Monday, January 14, 2008

သူတို့တွေလို....




အထက်ပါ ဓါတ်ပုံ ၂ ပုံကို သတိပြုမိသူ မြင်ဖူးသူတွေ ရှိမှာပါ။ ကျမကတော့ အမှတ်ထင်ထင် ရှိနေမိသလို သူတို့ သတင်းကိုလည်း နားစွင့်နေမိဆဲပါ။
ဦးပဇင်းငယ်လေး ကိုတော့ ဘီဘီစီကြည့်နေရင်း ပထမဆုံးတွေ့လိုက်ရတဲ့အခါ ရင်ထဲမှာ သတ္တိတွေ အများကြီး ၀င်လာသလို ဒဏ်ရာရသူကို ပွေ့ချီလိုက်တဲ့ ကောင်လေးကို တွေ့လိုက်ရတဲ့ အချိန်တုန်းကတော့ ရဲဘော်ရဲဘက် ဆိုတဲ့ စိတ်ဓါတ်ကို လေးစားစိတ် အများကြီး ဖြစ်ပေါ်မိပါတယ်။

အမည်မသိ သူ အထက်ပါအညတရ သူရဲကောင်းတွေလိုမျိုး ကျမတို့ နိုင်ငံမှာ အများကြီးရှိနေသေးတယ် ဆိုတာကို ကျမတို့ အသိအမှတ်ပြုရပါဦးမယ်။

ရွှေဝါရောင်တော်လှန်ရေးကာလတုန်းက နိုင်ငံခြားသတင်းဌာနတွေက ထုတ်လွှင့်တဲ့ ရုပ်သံတွေကို ထိုင်ကြည့်ရင်း ပြည်တွင်းက မေတ္တာပို့နေတဲ့ ဘုန်းဘုန်းတွေကို ကြည်ညိုမိသလို မိုးထဲရေထဲ၊ နေပူကျဲကျဲထဲ လျှောက်လှမ်းနေတာကို မြင်တိုင်း မျက်ရည်ကျတဲ့အထိ ရင်ထဲမှာ ၀မ်းနည်းဝမ်းသာ ခံစားခဲ့ရပါတယ်။
ကျမတို့ တိုင်းပြည်မှာ ကျမတို့ တရိုတသေ တလေးတစား တန်ဖိုးထား ရတဲ့ ဘုရားသားတော် အလုံးအရင်း ထောင်ချီလမ်းလျှောက်တာကို ပထမဆုံးအကြိမ် မြင်ဖူးလိုက်တာလည်း ဖြစ်ပါတယ်။ ဒီအချိန်မှာ ရွှေတိဂုံ တောင်ဖက်မုဒ်မှာ ဘုန်းကြီးတွေ အရိုက်ခံရလို့ ဒေါသတကြီး တုန့်ပြန်လိုက်တဲ့ ဆိုင်ကယ်မီးရှို့တဲ့အမှု ပြုလုပ်လိုက်တာကို ကျမက လုံးဝမရှုတ်ချတဲ့ ဘက်က ဖြစ်နေပြန်ပါသေးတယ်။ ဒီလောက်ပြန်လုပ်တာတောင် နည်းသေးတယ်လို့ ကျမက တွေးမိလို့ ဖြစ်ပါတယ်။
တကယ်တော့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ နေရာမှာ သူတို့ လုပ်သမျှ ငုံ့ခံရမယ်ဆိုတဲ့ ဆန္ဒပြခြင်းမျိုးရှိနိုင်သလို မတရားတဲ့ အမိန့်အာဏာတွေကို ပြည်သူလူထုက စည်းလုံးစွာ အာခံ ဆန္ဒပြတဲ့ လှုပ်ရှားမှုမျိုးလည်း လိုအပ်တယ်လို့ ကျမက မြင်မိတွေးမိပါတယ်။ အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့နည်းကို မဟ္တမဂန္ဓီ ဦးဆောင် လှုပ်ရှားခဲ့စဉ်က အစိုးရချမှတ်တဲ့ ဆားချက်တဲ့ ဥပဒေကို ဆန့်ကျင်ဖို့ အန္ဒိယအမျိုးသား ထောင်ပေါင်းများစွာဟာ ပင်လယ်ကမ်းစပ်တွေမှာ ဆန့်ကျင် ဆားချက်ပြခဲ့ကြတာကို မှတ်မိကြမှာပါ။

ကျမတို့ ပြည်တွင်းက ပြည်သူတွေအနေနဲ့လည်း အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းကို ဆန္ဒပြရမှာ ဒီမတရား အာဏာ ရယူထားတဲ့ စစ်အစိုးရက ထုတ်ပြန်တဲ့ မတရားတဲ့ အမိန့် ဟူသမျှ အာဏာဟူသမျှကို ဆန့်ကျင်ပြရပါမယ်။ အဲလို ဆန့်ကျင်ပြရာမှာ တတိုင်းပြည်လုံး တနိုင်ငံလုံး စည်းလုံးစွာ ဆန့်ကျင်ပြရမှာပဲ ဖြစ်ပါတယ်။ ဒီလောက်ကတော့ ငါတတ်နိုင်ပါသေးတယ် ဆိုပြီး ငြိမ်ခံနေရင်းကနေ တဖြည်းဖြည်း ပြားပြားဝပ်သွားအောင် ဖိနှိပ်ခံနေရတော့မှာ မို့ အသေးဆုံးက စပြီး ဆန့်ကျင်ပြနိုင်ဖို့ လိုပါတယ်။ မုဆိုး ဖြန့်အုပ်လိုက်တဲ့ ပိုက်ကွန်ထဲက လွတ်အောင်ရုန်းနိုင်ဖို့ တနိုင်ငံလုံး တတိုင်းပြည်လုံး အချိန်ကိုက် အားကုန် ရုန်းထွက်ဖို့ကတော့ လိုပါလိမ့်မယ်။

သာသနာကိုပါ စော်ကားဖိနှိပ်တဲ့ စစ်အစိုးရသာ ဆက်လက်တည်ရှိခွင့်ပြုခဲ့ရင် ကျမတို့ မျိုးဆက်သက်တွေအားလုံး ဘာသာသာသနာ အစစ်နဲ့ မတွေ့နိုင်တော့ပဲ စစ်အုပ်စုကပေးတဲ့ သင်္ကန်းကိုသာ ပတ်ထားတဲ့ သံဃာင်္တုတွေကို ရှိခိုးနေရပါတော့မယ်။ နောက်ပိုင်း ကျမတို့ ကလေးတွေ ဗုဒ္ဓဘာသာ ထုံးထမ်း စဉ်လာအတိုင်း ကိုရင် ၀တ်မယ် ။ ပဉ္စင်း ခံမယ်ဆိုရင်တောင် လျှောက်လွှာတင် ခွင့်ပြုချက်ကျမှ ပြုခွင့်ရတော့မယ့် ဘ၀ကို ရင်ဆိုင်ရပါတော့မယ်။
နိုင်ငံတနိုင်ငံရဲ့ ယဉ်ကျေးမှုတွေဟာ ဘာသာရေးနဲ့ ဆက်နွယ်မြဲမို့ ကျမတို့ တိုင်းပြည်မှာ ယဉ်ကျေးမှုတွေလည်း ကွယ်ပျောက် ရပါတော့မယ်။

ရဲဘော်ရဲဘက် စိတ်ဓါတ် ရှိဖို့ကလည်း အလွန်လိုအပ်လှပါတယ်။ ကိုယ့်တိုင်းသူပြည်သားအချင်းချင်း သူ့မယုံရ ၊ ကိုယ့်မယုံရ ဖြစ်နေရတဲ့ ဘ၀မျိုးကလည်း ကင်းလွတ်ဖို့ ကြိုးစားကြရပါဦးမယ်။ ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး မသိသလို နေ နေလိုက်ရင် ကိုယ့်အလှည့် ရောက်လာတဲ့ တနေ့ကို ရင်ဆိုင်ရမှာ မလွဲမသွေဖြစ်တယ် ဆိုတာကိုတော့ သတိပြုမိကြ စေချင်ပါသေးတယ်။

ဒဏ်ရာရသူကို ပွေ့ချီထားတဲ့ ကောင်လေးကို ပထမနေ့ ဘီဘီစီရုပ်သံသတင်းမှာ တွေ့လိုက်ရကတည်းက မှတ်မိနေခဲ့ပြီး ၂၇ ရက်နေ့ ဆူးလေအနီးက ပစ်ခတ်မှုမှာ သူ့ဘေးက ကောင်လေးတယောက် ဒဏ်ရာရရှိ ပြင်းထန်တာကို တွေ့လိုက်ရတဲ့အခါ ခံစားသွားတဲ့ သူ့မျက်နှာ နဲ့ ငါတို့ ကျောင်းသားတယောက် ဒဏ်ရာရသွားပြီဟေ့ လို့ ပြောပြောဆိုဆို ဆွဲယူပွေ့ချီ ပြေးထွက်သွားတဲ့ သူ့လှုပ်ရှားမှုကို မြင်လိုက်ရချိန်မှာ
ရဲဘော်ရဲဘက် စိတ်ဓါတ်ဖြစ်တဲ့ ကိုယ်လွတ်ရုန်းမသွားခြင်းကို ပီပီပြင်ပြင် မြင်တွေ့ခံစားလိုက်ရပါတယ်။ အခြားလူတွေနဲ့အတူ သက်စွန့်ဆံဖျား ပြေးလွှားနေချိန်မှာ ကိုယ်နဲ့ မသိပေမယ့် ကိုယ့်လိုပဲ ယုံကြည်ချက်တူ ဦးတည်ချက်တူ တဦးကို ခုလို ကူညီကယ်တင် တာမျိုး လူတိုင်း လုပ်ဆောင်နိုင်မယ်ဆိုရင် ကျမတို့ စစ်အာဏာရှင် လူရမ်းကား တစုလက်ထဲမှာ ထပ်ကြာကြာနေရတော့မှာ မဟုတ်ဘူးလို့လဲ အားတက်မိလိုက် ပါတော့တယ်။
ခုလို အညတရ သူရဲကောင်းတွေ ကျမတို့ မြန်မာနိုင်ငံထဲမှာ အများကြီးရှိနေပါသေးတယ်။

ဦးပဇင်းငယ်လေး ပေးခဲ့တဲ့ သတ္တိခွန်အားနဲ့ ကျောင်းသားငယ်လေးပေးခဲ့တဲ့ ရဲဘော်ရဲဘက်စိတ်ဓါတ် ခွန်အား တွေက ကျမရင်ထဲမှာ ထာဝရ ကိန်းအောင်းနေတော့မှာ ဖြစ်ပါတယ်။

2 comments:

YeKyawAungMDY said...

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအတွင်း ကျဆုံးသွားသော အညတရသူရဲကောင်းတွေကို
အမှတ်ရမှုတွေဟာ အစဉ်ထာဝရ ရင်ထဲမှာ နာကျည်း၊ နာကျင်မှုများစွာနဲ့ စွဲကျန်နေမှာပါ။ လူစိတ်ရှိတဲ့၊ ငတေမာပြီးရော စိတ်ကင်းတဲ့ မာပြည်သားတိုင်းရင်ထဲမှာ ပျောက်ပျက်သွားမှာမဟုတ်ပါ။မပြီးပြတ်သေးတဲ့
ရွှေဝါရောင်တော်လှန်ရေးကို ဘုရားသားတော်တွေနဲ့ အညတရသူရဲကောင်းတွေ ၂၀၀၈ မှာ လုံးဝကို အဆုံးသတ်အောင်ပွဲခံလိမ့်ဆိုတာ လုံးဝကို ယုံကြည်နေပါသည်ခင်ဗျား။

Ko said...

ဒဏ်ရာရသွားတဲ့ ကိုယ့်ဘေးနားကလူကို အနောက်ကလိုက်လာတဲ့ ကျည်ဆံတွေကြားက ချီပြီး ဘေးလွတ်ရာ သယ်ပေးသွားတဲ့ ရဲဘော်လူငယ်ရဲ. စိတ်ဓါတ်ကိုတော့ တကယ့်ကို ချီးကျူးတယ်ဗျာ။