Sunday, September 30, 2007
ရင်တွင်းဆန္ဒ
တက်ကြွစွာ အသက်ကိုရင်းပြီးတိုက်ပွဲဝင်နေကြတဲ့ ကျမတို့ ပြည်သူပြည်သားတွေအတွက် အသုံးမ၀င်ပဲ ကြောက်စိတ် ၀င်သွားစေမဲ့ ၊ နောက်တွန့်သွားစေမဲ့ သတင်းမျိုးကို တင်ပေးဖို့ မလိုဘူးလို့ ကျမက ဆုံးဖြတ်ထားတဲ့ အတွက် တချို့သတင်းပေးချက်တွေကို စီစစ်ပြီး တင်မပေးခဲ့ပါဘူး၊ အဲဒီသတင်းအချို့တွေဟာ နအဖရဲ့ စိတ်ဓါတ်စစ်ဆင်ရေးက လာတဲ့ သတင်းမဟုတ်ပါပဲ ပြည်သူတွေထဲက ရတဲ့သတင်းဖြစ်ခဲ့ရင် တင်မပေးတဲ့ ကျမရဲ့ အပြစ်အဖြစ်ခံယူပါတယ်။
ဒါ့အပြင် ကျမတို့ ဘလော်ဂါတွေအနေနဲ့ စုစည်းညီညွတ်မှုရှိဖို့လည်း လိုပါတယ်။ သတင်းတခုရရင် အချင်းချင်း ဆက်သွယ်စုံစမ်းခြင်းဖြင့် ဟုတ်မဟုတ်မှန်မမှန် စီစစ်ဖို့အတွက် အားလုံး ချိတ်ဆက်မိနေရမှာ ဖြစ်ပါတယ်။ ကျမတို့အားလုံး ဒီရက်ပိုင်းတွေမှာ ကွန်ပျူတာရှေ့က မခွာနိုင်ပဲ သတင်းတွေ ဓါတ်ပုံတွေနဲ့ နအဖရဲ့ ရိုင်းစိုင်းယုတ်မာမှုတွေကို ကမ္ဘာကသိအောင် ကိုယ့်နိုင်ငံသား ပြည်သူအများသိအောင် လုပ်ပေးနေတယ် ဆိုတာကလည်း အထဲက ပြည်သူတွေနဲ့ တသားတည်းရှိတယ် ဆိုတာကို ပြသတဲ့နည်းလမ်း တခုအဖြစ် ခံယူထားရမှာပဲ ဖြစ်ပါတယ်။
အာဏာရှင်လက်အောက်က နိုင်ငံသားတိုင်းဟာ နိုင်ငံသားတယောက်ရဲ့ တာဝန်ကျေပွန်စွာနဲ့
Friday, September 28, 2007
စိတ်ဓါတ်စစ်ဆင်ရေး
ကိုယ့်အခွင့်အရေးကိုလည်း ကိုယ်တိုင်တိုက်ရမယ် ဆိုတာကိုလည်း ပြည်သူလူထုက သိပါတယ်။
ဘုရားသားတော်တွေကို မဟုတ်မမှန်စွပ်စွဲချက်တွေနဲ့ ပြစ်မှားနေတဲ့ အာဏာပိုင်တွေရဲ့ ကျဆုံးခန်းကတော့ မလွဲမသွေ ရောက်လာမှာပါ။
ဓမ္မနဲ့ အဓမ္မ တိုက်ပွဲ အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်....
Wednesday, September 26, 2007
ကြည့်စမ်းပါဦး..
(၂၆၊၉၊၀၇)
သံဃာတော်တွေ ပြည်သူလူထုတွေ ....
နောက်မတွန့်ဘူး.... သိပ်လေးစားစရာ ဂုဏ်ယူစရာကောင်းတဲ့ စိတ်ဓါတ်တွေနဲ့...
နောက် နာကျည်းဒေါသထွက်မိတယ်။ ငါတို့နိုင်ငံဟာ ဒီလောက်တောင် ဖြစ်သွားပြီလား...
ကမ္ဘာပေါ်က ဘာသာကြီး ၄ မျိုးထဲမှာ ဒီလို အဖြစ်မျိုး ဘယ်ဘာသာမှာဖြစ်ဖူးသလဲ....
အော်... မှားပြီးရင်းမှားနေပါလား နအဖရယ်......
ဗုဒ္ဒဘာသာဝင်တို့ရဲ့ လပြည့်နေ့တဲ့
ဓမ္မနှင့် အဓမ္မ ထိပ်တိုက်တွေ့ပြီ
“သံဃာထုတရပ်လုံး၏ ပတ္တနိက္ကုဇ္ဇနကံဆောင်မှုသည် ဗုဒ္ဓ၏ဓမ္မစက်အာဏာ အစစ်အမှန် ဖြစ်သည်။ ဒီကံကိုဆောင်ကြတဲ့ သံဃာထုသည်လည်း ဗုဒ္ဓ၏သားတော်များအစစ်အမှန်များ ဖြစ်ကြသည်။ ဤမှန်ကန်သော သစ္စာ စကားကြောင့် … ဗုဒ္ဓသားစစ်ဖြစ်တဲ့ သံဃာထုတရပ်လုံးနဲ့ ဗုဒ္ဓထားတော်မူခဲ့တဲ့ အာဏာနဲ့ သာသနာတော်ကို ဖျက်ဆီး စော်ကားနှိပ်စက်နေကြတဲ့ ဆန့်ကျင်မျက်ကွယ်ပြုသူများ အာဏာရှင်မာနတ် အားလုံးကို ဗုဒ္ဓရဲ့ဒဏ်၊ သာသနာတော်ရဲ့ဒဏ်၊ သံဃာ့ကံရဲ့ဒဏ်၊ ဓမ္မစက်ရဲ့ဒဏ်၊ ပြည်သူများရဲ့ဒဏ်၊ မေတ္တာတရားရဲ့ဒဏ်၊ သာသနာစောင့်နတ်အပေါင်းတို့ရဲ့ဒဏ် အပေါင်းကို လက်ငင်းမကြာ ချက်ချင်းခဏ ဒိဌဓမ္မ ရင်ဆိုင်ခံစားကြစေသောဝ်”
သာသနာတော်ကို အသက်ပေးကာကွယ်သွားမယ်။
အာဇာနည်တွေ အများကြီးပေါ်မယ့်တိုင်းပြည် ဖြစ်နေပါပြီ။
(၂၆၊၀၉၊၀၇ မနက် BBC အင်တာဗျုးမှ သောတုဇနဘိက္ခူ ပြောခွင့်ရ ရဟန်းတပါးမှ မိန့်ကြားသော ပိုင်းဖြတ်ချက်..)
Tuesday, September 25, 2007
ရွှေဝါရောင်တော်လှန်ရေး
အမှန်တရားအတွက် မတရားရင် ခေါင်းငုံ့မခံဘူး ဆိုတဲ့ စိတ်ဓါတ်နဲ့ .....
ဟုတ်တယ် မဟုတ်လား...... (ဟုတ်တယ် ...ဟုတ်တယ်...)
ကျနော်တို့အားလုံး ဘ၀များစွာရင်းပြီး လမ်းတွေပေါ်မှာ အသက်ပါပေးခဲ့ပြီးပြီ....
ကျနော်တို့ကို ဘယ်ခြိမ်းခြောက်မှုမျိုးနဲ့မှ ခြောက်လို့ ကြောက်မယ့်လူလား.... (မဟုတ်ဘူး... မဟုတ်ဘူး... )
(၂၀၀၇ ခုနှစ် မေလ ၂၇ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့တွင် ကိုမင်းကိုနိုင်နှင့်တကွ ကျောင်းသား ပြည်သူများ တိုင်တည်သော သစ္စာစကားမှ.....)
ဓါတ်ပုံများပေးပို့ပေးသော ရန်ကုန်မှ ဘလော်ဂါသူငယ်ချင်းတဦးအား အထူးကျေးဇူးတင်ပါသည်။
Monday, September 24, 2007
ငါးရောင်ခြယ်
Saturday, September 22, 2007
တိုက်ပွဲခေါ်သံ
၂၀၀၇ ခုနှစ်
စက်တင်ဘာလ
(၂၄) ရက်၊ တနင်္လာနေ့
နေ့လည် ၁ နာရီတိတိ
ကိုယ့်အခွင့်အရေးကို ကိုယ်ကိုယ်တိုင်စည်းကမ်းရှိစွာ
စနစ်တကျ အကြမ်းမဖက်သည့် နည်းလမ်းဖြင့်တောင်းဆိုကြပါရန်
ရဟန်းရှင်လူ ကျောင်းသားပြည်သူ တပ်မတော်သားအားလုံးပူးပေါင်းပါဝင်ကြရန်
ဘုန်းဘုန်းတို့စွမ်းပကား
(ဓါတ်ပုံကို http://ko-htike.blogspot.com မှ ရယူပါသည်)
ဒီနေ့ ဆုံဆည်းရာဘလော့က ကဗျာလေးတပုဒ်ကို ဖတ်ရတဲ့အခါမှာ ဘုန်းဘုန်းတို့ကို ပိုလို့ လေးစားစွာ ပူဇော်ရှိခိုးမိပါတယ်။ ကျမတို့ပြည်သူတွေအတွက် ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီး တာဝန်ကျေခဲ့တဲ့ ဘုရားသားတော်တွေ အားလုံးအတွက် ဒီကဗျာလေးကို မျှဝေလိုက်ပါတယ်။
ပြည့်ဝမ်းမီးတောက်
သံဃာလျှောက်သည်
အံ့လောက်ပါသော တို့တိုင်းပြည်၊။
ကဗျာဆရာ မောင်လွမ်းဏီဆိုတာ ကျောင်းသားတပ်မတော်ကပါ။
သူ့ကဗျာ သုံးကြောင်းက ကျမကို ခံစားမှုတွေအများကြီးပေးသွားခဲ့ပါတယ်။
နောက်ကျမတို့ တိုင်းပြည်မှာကလည်း သူရဲကောင်းအာဇာနည်က ပေါများလှပါတယ်။ ဒါတကယ် ဂုဏ်ယူစရာ ကောင်းတဲ့ အချက်တချက် မဟုတ်လား။ ဒီလို တိုင်းပြည်မှာမှ ဒီလို အာဏာရူးတွေက နှစ်ပေါင်း ၄၀ ကျော် အုပ်စိုးနေတာကလည်း ထူးဆန်းလွန်းပါတယ်။ ကျမတို့ ပြည်သူတွေဟာ တကယ့်ကို သည်းခံခြင်းတရားနဲ့ ပြည်စုံသူတွေဆိုတာ သိသာလှပါတယ်။ အခုတော့ ၈၈ ကလို လူပင်လယ်ဖြစ်လာဖို့ အခြေအနေ ရောက်လုပါပြီ။
ပြည်သူတွေအားလုံး ကိုယ့်အခွင့်အရေးကို ကိုယ်တိုင်တောင်းယူကြပါ။ ကိုယ့်ရှေ့က ရပ်တည်ပေးတဲ့ ဘုရားသားတော်တွေနဲ့ အတူ အားဖြည့်ကူညီကြပါ။
ကျမတို့ နောက်မျိုးဆက်တွေ အနေနဲ့ အခုလို အာရှမှာတောင် ခေတ်နောက်ကျနေတဲ့ နိုင်ငံက နိုင်ငံသားဘ၀ တွေကို မရရှိအောင်၊ ပြည်သူတွေပိုင်တဲ့ သယံဇာတတွေကို ပြည်သူတွေအတွက် စီမံခန့်ခွဲပေးနိုင်မဲ့ အုပ်ချုပ်သူမျိုး ကိုသာ လွတ်လပ်စွာ ရွေးချယ်ခွင့်ရရှိအောင် ကျမတို့ မျိုးဆက်တွေ က တိုက်ယူပေးရမယ့် အခွင့်အရေးတိုက်ပွဲပါ။(ပြောသာပြောရ ကျမဘ၀က အပြင်က)
ကျမတို့ချစ်တဲ့ တိုင်းပြည်ကြီး ကံကောင်းပါစေ။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
Friday, September 21, 2007
တပြည်လုံးအတွက် ရွတ်ဆိုရန်
မေတ္တာဓါတ်နည်းပါးနေသော မြန်မာနိုင်ငံအတွင်းရှိ မြို့တိုင်း ရွာတိုင်းရှိ အိမ်များ၊ ကျောင်းများ၊ ရုံးများ၏ ၀င်ပေါက်များတွင် ည ၈ နာရီမှ စတင်၍ ၁၅ မိနစ်ကြာ ရွတ်ဆိုကြရန်ဖြစ်ပါသည်။
ကင်းရှင်းကြပါစေ။
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း
အေးချမ်းကြပါစေ။
ပြည်သူအများဆုံးပါဝင်တဲ့ မိုးကုတ်လမ်းလျှောက်ပွဲ
ကျနော်တို့ လမ်းလျှောက်ဆန္ဒပြတာ အားလုံးပေါင်းစုံတဲ့အချိန်မှာ အင်အား တသိန်းကျော် ဖြစ်သွားခဲ့ပါတယ်။ (မိုးကုတ်မြို့သားတဦး၊ ၂၁၊၉၊၀၇ဘီဘီစီ ညပိုင်း အင်တာဗျူး အစီအစဉ်မှ)
ကျမ ဓါတ်ပုံတွေကြည့်ရင်း သတင်းနားထောင်ရင်း မျက်ရည်ကျမိပါတယ်။
လေးစားဂုဏ်ယူစွာဖြင့်
ခင်မင်းဇော်
Thursday, September 20, 2007
ပြည်သူ့ဘုန်းဘုန်း တို့ဘုန်းဘုန်း
Tuesday, September 18, 2007
Monday, September 17, 2007
ဓမ္မနှင့် အဓမ္မ တိုက်ပွဲ
လတ်တလော ပခုက္ကူမှ မေတ္တာသုတ်ရွတ်ဆို ကြွချီသော သံဃာတော်များကို အကြမ်းဖက် ရိုက်နှက်မှုကြောင့် ပတ္တနိက္ကုဇ္ဇန ကံဆောင်ကြဖို့ ဆုံးဖြတ်ခဲ့ကြပေမဲ့ တကယ်တော့ မြန်မာပြည်သူလူထုရဲ့ ရှေ့ကနေပြီး ဘုန်းဘုန်းတို့ သံဃာတွေက ရပ်တည်ပေးတယ် ဆိုတာကို ပြည်သူလူထု အားလုံးက သိရှိခံစားရပါတယ်။
တရားမျှတမှုအတွက် ငြိမ်းချမ်းစွာ ကံဆောင်သပိတ်မှောက်ကြမယ့် ဆရာတော် သံဃာတော်များအား လေးစားစွာဝတ်ပြု ရှိခိုးပူဇော် ပါ၏ဘုရား။
၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ဆိုရင် လူသတ်သမား သာသနာဖျက်အစိုးရဖြစ်တဲ့ စစ်အုပ်စုရဲ့ မတရား အာဏာသိမ်းခဲ့တာ ၁၉ နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။
ဒီလို ယုတ်မာကောက်ကျစ်တဲ့ စစ်အုပ်စုကို ဒဏ်ခတ်ဖယ်ကျဉ်ဖို့ သံဃာတော် ဘုန်းဘုန်းတွေက ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ စတင်နေပြီဖြစ်ပါတယ်။
ဓမ္မသည်သာ အောင်ပွဲခံရမည်မှာ မလွဲပေ။
Thursday, September 13, 2007
ဆက်စပ်စဉ်းစားစရာ……..?
မြန်မာ့နိုင်ငံအရေးမှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါတယ် ဆိုတာ အခု၂၀၀၇ ခုနှစ်သြဂုတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြလမ်းလျှောက်ပွဲတွေမှာ တွေ့ရမှာ ဖြစ်ပါတယ်။ ၁၅ ရက်နေ့မှာ ဓါတ်ဆီဈေးတွေ ၀ုန်းကနဲ တက်လိုက်တဲ့အပေါ် ဖြစ်သွားတဲ့ ကားခဈေးတက်မှု တွေ၊ သယ်ဆောင်ခ တက်သွားလို့ လူသုံးကုန်ပစ္စည်းတွေ ဈေးမြင့်သွားတာ စတဲ့ အချက်တွေ အပေါ်အခြေခံလို့ ၁၉ ရက်နေ့မှာ ၈၈ မျိုးဆက်ကျောင်းသားတွေက လမ်းလျှောက်ခြင်းဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပါတယ်၊ ကြွေးကြော်သံတွေမပါဝင်ပဲ ကားခဈေးကြီးလို့ လမ်းလျှောက်တာ ပါလို့ ပြောခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေ နောက်က ပြည်သူလူထုတွေလိုက်ပါ လမ်းလျှောက်ခဲ့တာ ၃၀၀ မှ ၄၀၀ ဖြစ်သွားတဲ့အထိ အောင်မြင်ခဲ့ပါတယ်။
ဒီလို လမ်းလျှောက်ပြတာနဲ့ အာဏာရ စစ်အုပ်စုက သူတို့ကို ဖီဆန်ပါတယ်လို့ စွပ်စွဲပြီး ၂၂ ရက်နေ့မှာ လမ်းလျှောက်ဦးမယ်လို့ သတင်းကြားတာနဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ထဲက ခေါင်းဆောင်ပိုင်းအဖြစ် နာမည်ရှိနေတဲ့ ကိုမင်းကိုနိုင် ၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုအံ့ဘွယ်ကျော် ၊ကိုမြအေး၊ ကိုဂျင်မီ၊ ကိုမင်းဇေယျာတို့ကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်၊ဒီအထဲက ကိုမြအေး ၊ကိုဂျင်မီ၊ ကိုအံ့ဘွယ်ကျော် ၃ ယောက်ဟာ ပထမအကြိမ် ၂၀၀၆ ခုနှစ်အတွင် ကိုမင်းကိုနိုင်တို့ ၅ ဦးဖမ်းဆီးခံနေရစဉ်က သူတို့လွတ်မြောက်ရေးအတွက် ပြည်သူလူထုတွေ ဆီက ထောက်ခံလက်မှတ်ပေါင်း ၅ သိန်းကျော် ရရှိအောင် စုစည်းပေးနိုင်သူတွေ ဖြစ်ပါတယ်။ ဒီတခါ ထိန်းသိမ်းတဲ့ အခါမှာတော့ သူတို့ တွေကိုလည်း တပါတည်း ထိန်းသိမ်းလိုက်ပါတယ်။ ကိုဌေးကြွယ် ကတော့ ကံကောင်းထောက်မစွာ လွတ်မြောက်ကျန်ခဲ့ပါတယ်။
သူတို့စိတ်ထင်တော့ ဒီတခါ အကုန်ထိန်းသိမ်းလိုက်တဲ့အတွက် သူတို့ အနိုင်ရလိုက်ပြီလို့ တွေးထင်ထားပုံပါပဲ။ ဒါပေမဲ့ …. ၈၈ မျိုးဆက်ဆိုတာ သူတို့တွေ မရှိတာနဲ့ ပျောက်ကွယ်သွား မှာ မဟုတ်ဘူးဆိုတာကို ၂၂ ရက်နေ့ လမ်းလျှောက်ပွဲမှာ မမီးမီး၊ မနီလာသိန်း၊ ကိုအောင်နိုင်တို့ က ရှေ့ဆောင် လမ်းပြခြင်းအားဖြင့် သက်သေပြလိုက် ပါပြီ။
ဒီမှာ မီဒီယာရဲ့ အရေးပါမှုကို တွေ့ရမှာပါ။ ဆန္ဒပြမှုတွေကို ချက်ချင်း အသံရော အရုပ်တွေပါ လွှင့်ထုတ်နိုင်တဲ့ အတွက် ပြည်တွင်း ပြည်ပက သေသေချာချာ မြင်ရပြီး နအဖ ဘယ်လိုမှ ငြင်းမရနိုင် ဖြစ်ရပါတယ်။ မီးမီးတို့ နီလာသိန်းတို့ အုပ်စု လမ်းလျှောက်ရင်း တရားဟောနေတာ၊ ဦးအုန်းသန်း ဆန္ဒပြတာ၊ ကိုထင်ကျော်ကို ဖမ်းတာ၊ စုစုနွေးကို ဖမ်းတာ စတဲ့ ရန်ကုန်သတင်း တွေတင် မကပဲ ဘိုကလေး ဆန္ဒပြတာ အသံ နဲ့ ဓါတ်ပုံ၊ တောင်ကုတ် လမ်းလျှောက် ဆန္ဒပြ တာ ဗွီဒီယို......
နအဖ ဘယ်လိုမှ တားဆီးမရတဲ့ မီဒီယာလှိုင်းကို အထင်အရှား မြင်ကြရပါတယ်။
ပြည်သူတွေထဲမှာလည်း ဒီလို မှတ်တမ်းတွေဟာ အရေးပါတယ် ဆိုတာသိလာကြလေတော့ ကိုယ်တတ်နိုင် သလောက် ရယူပေးတယ် ဆိုတာကိုလည်း တွေ့နေရပါတယ်။ ဒါဟာ နိုင်ငံသားတိုင်း လုပ်ဆောင်နိုင်သမျှ လုပ်ဆောင်ပေးသင့်တဲ့ citizen Journalism ပဲ ဖြစ်ပါတယ်။ ၈၈ ခုနှစ်နဲ့မတူတဲ့ အားသာချက်ပါ၊
ဒီနေရာမှာ မီဒီယာသမားတွေနဲ့ အတူ ပြောရေးဆိုခွင့်ရှိသူတွေ၊ အင်တာဗျုးခံသူတွေရဲ့ ပြောဆိုချက်တွေက အရေးပါတယ်ဆိုတာ ထပ်မံတွေ့ရှိရပြန်ပါတယ်၊ ဘယ်လောက်ထိ အရေးပါတယ် ဆိုတာ စဉ်းစားကြည့်လေ ပိုအရေးပါမှုတွေ တွေ့လာရလေ ဖြစ်တယ် ဆိုတာ သိ သိလာပါတယ်၊ ကိုယ့်နိုင်ငံရဲ့ လတ်တလော အခြေအနေ၊ လတ်တလော အဖြစ်အပျက် တွေက တဆင့် ဒီနိုင်ငံရဲ့ နိုင်ငံရေး ပြောင်းလဲမှု လမ်းကြောင်းပေါ်ကို မိမိ မေးခွန်းတွေ၊ ဖြေဆိုသူရဲ့ စကားတွေက တဆင့် အများကြီး ဆွဲတင်သွားလို့ ရသလို တွန်းချလို့လဲ ရပါတယ် ဆိုတာ မေးသူရော ဖြေဆိုသူတွေကပါ နားလည်ထားသင့်တယ်လို့ စဉ်းစားမိပါတယ်။
ကိုယ့်ရဲ့ အဖြေတွေကနေ အခြေအနေတခု ရရှိအောင် ဖန်တီးနိုင်တယ် ဆိုတာ ၊ ကိုယ့်ဖြေဆိုမှုကနေ အဲဒီအခြေအနေမျိုး ပျောက်ဆုံးသွားနိုင်တယ်ဆိုတာ နိုင်ငံရေး လုပ်နေတဲ့ ပါတီက ဖြေဆိုခွင့် ရှိသူအနေနဲ့ သတိထားသင့်တယ် ဆိုတာကို ကိုဂျင်မီသေဆုံးပြီဆိုတဲ့ သတင်းတွေ ထွက်လာတဲ့ (၈၊၉၊၀၇) အင်တာဗျူးတွေကနေ လေ့လာ တွေ့ရှိရပါတယ်၊
VOA အင်တာဗျူးမှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (မြန်မာနိုင်ငံ)က အထွေထွေအတွင်းရေးမှုး ကိုတိတ်နိုင်က ကြားရတဲ့သတင်းတွေအရ ၈၀ ရာနှုန်းက သေချာသလောက် ရှိတယ်လို့ ကျနော်ယူဆပါတယ်လို့ ပြောသွားခဲ့တယ်၊ သူ့အရင် ပြည်တွင်းက မိသားစုတွေကလည်း ဘာသတင်းမှ မကြားရပါဘူး၊ စုံစမ်းနေဆဲပါ ဆိုပြီး ငိုတဲ့သူက ငိုလို့ ဖြေဆိုခဲ့ကြတယ်၊
ဒီသတင်းအတိုင်း တွက်ဆလိုက်ရင် နအဖအနေနဲ့ ဒီသတင်းပေါ်က အကျိုးဆက်အဖြစ် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ မေးမြန်းချက်တွေကို ရင်ဆိုင်ရနိုင်တယ်၊ ကြိမ်းသေ ရင်ဆိုင်ရနိုင် တဲ့ အတွက် ကိုဂျင်မီနဲ့တကွ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ အခြေအနေကို သူတို့ သတင်းထုတ်ပြန်ရလိမ့်မယ်၊ ဒါဟာ ဒီအထိ ရရှိထားတဲ့သတင်းအရ ဆက်စပ်တွေးတော ကြည့်မိရင် ဒီအခြေအနေ ဆိုက်ရောက်ရလိမ့်မယ်။
ကိုတိတ်နိုင်အနေနဲ့ ဒီလို စွန့်စားဖြေဆိုလိုက်ခြင်းဖြင့် နအဖကို သတင်းထုတ်ပြန်ရန် ဖိအားပေး လိုက်ခြင်း ဖြစ်တယ်လို့ ကျမက စဉ်းစားမိတယ်၊
ဒါပေမယ့်………….
အဲဒီသတင်းဌာန(VOA)ကပဲ အမျိုးသားဒီိမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းကို ကိုဂျင်မီ့ သတင်းနဲ့ ပတ်သက်ပြီး အင်တာဗျုးပြန်တယ်။ အဲဒီမှာ ဦးမြင့်သိန်းက မသေပါဘူး၊ မသေတာ ကြိမ်းသေတယ် ဆိုတဲ့ သတင်းစကားကို ဖြေကြားပါတယ်၊
အဲဒီမှာ ကျမအံ့သြရပြီ၊
၁)ဘယ်လိုလဲ ၊ ဦးမြင့်သိန်းက လက်ရှိ ကိုဂျင်မီတို့ကို ဖမ်းဆီးထိန်းသိမ်း စစ်ကြောရေး လုပ်နေတဲ့ အာဏာပိုင်လား?
၂) သူက ကိုဂျင်မီ နေကောင်းပါတယ် ဆိုတာကို မျက်စိနဲ့ တိုက်ရိုက်မြင်ခဲ့ရလို့လား?
၃)သူ့ကို သူများသတင်းပေးတယ် ဆိုရင် ဘယ်သူကပြောတာလဲ?
၎) အဲဒီပြောတဲ့သူကရော အာဏာပိုင်ထဲကလား ။ ဘယ်လောက်ရာထူးအဆင့်ကလဲ?
စဉ်းစားရင် မေးခွန်းတွေ အများကြီးရလာပါလိမ့်မယ်။
အဲဒီမှာ မီဒီယာအနေနဲ့ရော
၁) ကိုတိတ်နိုင်နဲ့ ဦးမြင့်သိန်း ဘယ်သူ့ကို အရင်မေးခဲ့တာလဲ?
၂) ကျမ သိသလောက် ဦးမြင့်သိန်းကို အရင်မေးခဲ့တာဆိုရင် သတင်းလွှင့်ရင်လဲ အရင်ဖြေသူကို အရင်လွှင့်ရမှာ မဟုတ်ဘူးလား?
၃) နောက်ဆုံးမေးသူကို နောက်ဆုံးမှာ လွှင့်မှ တကယ့်သတင်းဖြစ်စဉ်အတိုင်း ဖြစ်ရမှာ မဟုတ်ဘူးလား၊ အဲလို အရှေ့အနောက်ပြောင်းလိုက်တဲ့အခါ သတင်း တန်ဖိုးဘယ်လိုဖြစ်သွား ခဲ့ပါသလဲ........။?
အချုပ်အားဖြင့် ဆက်စပ်စဉ်းစားလိုက်မယ်ဆိုရင်
ကျမတို့ ဒီသတင်းကြောင့် ဘာမှ မရလိုက်ဘူး၊ ဘာအကျိုးမှ မရလိုက်ပါဘူး၊
တကယ်လို့သာ ဦးမြင့်သိန်းကို အရင်လွှင့်၊ ကိုတိတ်နိုင်ကို နောက်မှ လွှင့်( ဒါသတင်းမေးတဲ့ အချိန်အစဉ် လိုက်ပါ) ရင် ဒီသတင်းရဲ့ အကျိုးသက်ရောက်မှုကြောင့် ခုချိန်ဆို နအဖက ကိုဂျင်မီတို့နဲ့ ပတ်သက်တဲ့ သတင်းတခုခုကို ထုတ်ပေးနေရလောက်ပါပြီ၊
ခုတော့ နအဖ ကိုယ်စားဘာမှ မဖြစ်ပါဘူးလို့ ဦးမြင့်သိန်းက အတည်ပြုပြောပေးလိုက်ပြီ ဆိုတော့…………..
ကျမတို့ ရနိုင်တဲ့ အခွင့်အရေးတခု ဆုံးရှုံးခဲ့ပါတယ်………….
(နိုင်ငံရေး လုပ်မယ် ဆိုရင်တော့ ဆက်စပ်တွေး၊ အကျိုးအမြတ်ကိုတွေး၊ ကောက်ကျစ်ယုတ်မာတဲ့ နအဖကို ဘယ်လို အကျပ်ကိုင်နိုင်မလဲ ဆိုတာကိုပါထည့်တွက်တွေး...... စဉ်းစားဖို့လိုပါလိမ့်မယ်)
Sunday, September 9, 2007
ရုပ်ဖျက်ထားသော ကိန်းဂဏန်းများ
ဒါနဲ့ တချိန်တည်းမှာပဲ ကျမလွတ်မြောက်နယ်မြေကို ရောက်စက ပြည်တွင်းက ၁လုံး၊ ၂ လုံး၊ ၃ လုံးဆိုတဲ့ လောင်းကစားအကြောင်းတွေကို ပြောပြတိုင်း တအံ့တသြ နားထောင်ကြတဲ့ ကျမမိတ်ဆွေ သူငယ်ချင်းတွေက အဲဒီအကြောင်းစာရေးပါလား လို့ ကျမကို တိုက်တွန်းတာနဲ့ ဒီဖက်ရောက်မှ ပထမဆုံး ရေးသားတဲ့ ရသစာစုလေးကို သတိရမိပါတယ်။ ပြည်တွင်းမှာ ၁၉၉၄ ခုနှစ် ရုပ်ရှင်တေးကဗျာ အောင်မြင်နေချိန်တုန်းက (နိုဝင်ဘာ၊ ဒီဇင်ဘာ ထင်ပါရဲ့ ) ၂ လဆက်တိုက် ကျမရဲ့ ကဗျာတွေ ပါခဲ့ဘူးတာကလွဲလို့ တခါမှ စာမရေးတော့တဲ့ ကျမ ဒီဘက်မှာ ပြောပြချင်တာတွေ များလွန်းလို့ စာစရေးတော့ ဒီစာစုလေးနဲ့ပါ။
ကျမရဲ့ ဘလော့မိတ်ဆွေတွေ ဖတ်ရှုနိုင်ဖို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
ရုပ်ဖျက်ထားသော ကိန်းဂဏန်းများ
၁။
“မနေ့ကရသေးလား”
ဒါ ဗမာပြည်မှာ မနက်မိုးလင်းလို့ တယောက်နဲ့ တယောက်တွေ့ ရင် နှုတ်ဆက်တဲ့စကားပါ။
မတွေ့ရတာ (၇) နှစ်နီးပါးရှိနေတဲ့ ကိုမင်းကြည်ကို ကျမပြောပြတော့ သူက အံ့သြလို့၊ သူ ပြည်ပကို ရောက်နေတာ နှစ်ပေါင်း (၃၀) နီးပါး ရှိနေပြီလေ။ မဆလအစိုးရကို အံတုရင်း တောထဲ ရောက်ခဲ့ကြရတဲ့ (၇၅) ခုနှစ် ဆေးတက္ကသိုလ် ကျောင်းသားဟောင်းတယောက်။
ဘာတွေလဲ၊ ရှင်းပြစမ်းပါဦးလို့ တောင်းဆိုကြတာက ကိုမင်းကြည်တယောက်ထဲ မဟုတ်ဘူး။ (၈၈) နောက်ပိုင်း တော်လှန်ရေးနယ်ထဲ ရောက်လာကြတဲ့ ကျောင်းသားအုပ်စု၊ သူတို့တွေလည်း ကိုယ်ချစ်တဲ့တိုင်းပြည်နဲ့ ခွဲခွာခဲ့ရတာ (၁၆) နှစ်ကျော်။ တကယ်တော့ ကျမတို့ချစ်တဲ့ ပြည်သူတွေဟာ စစ်အာဏာရှင်လက်အောက်မှာ ပြားပြားဝပ်အောင် ဖိနှိပ်ခံနေကြရင်း စစ်အစိုးရ ရိုက်သွင်းနေတဲ့ ကျုံးထဲကို ၀င်မှန်းမသိဝင်၊ ရောက်မှန်းမသိ ရောက်နေခဲ့ကြတဲ့အကြောင်း ကျမမြင်ခဲ့သလောက် ရင်နာနာနဲ့ ပြောပြရဦးမှာပေါ့။
“အန်တီ မနေ့ကရသေးလား”
“မရပါဘူးဟယ်၊ လူသေတွေချည်းပဲ အိပ်မက်မက်လို့ ၄၆၊ ၆၄ ထိုးတာဟယ် ၆၈ ထွက်သွား တယ်”
“အာ၊ အန်တီကလည်း မနေ့ကတော့မပြောဘူး။ ‘လ’ ဆိုရင် ၄ လည်းကောက်လို့ရတယ်။ ၈ လည်းကောက်လို့ ရတယ်လေ”
“ဒီနေ့ ဗုဒ္ဓဟူးနေ့မို့ လား၊ အလယ်နေ့ လင်ဗန်း ၂ ချပ်ပူးထားလို့ ဆရာတော်ကြီးက ပြောထား တယ်”
“ဘယ်သူပြောလဲ”
“စိုးပြောတာ၊ သူ့ဆီမှာ စာအုပ်ဝယ်ထားတယ်။ သူ ဒီနေ့ သုညပတ်မယ်လို့ မနေ့ထဲက ပြောထားတာ။ အန်တီ ပတ်မလား”
“တရက်မှ မပေါက်သေးဘူး။ ငါမပေါက်တာ ၃ ပတ်ရှိုပီ။ နေဦးဟယ်။ ဈေးတပတ် ပတ်ပြီး ဂဏန်း ရှာလိုက်ဦး မယ်”
“နေ့လည် လာမယ်မဟုတ်လား။ နင် မနေ့က ၅၀၀ ဖိုး ရတယ်ဆို”
“ပေါက်ရှုံးအန်တီရဲ့။ ကာကွက်က လာပေါက်တာ။ ဒီတပတ် အပူးကြိမ်းသေဆိုလို့ တနင်္လာ နေ့ထဲက အပူး ၁၀၀၀ ဖိုး စဆွဲထားတာ။ ဒီနေ့ ထပ်တင်ရမလား၊ ဒီအတိုင်းပဲထားရင်ကောင်းမ လား၊ စဉ်းစားနေတာ”
“အပူးမထွက်တာ ၁ လရှိပြီမဟုတ်လား။ ဆက်ဆွဲထား။ ကိုယ်ဖြတ်တော့မှ ထွက်သွားမယ်။ နေ့လည် ၃ နာရီမတီးခင်လာခဲ့နော်။ ကဲ သွားမယ်”
ဒေါ်မြ ဈေးထဲဝင်သွားတယ်။ မုန့်ဟင်းခါးဆိုင်ရှေ့ရောက်တော့ ရပ်လိုက်တယ်။ ဒီမုန့်ဟင်းခါး ဆိုင်က ဟိုးအရင် တုန်းကဆို တန်းစီပြီးစောင့်ရတယ်။ တနေ့ မုန့်ဆယ်ပိဿာ အစောကြီးကုန် တယ်။ အခု ဒီနှစ်လုံးထီဆိုတာ ပေါ်လာပြီးထဲက မုန့်ငါးပိဿာကို နေမြင့်အောင် စောင့်ရောင်းနေရတယ်။ ဒေါ်မြ ဆိုင်ရှေ့ရပ်တော့ ဈေးသည် ထုံးစံ ခေါ်ရတာပေါ့။
“ဒေါ်မြ လာ၊ မုန့်ဟင်းခါးလား၊ ခေါက်ဆွဲလား၊ ဘာကြော်နဲ့လဲ”
“မစားတော့ပါဘူးအေ။ မုန့်ဖိုးကို ငါးဆယ်ဖိုးနှစ်ကွက်ရင်းလိုက်ရင် လေးထောင်ရမှာ။ ဘာကောင်းတယ် ပြောသံကြားလဲ”
“ခုန မုန့်စားရင်း ပြောနေကြတာ ရှမ်းကုန်းဖက်က အဘက ဘုရားကို အောင်သပြေကပ်တဲ့”
“ဟဲ့ ဒါဆို ၉၁၊ ၉၆၊ ၉၅ သုံးကွက်ထဲပေါ့”
“ဒေါ်မြကလည်း၊ လှန်ရဦးမယ်လေ။ မမှတ်သေးဘူး။ ဟိုတခါ သောကြာဆံချကို ၃၂ ပဲ ထိုးတာလေ။ တကွက်စာ နှမြောပြီး မလှန်တာ ၂၃ လဲထွက်ရော အသံတောင် မထွက်နိုင်တော့ ဘူး မဟုတ်လား”
“အင်း အဲဒါနဲ့ပဲ အကွက်သုံးဆယ်ကျော်တော့မယ်။ ဟိုးတပတ်ကတည်းက ဆရာတော်ကြီး ပေးထားတဲ့ အလယ် မှာ အစေ့ဆိုတာလည်း ထည့်ထိုးအုံးမှ။ ဒီတပတ် တစ် မထွက်သေးဘူး။ မစားတော့ဘူးဟယ်။ ထမင်းချက်ပြီးမှပဲ စောစောစားလိုက်တော့မယ်။ ရင်းလိုက်နှီးလိုက် ဦးမယ်”
ဒါနဲ့ပဲ ဒေါ်မြ မနက်မုန့်မစားဖြစ်ခဲ့တာ နှစ်လုံးထီစထိုးကထဲက ဆိုပါတော့။ ဈေးထဲ ဆက်လျှောက်ပြီး အသား တန်းဘက် ရောက်ခဲ့တယ်။ မေမေ ကြက်သားမစားရတာကြာပြီဆိုတဲ့ သားအသံက ကြက်သားတန်းဘက်ကို ခြေဦးလှည့်စေခဲ့တယ်။ မွေးမြူရေးကြက်က ၂၀၀၀၊
ဒေါ်မြ ငါးဝယ်ပြီး ၀ယ်နေကျ ကန်စွန်းရွက်ဆိုင်ရှေ့ရောက်တော့ အသီးအရွက်တွေကို ရေစို ပုဆိုးဟောင်းနဲ့ အုပ်ထားပြီး ဈေးသည်ပျောက်နေတယ်။
“ဟဲ့ ဈေးရောင်းမယ့်သူ မရှိဘူးလား။ ကန်စွန်းရွက်ဝယ်မလို့”
“ယူလေ အမရဲ့။ တစည်း ငါးကျပ်၊ ငါးစည်း နှစ်ဆယ်လေ။ ဒေါ်တိုးက ယောဆရာတော်ဆီ သွားတယ်။ မနေ့က ဆရာတော်ပေးတာ ဒဲ့ပဲ။ အဲဒါ သူ နှစ်ရာဖိုးပဲရလိုက်လို့ ဒီနေ့ထပ်သွားတာ။ မနေ့က တကွက်ထဲပဲပေးတာ အမရယ်။ ကျမကိုလည်း ဒေါ်တိုးပြောသား၊ မရချင်တော့ ဒီ့ပြင့်ဟာ တွေထိုးပြီး အဲဒါ မေ့သွားတယ်”
ဘေးဆိုင်က ဒေါ်မြကို ဈေးရောင်းရင်းပြောပြနေတာကြားတော့ ဒေါ်မြ ငိုင်သွားတယ်။ နေ့တိုင်းနီးပါး ဒေါ်တိုးနဲ့ ဂဏန်းမေးနေ ပြောနေကျ။ မနေ့က ဈေးမလာဘဲ အိမ်မှာရှိတဲ့အာလူးကို ချက်စားလိုက်မိတာ ငွေဝင်ဖို့ လွဲသွားတာပဲ။
“ကန်စွန်းရွက်စည်းလေးတွေကလည်း လေးငါးပင်ပဲ ပါတော့တယ်ဟယ်။ ဆယ်စည်းယူ လိုက်ပြီနော်။ ရော့ လေးဆယ်။ ဆရာတော်ဆီက ဘယ်အချိန်ပြန်လာမလဲ။ ငါလာခဲ့ဦးမယ်”
“ခုနကမှသွားတာ။ ဆယ့်တနာရီလောက် ပြန်လာမယ်ထင်တယ် အမရဲ့”
“သူ့ကို ပြောထားလိုက်နော်။ ပြန်လာခဲ့မယ်လို့”
ဒေါ်မြစိတ်ထဲမှာ တွေးလာတယ်။ အိမ်မှာ ထမင်းဟင်းချက်ပြီးရင် ဆွမ်းခံကြွတဲ့ ကိုရင်လေးကို ဂဏန်းမေးကြည့် ဦးမယ်။ တလုံးထဲပေးရင်တော့ စွန့်စားပြီး ပတ်ကြည့်ဦးမယ်။ တကွက်ထဲဆိုရင်တော့ ဖြစ်ချင်ရာဖြစ် အောပစ် လိုက်ဦးမယ်။
ထမင်းအမြန်ချက်ပြီး ဟာနေတဲ့ဝမ်းကို အမြန်ဖြည့်နေတုန်း ထားထားနဲ့ မစိုး ရောက်လာတယ်။ မနေ့က ယောဆရာတော် တကွက်ထဲပေးတာ ရတဲ့သူ တော်တော်များတဲ့ အကြောင်းနဲ့ ဒီနေ့ မစိုးယောက်ျားသွားတာ အခုလေးမှ ပြန်ရောက်တဲ့အကြောင်း၊ ဒီနေ့လူများပြီး အကွက်လည်း များတဲ့အကြောင်း၊ ဒီနေ့ သုည ကောင်းတယ်ဆိုတော့ သုညပါတဲ့အကွက်တွေ အောထိုးမယ့် အကြောင်း ပြောနေတုန်း ဒေါ်မြတို့အိမ်ကို ဆွမ်းခံကြွနေကျ ကိုရင်လေး ကြွလာပါတယ်။
ဒေါ်မြက ကိုရင်အထိုင်ကိုတောင် မစောင့်နိုင်တော့ဘဲ “ဒီနေ့ ဘာကောင်းလဲဘုရား” လို့ မေးလိုက်တယ်။
ကိုရင်လေးကလည်း ဆယ့်နှစ်နှစ်သာသာဆိုတော့ ဘာမေးမှန်းကိုမသိဘဲ ခေါင်းခါပြလိုက် တယ်။ အဲဒါကို မစိုးက………
“ကိုရင်က မပြောချင်လို့ ဖြစ်မယ်။ နိမိတ်ပဲပြပါဘုရား” လို့ ပြောရော ကိုရင်ကလည်း ဘာမှ နားမလည်နိုင်ဘဲ ထုံးစံအတိုင်း ဆွမ်းလောင်းဖို့ သပိတ်ဖွင့်ပေးတာပေါ့။
“ရှစ်တလုံးတော့ ကြိမ်းသေပြီ”
အဲဒီအချိန်မှာ ဒေါ်မြက ဆွမ်းလောင်းပြီး ဆွမ်းဟင်းခွက်လှမ်းယူ၊ ဆွမ်းဟင်းထည့ှ်ုပီး သပိတ် ထဲပြန်အထည့် အမြန်ပြန်ချင်နေတဲ့ ကိုရင်ကလည်း သပိတ်ဖုံးပြီး အမြန်ထ၊ ဆွမ်းဟင်းခွက်က အဖုံးနဲ့တိုက်မိပြီး မှောက်သွား တယ်။ အဲဒါကို ဒေါ်မြက မှောက်ကျဆိုတော့ ငါးနှစ်၊ နှစ်ငါး ဆိုပြီး အတိတ်ကောက်နေတော့တယ်။
ပြီးတော့ အဲဒီနေ့ညနေမှာပဲ ရပ်ကွက်ထဲမှာ ဆူဆူညံညံ ရုတ်ရုတ်သဲသဲတွေ အသံတွေ ထွက်လာတယ်။ ပေါက်ရဲ့သားနဲ့ ဒိုင်ကမလျော်လို့ ပွဲစားဆီမှာများ လာရန်တွေ့နေလားဆိုပြီး ဒေါ်မြ အပြေးအလွှား သွားကြည့် တယ်။
“ဒါ ကော်မရှင်စားရောင်းပြီး စီးပွားဖြစ်နေတဲ့ မောင်ထူးတို့အိမ်ပဲ။ ဘာဖြစ်လို့များလဲ”
ဒေါ်မြ အတွေးကိုဖြတ်လိုက်တာက မယောင်မလည် ရပ်ကြည့်နေတဲ့ အထဲက ထွက်လာတဲ့ ဟင်းရွက်သည် ဒေါ်တိုး။ ဒေါ်မြလက်ကိုဆွဲပြီး နောက်ကြောင်းပြန်ခေါ်ခဲ့တယ်။
“မသွားနဲ့၊ ရဲတွေလာဖမ်းနေတာ။ ဘောက်ချာစာအုပ်တွေပါ သိမ်းနေတယ်။ နာမည်တွေနဲ့.... အမှုပတ်နေဦးမယ် တော်”
“ဟဲ့ မောင်ထူးတို့ လိုင်းဝင်ထားတာပဲ၊ ရဲတွေတောင် သူ့ဆီထိုးနေသေးတာ”
“သြော် ဒေါ်မြကလည်း၊ ဒီနေ့ စီမံချက်နေ့တဲ့။ သုံးယောက်မိအောင် ဖမ်းပေးရမယ်ဆိုလို့ မောင်ထူးတို့လို အသေးလေးတွေကို အဖမ်းပြတာလေ”
“ဟုတ်ပြီ ဟုတ်ပြီ၊ ဟိုတခါ ထောက်လှမ်းရေးဆင်းဖမ်းတုန်းက ရ၀တလူကြီး မောင်မောင်ခင် ရဲ့သားမက် ပါသွားတာလည်း စီမံချက်ပဲမဟုတ်လား။ ဒါပေမယ့် အဲဒီတုန်းက ပြန်လွတ်သလား လို့”
“စီမံချက်ပါဆို၊ ပြန်ကိုလွတ်မှာ။ မောင်မောင်ခင့် သားမက်တုန်းက ဆယ်ပုံးလောက်နဲ့ လိုင်းဝင် လိုက်တာ ထောက်လှမ်းရေးလည်း ဘာခံနိုင်လဲ။ အခုလည်း သုံးမှုပြည့်ရင် ပြီးပြီလေ။ နောက်ပိုင်း ပြန်ပြီးလိုက် လိုက်၊ ရတာပဲဟာ”
“အေး ဟုတ်မယ်။ ဟိုတလောက ထိုးသားဆိုပြီး အဖမ်းခံရတဲ့တယောက်၊ အဲဒါ သူက အဖမ်း ခံတာ ပိုက်ဆံရလို့တဲ့။ ၆ လလောက်ကို တသိန်းစုမိဖို့ မလွယ်ဘူးတဲ့။ သူပြန်လွတ်လာတော့ ပြောပြတာ၊ လူစားလဲပေးလိုက်တာပေါ့၊ အံ့ကိုသြရောဟယ်”
“ဒေါ်မြရေ၊ အခု မောင်ထူးက သူပိုင်တယ်ဆိုပြီး လိုင်းကြေးကို အရာရှိပဲပေးထားလို့ လမ်းအပိုင်ရဲကဖမ်းတာတဲ့၊ ဆားပုလင်းဆိုလား၊ ခုန ပြောသံကြားတယ်။ အဲဒါ ၆ ပုံးလောက် ကုန်မှ လွတ်မှာတဲ့”
“ငါ့တူမပြောပြတာ ရန်ကုန်မှာ တနေ့ သိန်းထောင်ချီ အလျော်အစားလုပ်တာ ကိုးကန့်ဒိုင်တွေ၊ ၀ ဒိုင်တွေတဲ့၊ သူတို့ကျ မဖမ်းဘူးနော်”
“ဒါကတော့ သူတို့တွေက များများပေးလို့ပေါ့။ ဦးအောင်မြင့်တို့ ဘယ်နှစ်ခါ အဖမ်းခံရဘူး လို့လဲ။ ကျမတို့မြို့မှာ အကြီးဆုံးပဲ မဟုတ်လား။ သူ့ဆီမှာ ပွဲစားတွေ ဂုတ်စည်းတွေဆိုတာ လေး ငါးဆယ်ပဲ။ သူ့လူတွေဖြစ်ရင် သူလိုက်ရှင်းလိုက် ပြီးတာပဲ။ ကဲ သူများ အကြောင်းပြောနေရတာနဲ့ နောက်ကျနေပြီ။ မနက်စောစော ဆိပ်ဖူးနီ ဆရာတော်ဆီ သွားဖို့ သွားပြောလိုက်ဦးမယ်၊ လိုက်ဦးမလား”
“မလိုက်တော့ပါဘူး၊ တပတ်လုံး တရက်မှမရလိုက်တော့ အားမရှိဘူး၊ ဂဏန်းရရင်တော့ ပြောဦးနော်”
ဒေါ်မြရဲ့ အတွေးထဲမှာတော့.......
တနင်္လာနေ့ကျရင် ဘာဂဏန်းပတ်ရမယ်ဆိုတာ စဉ်းစားရင်းနဲ့……။
ခင်မင်းဇော်
Saturday, September 8, 2007
လူရှင်သချိုင်းများအကြောင်း (နိဂုံး)
လူရှင်သချိုင်္င်းများအကြောင်း စာအုပ်ကို အီးမေးလ်တွေနဲ့ ပို့ပေးနေရင်း ဒီမှာ ဖတ်ကြည့်ပါ ဆိုတဲ့ လင့်ချိတ်ပေးတာ နဲ့အတူ စာအုပ်တွေကို ဒေါင်းလုပ် ပေးတာတွေကိုလည်း လုပ်တတ်သွားပြီ်ဆိုတော့ အခု စာအုပ်အပြည့်အစုံကို Primo PDF ဖြင့် တင်ပေးထားပါတယ်။ ဖောင့်မရှိသူလဲ ဖတ်နိုင်ပါပြီ။ ဒီနေရာက နေ ဆွဲချပြီး တထိုင်တည်း ဖတ်ရှုနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။
(ပို့စ်တင်ရတာ ပျင်းလို့မဟုတ်ဘူးနော်၊ ဆားချက်တယ် အပြောခံရလွန်းလို့....ဘယ်သူမှတော့ မပြောပါဘူး... အနီးကပ်ဆုံး ခင်မင်းဇော် ပီအေက ပြောနေလို့)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
လူရှင်သချိုင်းများအကြောင်း(၄)
ကျနော်ကို စပြီးစစ်ဆေးတော့ ကျနော့်အခန်းကနေ သီးသန့် အခန်းထဲကို ခေါ်သွား ပါတယ်။ ပြီးတော့ ကျနော့်ကို စပြီးစစ်ဆေးပါတယ်။
“မင်းက မင်းအိမ်မှာမအိပ်တော့ ဘယ်မှာသွားအိပ်တာလဲ၊ ဘယ်အိမ်တွေက မင်းကို လက်ခံထားသလဲ”
ကျနော်လည်းကိုယ့်ကိုကယ်တင်ထားခဲ့တဲ့ ကျေးဇူးရှင် ထမင်းရှင်တွေကို ဒုက္ခ ရောက်စေမယ့် အဖြစ်မျိုး မရောက်စေဖို့ အတွက် သူတို့မေးတဲ့မေးခွန်းကို သတိထား ဖြေဆိုပြီး မန္တလေးနဲ့ ရန်ကုန်မြို့က ဘုန်းကြီး ကျောင်းတွေ မှာခိုကပ် နေထိုင်ခဲ့ရတယ်လို့ ပြန်ဖြေဆိုခဲ့ပါ တယ်။ အဲဒီမှာသတိပြုမိတာ တစ်ခုကတော့ ထောက်လှမ်းရေးတွေဟာ စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်တဲ့အခါတိုင်း သူတို့ရဲ့ အစွမ်းအစနဲ့ဘာမှ စုံစမ်းထားတာမရှိပဲ ကျနော်တို့ရဲ့ ထွက်ဆိုချက် တွေကိုသာ အသာလေးမှတ်ပြီး ခြိမ်းခြောက်၊ ဟိန်းဟောက်ပြီးမှ လိုက်ရေးသား မှတ်တမ်းလုပ် တာကိုသာတွေ့ရပါတယ်။
ဒါအပြင် ပြင်ပမှာ ကျနော်တို့တတွေ လှုပ်ရှားမှုတွေ အတူတူ ပြုလုပ်ခဲ့ကြတဲ့ ရဲဘော်တွေ တချိန်တည်း၊ တစ်ပြိုင်တည်းမှာ အဖမ်းအဆီးခံရတဲ့အခါမျိုးမှာ ဆိုလို့ရှိရင် ထွက်ဆိုချက်တွေ မတူညီတဲ့ ထွက်ဆိုမှုမျိုးတွေ ရှိခဲ့ရင် ကျနော်တို့ရဲ့ လိမ်လည်မှုကပေါ်သွားပြီး ပြန်လည် စစ်ဆေးတာတွေ၊ ရိုက်နှက်တာတွေ ပြုလုပ်ခံရပါတယ်။
စစ်ဆေးနေတဲ့ ရက်တွေထဲက တစ်ရက်မှာ ကျနော့်ကို သူတို့တွေ နေ့လည်ပိုင်းမှာ စစ်ဆေးပါတယ်။ စပြီးစစ်ဆေးချိန်ထဲက ထမင်းလည်းမကျွေး၊ ရေလည်းမတိုက်၊ အပေါ့အပါး သွားခွင့်တောင် မပေးတာကြောင့် ကျနော့်မှာ ဒုက္ခ စရောက်ပါတော့တယ်။
သူတို့မေးသမျှဖြေနေရင်းက အာခေါင်တွေ ခြောက်ကပ်လာတာကြောင့် ကျနော် ရေတစ်ခွက်လောက် သောက်ချင်ပါတယ် လို့ပြောတော့ မရသေးဘူးဆိုပြီး ပြန်ဖြေပါတယ်။ ရေငတ်လာတာကြောင့် သူတို့မေးသမျှ ဆက်မဖြေနိုင်လောက်အောင်ကို လူကမောဟိုက်လာပြီး ရေသောက်ချင်စိတ်များ ထိန်းမနိုင်အောင် ဖြစ်မိ ပါတယ်။
ကျနော့်ဘေးခန်းက ရဲမော်ထူးကလည်း ရေသောက်ချင်တာရယ်၊ ဆီးသွားချင်တာရယ် ကိုတောင်းဆိုတဲ့ အသံကိုကြားလိုက်ရပါတယ်။ အဲဒီတော့ ရဲမော်ထူးအခန်းထဲက ထောက်လှမ်းရေးက ရေသောက်ချင်ရင် သေးမပေါက်ရဘူး။ သေးပေါက်ချင်ရင် ရေမသောက်ရဘူးလို့ ပြောပြီး ကြိုက်တာရွေးခိုင်း ပါတယ်။ အဲဒီအခါမှာ ရဲမော်ထူးက သူ့မှာ ရေလည်း အင်မတန် ငတ်နေကြောင်း၊ ဆီးလည်း ဆက်မအောင့်နိုင် တော့လို့ ကိုက်နေကြောင်း တောင်းတောင်း ပန်ပန်နဲ့ ပြန်ပြောပါတယ်။
ဒါပေမယ့် ထောက်လှမ်းရေးရဲ့ “ဟေ့ကောင်၊ မင်းကို လူလိုပြောနေတာ နားမလည်ဘူးလား၊ မင်းအလုပ် တခုတည်းမဟုတ်ဘူး၊ ငါမှာ အခြားအလုပ်ရှိသေးတယ်။ မြန်မြန်ပြော တစ်ခုပဲရမယ်” ဆိုတဲ့အသံကြီးက ဟိန်းထွက် လာပါတယ်။ ရဲမော်ထူးလည်း ဆီးပဲသွားတော့မယ်ဆိုပြီး အိမ်သာကို အမြန်ပို့ ခိုင်းပါတော့တယ်။ ကျနော်လည်း ရဲမော်ထူး အခန်းဖက်က ကိစ္စပြီးလို့ နာရီဝက်လောက် အကြာမှာပဲ ကျနော့်ရှေ့စားပွဲမှာ ထိုင်ပြီး ကျနော် ပြောသမျှကို လိုက်ရေးနေတဲ့ သတ္တ၀ါကို“အကို၊ ကျနော်ဆီးသွားချင်လို့” လို့ပြောလိုက်တော့ သတ္တ၀ါက စိတ်ပြောင်းသွားပြီး “အေး၊ လိုက်ပို့ပေးမယ်” လို့ပြန်ပြောပါတယ်။
ကျွန်တော်လည်း အခွင့်အရေးရတုန်း ပြောဦးမှဆိုပြီး“အကို၊ ကျနော်မနက်ကတည်းက ရေလည်းမသောက်ရသေးဘူး၊ ရေသောက်ချင်ပါတယ်။” ပြောတော့“ရေသောက်ချင်ရင်တော့ သေးမပေါက်ဘူး၊ သေးပေါက်ချင်ရင် ရေမသောက်ရဘူး၊ တစ်ခုရမယ်၊ အခုရေယူမလား၊ ဆီးတော့မသွားရဘူး၊ အောင့်ထား၊ ဒီအခန်းထဲမှာ သွားလို့ကတော့ မင်းကိုယ်တိုင် လျှာနဲ့ ပြန်လျက်ရမယ်” ကျနော့်ကို ပြန်ပြီး ခြိမ်းခြောက်ပါတော့ တယ်။
ကျနော်လည်း ရေမသောက်ရလည်းနေပါစေ၊ ဆီးပဲသွားတော့မယ်လို့ အဖြေပြန် ပေးလိုက်ပါတယ်။ အဲဒီ တော့ ထောက်လှမ်းရေးကနေ ဆက်ပြီး “မင်းတို့ ကိုရေမတိုက်တာ သေးခဏ ခဏပေါက်လို့၊ ငါတို့အိမ်သာ လိုက်ပို့ ရတာ အလုပ်ရှုပ်လို့ မတိုက်တာရှင်းပြီလား၊ ကဲအိမ်သာ သွားမယ်”
ကျနော်ကိုအိမ်သာ လိုက်ပို့ပါတယ်။ အိမ်သာကိုရောက်တော့ ဆီးကိုအရင်သွားပြီး အိမ်သာထဲက ရေကို သောက်ရေအဖြစ် သက်မှတ်ပြီး အငမ်းမရ အ၀သောက်လိုက်ပါတယ်။ ပြီးမှ ကျနော့်ပါးစပ်ကို သေသေချာချာ ပြန် သုတ်ပါတယ်။ တစ်ရက်လောက် ရေငတ်နေလို့ အိမ်သာထဲကရေကို သောက်လိုက်ရတာနဲ့ အတော့်ကို လန်းလန်း ဆန်းဆန်း ဖြစ်သွား ပါတယ်။ ကျနော့်အာခေါင်တွေပြန်ပြီး စိုစွတ် လာပါတော့တယ်။
တစ်ရက်မှာတော့ ညကကျနော့်ကို တစ်ညလုံးစစ်ဆေးထားလို့ ပင်ပန်းပြီး အိပ်မောကျနေတုန်း ကျနော့် အခန်းတံခါးကို ဖွင့်တဲ့အသံကြားလို့ ရုတ်တရတ်လန့် နိုးသွားပါတယ်။ ထင်တဲ့အတိုင်းပဲ ကျနော့်ခြေထောက်ကို ဖိနပ် တွေနဲ့ကန်ပြီး အတင်းထခိုင်းပါတယ်။
“ဟေ့ကောင်…ထစမ်း၊ မင်းဒိုင်ယာရီစာအုပ်ထဲက(MT ၃၈၀၊၅၄)ဆိုတာ ဘာသင်္ကေတလဲ”
ကျနော်က ကျနော့်သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ဒေါပုံမြို့နယ်က အခြေခံပညာ ကျောင်းသား မြတ်သူကို ထောက်လှမ်းရေးက လွန်ခဲ့တဲ့အပတ်အတွင်းက ဖမ်းဆီးခဲ့ပြီး တရားရုံးထုတ်ခဲ့ကြောင်း၊ အမှုကိုင်ရဲမှ မြတ်သူအား ပုဒ်မ၃၈၀၊၅၄ ဖြင့် အမှုဖွင့် အရေးယူခဲ့ ကြောင်း၊ အဲဒီကိစ္စအားသိ၍ မှတ်သားထားခြင်ဖြစ်ကြောင်း သေသေချာချာ ရှင်းပြပါတယ်။ ဒါပေမယ့် ထောက်လှမ်းရေးအရာရှိက ယုံကြည်ပုံမပေါက်ပဲ
“မင်းမလိမ်နဲ့…ဒါတောထဲက မိုးသီးဇွန်နဲ့ ပက်သက်တဲ့ အဆက်အသွယ် သင်္ကေတ မဟုတ်လား” ဆိုပြီးတဖက်သက်စတင် စွပ်စွဲပါတော့တယ်။ ကျနော်က မဟုတ်ကြောင်း ငြင်းဆိုပါတယ်။ ဒါဘာသင်္ကေတလဲဆိုပြီး
ကျနော်ဒေါသ ထွက်ထွက်နဲ့ ပြန်ပြောလိုက်တယ်။
“အေး၊ ငါတို့စုံစမ်းကြည့်ဦးမယ်။ မဟုတ်လို့ကတော့ မင်းပိုနာပြီသာမှတ်”
နောက်တခုကတော့ ကျနော့်သူငယ်ချင်း ဘုန်းဘုန်းက ဘေးအန္တရာယ် ကင်းအောင်ဆိုပြီး ပေးထားတဲ့ အင်းလေး ဖောင်တော်ဦးဘုရားက ပိတ်စအနီလေးက ထောက်လှမ်းရေးရဲ့ အန္တရာယ်က မကာကွယ်နိုင်ပဲ အမှုပါ ထပ်တက် လိုက်ပါသေးတယ်။ ကျနော့်ကို စစ်ဆေးနေစဉ်မှာ ကျနော်ဖမ်းမိခံရစဉ်က ကျနော်နဲ့အတူပါလာတဲ့ အိတ်နဲ့ အခြား ပစ္စည်းတွေကို တစ်ယောက်ကယူလာပြီး အခန်းထဲဝင်လာပါတယ်။ပြီးတော့
“ဟေ့ကောင်၊ ဒီအနီရောင်က ပိတ်စလား၊ လက်ပက်လား၊ နဖူးစည်းလား၊ အချိန်းအချက်လုပ်တဲ့သင်္ကေတ လား”
“ကျွန်တော်က ဘာသင်္ကေတမှမဟုတ်ပါဘူးလို့ ပြောပြီး ဒီပစ္စည်းဟာအင်းလေးဖောင်တော်ဦး ဘုရားက စွန့်တဲ့ သင်္ကန်းစဖြစ်ကြောင်း၊ အဲဒီသင်္ကန်းစမှာ အင်းလေးဖောင်တော်ဦး ဂေါပကအဖွဲ့ရဲ့ တံဆိပ်တုံးလည်း ပါကြောင်း ရှင်းပြလိုက်ပါတယ်။ အဲဒီနောက်ပိုင်း ဒီကိစ္စနဲ့ ပက်သက်ပြီး ဘာမှဆက်မမေးတော့လို့ ပြီးဆုံးသွားပြီ ထင်ပေ မယ့် ကျနော့်အမှုကို စစ်ခုံရုံးမှာ တင်ပြီးစစ်တဲ့ အခါကျတော့ ခွပ်ဒေါင်းတံဆိပ်ပါ အနီရောင်လက်ပတ်ဆိုပြီး သက်သေခံ ပစ္စည်း အဖြစ်နဲ့ တင်ပါတယ်။
အင်းလေးဖောင်တော်ဦးဘုရားက သင်္ကန်းစဟာ န၀တရဲ့ စစ်ခုံရုံးရောက်တော့မှ ခွပ်ဒေါင်း လက်ပက်ဘ၀ကို ချက်ချင်း ပြောင်းသွားလို့ ကျနော်တအံ့တသြ ဖြစ်သွားမိပါတယ်။
Wednesday, September 5, 2007
ကဗျာခံစားခြင်း
မြေပုံအတိုင်းဆိုရင်
ကမ္ဘာမှာ
စစ်ပွဲ နှစ်ပွဲ ပြီးသွားတယ်
ငါတို့မပြီးသေးဘူး...။
စစ်ဖြစ်တော့မှာလား
သတင်းထောက်များမေးတော့
ဘယ်နိုင်ငံနဲ့လဲ
ဂျော့ဂ်ျဒဗလျူဘုရှ်မေးတယ်......။
ငါတို့ရဲ့ ဟာသကလည်း ထို့အတူ
ဘယ်အရာနဲ့လဲ.....။
ဒီမြေပုံအတိုင်းဆိုရင်
အားလုံးသေကုန်တော့မှာပဲ......။
(စိုင်းဝင်းမြင့်)
(ပြည်တွင်းက မဂ္ဂဇင်း တအုပ်မှာဖတ်လိုက်ရပြီး ကြိုက်လို့ မျှဝေပေးလိုက်ပါတယ်)
Tuesday, September 4, 2007
ပြည်သူတွေအတွက် အကြံကောင်း
Monday, September 3, 2007
လူရှင်သချိုင်းများအကြောင်း(၃)
ကျနော်နဲ့ ရဲကျော်စွာကို ဖမ်းဆီးတင်ဆောင်လာတဲ့ ဟိုင်းလတ်ကားဟာ ရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေ ကျောင်းဝင်းထဲက အထွက်မှာပဲ ကျနော်တို့(၂)ယောက်စလုံး ခေါင်းစွပ်တွေနဲ့ အစွပ်ခံလိုက်ရပါတယ်။ ကျနော်တို့ ကိုစွပ်ထားတဲ့ ခေါင်းစွပ်အဖြူဟာ သွေးတွေပေကျံနေပြီး လူတကာကို ရိုက်နှက်ထားမှန်း သိသာလှပါတယ်။ လျှော် ဖွတ်ထားခြင်း မရှိတာကြောင့် ခေါင်းစွပ်ရဲ့အနံ့ဟာ အင်မတန်ကို ဆိုးရွားလွန်းပါတယ်။
ကျနော်တို့ကို တင်ဆောင်လာတဲ့ကားက ဟိုကွေ့၊ ဒီကွေ့နဲ့ လမ်းကိုမမှတ်မိနိုင်အောင် မောင်းနေတာကို သတိထားမိပါတယ်။ အချိန်အတော်ကြာ မောင်းလာပြီး မကြာခင်မှာပဲ ကားကိုစက်ရပ်လိုက်ကာ ကားပေါ်ကနေ ကျနော်တို့ကို ဆင်းခိုင်းပါတယ်။ ပါးစပ်က နေပြီးတော့လည်း
“ကျော်…ကျော်”
“ခွ….ခွထား”
“လေးဖက်ကုန်းသွား” ဆိုပြီး ဆက်တိုက်အော်ဟစ် ပါတယ်။ ဆက်ပြီးတော့ ကျနော်တို့ကို “ခေါင်း တိုက်မိမယ်။ အပေါ်မှာ တန်းရှိတယ်။ ငုံ့ငုံ့….ခါးကုန်းပြီးသွား” လို့ပြောနေပေမယ့် ကျနော်တို့ကို အမိန့်ပေးနေတဲ့ ထောက်လှမ်းရေးရဲ့အသံကတော့ ကျနော်တို့ရဲ့ အပေါ်ပိုင်းက လာနေတာဆိုတာ ကျနော် ရိပ်မိလိုက်ပါတယ်။ ကားပေါ်ကနေ အောက်ရောက်တော့ ကျနော်နဲ့ ရဲကျော်စွာတို့ အခန်းခွဲပြီး ချုပ်ထားလိုက်ပါတယ်။ ကျနော် ရောက်နေတဲ့အခန်းက မှောင်မဲလွန်းပြီး ဘာမှမမြင်ရတာကြောင့် ထိုင်ရမလို၊ ထရမလို ဖြစ်နေပါတယ်။ အဲဒီအချိန်မှာ အခန်းထဲကို ထောက်လှမ်းရေးတယောက် ၀င်လာပြီး
“ခေါင်းစွတ်ကိုမချွတ်နဲ့နော်။ ချွတ်လို့ကတော့ မသာပေါ်ပြီသာမှတ်”
လို့ကြိမ်းမောင်းပြီး ပြန်ထွက်သွားပါတယ်။ ဒါပေမယ့် ကျနော်ရောက်နေတဲ့ လက်ရှိ နေရာကို လေ့လာ ဖို့အတွက် ခေါင်းစွပ်ကို နည်းနည်း မပြီး အောက်ကို ငုံ့ကြည့်လိုက်တော့ ကြမ်းပြင်မှာ ကွပ်ပြစ်လေးတခု ခင်းထား တာကို တွေ့ရပါတယ်။
အဲဒီ ကွပ်ပြစ်လေးရဲ့ ဘေးမှာ လမ်းလျောက်ဖို့အတွက် ၁ ပေကျော်လောက် ရှိတဲ့ တံမံတလင်း ကျဉ်းကျဉ်း လေးတစ်ခုရှိပါတယ်။ ဆက်ပြီးအပေါ်ကိုမော့ကြည့်လိုက်တော့ လူတက်ဖို့ မမှီနိုင်လောက်တဲ့ နေရာလောက်မှာ ၁ပေပတ်လည်ရှိတဲ့ သံဇကာတစ်ချပ်နဲ့ လုပ်ထားတဲ့ လေ၀င်ပေါက်တခုကို တွေ့ရပါတယ်။
ကျန်တာတွေကတော့ အုတ်နံရံတွေ ချည်းသက်သက်ပါပဲ။ မိနစ်ပိုင်းလောက် အကြာ မှာပဲ တံခါးဖွင့်သံကြားရ ပြီး၊ အခန်းထဲကို တစ်ယောက်ဝင်လာပါတယ်။ ကွပ်ပစ်ပေါ်မှာ ခေါင်းစွပ်နဲ့ ကျနော်ထိုင်တာကို တွေ့သွားတော့ “မင်းကိုဘယ်သူထိုင်ခိုင်းလို့လဲ” လို့မေးပြီး ကျနော့် ရင်ဘတ်ကို လက်သီးနဲ့ တစ်ချက် ဆင့်ထိုးလိုက်ပါတယ်။ ပြီးတော့
“ဒီအတိုင်းမတ်တပ်ရပ်နေ။ ငါနောက်တခေါက် ပြန်ဝင်လာလို့ ထိုင်နေတာတွေ့ရင် ဒီ့ထက်ပိုနာမယ်။” ပြောပြီး ပြန်ထွက်သွားပါတယ်။
မကြာခင်မှာပဲ နောက်ထက် အသံရှင်တစ်ယောက် ထပ်ရောက်လာပြီး
“ဟေ့ကောင်။ ညကမင်းဘယ်မှာအိပ်သလဲ” ဆိုပြီး စမေးတယ်။
“ညက လှည်းတန်းဂုံးဆင်းက…………… တို့အိမ်မှာအိပ်ပါတယ်”
“မင်းမလိမ်နဲ့။ ပါးပိတ်ရိုက်လိုက်မယ်။ ငါတို့ကိုညာဖို့ စိတ်မကူးနဲ့။ အဲဒီညက ငါတို့ လှည်းတန်းမှာ လာရှာတယ်။ မင်းပြောတဲ့အိမ်ပဲ။ မရှိဘူး။”
“တကယ်ပါ။ ညက လှည်းတန်းအိမ်မှာပဲ အိပ်တာပါ”
“ကဲ….ထားလိုက်ပါ။ ညက လှည်းတန်းမှာ အိပ်တယ်ဆိုရင် ဖြိုးမင်းသိန်း အခုဘယ်မှာလဲ။”
“ကျနော်မသိဘူး။ ကျနော် ဖာသာ တစ်ယောက်တည်းနေတာပါ။”
“ကဲ….ကောင်းပြီ။ ညကလှည်းတန်းမှာ အိပ်တယ်ဆိုရင် ဘယ်မှာအိပ်တာလဲ။ ဘယ်သူတွေနဲ့ အိပ်တာလဲ”
“မ………..တို့ရဲ့ ဂုံးဆင်းကအိမ်နဲ့ ကပ်ရပ်က ဘုန်းကြီးကျောင်းမှာအိပ်တာပါ။ ကိုဖြိုးနဲ့ သက်ထွေးတို့ လည်းပါပါတယ်။”
“ဘုန်းကြီးက မင်းတို့ကိုလက်ခံထားတဲ့သဘောပေါ့”
“မဟုတ်ပါဘူး။ ကျောင်းထိုင်ဘုန်းကြီးမသိအောင် ညဖက် ဆရာတော်ကြိမ်းနေတဲ့ အချိန်ကျမှ ၀င်အိပ်တာပါ။ မနက် ဆရာတော် အာရုဏ် ဆွမ်းမစားခင် ကျောင်းတိုက်က ထွက်ပါတယ်”
“ညက ဖြိုးမင်းသိန်းနဲ့ သက်ထွေးက မင်းနဲ့ အတူတူအိပ်တယ်ဆိုတော့ မင်းနဲ့အဆက်အသွယ်ရှိမှာပဲ”
“ဒီကောင်တွေဘယ်မှာ အိပ်တယ်ဆိုတာ မင်းသိမှာပဲ”
“မသိပါဘူး။ မနေ့ညက မထင်မှတ်ပဲ ဆုံမိကြတာပါ”
“ဟေ့ကောင်မလိမ်နဲ့။ ဟာ……. ဒီကောင်နာတော့မယ်။ ငါတို့မှာ အချိန်သိပ်မရှိဘူး။ ဟေ့ကောင်တွေ။ ဒီကောင့်ကို ပုံစံပေးလိုက်စမ်း။ ဒီကောင်စကားပြောတဲ့ ပုံစံကိုပါ မကြိုက်ဘူး။ ဗလကြီးကိုခေါ်လိုက်။ ဒီမှာပုံစံ မောင်းရမယ့်ကောင် တစ်ကောင်ရောက်နေပြီလို့။ ငါပြန်လာလို့ အဖြေမရသေးရင် ဒီကောင်ကော၊ မင်းတို့ပါ နာပြီသာမှတ်ပေတော့”
ပြောဆိုပြီး အသံရှင် ပျောက်သွားပါတယ်။ နောက်တော့ လေသံခပ်မာမာနဲ့ အသံရှင်တစ်ဦး ထပ်ပေါ်လာပါ တယ်။ သူတို့ပြောနေတဲ့ ဗလကြီးဆိုတာပဲ ဖြစ်မယ်လို့ ကျနော်တွေးမိပါတယ်။
“ဟေ့ကောင်”
ဆိုတဲ့အသံကြီးပေါ်လာပြီး ကျနော်ခန္ဓာကိုယ်ကို တွန်းလိုက်တဲ့အတွက် တချက် ယိုင်ထွက်သွားပါတယ်။ ပြီးတော့
“ငါတို့ကိုပြဿနာမရှာနဲ့။ မေးတာမှန်မှန်ဖြေ၊ မဖြေလို့ အထက်က ဆူလာလို့ရှိရင် ငါတို့ပဲအလုပ်ရှုပ်တယ်။ မင်းမှန်မှန်ကန်ကန်ပြောရင် ခုလိုမင်းနဲ့ငါ တွေ့စရာအကြောင်းမရှိဘူး။ အခြားကောင်တွေက မင်းလိုပြဿနာမရှာဘူး၊ အေးအေးဆေးဆေးပဲ ဖြေသွားတာ။ ခေါင်းမမာနဲ့၊ ခေါင်းမာရင် ခွဲပစ်မယ်၊ ကြားလား”
“ကျွန်တော်မှန်မှန်ကန်ကန်ဖြေတာပဲ၊ မသိတာကိုမသိဘူးလို့ ပြောတာပဲ”
“-ီး၊ မှန်မှန်ကန်ကန်ပြောတာလား။ မင်းမှန်မှန်ကန်ကန်မပြောလို့ ငါလာရတာ”
ပြောပြောဆိုဆိုကျနော့် မျက်နှာကို လက်သီးများ အဆက်မပြတ်ပစ်သွင်းတာကို ရုတ်တရက် ခံလိုက်ရတယ်။ ကျနော့်မျက်နှာနဲ့ တကိုယ်လုံးကို အုတ်နံရံနဲ့ ဖိကပ်ထားပြီး
“ဟေ့ကောင်၊ မင်းကောင်တွေ ရှိတဲ့နေရာကို အမှန်ပြောမလား၊ မပြောဘူးလား”
ဆိုပြီးမေးပါတယ်။ အဲဒီအချိန်မှာပဲ နောက်ထပ် အသံရှင်တယောက် နံဘေးကနေ ပေါ်လာပြီး
“ဟေ့ကောင်တွေ၊ ဒီလောက်ထိမလုပ်ပါနဲ့ကွာ၊ ဒီကောင်မောနေမှာပေါ့၊ ညီလေးက လည်း အကိုတို့ ဆီကမေးတဲ့ မေးခွန်းတွေကို လိမ်လိမ်မာမာနဲ့ ဖြေလိုက်ပါကွာ၊ အမှန်အမှန်အတိုင်းပေါ့။ အချိန်ကြာလာရင် မင်းအသားနာလိမ့်မယ်။ မင်းတို့ရဲ့နိုင်ငံရေးဆရာကြီးတွေ ကိုယ်တိုင် ပြာဆင်းသွားတဲ့ ရေကြည်အိုင်ဆိုတာမင်း ကြားဖူးမှာ ပေါ့၊ ငါတို့နိုင်ငံတော်မှာ မဖြစ်သင့်တာတွေ မဖြစ်ရအောင် တားဆီးဖို့ တာဝန်ရှိတယ်။ ငါတို့က မင်းကိုကောင်းကောင်း မွန်မွန်မေးနေရင် ကောင်းကောင်းမွန်မွန်ဖြေလိုက်ပေါ့၊ ဟုတ်ပြီလား။ အခု ဖြိုးမင်းသိန်း ဘယ်မှာလဲ၊ အခြားအဖွဲ့ ၀င်တွေကော ဘယ်မှာလဲ”
“……………………”
“မင်းတို့နဲ့ တစ်ဖွဲ့ထဲပဲ၊ မင်းသိပါတယ်။ မှန်မှန်ပြောလိုက်ပါ။ အသားအနာ မခံစမ်းပါနဲ့” လေသံ ပျော့ပျော့ လေးနဲ့ ဆက်ပြောပါတယ်။
“ကိုဖြိုးနဲ့အခြားသူတွေဘယ်မှာရှိတယ်ဆိုတာ ကျနော်မသိပါဘူး။ ခင်ဗျားတို့အခုလို ကျနော်တို့ကို ဖမ်းနေတာတွေကြားလို့ လုံခြုံတဲ့ နေရာမှာ သူတို့အစီအစဉ်နဲ့ သူတို့ ပုန်းအောင်း နေမှာပဲ”
ကျနော့်ရဲ့ ပြန်လည်အဖြေပေးတာကို လက်မခံနိုင်ကြတဲ့အတွက် အသံရှင် တယောက် က
“မင်းကိုထိုးထားတာမမှတ်မိသေးဘူးလား။ ဟေ့ကောင်၊ မင်းငါ့ကို ဘာကောင် အောက်မေ့နေလို့လဲ။ ခွေးမသား၊ ဒီလိုပုံစံမျိုး မရဘူးကွ၊ ဒီလိုအချိုးမျိုး လာချိုးလို့ မရဘူး။ မင်းလောက်ကတော့ အပျော့ပေါ့ကွာ”
အသံတွေချက်ချင်း ဆူဝေတက်သွားပါတယ်။
“ဟေ့ကောင်၊ ဒူးကွေး၊ ခြေကိုခွဲ၊ ခြေဖျားထောက်၊ လက်မြောက်ထားစမ်း”
“ဒီလောက်တောင်မပြောချင်တဲ့ကောင်၊ သစ္စာရှိတယ်ပေါ့၊ အေး…..မင်းနဲ့ငါ တွေ့ကြသေးတာပေါ့။ ရိုက်နေရင်း အရှိုးးရာ ထင်နေဦးမယ်။ မင်းတို့သေသွားလို့ ဘီဘီစီ မကလို့ ကုလသမဂ္ဂ ကိုပဲတိုင်တိုင် စောက် ဂရုမ စိုက်ဘူးကွ၊ ဘာအောက်မေ့နေလို့လဲ၊ မင်းငါအခု ပြောထားတဲ့ ပုံစံအနေအထားက နေပြောင်းလာရင် ငါကို အဆိုး မဆိုနဲ့နော်”
ပထမက လေသံပျော့ပျော့နဲ့ တစ်ယောက်က ကျနော့်ဘေးကနေပြီး
“ညီလေးရာ၊ ဒုက္ခမခံစမ်းပါနဲ့၊ မင်းတို့လူတွေဘယ်မှာရှိနိုင်သလဲ၊ ကဲဒီညကော ဘယ်မှာ အိပ်နိုင်မလဲ”
“…………………..”
“မင်းအထင်ပြောကြည့်စမ်းကွာ၊ မင်းတို့မနေ့ညက အိပ်ခဲ့တဲ့နေရာမှာကော ရှိနိုင်မလား၊ ပြီးတော့ ခုချိန်မင်း တို့အဖွဲ့တွေဘယ်မှာစုစည်းနိုင်မလဲ”
နောက်ထပ်အသံရှင်တယောက်က……..
“ဟေ့ကောင်၊ ခေါင်းမာဖို့ မကြိုးစားနဲ့၊ မင်းတို့အဖွဲ့ဝင်တွေ တော်တော်များများ မိပြီး နေပြီ၊ ဒီကောင် တွေပြောလို့ မင်းကိုဖမ်းနိုင်တာ၊ သစ္စာရှိမနေစမ်းပါနဲ့ကွာ၊ မင်းမပြောလည်း သူတို့ကပြောမှာပဲ၊ ဒီတော့ မင်းအသား အနာခံမနေနဲ့၊ မနေ့ညကနေရာမှာရှိနိုင်သေးလား၊ အချိန်သိပ်မရှိဘူး၊ မြန်မြန်ပြောကွာ”
“ကျွန်တော်တိတိကျကျ မပြောနိုင်ဘူး။ မနေ့ညက လှည်းတန်းမှာ ဖမ်းဆီးတာတွေ လုပ်တာ ကြောင့် မနေ့ညကနေရာမှာ ဘယ်နည်းနဲ့မှ ပြန်မအိပ်နိုင်ပါဘူး။ သူတို့ဘယ်မှာ ရှိတယ် ဆိုတာလည်း ကျနော်မခန့်မှန်း တတ်ပါဘူး”
ကျနော်အဖြေအပြီးမှာ ဒီကောင်တွေ ယမ်းပုံမီးကျဖြစ်သွားတယ်။
“မအေ-ိုး၊ ဒီလောက်ခေါင်းမာတဲ့ကောင်”
ပြောပြောဆိုဆိုပဲ ခြေထောက်တွေနဲ့ ကျနော့်ကို ၀ိုင်းကန်ကြပါတယ်။ ဒူးကွေး၊ ခြေခွဲ ထားတဲ့ အနေအထားနဲ့ ပဲ ကြမ်းပြင်ပေါ် ကျနော်ပုံလဲကျသွားပါတယ်။ ဒီလိုပုံစံပျက်သွားတဲ့ အတွက်
“ဟာ…..ဟာဒီကောင်ပုံစံပျက်သွားပြီ၊ ရိုက်စမ်း၊ ရိုက်စမ်း” ဆိုပြီ ရိုက်သံတွေမကြားရပဲ ကျနော့် ကျောကုန်း၊ မျက်နှာများနဲ့ ရင်ဘက်ကို လက်သီးနဲ့ ထိုးတာကို ဆက်တိုက် ခံစားရပြန် ပါတယ်။ လက်သီး တွေမျက်နှာကို ခဏခဏ ရောက်လာတာကြောင့် နာကျင်မှုနဲ့ လက်ဖြင့် ကာလိုက်မိပါတယ်။
လက်နဲ့ ကာတာကြောင့်…..
“ဘာအကာအကွယ် လုပ်တာလည်း၊ မင်းကငါတို့ကို စိန်ခေါ်တာလား၊ ဟုတ်လား၊ မင်းလက်ကို နောက်ပြန်ပစ်လိုက်စမ်း”
လို့ဆိုပြီး ကျနော့်မျက်နှာကို လက်သီးနဲ့ ဆက်ထိုးကြပါတယ်။ ၀င်ပြီးထိုးနှက်နေတဲ့ အချိန်မှာလည်း သူတို့ ပါးစပ်ကနေပြီး မအေ၊ နှမ နဲ့တိုင်းပြီးဆဲရေးတိုင်းထွာပြန်တယ်။ မှန်မှန် ပြောမလား၊ မပြောဘူးလားလို့လည်း တရံမလပ်မေးနေပြန်တယ်။ သူတို့တွေ ကျနော့်ကို စိတ်ကျေနပ်လောက်အောင် ထိုးနှက်ပြီးတဲ့အချိန်ကျမှ အသံတခု ထပ်ဝင်လာပါတယ်။
“ညီလေး၊ မင်းသူငယ်ချင်းတွေ မနေ့ညကနေရာမှာ ဒီညရှိနိုင်ဦးမလား”
နာကျင်မှုဒဏ်ရာကြောင့်ရော၊ မောပမ်းတာကြောင့်ပါ ကျနော်ဘာမှပြန်မပြောနိုင်တော့ပဲ ခေါင်းကို ငုံ့ပြလိုက်ပါတယ်။ ငြင်းဆန်ဖို့ကျနော့်မှာ ခွန်အားတွေ သိပ်မကျန်တော့…..
“အေး….ဒီလိုမှပေါ့၊ မင်းအစောကြီးကတည်းကပြောရင် ဒီလိုတောင်ထိုးနှက်ခံရမှာ မဟုတ်ဘူး”
လို့ဘုပြတ်ပြတ်ပြောဆိုပြီး သူတို့အားလုံး အခန်းပြင်ဖက်ကို ထွက်သွားကြပါတယ်။ ၀ုန်းကနဲ တံခါးပိတ် သံကို ကြားလိုက်ရတော့ သက်ပြင်းတခုကို ချလိုက်မိပါတယ်။ နောက်ထပ် (၁၀)မိနစ်လောက် အကြာမှာ ကျနော့် အခန်းဆီကို ဦးတည်လာနေတဲ့ ခြေသံတွေကို သတိထား ကြားလိုက်ရပါတယ်။ ထင်တဲ့အတိုင်းပဲ ကျနော့်အခန်း တံခါးကို လာဖွင့်ပါတယ်။ စောစောကလို မဖြစ်အောင် ကဗျာကသီပဲ မက်တပ်ရပ် နေလိုက်ပါတယ်။ တံခါးပွင့်သွားပြီး အသံတခု ထွက်ပေါ်လာပါတယ်။
“ဘာလဲ…..မင်းက မတ်တပ်ရပ်ပြီး ထွက်ပြေးဖို့ ကြံနေတာလား”
ဆိုပြီး ကနဦး စစွပ်စွဲပါတော့တယ်။ ပြီးတော့ “မင်းအင်္ကျီချွတ်စမ်း” ဆိုပြီး ကျနော့်ကို အ၀တ်အစားတွေ ချွတ်ခိုင်းပါတယ်။ ပြီးတော့ လုံချည်ကိုလည်း ချွတ်ခိုင်းပြန်ပါတယ်။ ဘာတွေလုပ်ဦးမလဲဆိုတာ မခန့်မှန်းမိ သေးပါ။ ဒါပေမယ့် ကျနော့်ခေါင်းမှာစွပ်ထားတဲ့ ခေါင်းစွပ်ကိုတော့ မချွတ်ခိုင်းပါဘူး။ အ၀တ်တွေချွတ်ပြီးတော့ မေးခွန်းတွေ စမေးပါတော့တယ်။
“မင်းအဖေ…နာမည်”
ကျနော့် အ၀တ်အစားတွေ ပြန်ဝတ်လို့ ရပြီပြောပါတယ်။ ကျနော့်အင်္ကျီတွေ ပြန်ဝတ်ပြီးချိန်မှာ ကျနော့်နာမည်၊ ကျနော့်အဖေ နာမည်၊ ကျနော့်အသက်ပါတဲ့ သစ်သား ဆိုင်းဘုတ်ရှည် တစ်ခုကို ကိုင်ထားခိုင်းပါတယ်။ နောက်မှ ကျနော့်ခေါင်းက ခေါင်းစွပ်ကိုချွတ်ဖို့ အမိန့်ပေးပါတယ်။ ကျနော်လည်း ခေါင်းစွပ်ကိုချွတ်၊ သူတို့ ကိုင်ခိုင်းတဲ့ ဆိုင်းဘုတ်ကို ရင်ဘက်နားမှာ ကိုင်ပြီးဓါတ်ပုံ အရိုက်ခံရပါတယ်။ ဓါတ်ပုံကို ရှေ့တည့်တည့်၊ ဘေးတိုက်၊ ဘယ်ညာနဲ့ နောက်ကျော စုံနေအောင်ရိုက်ပြီး ခေါင်းစွပ်ကို ပြန်စွပ်ခိုင်းပါတယ်။ ပြီးတော့ ကျနော့်အခန်းထဲကနေ ထွက်သွား ကြပါတယ်။
ဒီလူ ထွက်သွားပြီး တော်တော်ကြာသည်အထိ တစ်ဦးတယောက်မှ ပေါ်မလာတော့ပါ။ ညသန်းခေါင်လောက်မှာ ကျနော်ကို ထားတဲ့အခန်းရဲ့ အပေါ်တည့်တည့်က လက်နှိပ်စက် ရိုက်နေသံ တစ်ဖျောက်ဖျောက်ကို အတိုင်းသား ကြားနေရပါတယ်။
(ဂ)နံရံတွေပေါ်က ကြွေးကြော်သံတွေ
တိတ်ဆိတ်နေတဲ့ စစ်ကြောရေး စခန်းကြီးရှေ့ ကို ကားတစီး ထိုးဆိုက်သံ ကြားလိုက်ရပါတယ်။ ဘယ်သူ များ ပါလာဦးမှာလဲလို့ တွေးနေတုန်းမှာပဲ ကျနော့်ကို ခေါ်လာတုန်းကအတိုင်း
“ခွ၊ ကျော်၊ ကုန်း” ဆိုတဲ့အသံတွေကြားရတော့ နောက်ထပ်ဖမ်းဆီးလာမှန်း ကျနော် သိလိုက်ပါတယ်။ ခဏအကြာမှာပဲ ကျနော် ယဉ်ပါးနေကြအသံတခုဖြစ်တဲ့ ချောင်းဆိုးသံကြီးကို ကြားလိုက်ရတော့ ကိုရက္ခီး (ညီထွေးခိုင်)ကို ဒီကောင်တွေ ဖမ်းခေါ်လာမှန်း ကျနော် သိလိုက်ပါ တယ်။ ပြီးတော့ ကျနော့်အခန်းထဲကို ထောက်လှမ်းရေးတွေ ၀င်လာပြီး ဘာမပြော၊ ညာမပြောနဲ့ ဆဲဆိုပြီး ၀ိုင်းဆောင့်ကန် ကြပါတယ်။
ဒီတခါတော့ ကျနော့်ကို ပုံစံတွေဘာတွေမလုပ်ခိုင်း။ ဘာမှမမေးမြန်းသေးပဲ ပေါ်တင်ကြီး ထိုးကြိတ်ကြတာပါ။ သူတို့ရဲ့ ပါးစပ်ကနေပြီးတော့လည်း
“စောက်တလွဲတွေပြောတဲ့ကောင်၊ လူကြီးတွေကိုသက်သက် အချိန်ကုန်ပြီး အလုပ်ရှုပ်အောင် လုပ်တဲ့ အကောင်။ မင်းပြောတဲ့ နေရာမှာ-ီးတောင်မှမရှိဘူး”
“အေး သူတို့ကိုမဖမ်းမိရင် မင်းကိုပိုပြီး ထောင်ချပစ်မယ်မှတ်။ မင်းနဲ့နောက်မှ အေးအေးဆေးဆေး တွေ့ကြ သေးတာပေါ့ကွာ၊ မင်းလိမ်ဖို့ စဉ်းစား ထားလိုက်ဦး” လို့ပြောဆိုပြီး ပြန်ထွက်သွားကြပါတယ်။ အခြား ဘေးခန်းတွေက သူတွေကို ခေါ်ထုတ်တဲ့ အသံတွေ စစ်မေးနေတဲ့ အသံတွေကြောင့် အိပ်ဖို့မဖြစ်နိုင်တော့တာကြောင့် နားစွင့်နေလိုက် ပါတယ်။
ဆေးတက္ကသိုလ်ကျောင်းသားသမဂ္ဂနဲ့ ပက်သက်ပြီး အပြန်အလှန် ပြောဆိုနေကြတဲ့ သားညွှန့်ဦးရဲ့ အသံကိုကြားလိုက်ရပါတယ်။ နောက်
“ကျနော် မလုပ်ဘူး၊ ကျနော်မသိဘူး၊ မသိတာကို မသိဘူးလို့ ဖြေတာပဲ” ဆိုပြီး အသံနက်ကြီးနဲ့ ငြင်းဆိုသံ ကုလားထိုင်ကိုကန်သည့်အသံ၊ စားပွဲခုံကိုထုသည့်အသံများနဲ့ ရဲမော်ထူးရဲ့ အသံသဲ့သဲ့ကိုကြားလိုက်ရပါတယ်။ ကျွန်တော်အလှည့်ကော ဘယ်တော့ ရောက်မလဲ လို့တွေးပြီး စဉ်းစားနေလိုက်ပါတယ်။
အဲဒီအချိန်မှာ အခန်းထောင့်တစ်ခုဆီက “ဟေ့ကောင်ကုလား…..ခွေးမသား၊ မင်းတို့ကုလားတွေနဲ့ ဗမာပြည် နိုင်ငံရေးဘာဆိုင်လို့လဲ” ဆိုပြီးထောက်လှမ်းရေးရဲ့ ဆဲဆိုသံ၊ ကိုအောင်ထွန်းရဲ့ ပြန်လည်ငြင်းဆို သံများထွက်ပေါ်လာပါတယ်။ အဲဒီညကတော့ လတ်တလော အဖမ်းခံထားရတဲ့ ကျနော်၊ ကိုရက္ခီးနဲ့ ရဲကျော်စွာတို့ကို ဖမ်းဆီးဖို့ နောက်ထပ် ကျန်သေးတဲ့သူတွေ ရှိနိုင်မယ့် နေရာကိုသာ မေးမြန်းပြီး နောက်ထပ်စစ်ဆေးမှုတွေ ဘာတွေမှ ဆက်မလုပ်တော့ပါ။
စစ်ဆေးမှု ပြုလုပ်တဲ့အခါတိုင်းလည်း နေ့ခင်းဖက်ကြီးပဲ ပြုလုပ်တာတော့ မဟုတ်ပါ။ များသော အားဖြင့် ညဖက်မှာချည်း ပြုလုပ်တာများပါတယ်။ တခါတရံ ညဖက် စစ်ဆေးထားလို့ နေ့ဖက်မှာ တရေးလောက် အိပ်နေချိန်မှာပဲ အတင်းရိုက်ပုတ်စစ်ဆေးတာ လည်း ရှိုပါတယ်။ ရက်အနည်းငယ်ကြာ လာတဲ့အခါမှာ ပင်ပန်းနွမ်းနယ်မှုဒဏ်၊ အိပ်ရေးပျက် မှုဒဏ်တွေ ဆက်တိုက်ခံစားလာရတော့ ထောက်လှမ်းရေးက သူတို့ကို မထီမဲ့မြင်လုပ်တယ် ဆိုပြီး ကျနော်ကိုစွပ်စွဲပါတယ်။
စစ်ဆေးမှုတွေ ပြုလုပ်တိုင်းလည်း ဒူးကွေး၊ ခြေခွဲ၊ လက်မြောက်ပြီး စစ်ဆေးတာပါ။ အဲဒီလို ပုံစံမျိုးနဲ့ (၁)နာရီလောက် ကြာလာ တော့ ခြေတွေ၊ လက်တွေ ညောင်းကိုက်ပြီး တဆတ်ဆတ်တုန်လာပါတယ်။ ဒါကိုထောက်လှမ်းရေးက “ပုံစံမပျက်နဲ့နော်၊ ပျက်ရင်သေမယ်”လို့ ခြိမ်းခြောက်ပါတယ်။ တစ်ကြိမ်မှာ အဲဒီလို အနေအထားမျိုးကို ခံနိုင်ရည်မရှိတော့ လို့ ဗုန်းကနဲ ပြိုလဲသွားခဲ့ပါတယ်။ အဲဒီအခါမှာ ထောက်လှမ်းရေးက “မင်းပင်ပန်းနေမှာပေါ့၊ ကဲကဲ တော်ပြီ၊ ပုံစံပြောင်းမယ်” ဆိုပြီး ကျောက်စရစ်ငယ်လေးတွေကို တမန်တလင်း ကြမ်းပြင်မှာ ချထားပြီး အဲဒီအပေါ်မှာ ကျနော့်ကို ဒူးထောက်ခိုင်းပါတယ်။ ဒူးထောက် ထိုင်ခိုင်း ထားရင်းက ပဲ “မင်းညောင်းနေမှာပေါ့” လို့ဆိုပြီး ကျနော့်ကို လက်တွေ မြှောက်ခိုင်း ထားပါတယ်။
ကျောက်စရစ်ခဲတွေပေါ်မှာ ဒူးထောက်ရတဲ့ ဝေဒနာဟာ အင်မတန်မှကို ဆိုးရွားလွန်း လှပါတယ်။ ဒါ့ကြောင့် အဲဒီဒဏ်ကို ဆက်ပြီးသည်းမခံ နိုင်တာကြောင့် ပထမ ပုံစံအတိုင်း ဒူးကွေး၊ ခြေထောက်ခွဲ အနေအထားကို ပြန်ရောက်သွားပါတယ်။ ကျနော် တချက် သတိထားမိတာ ကတော့ ကျနော့်ကို စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ အခါမှာပဲ ကျနော့် အခန်းထဲက အုတ်နံရံ ဘေးပတ်ပတ်လည်မှာ ရေးထားတဲ့ စာတွေကိုတွေ့ရပါတယ်။
အဲဒီစာတွေကိုဖတ်ကြည့်တော့ အဖမ်းအဆီးခံရပြီး ထောင်ကျသွားတဲ့ ကျနော့်တို့ထက် အရင်က ကျောင်းသားတွေရဲ့ နာမည်၊ သူတို့ပါဝင်ခဲ့တဲ့ လှုပ်ရှားခဲ့တဲ့ သမဂ္ဂ၊ အဖွဲ့အစည်း၊ ပြီးတော့ သူတို့ နေထိုင်သွားခဲ့တဲ့ ရက်စွဲတွေကို တာလီချိုးသလိုမျိုး မှတ်သားထားတာ တွေ ကိုလည်း တွေ့ရပါတယ်။ တာလီခြစ်တဲ့နေရာမှာ တစ်ချို့က(၁၄)ချောင်း ခြစ်တယ်။ တစ်ချို့က(၇)ချောင်းပဲခြစ်ထားပြီး ဆက်ခြစ်ထားတာတော့ မတွေ့ရတော့ပါ။
သူတို့ဘယ်ရောက်သွားလဲ၊ ထောင်ကျသွားတာလား၊ ကျနော်အတွက် စဉ်းစားစရာဖြစ်လာပါတယ်။ သေချာတာ တခုကတော့ ဒီအခန်းထဲမှာ အများဆုံး(၇)ရက်ပဲ ထားတယ်ဆိုတာ ရှေ့ကတာလီခြစ်ထားတဲ့ပုံစံကို ကြည့်ရင် သိသာပါတယ်။
တချို့စာသားတွေကို ကျနော် လျောက်ဖတ်ကြည့်မိပါတယ်။
“ခွေးတွေက တို့ကျောင်းသားတွေကို ကိုက်တာနာတယ်”
“ငါ့ကိုအကုန်ပြောရင် ပြန်လွှတ်မယ်ပြောပြီး အခုထိအိမ်ပြန်မပို့သေးဘူး….”
“ဒီအခန်းထဲရောက်တဲ့သူမှန်သမျှ ထောင်ကျပြီသာမှတ်”
“၇ ရက်ရှိသွားပြီ”
“အိမ်ပြန်ချင်ဘီ…..”
“ငါ၏ဦးခေါင်းသည် သွေးချင်းချင်းနီနီနေပါစေ။ ညွှတ်ကားမညွှတ်” သူတို့စကားကို ယုံပြီးလျောက်မပြောနဲ့”
“အမေ့ကိုသတိရတယ်”
“ဒီအခန်းက ဘုရားတောင်မကယ်နိုင်ဘူး။ ဆုမတောင်းနဲ့သူငယ်ချင်း’စာလုံးတွေဟာ သေးငယ်လှပြီး အုတ်နံရံမှာ အုတ်နီခဲ၊ ကလစ်အချွန်၊ ပင်အပ်အချွန်တွေနှဲှ့ ထုံးသုတ်ထား တဲ့ နံရံမှာ ထွင်းပြီး ရေးထားတာပါ။ ထောက်လှမ်းရေးတွေက ဒီအခန်းထဲက စာတွေကို မမြင်ကြတာလား၊ မမြင်ချင်ယောင်ပဲ ဆောင်နေကြတာလား၊ ဖျက်ပစ်ဖို့ပဲသူတို့တွေ အချိန်မရကြတာလား ကျနော် မပြောတတ်တော့ပါ။
ဘာပဲပြောပြော စစ်ကြောရေးစခန်းထဲမှာ ဒီအတိုင်းရှိနေပါတယ်။ ကျနော်လည်း အရင်တုန်းက ကျောင်းသား တွေနည်းတူ ကျနော့်နာမည်နဲ့ ကျနော်လုပ်ကိုင်တဲ့ အဖွဲ့အစည်းရဲ့ အမည်ကို ကျနော်နေတဲ့ စစ်ကြောရေး စခန်းထဲက နံရံတခုမှာ နေလင်း(အ.က.သ)လို့ ရေးထိုးခဲ့ပါတယ်။
အခြားအခန်းတွေကို စစ်ဆေးတဲ့အချိန်မှာပဲ ကျနော့်နဘေးကအခန်းက“ပေါက်စ၊ ပခြုပ်ထဲကအကောင်ကို ယူခဲ့စမ်း၊ ဒီကောင် ကောင်းကောင်းမဖြေချင်ဘူး” လို့ပြောပြီး သိပ်မကြာခင်မှာပဲ ရဲမော်ထူးအခန်းထဲက ကြောက်လန့်တကြား အော်ဟစ်သံကို ကြားလိုက်ရ ပါတယ်။
ကျနော်လည်း တကိုယ်လုံး ဆတ်ကနဲ တုန်သွားပါတယ်။ ပခြုပ်ထဲက အကောင်ဆိုတာ ဘာကောင်မှန်းလည်း မသိပါဘူး။ ပြီးတော့ ကိုယ့်အလှည့်လည်း ဘယ်တော့ရောက်မလဲဆိုပြီး တွေးနေမိကာ သေလိုက်ချင်စိတ် ပေါ်လာ ပါတော့တယ်။ ကျနော်ဆိုရင် ဘုရားကို အကြိမ်ကြိမ် တပြီး ဆုတောင်းနေမိပါတယ်။ မြန်မြန်လွတ်မြောက်ပါစေဆိုတဲ့ ဆုမျိုးတော့မဟုတ်ဘူး။ ထောင်မြန်မြန်ပို့ ပါစေလို့ပဲ ဆုတောင်းမိပါတယ်။ ထောင်ကိုပို့ လိုက်ရင် ထောက်လှမ်းရေးရဲ့ အမျိုးမျိုး ညှင်းပမ်းနှိပ်စက်နေတဲ့ လက်က လွတ်မြောက်မှာမို့ပါပဲ။ ကျနော့်ရဲ့ လက်ရှိ အနေအထားနဲ့ဆိုရင် ပြန်မလွတ်ဖို့ ရာနှုန်းပေါက် သေချာနေပါတယ်။
Sunday, September 2, 2007
ပျောက်ဆုံးနေတဲ့ ဂုဏ်သိက္ခာ
တချိန်က အာရှမှာ ရွှေနိုင်ငံတော် ဖြစ်ခဲ့တဲ့ ၊ မြန်မာနိုင်ငံမြို့တော် ရန်ကုန်မြို့နဲ့ ရန်ကုန်လေယာဉ်ပျံကွင်းဟာ အရှေ့တောင် အာရှမှာ ခေတ်အမီဆုံးအဖြစ် အားကျခံခဲ့ရတဲ့၊ နောက် သခင်မျိုးဟေ့ ဒို့ဗမာ လို့ အားရပါးရ ဟစ်ကြွေးခဲ့ကြရတဲ့ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သားတွေရဲ့ ဘ၀တွေဟာ အခုလို အလှုခံစားရတဲ့ ဘ၀ကို ရောက်ခဲ့ပါပြီလား၊
ကလေးတွေတို့လို့တွဲလောင်းနဲ့ အမေတွေ၊ သားသမီးတွေကို လက်ဆွဲလို့ တမိသားစုလုံး ချီတက်လာတဲ့ မိသားစုတွေ၊ သောင်ရင်းမြစ်ကလေးခြားနေယုံနဲ့ နေထိုင်မှု၊ လုံခြုံမှုတွေ ကွာခြားသွားတဲ့ ဘ၀တွေ မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့အခါ ကျမရင်ထဲဆို့နစ်ကြေကွဲရပါတယ်၊
ကလေးတွေကို မုန့်ဝေဖို့ တန်းစီလို့ ပြောလိုက်တဲ့အခါမှာ တန်းစီစနစ်နဲ့ ရင်းနှီးယဉ်ပါးမှုမရှိတဲ့ ဘ၀တွေမို့ စုပြုံတိုးခဲ့တာကို တွေ့လိုက်ရပါတယ်။ ဝေမယ့်သူက အရမ်းခက်ခဲပြီး မဝေဖြစ် ဖြစ်သွားတော့ မြင်လိုက်ရတဲ့ မျက်နှာလေးတွေဟာ အပြစ်ကင်းစင်လွန်းပါတယ်၊
သူတို့တွေကို နေပူကျဲကျဲမှာ ခုလို တိုးဝှေ့ စောင့်ဆိုင်းနေရတာကို မြင်တွေ့ရတော့ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကို တည်ဆောက်နေသူများကို ခေါ်ပြချင်လိုက်တာ၊ မွေးနေ့ပွဲ တခုကို သိန်း ၆၀ အကုန်ခံကျင်းပတတ်တဲ့၊ လှည်းကျိုးထမ်းပွဲကို စိန်တွေစီပြီး သိန်းပေါင်းများစွာ အကုန်ခံတဲ့ နိုင်ငံတော် အကြီးအကဲလို့ ကိုယ့်ဖာသာကိုယ်နေရာယူနေသူတွေကို မြင်စေချင်လိုက်တာ၊
..
ဒီလူအုပ်တွေထဲက မျက်နှာညှိုးငယ်စွာနဲ့ ဆန် ၅ ကီလို၊ ငါးသေတ္တာ၂ဘူး၊ မာမား ခေါက်ဆွဲခြောက် ၂ ထုပ်၊ဆားတထုပ် ၊အချိုမှုန့် အထုပ်သေး တထုပ် ပါတဲ့ အထုပ်တထုပ်ရဖို့ စောင့်ဆိုင်းနေရတဲ့ ဒီမြင်ကွင်းတွေ.....
ကျမကတော့ဖြင့် ခံစားလို့ မရနိုင်ပါဘူး၊ ခေတ်စနစ်တခု အောက်မှာ ပျောက်ဆုံးနေရတဲ့ နိုင်ငံသား ဂုဏ်သိက္ခာတွေအတွက် ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ.....၊
သမီးတို့ စီးပွားရေး အဆင်မပြေလို့ ဒီဆန်ကို လာယူတာပါ.......
ဒီတနေ့စာလောက် ရလဲ မဆိုးပါဘူး အန်တီရဲ့ ၊ဒါ့ကြောင့်အမနဲ့ လိုက်လာတာလေ...
မနက် ၇ နာရီကတည်းက လမ်းလျှောက်လာခဲ့တာ...မြ၀တီမှာ အလုပ်လဲရှားတယ် အမရယ် ...
ကျမ ကျဘန်းအလုပ်ပဲ လုပ်ရပါတယ်..အလုပ်ရတဲ့နေ့ တနေ့ ထောင့်ငါးရာမှာ ဆန်ဖိုးက ၁၂၀၀ အမရယ် စားလို့ မလောက်ဘူး။ ကလေး ၂ ယောက်မှာ တယောက်က ကျောင်းနေတယ်လေ.....ဒီလိုပဲ...ရုန်းကန်ရတာပဲ အမရယ်.........
အဖွားတို့ လာတာ ဒီကို ဘတ် ၃၀ ကုန်တယ် ၊ အပြန်အတွက်တော့ တောင်းရမ်း ပြန်ရမှာပါပဲ.........
ဆရာလေးဖြင့် ကိုယ့်မြန်မာပြည်သားတွေကို ခုလိုတွေ့တော့ ၀မ်းနည်းလိုက်တာ.....စိတ်မကောင်းဘူး တကယ်ပဲ.........
လူတွေက ရင်ဖွင့်လိုက်ကြတာ.........
ကျမကရော ........ဘာများတတ်နိုင်ပါအံ့နည်း။။။။။။။။။။