Tuesday, February 5, 2008

ဘ၀ဒိုင်ယာရီ အမှတ်တစ်(အပိုင်း ငါး)

အပိုင်း(၅)

နောက်တနေ့ မိုးလင်း လင်းချင်းမှာ တံခါးဖွင့်သံကြားလိုက်ရတယ်။ စစ်ကြောရေးအတွက် လာခေါ်တာပဲ ဖြစ်မယ် ထင်လို့ မတ်တပ်ထရပ် ကျောလှည့်ပေးလိုက်တယ်။ တကယ်တော့ စစ်ကြောရေး ထုတ်နေတာဟာ အမှောင်ခန်း ထဲမှာ ဘာမှ မလုပ်ပဲ ထားတာထက် ကျမအတွက်က ပိုလို့ နေထိုင်ကောင်းပါတယ်။ စကားပြောသံ ကြားနေမယ်။ အပြန်အလှန် ပြောခွင့် ရှိနေတယ်။ ဒါ ကောင်းတာပဲ။ ကျမ တက်တက်ကြွကြွ လိုက်ပါသွားတယ်။

ခါတိုင်းသွားနေသလိုပဲ သွားနေရင်း ခြေထောက်နဲ့ ကန်လိုက်သလား ဆောင့်ပဲ တွန်းလိုက်သလား မသိလိုက်ပဲ အရှေ့ကို ငိုက်ဆင်းသွားတယ်။ လူက မနည်းထိန်းနေရင်း လက်က ရှေ့စားပွဲပေါ် ထောက်မိသွားတယ်။ ရောက်နေတာကို မပြောပဲ နောက်က ဆောင့်တွန်းလိုက်တာ ဖြစ်မယ် တွေးမိပြီး ဒေါသက ဆတ်ခနဲ ထွက်သွားတယ်။ ရှေ့မှာ လက်ထောက်မိနေတဲ့ စားပွဲခုံကို လက်ဝါး ၂ ဖက်နဲ့ အားရပါးရ ရိုက်ချပစ်လိုက်တယ်။


တချက် နှစ်ချက်မဟုတ်ပဲ။ အချက်တော်တော်များမယ်။ စိတ်ကိုထိန်းထားနေတဲ့ ရက်တွေ အတွက် ထွက်ပေါက်ပေးလိုက်တာပဲ။ အဲဒီအခါ ဘာဖြစ်နေတာလဲ ဆိုတဲ့ အော်သံတွေနဲ့ ပြေးလွှားလာသံတွေ ကြားလိုက် ရတယ်။ ကျမ ခေါင်းစွပ်ကို ဆွဲချွတ်ပစ်လိုက်တော့ အခန်းတခုရှေ့က စားပွဲခုံတခုံရှေ့မှာ ကျမ ရောက်နေတယ်။ ဒေါသတွေနဲ့ အဲဒီအချိန်က ကျမ တော်တော် ခက်ထန်နေပုံပဲ။ အရပ် ခပ်ပုပုနဲ့ လက်မောင်းမှာ အရစ်တရစ်ရှိတဲ့ တယောက်က ကျမနောက်မှာ ရှိနေပြီး ခေါင်းစွပ်မရှိတော့တဲ့ ကျမအရှေ့ကို ခုန တပ်ကြပ်တယောက်ကလွဲပြီး ဘယ်သူမှ ၀င်မလာရဲဘူး။ ခေါင်းစွပ်ပြန်စွပ်ထားလိုက်ပါ လို့ အမိန့်သံကြားတော့ ကျမ လက်ထဲက ခေါင်းစွပ်ကို လွှင့်ပစ်လိုက်တယ်။ အဲဒီအချိန်ထိ ကျမဆီက စကားသံ မထွက်သေးဘူး။ အဲဒီတယောက်က သွားကောက်ပြီး ကျမကို လာပေးတယ်။ အမ ပြန်စွပ်ထားလိုက်ပါတဲ့။ ကျမ နောက်ပြန်လှည့်ပေးတော့ ခေါင်းစွပ်ကို လာစွပ် လိုက်တယ်။ ကျမ ခေါင်းစွပ် စွပ်ပြီးတော့မှ ၀င်လာတဲ့ ခြေသံတွေ ထပ်ကြားတယ်။ နောက် ကျမကို ထောင် ဘယ်နှစ်နှစ် ချနိုင်တယ် ထင်လဲ။ သိပ်လူပါးမ၀နဲ့ ဘာညာနဲ့ ဟိန်းဟောက် ခြိမ်းခြောက်တော့တာပဲ။ သူဝင်ထိုင်ပြီး ဟောက်နေတာကို ကျမက ဒီတိုင်း မတ်တပ်နားထောင်နေရတယ်။

အဲဒီနေ့က ထိုင်ခုံမပေးဘူး။ ကျမကလည်း ဘာစကားမှာ ပြန်မပြောပဲ မတ်တပ်ရပ်ပြီး တချိန်လုံး ပါးစပ်ပိတ် ထားလိုက်တယ်။ စိတ်ထဲကတော့ တလုံးမကျန် ပြန်ပြောဖြစ်နေတယ်။ ဒေါသကလည်း တော်တော့ကို ထွက်နေတာ။ စကားကို ပြောချင်စိတ်မရှိပဲ ရိုက်ပစ် ချင်စိတ်သာ ဖြစ်နေတော့တယ်။ အဲဒီ စစ်မေးသူက ဟိုနေ့ကလူတော့ မဟုတ်ဘူး။ သူ့ အသံကို နားထောင်ရတာ သူက အကြမ်းစစ်ဖို့ လုပ်ထားပုံပဲ။ ကျမက ခုံတွေ ကိုအရင် ထုရိုက်ပစ်လိုက်တော့ ဒေါသထွက်နေပုံလဲ ပါတယ်။ တော်တော်ကြမ်းတမ်းတဲ့ စကားတွေလဲ အော်ပြောနေတာပဲ။ ကျမ စကားပြန်မပြောလေ သူဒေါသထွက်လေပဲ။ ဒါဆို နင်ဒီမှာပဲ ရပ်နေပေတော့ ဆိုပြီး ထွက်သွားလိုက်တာ ပြန်ကိုမလာတော့ဘူး။ အဲဒီနေ့က ဘာမှ မစစ်ဖြစ်ဘူး။ ကျမလည်း ရပ်သာနေရတာ ။ ညောင်းနေပြီ။ ဒါမဲ့ တောင့်ခံထားလိုက်တာ ညနေ သူတို့ပြန်လာခေါ်တော့ တော်တော် တောင့်နေပြီ။ အခန်းထဲ ပြန်ရောက်တော့ လှဲချလိုက်ရတာ တော်တော် အရသာရှိသပေါ့။ (အိပ်နေတာ များလို့ မျှတအောင် လုပ်ပေးပုံပဲ။)

ပြန်တွေးကြည့်မိရင် ကျမကုသိုလ်ကံ တော်တော်ကောင်းခဲ့တယ်။ ကျမအရင် အုပ်စုတွေ တုန်းက အရိုက်ခံရတာ တကယ်ပဲလေ။ ကျမ အရိုက်မခံခဲ့ရဘူး။ ဒါပေမယ့် အနုနည်းနဲ့ ပညာပေးတာတော့ ခံရတာပေါ့(ဒီလောက်တော့ ခံရမှာပဲဆိုတာ ကြိုတွေးပြီးသား)

အဲဒီညက အိပ်ကောင်းနေတုန်းအချိန်မှာ တံခါးသော့ဖွင့်သံတွေ ကြားလို့ နားထောင်နေလိုက်တော့ ကျမကို လာခေါ်တာ မဟုတ်ပဲ အဆောင်ထဲကို လူသစ်တွေ ထပ်ထည့်နေတာ ဖြစ်နေတယ်။ ကျမဘေး ၂ ဖက်က အခန်း ၂ ခန်းလုံးကို လူဝင်တယ်ဆိုတာ သိလိုက်သလို ကျမ အခန်းဘယ်ဖက်က လူငယ် ကျောင်းသား တယောက်နာမည်သုံးလုံး ဆိုတာ သိလိုက်ပြီး ကျမ အခန်းညာဖက်က အသက်ခပ်ကြီးကြီး ယောက်ျားတယောက် ဆိုတာကို သူတို့ အထဲ ၀င်ခိုင်းနေတဲ့ အသံကို ကြားပြီး သိလိုက်ပါတယ်။ တယောက်နဲ့ တယောက် နာရီဝက်လောက် ခြားရောက်လာတာ ဖြစ်တော့ အမှုတခုထဲဖြစ်မလား မဖြစ်ဖူးလား မသိသေးပါဘူး။ လာပို့သူတွေ ပြန်သွားလို့ ငြိမ်သက်သွားချိန်မှာပဲ အရင်ရောက်နေသူ ကျမက ကျမအခန်းမှာ လူရှိကြောင်းသိအောင် ဘုရားရှိခိုး လိုက်ပါတော့တယ်။ သြကာသကို သေသေချာချာ ကျယ်ကျယ်လောင်လောင် ဆိုပြီး ဘုရားရှိခိုး ပြလိုက်တော့ ကျမ အခန်းအုတ်နံရံကို တဖက်အခန်းက လူကြီးက ကန်ပြီး တုန့်ပြန်သံကို ကြားလိုက်ပါတယ်။ ကျမအသံကို ရဲဘော်တွေ တားမြစ်မယ်ထင်ပေမယ့် လာပြီး တားသံ မကြားခဲ့ရပါဘူး။ ကျမ ဘေး၂ ခန်းမှာ အဖော်တွေ ရောက်လာတော့ ကျမလဲ အားပိုရှိသွားပါတယ်။ ပြန်ပြီး တိတ်ဆိတ်သွားတော့ ကျမလဲ အိပ်လိုက်ပါတော့တယ်။

မနက်လင်းတော့ ကျမတို့ အားလုံးကို ထမင်းလာကျွေးတော့ အရင်လို တံခါးအကျယ်ကြီးဖွင့် မပေးပါဘူး။ ထုံးစံအတိုင်း တယောက်စားပြီးတံခါးပိတ် နောက်တယောက်ကျွေး ။ အဲလိုလုပ်ပါတယ်။ ကျမကတော့ ထုံးစံအတိုင်း ထမင်းစားပြီး ရေဘူးရေဖြည့် နောက်တံခါးပိတ် ထားချိန်မှာပဲ တဖက်အခန်းက ဆရာလေး ရေလေး တခွက်လောက်သောက်ပါရစေ ဆိုတဲ့ အသံကို ကြားလိုက်ရပါတယ်။ ကျမက အဲဒီဦးလေး အခန်းတံခါး ဖွင့်ထားချိန်တောင်းတယ် ထင်ပြီး ဒီတိုင်းပဲ နေလိုက်ပါတယ်။ နောက် ၅ မိနစ်လောက်ကြာတော့ ထပ်ပြီး ရေတောင်းသံ ကြားရတော့ အခန်းတံခါးပိတ်ထားတဲ့ အထဲက တောင်းနေတာ ဖြစ်မယ်လို့ တွေးမိပါတော့တယ်။ ဘယ်သူ ရေလာတိုက်မလဲ လို့ ကျမ စောင့်နားထောင်နေပေမယ့် ဘယ်သူမှ လာမတိုက်သလို အဲဒီဦးလေးကြီးရဲ့ ရေတောင်းသံက စိတ်လာပါတယ်။ ကျမ လုံးဝမနေနိုင်တော့ပါဘူး။ ကျမ နားထဲမှာ ရေတောင်းနေတဲ့ အသံကို ကြားနေရချိန်မှာ အရမ်း ၀မ်းနည်းပြီး သနားနေမိပါတယ်။ ဒါနဲ့ပဲ ကျမရဲ့ အခန်းတံခါးကို ခြေထောက်နဲ့ ဆောင့်ကန် ပစ် လိုက်ပါတယ်။ တဒုန်းဒုန်းနဲ့ ဘာတုန့်ပြန်မှုမှ မရမချင်း ဆက်တိုက် ခြေနဲ့ ကန်နေလိုက်တော့မှ ဘာဖြစ်တာလဲ ဆိုတဲ့ အော်မေးသံ ကြားရပါတယ်။ ဟိုဘက်ခန်းက ရေတောင်းနေသံ မကြားဖူးလားလို့ ကျမအော်ပြော လိုက်တော့ ဘာမှ ပြန်ပြောသံမကြားပဲ တိတ်ဆိတ်သွားတယ်။ ရေတောင်းနေတဲ့ ဦးလေးကြီးအသံလည်း မကြားရပြန်ပါဘူး။

ကျမ အသံကို မြှင့်ပြီး အဲဒီဦးလေး ရေတောင်းနေတာ ကြာလှပြီ။ မကြားတာလား မတိုက်တာလား။ ရေကိုပါ ဖြတ်သလားလို့ အော်မေးလိုက်ပါတယ်။ တကယ်ဆို အဲဒီဦးလေးကြီးမှာ ရေဘူးပါမလာတာ ဖြစ်တဲ့အတွက် အခန်းထဲမှာ ရေအိုး ထည့်ပေးထား သင့်တာပဲ မဟုတ်လား။

သိပ်မကြာခင်မှာပဲ တံခါးသော့ဖွင့်သံတွေ ကြားရပြီး ရေလာတိုက်သံ ကြားရပါတယ်။ ဦးလေး ထမင်းစားပြီး ကတည်းက ရေမသောက်ရသေးလို့ပါ ဆရာလေးရယ်လို့ အဖိုးကြီးက ပြောနေသံကို ကျမ အခန်းထဲက ကြားလိုက်ပါတယ်။ လာတိုက်တဲ့ ရဲဘော်က အလုပ်ရှုပ်လို့ ဆိုပြီး ဟိန်းဟောက်နေပါသေးတယ်။ ကျမ ဘာမှ ၀င်မပြောပဲ နားထောင် နေလိုက်ပါတယ်။ အဲဒီနေ့ နေ့လည်ဖက် ကျမကို စစ်ကြောရေးထုတ်သလို သူတို့ကိုလည်း ကျမ မထုတ်ခင် ထုတ်သွားတာကို ကြားလိုက်ပါတယ်။

ဒီတခါ စစ်ကြောရေးကတော့ အခန်းတခုထဲ အရောက်မှာ ခေါင်းစွပ်ကို လာချွတ်ပြီး ထိုင်ခိုင်းထားပါတယ်။ ဘာများထပ်ထူးဦးမလဲ ဆိုပြီးစောင့်နေတုန်းမှာ ကျမ လုံးဝမသိသူ ၂ ယောက်ကလည်း အရပ်ဝတ်နဲ့ပဲ ကျမနဲ့ မလှမ်းမကမ်းမှာ လာထိုင်နေပါတယ်။ ဆက်ပြီး စောင့်နေတုန်းမှာ အခန်းထဲကို ၀င်လာသူကို မြင်လိုက်တာနဲ့ ကျမ တန်းသိနေပြန်ပါတယ်။ ပြောခဲ့ ပြီပဲ ။ ကျမက ဒီမြို့သူ စစ်စစ် ဆိုတာ။ ခု လာတဲ့လူက တရားသူကြီးမ ဖြစ်နေပါတယ်။ အော်.. စစ်ချက် ယူတော့မယ်ပေါ့ ဆိုပြီး ကျမ စိတ်ပေါ့သွားပါတယ်။ ကျမကို စစ်ကြောရေးအပြီး စစ်ချက်ကို တရားသူကြီးနဲ့ အတူသူတို့ဖာသာ စီစဉ်ထားတဲ့ ခုနကျမ မသိတဲ့ သက်သေ၂ ယောက်ရှေ့မှာ တရားဝင်အောင် ရေးတော့မယ်ပေါ့။ ထုံးစံအတိုင်း စိတ်ချဉ်ပေါက်ရင် လုပ်တတ်တဲ့ ကျမဥာဉ်အတိုင်း အကောင်အထည် ဖော်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

တရားသူကြီးကို ကျမ ကသိသလို ကျမကိုလည်း တရားသူကြီးမက သိပါတယ်။ သူက ကျမကို တွေ့တော့ သေသေချာချာ နှုတ်ဆက်ပါတယ်။ နေကောင်းလား ဘာညာ အလာပသလာပ ကိုတောင်ပြောလို့။ ပြီးတော့ ကျမအမှုတွဲ အရင် အဖမ်းခံရသူတွေကိုလည်း သူပဲ စစ်ချက် လာယူခဲ့တာလို့ ပြောပြနေပါသေးတယ်။ နင့်သူငယ်ချင်း ဘယ်သူတွေကိုလဲ ငါပဲ လာယူတာ သိလားတဲ့။ ကဲ ဘယ်ကစပြောမလဲ တဲ့ ။ သူက ကျမကို မေးပါတယ်။ ကျမကလည်း ဘာကသိချင်လဲ မေးလို့ ပြောလိုက်ပါတယ်။ သူက နင် ဗကသ အဖွဲ့ကို ဘယ်လို စ၀င်သလဲ ဆိုတာက စရင်မကောင်းဘူးလားတဲ့။ ဟားဟား ကျမ တွေးထားသလိုပါပဲ။ သူတို့ ဒီမေးခွန်းက စတာပါပဲ။ ကျမကလည်း ရတယ် ဖြေမယ်ဆိုပြီး ၈၈ ဖုန်းမော်သေတာကနေ ကျောင်းဝင်းထဲက သပိတ်တွေက စပြီး အသေးစိတ်ပြောပါတော့တယ်။ တရားသူကြီးမက သူကိုယ်တိုင် လိုက်ရေးနေရင်းက ကျမကို မော့ကြည့် နေပါတယ်။ ဒီလောက်အရှည်ကြီး ဇာတ်စုံခင်းနေတော့ သူလိုက်မရေးနိုင်တော့ပါဘူး။ ဟဟ..။

သူရေးနေတဲ့ စာရွက်တွေ ၂ ရွက်ကုန်လဲ ကျမ အဖွဲ့ဝင်မဖြစ်သေး။ ၄ရွက်ကုန်လဲ အဖွဲ့ဝင် မဖြစ်သေး နောက် ကျမက သေချာ ပြောပြနေတော့ မရေးလို့လဲ မရနဲ့ တော်တော် အခက်ကြုံ နေပါတော့တယ်။ နောက် စကားကို မြန်မြန်သိမ်းအောင် သူက မေးခွန်းတွေ မေးပါတယ်။ မေးခွန်းတွေကိုလည်း ဝေ့လည်ကြောင်ပတ် ရှည်ရှည် ဝေးဝေးတွေ ဖြေတော့ ကျမကို ကြည့်တဲ့အကြည့်က ကြောင်များနေတာလား ဆိုတဲ့ အကြည့် ဖြစ်လာ ပါတော့တယ်။ နောက်ဆုံးတော့ သက်သေ လုပ်ဖို့ ထိုင်နားထောင်နေတဲ့ လူတယောက်ကို ခေါ်ပြီး စာလိုက် ရေးခိုင်းပါတော့တယ်။ အဲဒီအခါကျတော့ သူတို့က ဘယ်သူတွေလဲ လို့ ကျမက ကြားဖြတ် မေးလိုက်ပါသေးတယ်။ သက်သေလို့ မပြောပဲ နင်တို့ အိမ်နားမှာ သူတို့ နေတယ်လေ လို့ ပြောပါတယ်။ ကျမက ဘယ်နားကအိမ်လဲ ဘယ်သူ့ သားလဲ အကုန်ပြန်မေးတော့ ဘာမှ မဖြေနိုင်ပြန်ဘူး ။ ကျမကလည်း သူများ စိတ်အနှောင့်အယှက် လုပ်နေရရင် ပျော်နေတာ ဆိုတော့ တရားသူကြီးမနဲ့ သက်သေလုပ်မဲ့ လူ ၂ဦးရဲ့ စိတ်ညစ်နေတဲ့ မျက်နှာ မြင်နေရတော့ ပျော်ရွှင်နေတာပါ။ အဲဒီနေ့က ဗကသအဖွဲ့ဝင် ဖြစ်တဲ့အထိကို ကျမဖြေလိုက်တာ ညနေ စောင်းသွားပါတယ်။ အခု ဖမ်းတဲ့ တကယ့်အမှုအလှည့်မှာတော့ တရားသူကြီးလဲ ဘာမှ သိပ်မမေးတော့ပဲ မေးခွန်း ၁ ခု ၂ ခုနဲ့ သိမ်းသွားတော့တယ်။

ကျမကို သူတို့က ကော်ဖီတခွက်လဲ တိုက်ထားပါသေးတယ်။ စကားမပြောရတာကြာနေတော့ ခုလို ကိုယ့်ဖာသာ စကားချည်း လျှောက်ပြောလိုက်တော့ နေသာ ထိုင်သာလဲ ရှိသွားသလို ခံစားလိုက်ရပါသေးတယ်။ တရားသူကြီးမနဲ့ သက်သေ ၂ ယောက်ပြန်သွားပြီးမှ ခေါင်းစွပ် ပြန်စွပ်ပြီး အခန်းထဲကို ပြန်ပို့ပါတယ်။ ကျမ အခန်းထဲ ရောက်တာ့ တဖက်အခန်းက ကောင်လေးရဲ့ ငိုသံကို ကြားလိုက်ရပါတယ်။ ကလေး က အသက် ၁၄ နှစ် ၁၅ နှစ်လောက်ပဲ ရှိမယ် ထင်ရတဲ့ အသံဖြစ်နေပါတယ်။ အသံက ကလေး သံမပျောက်သေးပါဘူး။ သူငိုနေသံကြားတော့ သူ့ကို တော်တော် နှိပ်စက်နေလို့လားလို့ တွေးလိုက်မိတာနဲ့ သူအားပြန်တင်းနိုင်ဖို့ သီချင်း တပုဒ် ဆိုမယ်လို့ စိတ်ကူးလိုက်မိပါတယ်။

ကျမတို့ သူငယ်ချင်းတယောက်က အန်တီစုကို ရည်ရွယ်ပြီး စပ်ဆိုထားတဲ့ ငါတို့အားလုံးရဲ့ အမေဆိုတဲ့သီချင်းနဲ့ ကျောင်းသား သမဂ္ဂသီချင်းကို ဆိုဖို့ စဉ်းစားပြီး ရွေးချယ်လိုက်ပါတယ်။ ပထမဆုံး… ငါတို့ ကျောင်းသား ပေါင်းစည်းလို့ ညီရမည် .. အမျိုးသားရေးကို ကြိုဆိုဖို့ရည်.. ဒီမိုကရေစီ ပညာရေးအတွက်ရည် တို့သား တို့သွေးပေးလှုမည်… ကျမ ဒီသီချင်းရဲ့ ပထမဆုံး အပိုဒ်ကို အော်ဆိုလိုက်တဲ့ အချိန်မှာ ကျောင်းသားလေးရဲ့ ငိုသံတိတ်သွားပါတယ်။ ကျမလည်း အားတက်ပြီး သီချင်းကို တက်တက်ကြွကြွ ဆက်ဆိုလိုက်ပါတယ်။ အပြင်က ရဲဘော်တွေရဲ့ စကားပြောနေသံတွေလည်း တိတ်သွားသလိုပဲ ထင်လိုက်တယ်။

အဲဒီတပုဒ်ပြီးတော့ ..
ယမ်းမုန်တိုင်းတွေ ထန်နေချိန်တုန်းကလေ အမေဟာနောက်မတွန့် ပါ … ရင်ဆိုင်နေ မျှားတစင်းရဲ့ အားမာန်တွေ…. ငါတို့အားလုံးရဲ့အမေ…သွေးမုန်တိုင်းတွေ ထန်နေချိန်တုန်းကလေ အမေဟာ နောက်မတွန့်ပါ ရင်ဆိုင်နေ ……သိန်းစွန်ငှက် ၀ိဥာဉ်တွေ…. ငါတို့အားလုံးရဲ့ အမေ… ဗမာပြည်သစ်ရဲ့ ခယောင်းတောလမ်းထက်မှာ ရဲဝံ့စွာ ကျော်ဖြတ်သွား.. ဗမာပြည်တ၀ှမ်းရဲ့ ငြိမ်းချမ်းရေး ပြယုဂ်လေ ငါတို့အားလုံးရဲ့အမေ… အမေ့ရင်သွေးတွေ ညီညာပေါင်းစုနေ ရန်သူအားလုံးကို အနိုင်ယူမလေ ….ကျောင်းသားထု သွေးညီဟေ မျှော်ရည်အားသစ်စေ...(အဲဒီအချိန်က အန်တီစု ငြိမ်းချမ်းရေး နိုဘယ်ဆုမရသေးချိန်ပါ) သီချင်းစာသားတွေလည်း ခုချိန်မှာ ကျမ သေချာ ရှေ့နောက် မရတော့ပါဘူး။

ကျမ သီချင်းသံပြီးတဲ့ထိ လာရောက်အော်ဟစ် ပိတ်ပင်ခြင်း လုံးဝမရှိပဲ ဖြစ်နေပါတယ်။ တဖက်က ကျောင်းသားလေးရဲ့ ငိုသံလည်း မကြားရတော့ပါဘူး။ ဒီလိုနဲ့ တည ဖြတ်သန်း ပြီးဆုံးသွားခဲ့ပါတယ်။ ကျမ ဒီအမှောင်ခန်းထဲကို ရောက်နေတာလဲ ၃ ပတ်ကျော်နေပါပြီ။

၎ ပတ်မြောက်မှာ ပြောင်းလာတဲ့ ရဲဘော်တွေက ကျမ စရောက်ခါစ ကြုံလိုက်တဲ့ အဖွဲ့ ပြန်ဖြစ်နေပါတယ်။

ဆက်ရန်..

7 comments:

Ko Paw said...

ချီးကျူးပါတယ်ဗျာ။ စိတ်ဓါတ်ကျနေတဲ့ ရဲဘော်ရဲဘက်တွေကို စိတ်ဓါတ်ပြန်မြှင့်ပေးနိုင်လို့လေ။

list of hates said...

you are my idol.
i'm baby's marr marr:.you know?

Nanda said...

စောင့်ဖတ်ရကျိုးနပ်ပါပေ့ဗျာ...။

ဂျစ်တူး - gyit_tu said...

အမရေ .. စိတ်ဓါတ်ကျနေတဲ့ ရဲဘော်တွေကို အားပေးခဲ့တာရော ၊ နောက် လာစစ်တုန်းက သူတို့ကို အရှည်ကြီးပြောခဲ့တာရော ... အဲဒါတွေတွက် လေးစားလျက်ပါ ။ စိတ်ဝင်တစား စောင့်ဖတ်နေပါတယ် ။

ခုလို အမ စိတ်ဓါတ်မာတာကို မြင်ရတော့ ၊ ဟိုတနေ့ညက အမပြောခဲ့သလို .. သက်လုံကောင်းဖို့ လိုတယ်ဆိုတာကို ၊ အမက အလုပ်နဲ့ သက်သေပြလိုက်သလိုပါပဲ ။

ညီမလည်း စိတ်ဓါတ်ကျချင်တိုင်း အဲဒီစကားကို မှတ်ထားပါ့မယ် ။

YeKyawAungMDY said...

အပိုင်း (၅)ကို လာဖတ်သွားပါသည် ခင်ဗျား။

Swan said...

Than.k you for Part 5. Hope you'll post Part 6 very soon. I've been waiting and waiting for Part 5.
Too bad I can't type in Burmese. To use our mother language is much more satisfying. I'll miss reading the Burmese blogs when i go home. It's almost impossible to access the blogs back home though

M.Y. said...

မတရားမှုကို အဖိနှိပ်ခံနေရတဲ့ အချိန်မှာတောင်အနှိပ်စက်ခံရမယ်မှန်းသိလျက် မတုန်မလှုပ် ရဲဝံ့စွာ တွန်းလှန်ပြတဲ့စိတ်ဓာတ်၊ မတရားအမှုဆင်တာကိုသွေးအေးအေးနဲ့သရော်ခဲ့တဲ့ စိတ်ကူး ကတကယ်ကိုအတုယူတန်ဖိုးထားစရာပဲ.အချိန်ရရင်ရသလို...ဆက်ပါဦး…စောင့်ဖတ်နေပါတယ်..