် ဟဲဟဲ ဒါလေးကယ်ပေလို့။

၈) ဆံပင်အရောင်ကတော့ ဖြောင့်စင်း မဲနက်နေဆဲ ၊အဖြူရောင်တွေ မလာသေးပေမဲ့ (ခုတလော နီညိုရောင်ဆိုးထားပါတယ်) ဒါကတော့ ပျင်းတာနဲ့ ကလိကြည့်လိုက်တာ။

စိတ်ဓါတ်ကတော့……(သိသွားရင် ပေါင်းချင်ကြပါဦးမလား..)

၁) ကိုယ်မှန်တယ်ထင်ရင် ဘယ်သူ့မျက်နှာမှ မကြည့်ပဲ ပြောတတ်ပါတယ်။(ကြည့်မိရင် မပြောနဲ့လို့ တားမှာစိုးလို့) အမှန်တွေပြောတတ်လွန်းလို့ နောက်ကွယ်ရန်သူ ပေါများပါတယ်။

၂) သူတပါးကို မတရားလုပ်နေတယ်လို့ မြင်မိ ခံစားမိရင် ကိုယ်နဲ့ မဆိုင်ပဲလဲ ပြသနာထဲကို သေသေချာချာ ၀င်ပါတတ်ပါတယ်။

၃) တယောက်နဲ့တယောက် အမြင်မှားပြီး တည့်တည့်မရှင်း ကွယ်ရာက ပြောနေသူတွေ တွေ့ရင် မျက်နှာချင်းဆိုင် ပြောနိုင်အောင် တည်ပေးတတ်ပါတယ်။ ( တယောက်စကား ဟိုတယောက်ကို သွားပြောတာမျိုး မဟုတ်ဘူးနော်။ သူတို့ ၂ ယောက်ကို ဆုံရှင်း ခိုင်းတာ)

၎) ကိုယ် ဂတိပေးပြီးရင် ဘယ်လိုအကြောင်းနဲ့မှ မဖောက်ဖျက်တတ်သလို ဖောက်ဖျက်သူ တွေ့ရင်လဲ မဆက်ဆံတော့ဘူး။

၅) အချိန်နဲ့ ငွေရေးကြေးရေး ကိစ္စတွေ၊ ဂတိသစ္စာတွေကို အသက်လိုတန်ဖိုးထားတယ်။ တခါမှ ဘယ်ချိန်းဆိုမှုမျိုးကိုမှ နာရီနောက်ကျပြီး မရောက်ခဲ့ဖူးဘူး။ ဘယ်ငွေကိုမှ အလွဲသုံးစား မလုပ်ခဲ့ဘူး။ (မိဘပိုက်ဆံကိုတောင် စာရင်းနဲ့တကွ ပြန်အပ်တတ်တယ်)

၆) အလုပ်မရှိရင် မနေတတ်သလို အမြဲပဲ တက်ကြွနေတတ်တယ်။

၇) ကိုယ်လုပ်သလို သူများတွေကိုလဲ အလုပ်ကို စိတ်ပါလက်ပါ တက်ကြွစွာ လုပ်ကိုင်စေချင်တယ်။(ဒါ့ကြောင့် တပည့်မွေးလို့ မရခဲ့ဘူး)

၈) ဆရာလုပ်ရတာ ၀ါသနာပါသလို ကိုယ်တပည့်လုပ်ရချိန်မှာလည်း ရိုကျိုးစွာ ခံယူဖို့ အဆင်သင့်ပဲ။ (ကိုယ်လိုချင်တဲ့ပညာတော့ ဆရာလုပ်သူမှာ ရှိရမှာပေါ့လေ။ ဘာမှမဟုတ်ပဲနဲ့ ဆရာလာလုပ်ရင်တော့ မခံဖူးပေါ့)

၉)စကားများများပြောပေမဲ့ တကယ်က စကားမပြောချင်ဆုံးပါ။ (စာအုပ်တွေဖတ် စာတွေရေး အဲလို နေချင်သူပါ)

၁၀)ငွေကြေး၊ အာဏာကို မမက်မောပေမဲ့ အဲဒါတွေရဲ့ တန်ဖိုးကို သိနေတော့ ငွေကိုတန်ဖိုးထား ရှာတယ်။(ဒါ့ကြောင့် တချို့တွေက ငွေစကားပြောတယ် စွပ်စွဲကြတယ်။ တကယ်က မက်မောလို့ မဟုတ်ပါဘူး။ အဲဒီငွေနဲ့ တချို့တွေကို အနိုင်ယူလို့ ရတယ်။ တချို့ကို ဖြေရှင်းလို့ရနေတယ်။ ကောင်းအောင်လုပ်မယ့် လူတွေလက်ထဲမှာ အဲဒီ ၂ ခုရှိဖို့လိုတယ်လို့ ခံယူတယ်။)

၁၁)ဘယ်တော့မှ မတရားတာ မဟုတ်တာ ဘယ်သူ့အပေါ်မှ မလုပ်ဘူး။ ကိုယ့်အပေါ်လုပ်ရင်လဲ သည်းခံစိတ် မထားတတ်သေးဘူး။

၁၂) လူတယောက်ကို ခဏတွေ့ဆုံ စကားပြောပြီးတာနဲ့ ဒီလူနဲ့ ဆက်ပြီးလက်တွဲလို့ရမရ စိတ်ထဲက အမြဲ အဖြေရှိနေတယ်။ အဲဒီအဖြေကလည်း အမြဲပဲ မှန်ခဲ့တယ်။

၁၃) ကိုယ့်ကြောင့်ဖြစ်လာတဲ့ အပြစ်ကိုလဲ ကျေကျေနပ်နပ် ခေါင်းခံတတ်ပါတယ်။ သူများက မပြောရဲတာမျိုးကိုလဲ ခေါင်းအငှားခံပြီး ပြောပြတတ်ပါသေးတယ်။

၁၄) အားလပ်ရက်တွေမှာ တခုခုလုပ်စားပြီး မိတ်ဆွေအပေါင်းအသင်းတွေ အားရပါးရ နှစ်သက်စွာ စားနေတာကို ကြည့်ပြီးကျေနပ် နေတတ်သေးတယ်။

၁၅)လုပ်မယ်လို့ စစဉ်းစားတဲ့အချိန်မှာ နည်းနည်းတွေဝေတတ်ပေမယ့် ဆုံးဖြတ်ပြီးရင်တော့ နောက်မဆုတ်တတ်တော့ပါဘူး။

ကဲ.. စဉ်းစားလို့ရသလောက် အချက်တွေ ချရေးလိုက်တာပါ။ အစီအစဉ်ကျ မကျတော့ မသိတော့ဘူး။ ပါးစပ်ဆိုးသူလို့ နာမည်ကြီးတဲ့ ခင်မင်းဇော် ဖြစ်ပါတယ်။

ကဲ … ကျမဘယ်လိုလူလဲ… ဒီလောက်ဆို သိရောပေါ့…

ဘယ်သူတွေ အားမအားမသိပေမယ့် ကျမက ဆက်တက်ချင်သူတွေ ရှိနေပါသေးတယ်။

ရေးပေးနိုင်မယ်ဆိုရင်တော့ စလုံးက ဘော်ဒါဘလော်ဂါများဖြစ်တဲ့…

ကဒေါင်းညင်သာ၊ ကလူသစ် ၊ ၀ါဆိုအိမ်မက်(July Dream) ၊ avril-lover တို့ကို ဆက်တက်ပါတယ်။ ( ယောက်ျားလေး ဘလော်ဂါတွေကို ဦးစားပေး အစီအစဉ်နော်)