Thursday, January 17, 2008

ဘ၀ဒိုင်ယာရီ အမှတ်တစ်(အပိုင်း သုံး)

အပိုင်း (၃)

အိပ်မယ် ကြံနေတုန်း တံခါးဖွင့်သံလိုလို ကြားရပြန်ရော ။ ဆက်နားထောင်နေလိုက်တော့လဲ ဘာမှ မဟုတ်ပြန်ဘူး။ အိပ်မက်လား ဘာလဲ ။ ထထိုင်နေလိုက်တော့တယ်။ အခန်းတံခါးကို မြင်ရအောင် တံခါးဖက် ခြေရင်းလုပ်အိပ်နေတဲ့ ကျမအတွက် ခေါင်းရင်းက တံခါးကို လာဖွင့်သလို အသံကြားနေရတာ။ ချက်ကို အပြင်က ဖွင့်ရတဲ့ တပေပတ်လည် တံခါးလေးပဲ။ သံတိုင်တွေ ရှိနေတယ် ဆိုတာ သိပေမဲ့ ဘယ်သူက ဘာလုပ်ဖို့ ဖွင့်သလဲ ။ စဉ်းစားမရဘူး။

ကြောက်လန့်အောင် ခြောက်ချင်တာလဲ ဖြစ်မယ်ထင်တယ်။(အဲဒါ ခြောက်တာလို့ ထောင်ထဲရောက်တော့ အရင်ရောက်နှင့် နေသူတွေက ပြောတယ်။ အော် သူတို့ခြောက်တာကလဲ အဲဒီတုန်းက ကြောက်လဲ မကြောက်မိဘူး) အပြင်မှာ ဘောလုံးကန်သလား ဒါမှမဟုတ် ခြင်းခတ်သလား (၂ခု စလုံးလဲ ဖြစ်နိုင်တယ်) လူများများနဲ့ အသံတွေ ကြားနေရတယ်။ မနက် ခပ်စောစောပဲရှိဦးမယ်ထင်တယ်လို့ တွေးမိတော့ အခန်းထဲမှာ မှောင်နေပေမယ့်၊ ဒီအဆောက်အဦးမှာ ကိုယ်တယောက်တည်း ရှိနေပေမယ့် မကြောက်ခဲ့ပါဘူး။ အိပ်မရမဲ့ အတူတူ သံဗုဒ္ဓေရွတ်နေတာပဲ အေးတယ်။ နာရီကလည်း ဘယ်နှစ်နာရီဆိုတာ မမှတ်မိလိုက်ရင် သိကို မသိတော့ဘူး။ တနာရီ ဆိုတာကလည်း စောင့်နေသူ အတွက်တော့ တော်တော်ကြာသကိုး။


တညလုံးမအိပ်ခဲ့ရတော့ တဖြည်းဖြည်း အိပ်ပျော်သွားတာပါပဲ။ အဲဒီနေ့က မနက်စာ မစားရဘူး။ ကိုယ်က နေလည်း မကောင်းတော့ အိပ်ချည်းနေလိုက်တာပဲ။ အရင်နေ့လို ထလမ်းလျှောက်တာ၊ ခုန်နေတာတွေလည်း မလုပ်ဖြစ်ဘူး။ ဒီလိုနဲ့ အပြင်မှာ ထမင်းချက်နေသံတွေ ကြားရတယ်။ သူတို့လဲ မနက်စာ ပဲဟင်းဖြစ်နေတာ များတယ်။ ခုကြားရတဲ့ အသံတွေအရ ညနေစာ ချက်နေတာ ဖြစ်မယ်။ အမလေး ထမင်းစားချင်လိုက်တာ။
ညနေဖက် ရောက်လာပြီဆိုတော့ ညစာ ကျွေးမယ်ထင်ပါတယ် လို့ စဉ်းစားနေတုန်း တံခါးဖွင့်ပြီး ထမင်း ပန်းကန်ရောက်လာတယ်။ ပထမဆုံးနေ့က တွေ့တဲ့ အမတွေပဲ။ ညီမလေး နေမကောင်းလို့ဆို .. ရဲဘော်တွေက သူတို့ စကေးထဲက ပိုထည့်ပေးထားတယ်တဲ့။ ဟုတ်ကဲ့  လို့ပဲ ပြောပြီး ထမင်းပန်းကန်ဆွဲစားလိုက်တော့တယ်။ ပဲဟင်း ပန်းကန်ကို အလယ်မှာ မထားပဲ ဘေးမှာ တင်ထားတယ်။ ဇွန်းနဲ့ ထမင်းကို မွှေလိုက်တော့ အလယ်မှာ အမဲသား တတုံးကို စမ်းမိတယ်။ ထမင်းတွေနဲ့ အုပ်ထားတဲ့ ဟင်းတုံးကို ဘာမှ မပြောပဲ ခပ်ငြိမ်ငြိမ်ပဲ စားနေလိုက်တယ်။ တံခါးတ၀က်ဖွင့်ထားပြီး အပြင်က စောင့်နေတဲ့ အမတွေ မျက်နှာက စိတ်မကောင်းပဲ စောင့်ကြည့်နေရတဲ့ ခံစားချက်တွေနဲ့။ ကျမ မျက်နှာက တော်တော် နီနေတယ်တဲ့။ အဲဒီအမ ၂ ယောက်က ပြောသွားတယ်။ မနက်ဖြန် အစောင့် အဖွဲ့ လဲမှာတဲ့။ တပတ်တဖွဲ့ လဲတာတဲ့။ သူတို့ တိုးတိုး ပြောပြပေးသွားတယ်။ အော် ဒါ့ကြောင့် ထမင်း ပြင်ပေးသူက နှုတ်ဆက်တဲ့အနေနဲ့ ဟင်းတတုံး ထည့်ပေးသွားတာကိုး။

ပဉ္စမည…

ဘာလိုလဲ မေးလို့ တောင်းလိုက်တဲ့စောင်လဲ လာမပေးသေးဘူး။ ဒီဇင်ဘာ ဖြစ်သွားလေ ပိုအေးလေ ထင်ပါရဲ့။ ချမ်းတာ အိပ်လို့မရဘူး။ ဒါနဲ့ပဲ ထခုန်နေလိုက်တယ်။ စိတ်နည်းနည်းတိုတာကနေ များများတိုတာထိ တက်လာပြီ။ တံခါးကို ခြေထောက်နဲ့ ကန်ချင်လာသလိုပဲ။ နေဦး ခုကတည်းက ကန်ရင် မခံနိုင်သူ ထင်နေဦးမယ်။ မကန်သေးဘူး။ ကြိုးမပါပေမဲ့ ကြိုးခုန်သလို ခုန်နေလိုက်တယ်။ ချမ်းတာ သက်သာအောင်ပေါ့။ အေးတာကတော့ အခန်းထဲ နေတာတောင် တော်တော်အေးနေတယ်။ အချမ်းလဲ မသက်သာပါလား။ ခုန်လိုက်တော့ မောလာတယ်။ စိတ်တိုလေ မြန်မြန်ခုန်မိလေ။ ဟိုက်… ဖိနပ်တဖက် ပြတ်သွားပြီ။ ပါလာတဲ့ စိန်ဒါးမောက် ခြေညှပ်ဖိနပ် ပါးပါးလေးက ဒီလောက် ခုန်တာလေးတောင် မခံပါလား။ ကဲ .. ဖိနပ်မရှိလဲ ခြေဗလာနဲ့ပေါ့။ ဘာခက်လို့လဲ ။ ဘယ်မှလဲ သွားရတာမှ မဟုတ်တာ။

မောမောနဲ့ အိပ်လိုက်တာ နိုးလာတော့ မနက်ဘယ်အချိန်လဲတောင် မသိတော့ဘူး။ တံခါးဖွင့်ပြီး မနက်စာ လာကျွေးမယ့်သူကိုပဲ မျှော်နေလိုက်တော့မယ်။

ဒီနေ့တော့ ထမင်းက ခပ်စောစော ရောက်လာတယ်။ အဖွဲ့အသစ်ပြောင်းတော့ ရဲဘော်တွေ စောစောစားတတ်တဲ့လူ များလို့ထင်တယ်။ ဟင်းကတော့ ပဲဟင်းပဲ။ ထူးခြားတာက ထမင်းလာပို့တဲ့ အမတွေ နောက်က စစ်သားလေးတွေ ၀င်လာကြည့်တာပဲ။ သူတို့ ၀င်လာတာကို ထမင်းစားနေရင် မြင်ရတယ် ။ ဒီနေ့ တံခါးကို ကျယ်ကျယ် ဖွင့်ပေးထားတယ်။
ရေဗူးကိုရေဖြည့်ခိုင်းတော့ ရဲဘော်လေးတယောက် လာပို့တယ်။ သူတို့ အကျီ င်္က လက်မောင်း တံဆိပ်ကို ကြည့်တော့ ဆေးတပ် တံဆိပ်နဲ့။ ဒါကြောင့် သူတို့က နည်းနည်း ပျော့ပျောင်း နေသကိုး လို့တွေးမိတယ်။ ဒါမဲ့ ဖျားနေသူကို ဆေးလဲ လာမပေးဘူး။ စောင်လဲ လာမပေးဘူး။ စကားပြောမယ့်လုမရှိ။ အော် … အမှောင်ခန်းထဲမှာ ဒီတိုင်း ဘယ်နှစ်ရက် ထားမယ်မသိ။
ခြောက်ရက်မြောက်….
ခုနှစ်ရက်…
ရှစ်ရက်…
အဖျားက မကျဘူးထင်တယ်။ ခေါင်းတောင် မထောင်နိုင်တော့ဘူး။ ထမင်းလာပို့တဲ့ အမက မနေ့ညနေစာ အများကြီး ပြန်ပါသွားတာ သတင်းပို့ပေးထားတယ်တဲ့။


နေ့လည်ဖက် တံခါးခေါက်ဖွင့်သံတွေ ကြားရတယ်။ ဒီဇင်ဘာဆောင်းရဲ့ နှိပ်စက်မှုက လူကို နာလန်မထူအောင် လုပ်ထားတာပဲ။ ထကို မထနိုင်တော့ဘူး။ ချမ်းတာလဲ အရမ်းပဲ။ ကိုယ့်အိမ်မှာ နေတုန်းက မချမ်းသလိုနဲ့ ခုတော့လဲ အရိုးထဲ စိမ့်အောင် အေးသကိုး။ အေးတော့ ညဖက် အိပ်လို့ မရ။ ထထ ခုန်နေတော့ လူက နေကောင်းဖို့ အားမရှိသလို ဖြစ်နေတာ ထင်ပါရဲ့။ ဒီတိုက်ခန်းတွေက နေ့လည်ဖက်လဲ အအေးကမလျော့။ လူသစ်ရောက်လို့လားလို့ အသံကို နားစွင့်လိုက်တော့ ကိုယ့်အခန်းတံခါးသော့ဖွင့်သံ ထပ်ကြားတယ်။ လာခေါ်တာလား။ ထထိုင်ဖို့ ကြိုးစားနေတုန်း အခန်းအပြင်က တစုံတခု ပစ်သွင်းလိုက်တာ မြင်လိုက်ပြီး တံခါးပြန်ပိတ်သွားတယ်။ ဘုတ်ကနဲ့ ကျလာတဲ့ အရာက သက္ကလပ်စောင်လိုပဲ ခပ်လေးလေးနဲ့ စောင် ၂ ထည်ဖြစ်နေတယ်။ အမလေး … ၀မ်းသာအားရ ခပ်ကျဲကျဲခင်းထားတဲ့ ကွက်ပျစ်ပေါ်ကို တထည်ခေါက်ခင်းလိုက်ပြီး နောက်တထည်ကို အမြန်ခြုံလို့ အိပ်ပစ်လိုက်တော့တယ်။ အိုး .. စောင်တထည်ရဲ့ တန်ဖိုးကို ကျမသိပါပြီ အသင်…လောက…..။

အဲဒီနေ့က နေ့လည်ဖက် ခါတိုင်းနေ့တွေလို နာရီသံကို စောင့်ရေတဲ့အလုပ် မလုပ်ဖြစ်တော့ဘူး။ နွေးနွေးထွေးထွေး အိပ်လိုက်ရတော့ ခါတိုင်းလို ထမင်းဆာလို့ စောင့်နေရတာမျိုးလဲ မဖြစ်တော့ပဲ ညနေထမင်း လာကျွေးချိန်မှ ထဖြစ်တော့တယ်။ လူကလည်း လန်းဆန်းသွား သလိုပဲ။ ဒီစောင်တွေဟာ အမိန့်အရ ရောက်လာသလား။ ဒါမှ မဟုတ် ကင်းစောင့် ရဲဘော်တွေက ပေးထားတာလား ကျမ မသိဘူး။ ဒါပေမဲ့ စောင်တွေက အသစ်မဟုတ်သလို လူခြုံထားလက်စ စောင်တွေ ဆိုတာတော့ ကျမသိနေတယ်။

အဲဒီညနေ ထမင်းကို ဘဲဥ ကုလားဟင်းနဲ့ ကျွေးတာတော့ မှတ်မိနေတယ်။ ဘာ့ကြောင့်ဆို အိပ်ရေး၀၀ အိပ်လိုက်ရလို့ လန်းဆန်းနေတဲ့အချိန်မှာ ဘဲဥကုလားဟင်းနဲ့ ထမင်းစား ကောင်းခဲ့တယ် ဆိုတာကို အမှတ်တရ အရှိခဲ့ဆုံးမို့ပါပဲ။ ထမင်းလာပို့တဲ့ အမတွေက ၂ တွဲပဲ အလဲအလှယ် လုပ် ပို့တော့ ကျမနဲ့ တော်တော်သိနေပြီ။ သူတို့ အချင်းချင်း ကျမအခန်းအပြင်မှာ စောင့်နေတုန်း ပြောတဲ့ စကားအရ အခုသူတို့ လူကြီးတွေ မအားဘူး ဖြစ်နေတဲ့အကြောင်းနဲ့ ဗိုလ်ချုပ်ခင်ညွန့် ရောက်နေကြောင်းတွေ သိရတယ်။ ဒါ့ကြောင့် ကျမကို တရက်ပဲခေါ်စစ်ပြီး နောက်ရက် ခေါ်မစစ်နိုင် ဖြစ်နေတာကိုး ။

သူတို့ ကျမကိုတော့ သိပ်စကား မပြောရဲကြဘူး။ ကျမလဲ သူတို့ပြောစကားတွေ ခိုးနားထောင်တဲ့ အကျင့် ရလာတယ်။ အင်မတန်နားလေးတတ်တဲ့ ကျမလဲ ခုဆို လျှာထိုးပေါက်ကလေးကနေ အပြင်က ရဲဘော်တွေ စကားကိုတောင် ခိုးနားထောင်တတ်နေပြီ။ သူတို့စကားသံကြားနေရမှာ လူတွေ ရှိနေတယ်ဆိုတဲ့ အသိကို ကျမရနိုင်တယ်။ စကားမပြောရပဲ အမှောင်ခန်းထဲမှာချည်းနေရတဲ့အခါ တော်တော်ခက်ခဲတယ်ဆိုတာ တပတ်ကျော်ကျော် နေချိန်ရဲ့နောက်မှာ ခံစားလာရတယ်။ တယောက်တည်း ဘုရားစာ ဆိုတာတောင်မှ အသက်မ၀င်ဘူး။ တရားမှတ်ဖို့ကိုလည်း စိတ်ကတည်လို့မရဘူး။ ကိုယ်တိုင်က သမာဓိအား နည်းတာလဲ ပါမှာပေါ့။ ရေမချိုးရတာ ။ ခေါင်းမလျှော်ရတာ။ မနက်မိုးလင်းရင် ရေနဲ့ ပဲ ပလုပ်ကျင်းနေရပြီး သွားမတိုက်ပဲနေရတာ၊ မျက်နှာကို ရေနည်းနည်းနဲ့ ဆွတ်ရုံပဲ ဆွတ်နေရတဲ့ အခါ။ အကျီ င်္တထည် ထမိန်တထည်ထဲနဲ့ ချွေးထွက်လိုက် ပြန်ခြောက်လိုက် ဒီလိုပဲ နေရတဲ့အခါ ဘယ်လိုပဲ တောင့်ခံလို့ ကိုယ့်ကိုယ်ကို အားပေးနေပေမယ့် ဒေါသထွက် နေမိတာ အမှန်ပါပဲ။ သူတို့ ဒီလို လုပ်နေတာတွေဟာ ဆဲတာထက် ပိုဆိုးတယ် ဆိုတာ သူတို့သိမှာပါ။ ဒါဟာ သက်သက်မဲ့ ခံစားစေတယ် ဆိုတာလည်း သိပါတယ်။ ဒါ့ကြောင့် စိတ်ကို အတတ်နိုင်ဆုံး ဆွဲဆန့်ထား။ တည်ငြိမ်အောင်လုပ်။ တခုခုကို စဉ်းစား အသေးစိတ်တွေး… ။ ကိုယ့်ရဲ့စိတ်ကို ပြန်ထိန်းနိုင်အောင် လုပ်ရတာလောက် ခက်တာ မရှိပါဘူး။ ကျောင်းတုန်းက ဇာတ်လမ်းတွေ ပြန်စဉ်းစား ။ တချို့ကို စိတ်ကူးနဲ့ ကိုယ်ရေးချင်သလို ၀တ္ထုရေး။အင်း … ကောင်းနေတာပဲ။

ဒီလိုနဲ့ ….
ကိုးရက်…
ဆယ်ရက်…
လူက အိပ်နေရင်း အလုပ်မရှိတော့ နာရီသံကို လိုက်မှတ်ဖို့ စက္ကန့် မှန်အောင် တစ်နှစ်သုံးလေးကို မှန်မှန်အော်ရင်း နာရီဝက်ကို ၁၈၀၀ ထိရောက်အောင် ခေါ်ကြည့်တယ်။ ကျမ ၁၈၀၀ မှာ နာရီဝက် သံချောင်းခေါက်ချိန် တခါမှ မတိုက်ခဲ့ဘူး။ ဟားဟား အမြဲ စိတ်မြန်တဲ့ ကျမက စောနေတတ်တယ်။

ဒီတိုင်းအိပ်နေရင် ကိုယ့်နှလုံးခုန်သံကို ပြန်ကြားနေရတဲ့ထိ တိတ်ဆိတ်နေတတ်တယ်။ နားကျပ်နဲ့ နားမထောင်ပဲနဲ့ ကြားနေရတဲ့ လူတယောက်ရဲ့ တဒိတ်ဒိတ် နှလုံးခုန်သံဟာ ဒီလောက် ကျယ်လောင်လိမ့်မယ်လို့ အစတုန်းက နည်းနည်းမှ မစဉ်းစားခဲ့မိဘူး။ ဒါ့ကြောင့် တချို့တွေ စိတ်ဖောက်ပြန် သွားတတ်တယ် ဆိုတာကို လက်ခံရမယ်။ သူတို့က နည်းမျိုးစုံနဲ့ စိတ်ဓါတ် စစ်ဆင်ရေး လုပ်နေတာဖြစ်မယ်။ နေ့လည်ဖက်တွေ မအိပ်ချင်ဘူး။ နေ့လည်ဖက် အိပ်မိလို့ ညဖက် မအိပ်နိုင်ရင် တိတ်ဆိတ်ဒဏ်ကို ပိုခံရမှာ စိုးလို့။ ဒီလိုအချိန်မျိုးမှာ စိတ်ကို နေတတ်အောင် နေရမယ် ဆိုတာကို ပိုလို့နားလည် လာတယ်။ ချုပ်တည်းထားရင် ပိုဆိုးမယ်။ အရမ်းလွတ်သွားရင်လဲ မဖြစ်သေးဘူး။ လူက စကားပြောချင်စိတ်နဲ့ အသံတွေ ကြားချင်စိတ် ဖြစ်နေမိတယ်။

တနေ့တော့ သီချင်းတပုဒ်ကို အကျယ်ကြီး အော်ဆိုပစ်လိုက်တယ်။ မှတ်ကရော…။ နောက်ဖက်က တပေပတ်လည် တံခါးကို လာဖွင့်တယ်။ အလင်းရောင် ၀င်လာတော့ တော်တော်ပျော်သွားတယ်။ လူတယောက်ခေါင်း ပေါ်လာပြီး ဘာဖြစ်လို့လဲ တဲ့။

ပျင်းလို့ သီချင်းဆိုတာလေ ဆိုတော့ အော် .. ဆိုပြီး ဘာပြောရမှန်း မသိဖြစ်သွားပုံပဲ။ ဒီအခွင့်အရေးကို စကားပြောချင်နေတဲ့ ကျမက လက်လွတ်မခံနိုင်ဘူးလေ။ ဒါနဲ့ ဒီထဲမှာ ကျမ တယောက်တည်းလားလို့ မေးလိုက်တယ်။ မဟုတ်ဘူးတဲ့။ ဟိုဘက် တိုက်ထဲမှာလည်း တယောက်ရှိသေးတယ်။ သူက ခင်ဗျားကို သိတယ်တဲ့။ ဟိုက်….. ဘ ယ်သူလဲ ။ ယောက်ျားလား မိန်းမလား .. နာမည်ဘယ်သူလဲ.. တကယ့်ကို အငမ်းမရ ကျမမေးမိတယ်။ နောက်ထပ် ဒီလို တိုက်တတိုက်ရှိနေသေးတာ မသိခဲ့ဘူး။ ခုသူပြောလို့ ကျမသိလိုက်ရတယ်။
(ဆက်ရန်...)

6 comments:

Anonymous said...

“ပျင်းလို့ သီချင်းဆိုတာလေ ဆိုတော့ အော် .. ဆိုပြီး ဘာပြောရမှန်း မသိဖြစ်သွားပုံပဲ။ ”

အဟီ အဲဒီစာကြောင်းဖတ်ပြီး သဘောကျစွာ ရယ်လိုက်မိတယ် ။ အဲဒီလူရဲ့ ဘာပြောရမှန်းမသိဖြစ်သွားပုံကို စိတ်ထဲ မြင်လိုက်မိလို့ ။

Naivechic said...

အစ်မ ဂုဏ်ယူပါတယ်။ဆက်ရေးပါနော်။စောင့်ဖတ်နေမယ်။

Anonymous said...

အမေ၇--အမကိုပိုချစ်သွားပီ

ZMT said...

အမတန်းလန်းကြီးမထားခဲ့နဲ့လေဗျာ ဆက်ရေးပါဗျို့။

P.Ti said...

အမရေ.. ဂုဏ်ယူပါတယ်။ ဒီလိုရေးတာဖတ်ပြီး အမေစု ဟာ အကြာကြီး အချုပ်ခံထားရတာတောင် ပိုပြီး ထက်မြက် ကြံ့ခိုင်လာတာတွေ့ရတော့ သူ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုက အံ့မခန်းပဲလို့ တွေးမိတယ်။ ဆက်ပြီး ရေးပါဦး ခင်ဗျာ။ စောင့်ဖတ်နေပါတယ်။

Nanda said...

အမရေ အမစာတွေက ဆွဲခေါ်သွားရာ ပါသွားမိတာ ကိုယ့်အလုပ်ကိုယ်တောင် မလုပ်နိုင်တော့ပဲ တစ်ပိုင်းပီးတစ်ပိုင်းဆက်ဖတ်နေမိတော့တယ်။ တန်းလန်းကြီးတော့မထားခဲ့ပါနဲ့ဗျာ။