Thursday, January 24, 2008

ဘ၀ဒိုင်ယာရီ အမှတ်တစ်(အပိုင်း လေး)

အပိုင်း(၄)

ဆံပင်ရှည်ရှည်နဲ့ ဖိနပ်ဆိုင်ကတဲ့…
သူပြောလိုက်တာနဲ့ ကျမ သိလိုက်တယ်။ ဒါ ကျမသူငယ်ချင်းထဲက တယောက်လို့…။
သူ့နဲ့ ကျမ ရန်ကုန်မှာ ရှောင်နေတုန်းက တွေ့နေသေးတာပဲ။ သူအရင်မိသွားတယ်လို့ ကြားမိပေမဲ့ သတင်း ဆက်မကြားတော့တာ ခုမှ သူလဲ ဒီထဲ ရောက်နေသကိုး လို့ သိလိုက်ရတော့ ပိုအားရှိသွားတယ်။ ခုချိန်မှာ ဒီလို တိုက်ပိတ်ခံထားရတာ ငါတယောက်တည်း မဟုတ်ဘူးပေါ့လေ။ အဲဒီတယောက်နဲ့ကတော့ အမှုတွဲခြင်းမတူဘူး။ သူတို့ အမှုတွဲအားလုံး ဖမ်းမိတုန်းက သူရန်ကုန်ရောက်နေချိန်။ သူ့အမှုတွဲတွေ ရုံးထွက်တော့ ကျမ သွားကြည့် ဖြစ်သေးတာပဲ။ မိန်းကလေး အုပ်စုတွေကို အရင်ရုံးထုတ်တော့ မျက်နှာတွေ ဖူးယောင်ပြီး ထွက်အလာ တရားသူကြီး တောင် လန့်သွားတယ်။ ရုံးထွက်လာစောင့်နေတဲ့ လူတွေ အားလုံး ဒီလောက်ရိုက်ရလား ဆိုပြီး ပြောကြဆိုကြ မေးကြတော့ စစ်ကြောရေး က လက်ချက်မှန်း သိကြရတယ်။ ခုကျမ ရောက်နေတဲ့ စစ်ကြောရေး နေရာကို သူတို့ အရင်ရောက်ခဲ့တာ။ နောက်သူတို့ အုပ်စုက လူများတော့ တပတ်ပဲ နေလိုက်ရတာ ကျမသိပြီးသားအချက်တွေပဲ။ ခုတော့ သူ့လူတွေကို အမိန့်ချပြီးချိန်မှ သူ့ကို ထပ်ဖမ်းမိသွားတာပေါ့။

ကျမကို ပြောပြနေတဲ့ စစ်သားရဲဘော်လေးက တံခါးပြန်ပိတ်တော့မယ် ဆိုပြီး ပိတ်သွားချိန်မှာတော့ ဒီကောင်ရော ဘယ်လောက် ခံနေရပြီလဲ မသိဘူး လို့ တွေးမိတယ်။ နောက်ပိုင်းနေ့တွေမှာတော့ အဖျားကျသွားပြီး မိန်းကလေးတွေ ဖြစ်နေကျ ရာသီလာချိန်နဲ့ ကြုံပြန်တယ်။ ကျမကို ထမင်းလာပို့တဲ့ အမတွေကို ကျမဆီမှာ မိန်းမ အသုံးအဆောင် အားလုံး ပါတယ် ။ ယူပေးပါ ပြောတော့ သူတို့ သတင်းသွားပို့ပြီး ယူလာပေးလို့ အားလုံး အဆင်ပြေသွားတယ်။ (တခြားမိန်းကလေးတွေနဲ့ ပြန်ဆုံကြတော့ သူတို့ ကို အဲဒီရက်တွေမှာ ဒီအတိုင်းထားတာပဲ လို့ သိရပါတယ်။ဒါဟာ မိန်းကလေးတွေကို ကြီးစွာသော အရှက်ရအောင် လုပ်တာပဲ လို့ ကျမ တွေးမိပါတယ်။) ကျမကိုတော့ ဒီရက်တွေမှာ ခေါ်ပြီးစစ်တာ မလုပ်သေးဘူး။ ကျမကို မဖမ်းခင်ကတည်း ဖမ်းခဲ့ရင် ယူသွားရမယ့် ပစ္စည်းတွေကို အမြဲ အဆင်သင့် ထုတ်ထားခဲ့လို့ သူငယ်ချင်းတွေက နမိတ်မရှိတာဟယ်လို့ ပြောတာကိုလဲ သတိရမိသွားတယ်။ တကယ်တော့ ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်မှု အချိန်တိုင်းရှိခဲ့ရင် ဘယ်တော့မှ ဘယ်သူ့ကိုမှ ကြောက်စရာ မလိုဘူးလို့ ပိုပြီး ယုံကြည်လာတယ်။
----------
ဒုတိယရဲဘော်တွေ ပြောင်းသွားချိန်တောင် ရောက်ခဲ့ပြန်ပြီ။ နောက်တသုတ်ရောက်တော့ လည်း ထမင်းပို့တဲ့ အမကြီးတွေက ဒီနေ့ရဲဘော်နောက်တသုတ်တဲ့။ သူတို့တွေက ကျမကို အထူးအဆန်းဖြစ်နေပုံပဲ။ ခပ်ငယ်ငယ် ရဲဘော်လေး တယောက်က ရေဗူးဖြည့်ပေးရင်း ဒီတဗူးကို တနေ့ပဲ သောက်တာလားတဲ့။ ကျမက အင်းလို့ ဖြေတော့ ထမင်းလာပို့တဲ့ အမတွေက သူ့မှာ စားစရာ ဘာမှ မရှိတာကိုဟယ်တဲ့။ သူတို့ မျက်နှာတွေမှာတော့ နောက်ပိုင်း သိပ်ကြောက်တာ မတွေ့ ရတော့ဘူး။

အဲဒီ တတိယပတ်ထဲမှာ တနေ့လည်ခင်း ကျမကို လာခေါ်တာကို ကြုံရတယ်။ အခန်းတံခါးကို ဖွင့်ပြီး ဟိုဘက်လှည့်နေ လို့ ပြောသံကြားကတည်းက ကျမကို ခေါ်ထုတ်တော့မယ်လို့ သိလိုက်တယ်။ မျက်နှာကို ခေါင်းစွပ် စွပ်လိုက်ပြီး အပြင်ထွက်လာတော့ ဖိနပ်ရော လို့ လာခေါ်တဲ့ တယောက်က မေးတယ်။ ဖိနပ်ပြတ်သွားပြီလို့ ပြောလိုက်တော့ ရဲဘော်တွေ ဆီက ဖိနပ်တရံလောက် လာပေးလို့ တောင်းသံကြားတယ်။ နောက် ကျမရှေ့ကို ရောက်လာတဲ့ သားရေ ဖိနပ်ခပ်ဟောင်းဟောင်းတရံကို စွပ်လိုက်ရတယ်။ အားပါးးးးးးးး.. ဖိနပ်က အကြီးကြီး ဖြစ်နေတယ်။ နဂိုကတည်းက ကျမက ခြေထောက်သေးတဲ့ လူစားလေ။ သာမန်မိန်းမစီး ဖိနပ်ဝယ်ရင် နံပါတ် ၅။ နိုင်ငံခြားဖြစ်ဆိုရင် ၃၈ ။ အင်း ကျမကို စစ်ဆေးမယ့် ဆီကို အဲဒီဖိနပ်ကြီးကြီး တရွတ်ဆွဲလို့ လိုက်ပါသွားရပြန်ပါတယ်။

ဒီတခါတော့ လေတဖြူးဖြူး တိုက်နေတဲ့ နေရာ တခုပဲ။ ကျမထင်တာက အမိုးရှိပြီး အကာမရှိတဲ့ နေရာ တခုလို့ ထင်လိုက်တယ်။ ဘာလို့ဆို ကျမထိုင်နေတဲ့ နေရာနဲ့ ကျမကို စစ်တဲ့ လူရဲ့ ကြားမှာ ရှိတဲ့ အကွာအဝေးက နည်းနည်းဝေးနေတယ်။ နေ့ခင်းဘက် ဆိုပေမယ့် လေတိုက်တော့ အေးလိုက်တာ။

ဒီတခါစစ်မယ့်လူက သူ့ကိုယ်သူ မိတ်ဆက်တယ်။ သူက ဗိုလ်မှုးပါတဲ့။ ကျမကို နာမည်မခေါ်ပဲ စကားပြောတယ်။ နင် နဲ့ ငါ သုံးတယ်။ မေးခွန်းတွေ ဆက်တိုက်မေးတယ်။ ကျမရှေ့က အမှုတွဲတွေ ဖြေသွားတဲ့အထဲက အဖြေတွေက သိပ်ကောင်းနေတော့ ကျမက အဲဒီအတိုင်း ထပ်ဖြေနေရတယ်။ သူတို့အားလုံးဟာ အလုပ်ကိစ္စတွေ ငွေပေးငွေယူတွေ အားလုံးကို ကျမ ဆီမှာ အဆုံးသတ်ထားတယ်။ ကျမ လွတ်ပြီထင်တာကိုး။ ဒီတော့ ကျမကလည်း အားလုံး ကျမဆီမှာ အဆုံးသတ်မဲ့ အဖြေတွေကို သေချာ ဖြေနေရတယ်။ အမှုဖြစ်စဉ်ကလည်း အင်မတန် ရှင်းလင်းပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲအပြီး ဇူလိုင်လ ၇ ရက်နေ့မှာ ဆဲဗင်း ဇူလိုင် အမှတ်တရ စာစောင်လေး တခုကို ဧရာဝတီတိုင်း ဗကသ နာမည်နဲ့ ထုတ်ဝေခဲ့မှုပါ။ စာစောင်ထဲမှာတော့ ရဲရင့်တက်ကြွတဲ့ ကျောင်းသားငယ်လေးတွေရဲ့ ကဗျာတွေ ဆောင်းပါးတွေနဲ့ အဲဒီအချိန်က စစ်အုပ်စုကို တိုက်ခိုက်ထားတာတွေ ပေါ့။

အဲဒီအချိန်တုန်းက စာအုပ်ထုတ်ဖို့ ပိုက်ဆံကို ကျမထုတ်ပေးခဲ့ရတာ မှန်ပေမယ့် အဲဒီငွေတွေ ဘယ်က ရလဲ ဘယ်သူမှ မဖြေခဲ့တာကို တွေ့ရပါတယ်။ တကယ်တော့ အဖမ်းခံခဲ့ရသူ အားလုံး ဒီပိုက်ဆံတွေကို ကျမနဲ့အတူ ကောက်ခံခဲ့ကြတာပါ။ သူတို့ ဘယ်သူတွေပေးတယ် ဆိုတာကို လုံးဝမဖော်ခဲ့ကြပါဘူး။ နောက် ကျမတို့ ဧရာဝတီတိုင်းက ၂၆ မြို့နယ် ရှိနေတော့ ၂၆ မြို့နယ်လုံးကို လိုက်လံ ဖြန့်ဝေပေးခဲ့သူတွေကို လုံးဝမဖော်ခဲ့ပါဘူး။

ရှေ့က ကျမ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေရဲ့ ထွက်ဆိုချက်ကို ဖတ်ပြသွားသူကို ကျေးဇူးအရမ်း တင်နေမိပါတယ်။ ကျမသူငယ်ချင်းတွေဟာ လူတိုင်းသိနိုင်မယ့် အရာတွေကိုသာ ဖြေပေးခဲ့ပြီး တကယ့်ကို ကျမတို့ အချင်းချင်းသာ သိနိုင်တဲ့ အရာတွေကို လျှို့ဝှက်ထားပေးခဲ့တာ အသေအချာမို့ ကျမကလည်း သူတို့နဲ့ တလေတည်း ဖြစ်အောင် ဖြေဆိုနိုင်ခဲ့ပါတယ်။ ဒီစာစောင်ကို နယ်မြို့လေးတမြို့က ကျောင်းသားငယ်လေး တယောက်စီက မိသွားပြီး အစပြန်ဖော် ဖမ်းမိတာ တသီကြီး ဖြစ်ပေမယ့် ကျမတို့အမှုတွဲက ကျမအပါအ၀င်မှ လေးယောက်ပဲ ထောင်ကျခံခဲ့ရတဲ့အထိ ကိုယ့်တာဝန် ကိုယ်ကျေခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကို စိတ်ထဲက လေးစားမိနေပါတယ်။ ဒါ့ကြောင့်လဲ စစ်ကြောရေးဟာ ကျမအတွက် သက်တောင့်သက်သာ ဖြစ်နေမိပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ကျမက စိတ်ထဲမှာ ပိုင်းဖြတ်ထားပြီး ဖြစ်နေလို့ပါပဲ။ ထောင်ကျမှာပဲ ဆိုတာ ပိုင်းဖြတ်ပြီးသွားတဲ့အခါ လွတ်ချင်လွတ်မှာ ဆိုတဲ့ မျှော်လင့်ချက် မရှိတော့သလို အဲလို မျှော်လင့်ချက် ဖြစ်လာဖို့ ၀န်ခံတာတွေ ဖော်ကောင်လုပ်တာတွေ မလိုတော့ဘူး မဟုတ်လား။ ဒီအခါမှာ အဖြေတွေဟာ ပြတ်သားရဲရင့်နေမယ် ဆိုတာ သေချာနေပါတယ်။

သူတို့ ကျမကို အမှုတွဲ စစ်ချက်တွေ ဖတ်ပြတုန်းက နင့်လူတွေက နင့်ကို ဒီလို ထိုးချထားတယ် ။ ဒီဟာတွေ ဖော်ထားတယ်။ နင်လဲ ဖော်နိုင်တယ် ဆိုတဲ့ စိတ်နဲ့ ဖတ်ပြတာ ဖြစ်နိုင်ပေမယ့် ကျမဆီမှာပဲ လမ်းဆုံးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ရှေ့က သူငယ်ချင်းတွေဆီက ကျမ ရလိုက်နိုင်ခဲ့တာ အမြတ်ပါပဲ။ သူတို့တွေဟာ ဒီအမှုတွဲကို နာမည်ခံပြီး ထောင်ချကို ချတော့မယ် ဆိုတာ ပိုသေချာ တဲ့ အချက်တွေကိုလည်း မေးခွန်းတွေထဲက သိနိုင်ခဲ့ပါတယ်။

အဲဒီဗိုလ်မှုး ဆိုတဲ့ လူက ကျမတို့ မဲဆွယ်ခရီးစဉ်တွေကိုလည်း ပြန်လည်မေးပါသေးတယ်။ နင့်နာမည်ကို တ၀တ မှ စာရင်းတင်ထားတာ အမြဲတွေ့နေရတယ်။ နင့်လို လူက ဘာတွေ ဟောပြောစည်းရုံးခဲ့သလဲ တဲ့။ ကျမတို့ မဲဆွယ် ခရီးစဉ်တွေကို တလကြိုတင် စီစဉ် စာရင်းတင်ရပြီး လူအတိအကျ နေရာ အချိန်မလွဲအောင် သွားရပါတယ်။ တ၀တ လို့ခေါ်တဲ့ တိုင်းငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ဆီကို ကြိုတင်ထားတဲ့ စာရင်းထဲ မပါရင် လိုက်ခွင့် မရှိပါဘူး။ လိုက်ပါခဲ့ရင်လဲ အဖမ်းခံရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်က ကျမတို့ ကြိုတင်ထားတဲ့ ခရီးစဉ်အတိုင်း တစည (တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) က အကုန်လိုက်ပါတယ်။ ကျမတို့ ၀င်မယ့် ရွာတိုင်းကို သူတို့ အရင်ကြိုဝင်ပါတယ်။ ကျမတို့က လမ်းလျှောက် လှေစီးနေတဲ့ နေရာတွေကို သူတို့က စက်လှေ သင်္ဘောတွေနဲ့ အရင် ကြိုရောက်နေကြပြီး ရွာတွေမှာ အလှုတွေလုပ် မဏ္ဍပ်တွေထိုး စာရွက်တွေ ကပ်လုပ်နေကျပါ။ ရွာသားတွေကို ခြိမ်းခြောက် စည်းရုံးမြဲပါ။ ဒီခရီးစဉ် အားလုံး ပေါက်ကြားမှုဟာ တ၀တ အပေါ်မှာ မူတည်တယ်။ စစ်တပ်က တစညကို နောက်ကပံ့ပိုးတယ် ဆိုတာ သိသာ ထင်ရှားမှုတွေပါပဲ။

ကျမ ဟောပြောစည်းရုံးစရာ မလိုပါဘူး။ ကျမကြုံတွေ့ခဲ့ရမှု အဖြစ်မှန်တွေကို သာ ပြောပြခဲ့တာပါဦးလေး လို့ ကျမက ပြန်ပြောတော့ သူ့ကို ဗိုလ်မှုးလို့ မခေါ်လို့ ဆိုပြီး ကျမကို ဟိန်းဟောက်ပါတော့တယ်။ ကျမကလည်း ကျမ မမြင်ရပဲ မခေါ်နိုင်ပါဘူး လို့ ခပ်မာမာ ပြန်ပြောလိုက်ပါတယ်။ ကျမရဲ့ အဖေထက်ငယ်မှာ မို့ ဦးလေးလို့ မြန်မာ့ယဉ်ကျေးမှုအရ ခေါ်တာဖြစ်လို့ ကျမအပြစ်မရှိဘူးလို့ ထင်ပါတယ် ဆိုတော့ ထပ်မပြောတော့ပါဘူး။ ကျမတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ရဲ့ စည်းရုံးရေး ခရီးစဉ်တွေ အောင်မြင်မှုအပေါ် မရှုစိမ့်တာကြောင့် ခွင့်ပြုလူဦးရေ ၄၀ ထက်ကျော်လို့ ဆိုပြီး ကျမတို့ အဖွဲ့ မဟုတ်တဲ့ နောက်တဖွဲ့ကို ဖမ်းဆီး လိုက်ခြင်းဖြင့် သူတို့ရဲ့ ယုတ်မာမှုကို ပြသပြီး ဖြစ်နေပါတယ်။

အဲဒီလူကပဲ ဒါဆို ဒီတပ်ထဲက မဲဆန္ဒနယ်မှာရော နင်တို့ အဖွဲ့ မဲဘယ်လောက်ရတယ် ဆိုတာ သိသလား လို့ မေးလာပါတယ်။ သူ့လေသံကို ခနဲ့ တဲ့တဲ့ မေးတယ် ဆိုတာ ကျမ ခံစား သိနေပါတယ်။ ဟုတ်ကဲ့ ကျမသိပါတယ် ။ဒီစစ်တပ် မဲဆန္ဒနယ်မှာ ကျမတို့ ခမောက်အဖွဲ့က မဲပေါင်း ၄၄၀ ရရှိခဲ့ပါတယ် ဆိုတော့ အဲဒါ ဘယ်သူတွေ ထည့်တယ် ထင်လဲတဲ့။ ကျမကလည်း မဆိုင်းမတွပါပဲ ။ ဟုတ်ကဲ့ .. ဆေးတပ်လို ပညာရှင် အသိုင်းအ၀ိုင်းက ထည့်တာဖြစ်မှာ ပါလို့ ဖြေလိုက်တော့ ငြိမ်သွားပါတယ်။

နင့်ကို ငါတို့ မရိုက်မပုတ်ပဲ မေးနေတာကို နင်သိတယ်နော်တဲ့။ အဲဒါကို စစ်ကြောရေးမှာ ဘယ်လိုရိုက်တယ် ဆိုပြီး အပိုတွေ ပြောနေတာကို နင်ဘာပြောမလဲတဲ့။ ကျမကို မရိုက်တာ မှန်ပေမယ့် လူမှုဝန်းကျင်သစ် အဖွဲ့ဝင်တွေ ရုံးထွက်တော့ ဖူးယောင်နေတာကို လူတိုင်း မြင်ပါတယ်။ ဒါဟာ လုပ်ကြံပြောဆိုလို့ မရတဲ့ အရာပါလို့ ကျမဖြေတော့ အဲဒီလူက ရယ်တယ်။ ဒါနဲ့ နင်က စစ်ကြောရေးမှာ ဖြေနေတာ ပျော်နေသလိုပဲ ပြုံးပြုံး ပြုံးပြုံးနဲ့။ တဲ့။ ကျမကို ရန်စနေတာ။ ဒေါသထွက်အောင် ဆွနေတယ်ဆိုတာ သတိထားမိပါတယ်။ သူတို့ဟာ စစ်ကြောရေးမှာ သူတို့ကို ဒူးထောက်တောင်းပန်မယ် ငိုပြမယ်လို့ ထင်နေပုံပါပဲ။ ကျမငိုနေတော့ရော လွတ်သွားမှာ မို့လို့လား။ ဒါကို ကျမ သေချာသိတယ်။ ဒါ့ကြောင့် ကျမ ငိုစရာ မလိုပါဘူး။ ဒီလိုဖမ်းမယ် စစ်မယ် မျှော်လင့်ပြီးသားပါ။ ကျမ သူငယ်ချင်း အများကြီးလဲ ဒီလမ်းကို ဖြတ်သွားကြတာပါပဲ. လို့ … ကျမ ခပ်အေးအေး ပြန်ပြောလိုက်ပါတယ်။

နင်ထပ်စဉ်းစားထားပါ။ နင့်မှာ ဖြေစရာတွေ အများကြီး ကျန်သေးတယ် ဆိုတာ ငါတို့သိတယ် ..တဲ့ ။ နင်က ကလေးဗိုလ် လုပ်နေရတာကို ပျော်နေတာ မဟုတ်လားတဲ့။ ဟုတ်ရင်လဲ ဟုတ်မှာပါ လို့ ပြန်ပြောတော့ တခွန်းမခံ ပြန်ပြောတာ နင့်အကျင့်လား။ ဒီနေ့ ခဏရပ်မယ် ။ မနက်ဖြန် ဆက်စစ်မယ်။ ငါတို့ မေးခွန်းတွေကို သေချာ ဖြေနိုင်အောင် ကြိုးစားပါတဲ့။ နင့်နောက်က လူတွေကို ဖော်ပေးနိုင်မှ နင်ဒီက ထွက်ရမယ်ဆိုတာ သိထားပါတဲ့ စစ်သားရင့်မကြီးက ကျမလို ပိစိကွေး ကျောင်းသူ တယောက်ကို ခြိမ်းခြောက်ဟိန်းဟောက်လို့။

အဲဒီနေ့က စစ်ကြောရေးဟာ အေးအေး ဆေးဆေး ပြီးသွားခဲ့ပါတယ်။ ညနေ တော်တော်မှောင်နေမှ ပြီးသွားတာမို့ ထမင်းကျွေးမယ့် အမတွေက ကျမ ပြန်အလာကို စောင့်နေပါတယ်။ သူတို့က အကြာကြီးပဲနော်လို့ ကျမကို ပြောပြီး ထမင်းစားတာကို ငေးကြည့်နေပါတယ်။ ခုဆို ထမင်းစားချိန်မှာ အခန်းတံခါးကို အကုန်ဖွင့်ပေး ထားတတ်ပါပြီ။ ထမင်း ပန်းကန်ထဲ ထည့်လာသမျှ ကုန်အောင်စားတဲ့ ကျမကို ထည့်ပေးတဲ့ ထမင်းကလည်း တဖြည်းဖြည်း များလာနေတာကိုလဲ သတိပြုမိပါတယ်။ ဒါဟာ ရဲဘော်တွေက ထားတဲ့ လူသားချင်း စာနာစိတ် စေတနာဖြစ်မယ် ထင်ပါတယ်။

အဲဒီနေ့ညက ကျမ ခိုးနားထောင်နေကျ လျှာထိုးပေါက်ကလေးကနေ နားထောင်နေတော့ ကျမ ခြေထောက်သေးတဲ့ အကြောင်းကို ပြောပြီး ရယ်မောနေတာတွေကို ကြားရပါတယ်။
ခြေထောက်ကလေးက သေးသေးလေးကွ.. တဲ့။
နောက်တခါ ခေါ်စစ်မယ့်နေ့ကို ကျမ စောင့်မျှော်နေရင်း အိပ်ပျော်သွားပါတော့တယ်။

9 comments:

Ko Paw said...

ကျောင်းသားလှုပ်ရှားမှုတွေအကြောင်း ပြန်ကြားရရင် အင်မတန်ဘဲ စိတ်ဝင်စားစရာ၊ စိတ်တက်ကြွစရာကောင်းလှပါတယ်။ ဆယ်တန်းအောင်ပြီး ကျောင်းနေပိတ်နေစဉ်ကာလ ကျနော်တစ်ယောက်တော့ အဲဒီ ကျောင်းသားလှုပ်ရှားမှုအကြောင်းတွေကို ဘာမှ မသိဘူး။ ဗိုလ်သင်တန်းဖြေမယ်ဆိုပြီး ရန်ကုန်ကို ဆင်းလာလိုက်တာ ရန်ကုန်ရောက်တာနဲ့ ၈၈၈၈ လုံးအရေးအခင်းထဲ ပါသွားပြီး ဗိုလ်သင်တန်းလည်း သွားမဖြေဖြစ်၊ အဲသည်နောက် ကျောင်းတွေကလည်း ပိတ်ထားနဲ့။ ရပ်ကွက်ထဲမှာ အလုပ်ကြမ်းလုပ်ပြီး ပတ်ဝန်းကျင်နဲ့ အဆက်ပြတ်သွားလိုက်တာ။ ဘီဘီစီ နားထောင်ချင်တာတောင် အိမ်မှာ ရေဒီယို မရှိလို့ နားမထောင်ရ။ ၁၉၉၀ ပြည့်နှစ်မှာ အင်းစိန်မဲဆန္ဒနယ်အမှတ်(၂)မှာ အဖွဲ့ချုပ်က ကိုယ်စားလှယ် ဦးစိန်လှဦးကို ခမောက်ဆောင်းပြီး မဲသွားထည့်ခဲ့တာဘဲ မှတ်မှတ်ရရ ကျန်ရစ်တယ်။

khine said...

အစ်မဆက်ရေးပါဦး၊ စောင့်ဖတ်နေပါတယ်၊ လေးစားပါတယ်

lwinmoe said...

I will be looking forward to more episodes :)

Naivechic said...

အစ်မရေ..နေ့တိုင်း လာနေတာ..ဒီနေ့တော့ အပိုင်းသစ်ဖတ်ရလို့ ပှော်သြားတယ်။naivechicဆီလာဖတ်တဲ့အတက်ြကျေးဇူးနော်။

ဂျစ်တူး - gyit_tu said...

အမကို ထမင်းပိုထည့်ပေးတဲ့ လူလူချင်းစာနာတတ်တဲ့ စစ်တပ်ထဲက ရဲဘော်တွေအကြောင်း သိရတော့ ၊ စိတ်ထဲဝမ်းသာမိတယ် ။ တကယ်တော့ သူတို့တွေထဲမှာလည်း စိတ်ထားကောင်းသူတွေပါပြီး ၊ အခြေအနေအမျိုးမျိုးကြောင့် စနစ်ဆိုးအောက်က မရုန်းနိုင်ကြသူတွေလို့ မြင်မိပါတယ် ။ သူတို့လိုလူတွေ မြန်မြန်ရုန်းထွက်နိုင်ပါစေလို့ ဒီစာစုကိုဖတ်ရင်း စိတ်ထဲကဆုတောင်းလိုက်မိပါတယ် ။

ထပ်ပြီး သူတို့ကို ဒီစာစုနဲ့အတူ တိုက်တွန်းလိုက်ချင်တာ .. ရုန်းထွက်ဖို့ဆိုတာ တကယ့်အလုပ်မှာ မလွယ်ကူပေမယ့် ၊ တကယ်စိတ်ရှိပြီး ကြိုးစားလုပ်မယ်ဆို အောင်မြင်မှာပါလို့ ။ အဲလိုနေ့ကို လူထုက ၀မ်းပန်းတသာ ကြိုဆိုနေမှာပါ ။

YeKyawAungMDY said...

I come and read the part 4. Old saying is "The grasses under the army boot are getting stronger and stronger." you and 88 studnets' gernerations are icons for other students.

co said...

အမရေ ..

အရင်က တာဝန်ကျေခဲ့သလို ..
ခုလဲ သမိုင်းကို မပျောက်ပျက်အောင်
မှတ်တမ်းတင် ပေးတာ ကျေးဇူးအထူးပါ ..

Swan said...

I hope you'll continue with your memoirs, which make wonderful reading. We need this sort of documentation so that the coming generations will learn how the 88 Generation had conducted themselves -- with integrity, honor and defiance. Long live the spirit of the unbowed generation!

Nanda said...

နောက်အပိုင်းတွေမြန်မြန်လာပါတော့ဗျို့