Sunday, September 9, 2007

ရုပ်ဖျက်ထားသော ကိန်းဂဏန်းများ

နေ့စဉ် နိုင်ငံခြား အသံလွှင့် ဌာနလေးခုက သတင်းတွေ နားထောင်ရင်း ဘီဘီစီကနေ မြန်မာပြည်ထဲမှာ ဒီနေ့ ပြည်သူတွေ စွဲငြိနေတဲ့ ၂ လုံးထီ ၊ ၃ လုံးထီအကြောင်းနဲ့ ပတ်သက်တဲ့ အပတ်စဉ်ကဏ္ဍကို ထုတ်လွှင့်မယ် လို့ ကြိုတင်ကြေညာတာကို ကြားလိုက်ပါတယ်၊ အရက်အကြောင်းကို အပတ်စဉ် ထုတ်လွှင့်ခဲ့စဉ်က အရက်သောက်ခြင်းကြောင့် ခံစားရတဲ့ဒုက္ခတွေ၊ အရက်စွဲခဲ့ရတဲ့ အကြောင်းတွေနဲ့ နားထောင်ရတာ ဗဟုသုတ တွေ ဆင်ခြင်စရာတွေ အများကြီး မှတ်သားခဲ့ရသလို ဒီလောင်းကစားကိစ္စနဲ့ ပတ်သက်လို့လည်း မှတ်သားစရာ တွေ သိရဦးတော့မယ်လို့ တွေးမိပါတယ်။

ဒါနဲ့ တချိန်တည်းမှာပဲ ကျမလွတ်မြောက်နယ်မြေကို ရောက်စက ပြည်တွင်းက ၁လုံး၊ ၂ လုံး၊ ၃ လုံးဆိုတဲ့ လောင်းကစားအကြောင်းတွေကို ပြောပြတိုင်း တအံ့တသြ နားထောင်ကြတဲ့ ကျမမိတ်ဆွေ သူငယ်ချင်းတွေက အဲဒီအကြောင်းစာရေးပါလား လို့ ကျမကို တိုက်တွန်းတာနဲ့ ဒီဖက်ရောက်မှ ပထမဆုံး ရေးသားတဲ့ ရသစာစုလေးကို သတိရမိပါတယ်။ ပြည်တွင်းမှာ ၁၉၉၄ ခုနှစ် ရုပ်ရှင်တေးကဗျာ အောင်မြင်နေချိန်တုန်းက (နိုဝင်ဘာ၊ ဒီဇင်ဘာ ထင်ပါရဲ့ ) ၂ လဆက်တိုက် ကျမရဲ့ ကဗျာတွေ ပါခဲ့ဘူးတာကလွဲလို့ တခါမှ စာမရေးတော့တဲ့ ကျမ ဒီဘက်မှာ ပြောပြချင်တာတွေ များလွန်းလို့ စာစရေးတော့ ဒီစာစုလေးနဲ့ပါ။

ကျမရဲ့ ဘလော့မိတ်ဆွေတွေ ဖတ်ရှုနိုင်ဖို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ရုပ်ဖျက်ထားသော ကိန်းဂဏန်းများ

၁။

နေ့ကရသေးလား”

ဒါ ဗမာပြည်မှာ မနက်မိုးလင်းလို့ တယောက်နဲ့ တယောက်တွေ့ ရင် နှုတ်ဆက်တဲ့စကားပါ။

မတွေ့ရတာ (၇) နှစ်နီးပါးရှိနေတဲ့ ကိုမင်းကြည်ကို ကျမပြောပြတော့ သူက အံ့သြလို့၊ သူ ပြည်ပကို ရောက်နေတာ နှစ်ပေါင်း (၃၀) နီးပါး ရှိနေပြီလေ။ မဆလအစိုးရကို အံတုရင်း တောထဲ ရောက်ခဲ့ကြရတဲ့ (၇၅) ခုနှစ် ဆေးတက္ကသိုလ် ကျောင်းသားဟောင်းတယောက်။

ဘာတွေလဲ၊ ရှင်းပြစမ်းပါဦးလို့ တောင်းဆိုကြတာက ကိုမင်းကြည်တယောက်ထဲ မဟုတ်ဘူး။ (၈၈) နောက်ပိုင်း တော်လှန်ရေးနယ်ထဲ ရောက်လာကြတဲ့ ကျောင်းသားအုပ်စု၊ သူတို့တွေလည်း ကိုယ်ချစ်တဲ့တိုင်းပြည်နဲ့ ခွဲခွာခဲ့ရတာ (၁၆) နှစ်ကျော်။ တကယ်တော့ ကျမတို့ချစ်တဲ့ ပြည်သူတွေဟာ စစ်အာဏာရှင်လက်အောက်မှာ ပြားပြားဝပ်အောင် ဖိနှိပ်ခံနေကြရင်း စစ်အစိုးရ ရိုက်သွင်းနေတဲ့ ကျုံးထဲကို ၀င်မှန်းမသိဝင်၊ ရောက်မှန်းမသိ ရောက်နေခဲ့ကြတဲ့အကြောင်း ကျမမြင်ခဲ့သလောက် ရင်နာနာနဲ့ ပြောပြရဦးမှာပေါ့။

၂။

မနက်မိုးလင်း ဟင်းစားဝယ်ဖို့ ဈေးသွားတဲ့ ဒေါ်မြပေါ့။ ဈေးထဲဝင်ခါနီး နောက်က လှမ်းခေါ်သံကြားလိုက်လို့ ရပ်စောင့်နေတယ်။ မျက်စောင်းထိုးအိမ်က ထားထားပါလား။


န်တီ မနေ့ကရသေးလား”
“မရပါဘူးဟယ်၊ လူသေတွေချည်းပဲ အိပ်မက်မက်လို့ ၄၆၊ ၆၄ ထိုးတာဟယ် ၆၈ ထွက်သွား တယ်”
“အာ၊ အန်တီကလည်း မနေ့ကတော့မပြောဘူး။ ‘လ’ ဆိုရင် ၄ လည်းကောက်လို့ရတယ်။ ၈ လည်းကောက်လို့ ရတယ်လေ”

“အိပ်မက်ကိုပြောရင် မှားတယ်ဆိုလို့ ငါမပြောတာပါဟယ်။ ပြောမိရင် ပေါက်ဦးမှာ၊ နှမြော လိုက်တာ၊ ဒါမျိုးရဖို့ မလွယ်ဘူး”
“ဒီနေ့ ဗုဒ္ဓဟူးနေ့မို့ လား၊ အလယ်နေ့ လင်ဗန်း ၂ ချပ်ပူးထားလို့ ဆရာတော်ကြီးက ပြောထား တယ်”
“ဘယ်သူပြောလဲ”
“စိုးပြောတာ၊ သူ့ဆီမှာ စာအုပ်ဝယ်ထားတယ်။ သူ ဒီနေ့ သုညပတ်မယ်လို့ မနေ့ထဲက ပြောထားတာ။ အန်တီ ပတ်မလား”
“တရက်မှ မပေါက်သေးဘူး။ ငါမပေါက်တာ ၃ ပတ်ရှိုပီ။ နေဦးဟယ်။ ဈေးတပတ် ပတ်ပြီး ဂဏန်း ရှာလိုက်ဦး မယ်”
“နေ့လည် လာမယ်မဟုတ်လား။ နင် မနေ့က ၅၀၀ ဖိုး ရတယ်ဆို”
“ပေါက်ရှုံးအန်တီရဲ့။ ကာကွက်က လာပေါက်တာ။ ဒီတပတ် အပူးကြိမ်းသေဆိုလို့ တနင်္လာ နေ့ထဲက အပူး ၁၀၀၀ ဖိုး စဆွဲထားတာ။ ဒီနေ့ ထပ်တင်ရမလား၊ ဒီအတိုင်းပဲထားရင်ကောင်းမ လား၊ စဉ်းစားနေတာ”
“အပူးမထွက်တာ ၁ လရှိပြီမဟုတ်လား။ ဆက်ဆွဲထား။ ကိုယ်ဖြတ်တော့မှ ထွက်သွားမယ်။ နေ့လည် ၃ နာရီမတီးခင်လာခဲ့နော်။ ကဲ သွားမယ်”


ဒေါ်မြ ဈေးထဲဝင်သွားတယ်။ မုန့်ဟင်းခါးဆိုင်ရှေ့ရောက်တော့ ရပ်လိုက်တယ်။ ဒီမုန့်ဟင်းခါး ဆိုင်က ဟိုးအရင် တုန်းကဆို တန်းစီပြီးစောင့်ရတယ်။ တနေ့ မုန့်ဆယ်ပိဿာ အစောကြီးကုန် တယ်။ အခု ဒီနှစ်လုံးထီဆိုတာ ပေါ်လာပြီးထဲက မုန့်ငါးပိဿာကို နေမြင့်အောင် စောင့်ရောင်းနေရတယ်။ ဒေါ်မြ ဆိုင်ရှေ့ရပ်တော့ ဈေးသည် ထုံးစံ ခေါ်ရတာပေါ့။


“ဒေါ်မြ လာ၊ မုန့်ဟင်းခါးလား၊ ခေါက်ဆွဲလား၊ ဘာကြော်နဲ့လဲ”
“မစားတော့ပါဘူးအေ။ မုန့်ဖိုးကို ငါးဆယ်ဖိုးနှစ်ကွက်ရင်းလိုက်ရင် လေးထောင်ရမှာ။ ဘာကောင်းတယ် ပြောသံကြားလဲ”
“ခုန မုန့်စားရင်း ပြောနေကြတာ ရှမ်းကုန်းဖက်က အဘက ဘုရားကို အောင်သပြေကပ်တဲ့”
“ဟဲ့ ဒါဆို ၉၁၊ ၉၆၊ ၉၅ သုံးကွက်ထဲပေါ့”
“ဒေါ်မြကလည်း၊ လှန်ရဦးမယ်လေ။ မမှတ်သေးဘူး။ ဟိုတခါ သောကြာဆံချကို ၃၂ ပဲ ထိုးတာလေ။ တကွက်စာ နှမြောပြီး မလှန်တာ ၂၃ လဲထွက်ရော အသံတောင် မထွက်နိုင်တော့ ဘူး မဟုတ်လား”

“အင်း အဲဒါနဲ့ပဲ အကွက်သုံးဆယ်ကျော်တော့မယ်။ ဟိုးတပတ်ကတည်းက ဆရာတော်ကြီး ပေးထားတဲ့ အလယ် မှာ အစေ့ဆိုတာလည်း ထည့်ထိုးအုံးမှ။ ဒီတပတ် တစ် မထွက်သေးဘူး။ မစားတော့ဘူးဟယ်။ ထမင်းချက်ပြီးမှပဲ စောစောစားလိုက်တော့မယ်။ ရင်းလိုက်နှီးလိုက် ဦးမယ်”

ဒါနဲ့ပဲ ဒေါ်မြ မနက်မုန့်မစားဖြစ်ခဲ့တာ နှစ်လုံးထီစထိုးကထဲက ဆိုပါတော့။ ဈေးထဲ ဆက်လျှောက်ပြီး အသား တန်းဘက် ရောက်ခဲ့တယ်။ မေမေ ကြက်သားမစားရတာကြာပြီဆိုတဲ့ သားအသံက ကြက်သားတန်းဘက်ကို ခြေဦးလှည့်စေခဲ့တယ်။ မွေးမြူရေးကြက်က ၂၀၀၀၊ အိမ်ကြက်က ၃၀၀၀ ဆိုတော့ ကြက်တုပ်ကွေးက ကြောက်စရာကောင်းတယ် သားရေလို့ပဲ အိမ်ရောက်ရင် ပြောရတော့မှာပဲ။ ငါးတန်းဘက်မှာတော့ လူတွေ စည်သား။ ဘာတွေပေါပါလိမ့်။ ငါးသေးသေးလေးတွေ၊ တဆယ်သား တရာ့နှစ်ဆယ်တဲ့၊ ခေါင်းတရာသားကို စားရမည်လို့ သင်ခဲ့ ရတာပဲ။ အရိုးလည်း အားကောင်းစေတာပဲ။ ကန်စွန်းရွက်ချဉ်ရည်ဟင်းနဲ့ ငါးလေးအိုးကပ် နဲ့ဆို အသားပါတဲ့ဟင်း ဖြစ်သွားတာပေါ့။ ပြီးခဲ့တဲ့အပတ်က နှစ်လုံးကြွေးကျန် နည်းနည်းဖဲ့ဆပ်လို့ ရသွား တာပေါ့။

ဒေါ်မြ ငါးဝယ်ပြီး ၀ယ်နေကျ ကန်စွန်းရွက်ဆိုင်ရှေ့ရောက်တော့ အသီးအရွက်တွေကို ရေစို ပုဆိုးဟောင်းနဲ့ အုပ်ထားပြီး ဈေးသည်ပျောက်နေတယ်။
“ဟဲ့ ဈေးရောင်းမယ့်သူ မရှိဘူးလား။ ကန်စွန်းရွက်ဝယ်မလို့”
“ယူလေ အမရဲ့။ တစည်း ငါးကျပ်၊ ငါးစည်း နှစ်ဆယ်လေ။ ဒေါ်တိုးက ယောဆရာတော်ဆီ သွားတယ်။ မနေ့က ဆရာတော်ပေးတာ ဒဲ့ပဲ။ အဲဒါ သူ နှစ်ရာဖိုးပဲရလိုက်လို့ ဒီနေ့ထပ်သွားတာ။ မနေ့က တကွက်ထဲပဲပေးတာ အမရယ်။ ကျမကိုလည်း ဒေါ်တိုးပြောသား၊ မရချင်တော့ ဒီ့ပြင့်ဟာ တွေထိုးပြီး အဲဒါ မေ့သွားတယ်”

ဘေးဆိုင်က ဒေါ်မြကို ဈေးရောင်းရင်းပြောပြနေတာကြားတော့ ဒေါ်မြ ငိုင်သွားတယ်။ နေ့တိုင်းနီးပါး ဒေါ်တိုးနဲ့ ဂဏန်းမေးနေ ပြောနေကျ။ မနေ့က ဈေးမလာဘဲ အိမ်မှာရှိတဲ့အာလူးကို ချက်စားလိုက်မိတာ ငွေဝင်ဖို့ လွဲသွားတာပဲ။

“ကန်စွန်းရွက်စည်းလေးတွေကလည်း လေးငါးပင်ပဲ ပါတော့တယ်ဟယ်။ ဆယ်စည်းယူ လိုက်ပြီနော်။ ရော့ လေးဆယ်။ ဆရာတော်ဆီက ဘယ်အချိန်ပြန်လာမလဲ။ ငါလာခဲ့ဦးမယ်”
“ခုနကမှသွားတာ။ ဆယ့်တနာရီလောက် ပြန်လာမယ်ထင်တယ် အမရဲ့”
“သူ့ကို ပြောထားလိုက်နော်။ ပြန်လာခဲ့မယ်လို့”

ဒေါ်မြစိတ်ထဲမှာ တွေးလာတယ်။ အိမ်မှာ ထမင်းဟင်းချက်ပြီးရင် ဆွမ်းခံကြွတဲ့ ကိုရင်လေးကို ဂဏန်းမေးကြည့် ဦးမယ်။ တလုံးထဲပေးရင်တော့ စွန့်စားပြီး ပတ်ကြည့်ဦးမယ်။ တကွက်ထဲဆိုရင်တော့ ဖြစ်ချင်ရာဖြစ် အောပစ် လိုက်ဦးမယ်။

မင်းအမြန်ချက်ပြီး ဟာနေတဲ့ဝမ်းကို အမြန်ဖြည့်နေတုန်း ထားထားနဲ့ မစိုး ရောက်လာတယ်။ မနေ့က ယောဆရာတော် တကွက်ထဲပေးတာ ရတဲ့သူ တော်တော်များတဲ့ အကြောင်းနဲ့ ဒီနေ့ မစိုးယောက်ျားသွားတာ အခုလေးမှ ပြန်ရောက်တဲ့အကြောင်း၊ ဒီနေ့လူများပြီး အကွက်လည်း များတဲ့အကြောင်း၊ ဒီနေ့ သုည ကောင်းတယ်ဆိုတော့ သုညပါတဲ့အကွက်တွေ အောထိုးမယ့် အကြောင်း ပြောနေတုန်း ဒေါ်မြတို့အိမ်ကို ဆွမ်းခံကြွနေကျ ကိုရင်လေး ကြွလာပါတယ်။

ဒေါ်မြက ကိုရင်အထိုင်ကိုတောင် မစောင့်နိုင်တော့ဘဲ “ဒီနေ့ ဘာကောင်းလဲဘုရား” လို့ မေးလိုက်တယ်။
ကိုရင်လေးကလည်း ဆယ့်နှစ်နှစ်သာသာဆိုတော့ ဘာမေးမှန်းကိုမသိဘဲ ခေါင်းခါပြလိုက် တယ်။ အဲဒါကို မစိုးက………

“ကိုရင်က မပြောချင်လို့ ဖြစ်မယ်။ နိမိတ်ပဲပြပါဘုရား” လို့ ပြောရော ကိုရင်ကလည်း ဘာမှ နားမလည်နိုင်ဘဲ ထုံးစံအတိုင်း ဆွမ်းလောင်းဖို့ သပိတ်ဖွင့်ပေးတာပေါ့။

ဒေါ်မြ၊ ထားထား၊ မစိုးတို့ ခေါင်းသုံးလုံးပူးပြီး သပိတ်ထဲကို ကြည့်လိုက်တယ်။ သပိတ်ထဲမှာ ဆွမ်းဟင်းခွက်က ရှစ်ခွက်တိတိ။ ထားထား အသံထွက်လာတယ်။

ရှစ်တလုံးတော့ ကြိမ်းသေပြီ”

အဲဒီအချိန်မှာ ဒေါ်မြက ဆွမ်းလောင်းပြီး ဆွမ်းဟင်းခွက်လှမ်းယူ၊ ဆွမ်းဟင်းထည့ှ်ုပီး သပိတ် ထဲပြန်အထည့် အမြန်ပြန်ချင်နေတဲ့ ကိုရင်ကလည်း သပိတ်ဖုံးပြီး အမြန်ထ၊ ဆွမ်းဟင်းခွက်က အဖုံးနဲ့တိုက်မိပြီး မှောက်သွား တယ်။ အဲဒါကို ဒေါ်မြက မှောက်ကျဆိုတော့ ငါးနှစ်၊ နှစ်ငါး ဆိုပြီး အတိတ်ကောက်နေတော့တယ်။

၃။
တကယ် အဲဒီနေ့ကထွက်သွားတာက သူတို့ပြောနေတဲ့ သုညလဲမပါ၊ ရှစ်လဲမပါ၊ တစ်လဲမပါ၊ အပူးလဲ မဟုတ်တဲ့ ဂဏန်းပါ။

ပြီးတော့ အဲဒီနေ့ညနေမှာပဲ ရပ်ကွက်ထဲမှာ ဆူဆူညံညံ ရုတ်ရုတ်သဲသဲတွေ အသံတွေ ထွက်လာတယ်။ ပေါက်ရဲ့သားနဲ့ ဒိုင်ကမလျော်လို့ ပွဲစားဆီမှာများ လာရန်တွေ့နေလားဆိုပြီး ဒေါ်မြ အပြေးအလွှား သွားကြည့် တယ်။

ဒါ ကော်မရှင်စားရောင်းပြီး စီးပွားဖြစ်နေတဲ့ မောင်ထူးတို့အိမ်ပဲ။ ဘာဖြစ်လို့များလဲ”

ဒေါ်မြ အတွေးကိုဖြတ်လိုက်တာက မယောင်မလည် ရပ်ကြည့်နေတဲ့ အထဲက ထွက်လာတဲ့ ဟင်းရွက်သည် ဒေါ်တိုး။ ဒေါ်မြလက်ကိုဆွဲပြီး နောက်ကြောင်းပြန်ခေါ်ခဲ့တယ်။

သွားနဲ့၊ ရဲတွေလာဖမ်းနေတာ။ ဘောက်ချာစာအုပ်တွေပါ သိမ်းနေတယ်။ နာမည်တွေနဲ့.... အမှုပတ်နေဦးမယ် တော်”
“ဟဲ့ မောင်ထူးတို့ လိုင်းဝင်ထားတာပဲ၊ ရဲတွေတောင် သူ့ဆီထိုးနေသေးတာ”
“သြော် ဒေါ်မြကလည်း၊ ဒီနေ့ စီမံချက်နေ့တဲ့။ သုံးယောက်မိအောင် ဖမ်းပေးရမယ်ဆိုလို့ မောင်ထူးတို့လို အသေးလေးတွေကို အဖမ်းပြတာလေ”
“ဟုတ်ပြီ ဟုတ်ပြီ၊ ဟိုတခါ ထောက်လှမ်းရေးဆင်းဖမ်းတုန်းက ရ၀တလူကြီး မောင်မောင်ခင် ရဲ့သားမက် ပါသွားတာလည်း စီမံချက်ပဲမဟုတ်လား။ ဒါပေမယ့် အဲဒီတုန်းက ပြန်လွတ်သလား လို့”

“စီမံချက်ပါဆို၊ ပြန်ကိုလွတ်မှာ။ မောင်မောင်ခင့် သားမက်တုန်းက ဆယ်ပုံးလောက်နဲ့ လိုင်းဝင် လိုက်တာ ထောက်လှမ်းရေးလည်း ဘာခံနိုင်လဲ။ အခုလည်း သုံးမှုပြည့်ရင် ပြီးပြီလေ။ နောက်ပိုင်း ပြန်ပြီးလိုက် လိုက်၊ ရတာပဲဟာ”

“အေး ဟုတ်မယ်။ ဟိုတလောက ထိုးသားဆိုပြီး အဖမ်းခံရတဲ့တယောက်၊ အဲဒါ သူက အဖမ်း ခံတာ ပိုက်ဆံရလို့တဲ့။ ၆ လလောက်ကို တသိန်းစုမိဖို့ မလွယ်ဘူးတဲ့။ သူပြန်လွတ်လာတော့ ပြောပြတာ၊ လူစားလဲပေးလိုက်တာပေါ့၊ အံ့ကိုသြရောဟယ်”

“ဒေါ်မြရေ၊ အခု မောင်ထူးက သူပိုင်တယ်ဆိုပြီး လိုင်းကြေးကို အရာရှိပဲပေးထားလို့ လမ်းအပိုင်ရဲကဖမ်းတာတဲ့၊ ဆားပုလင်းဆိုလား၊ ခုန ပြောသံကြားတယ်။ အဲဒါ ၆ ပုံးလောက် ကုန်မှ လွတ်မှာတဲ့”

“ပွဲစားတွေက ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒိုင်အကြီးကြီးတွေတော့မဖမ်းဘဲ... မောင်ထူးတို့ သနားပါတယ်”
“ငါ့တူမပြောပြတာ ရန်ကုန်မှာ တနေ့ သိန်းထောင်ချီ အလျော်အစားလုပ်တာ ကိုးကန့်ဒိုင်တွေ၊ ၀ ဒိုင်တွေတဲ့၊ သူတို့ကျ မဖမ်းဘူးနော်”
“ဒါကတော့ သူတို့တွေက များများပေးလို့ပေါ့။ ဦးအောင်မြင့်တို့ ဘယ်နှစ်ခါ အဖမ်းခံရဘူး လို့လဲ။ ကျမတို့မြို့မှာ အကြီးဆုံးပဲ မဟုတ်လား။ သူ့ဆီမှာ ပွဲစားတွေ ဂုတ်စည်းတွေဆိုတာ လေး ငါးဆယ်ပဲ။ သူ့လူတွေဖြစ်ရင် သူလိုက်ရှင်းလိုက် ပြီးတာပဲ။ ကဲ သူများ အကြောင်းပြောနေရတာနဲ့ နောက်ကျနေပြီ။ မနက်စောစော ဆိပ်ဖူးနီ ဆရာတော်ဆီ သွားဖို့ သွားပြောလိုက်ဦးမယ်၊ လိုက်ဦးမလား”

“မလိုက်တော့ပါဘူး၊ တပတ်လုံး တရက်မှမရလိုက်တော့ အားမရှိဘူး၊ ဂဏန်းရရင်တော့ ပြောဦးနော်”

ဒေါ်မြရဲ့ အတွေးထဲမှာတော့.......

နင်္လာနေ့ကျရင် ဘာဂဏန်းပတ်ရမယ်ဆိုတာ စဉ်းစားရင်းနဲ့……။

(ခေတ်ပြိုင်အွန်လိုင်းမဂ္ဂဇင်းမှ ဒီစာစုကို ၁၊၆၊၂၀၀၅ မှာ ဖော်ပြပေးခဲ့ပါတယ်)

ချစ်ခင်စွာဖြင့်

ခင်မင်းဇော်

9 comments:

Kay said...

အရမ်းပီပြင်တယ်အမရေ...ရင်မောအောင်ကိုပဲ။ (အဲဒါ..ဘယ်လိုလုပ်ကြမလဲ)

ခင်မင်းဇော် said...

ကေရေ..
ကိုယ်တိုင်မသိလိုက်ပဲ ဆင်းနေရတဲ့ ငရဲတွင်းပေပဲ...
တိုင်းပြည်တပြည်ရဲ့ နိုင်ငံရေး အခြေအနေမကောင်းရင်
စီးပွားရေး အခြေအနေလည်း ယိုင်နဲ့လာမယ်၊ နောက် စီးပွားရေးကျပ်တည်းလာတဲ့အခါ အကျင့်စာရိတ္တတွေ ပျက်စီးယိုယွင်းလာမယ်။ အဲဒီအခါ လူမျိုးလိုက် နိမ့်ကျလာလိမ့်မယ်။ သိပ်အရေးကြီးတဲ့ အတွက် လူတိုင်း နိုင်ငံရေးကို စိတ်ဝင်စားရလိမ့်မယ်။ ကိုယ့်အတွက်တင်မက ကိုယ့်လူမျိုး ကိုယ့်နိုင်ငံ ပျောက်ကွယ်မသွားဖို့ လူတိုင်း နိုင်ငံရေး လုပ်ဖို့ လိုအပ်တဲ့ အချိန်၊ လိုအပ်တဲ့ ခေတ်မှာမွေးဖွားလာရတဲ့ ကိုယ်တို့ မျိုးဆက်အားလုံးရဲ့ တာဝန်တွေ အများကြီးပဲ....
ကိုယ်နိုင်သလောက် ခေတ်ကြီးကို ပြောင်းဖို့ ပါဝင်ကြရမယ်။ ပါဝင်စေချင်တယ်။

Koolstar said...

ပီပြင်တယ်
ကိုယ် မလုပ်နိုင်တော့ ၀မ်းနည်းတယ်
လူတိုင်းကိုလည်း နားလည်စေချင်တယ်

clef said...

ရုပ်ဖျက်ထားတဲ့ ကိန်းဂဏန်းတွေနဲ့ ..တိုင်းပြည် အနာဂတ်ကြီး ရုပ်ပျက် ဆင်းပျက် ဖြစ်သွားနိုင်ကြောင်း သတိပေးတဲ့အတွက် ကျေးဇူးအထူးပါ။

clef said...
This comment has been removed by the author.
ဂျစ်တူး - gyit_tu said...

အမရေ.. ခု စလောင်းတွေနဲ့ ဘော်လုံးပွဲတွေလည်း လောင်းကြတယ်လေ ။ အဲဒါနဲ့ပဲ လုပ်စားနေကြတာ ။ သိန်းချီလောင်း... ရှုံးလို့ မိသားစုတွေ ပျက် ၊ ဆွေမျိုးချင်း ခိုက်ရန်တွေ ဖြစ် .. အမပြောပြထားသလိုပါပဲ အမရေ ။

TZA said...

သိပ်ကောင်းတယ်အစ်မ..

ရသမြောက်တယ်၊ ဖတ်ရင်းရီနေရပေမယ့် ဖတ်ပြီးတော့ စိတ်မကောင်းဖြစ်မိတယ်။

Burmese Gold Bull said...

great work.. i felt as if it happened infront of me..

Anonymous said...

အချိန်တန်ရင် ဖြစ်(သို့)ပျက်သွားမှာပါ...