Saturday, January 12, 2008

ဘ၀ဒိုင်ယာရီ အမှတ်တစ်

အပိုင်း(၂)

ကားက ကွေ့လိုက်ကောက်လိုက်လမ်းကို မောင်းနေရင်း ရပ်သွားတယ် ။ ကျမ ဆက်ထိုင်နေတာပဲ။ သူတို့ ဆင်းခိုင်းမှ ဆင်းမယ်လို့ စိတ်ထဲမှာ တွေးထားတယ်။ ၁၀ မိနစ်လောက်ကြာတော့ မိန်းမအသံတွေ ကြားရတယ်။ နောက် ညီမ လာ ဆင်းမယ်ဆိုပြီး ကျမလက်ကို လာဆွဲဆင်းခိုင်းတယ်။ ကျမရဲ့ အ၀တ်ထုပ်ကို ယူတော့ တယောက်က နေကျမ ယူလာမယ်တဲ့။ ယူပေါ့။ အောက်ကိုရောက်တော့ အထုပ်ထဲက ပစ္စည်းတွေကို စာရင်းလုပ်တယ်။ အကျီ င်္ ဘယ်နှစ်ထည် ၊ လုံချည် ဘယ်နှစ်ထည်၊ သွားတိုက်တံ ၊ သွားတိုက်ဆေး အကုန်ကို စာရင်းလုပ်ပြီး ကျမကို ရေဘူးလက်ထဲ ထည့်ပေးတယ်။ ပြီးတော့ ရှေ့ကို သွားခိုင်းတယ် ။ လှေခါးတထစ် ရှိတယ်။ သုံးလှမ်းလောက် လှမ်းပါ။ ရပ်လိုက် တဲ့ ။ ခြေထောက်ကို ရပ်လိုက်တော့ ခေါင်းစွပ်ကို လာချွတ်ပေးတယ်။

ရှေ့က မြင်ကွင်းကို မီးလုံးနီကျင်ကျင် အလင်းရောင်အောက်မှာ မြင်လိုက်ရတယ်။ အခန်း တွေ မျက်နှာချင်း ဆိုင်နေတဲ့ တထပ် အဆောက်အဦးတခုရဲ့ ထိပ်ဆုံးခန်းရှေ့မှာ ကျမ ရပ်နေတာပဲ။ အဲဒီအခန်းထဲ ၀င်တဲ့။ ရပ်နေတဲ့ နေရာရဲ့ ဘယ်ဘက်အခန်းထဲကို ကျမ ၀င်လိုက်တော့ အထဲမှာ မီးသီး နီကျင်ကျင်တလုံး ထွန်းထားတဲ့ ၈ ပေ ပတ်လည်လောက် ရှိတဲ့ အခန်း တခန်းပါ။ စဥ့်မိလ္လာအိုး တလုံး။ လက်လေးလုံးလောက် အမြင့်ရှိပြီး ပျဉ်ပြားတွေကို ခပ်ကျဲကျဲ ခင်းထားတဲ့ ၂ပေခွဲ ၆ ပေလောက်ရှိတဲ့ ကွက်ပျစ်တခု ရှိနေတယ်။ ကျမပါလာတဲ့ ရေဗူးကို ကွပ်ပျစ်ဘေးချပြီး အပေါ်က ထပ်ဝတ်ထားတဲ့ ဂျာကင်နဲ့ ဖုန်ခါပစ်လိုက်တယ်။ နိုဝင်ဘာလဆိုတော့ တော်တော်တော့ အေးသား။ ပါလာတဲ့ စောင်လဲ မယူရဆိုတော့ အချမ်းကြောက်တဲ့ ကျမနဲ့တော့ တွေ့ပြီပေါ့။ အိပ်ဖို့ပဲ ရှိတာမို့ လှဲအိပ်ရင်း ဘာတွေ ကြုံနိုင်မလဲ ။ ဘာတွေ မေးမလဲ စဉ်းစားရင်း အော် စစ်ကြောရေးတိုက် ဆိုတာ ဒါကိုးလို့ တွေးမိနေတယ်။ အခန်းအ၀င်ဝကို မြင်ရအောင် အိပ်လိုက်တော့ တံခါးရဲ့ အလယ်မှာ လိုင်းတခုနဲ့ ဟိုဘက်ဒီဘက် တွန်းလို့ရတဲ့ သစ်သားပြားလေး တခုကို မြင်လိုက်တော့ ထပြီး တွန်းကြည့်မိတယ်။ အော် အပြင်ကို တခုခု လှမ်းပြောလို့ ရအောင် လုပ်ထားတဲ့ အပေါက်ကလေးဖြစ်မယ်။ တလက်မအကျယ်နဲ့ အရှည်က လေးလက်မလောက်ရှိတဲ့ အပေါက်လေးက တံခါးအလယ်မှာ အခန့်သား အံဝှက်ကလေးနဲ့။ နောက်ဖက်ကို ကြည့်လိုက်တော့ တပေ ပတ်လည်လောက်ရှိတဲ့ သံတိုင်တပ်ထားတဲ့ တံခါးတခု။ ဖွင့်လို့ရမလားလို့ သွားကြည့်တော့ အဖွင့်အပိတ်ကို အပြင်က လုပ်တဲ့ တံခါးဖြစ်နေတယ်။ အော် .. စစ်ကြောရေး တိုက်ခန်းဆိုတာ ဒီလိုပါလား လို့ တွေးရင်း ပြန်လှဲနေလိုက်တယ်။ အိပ်ပျော်အောင် လှဲနေပေမယ့် ရုတ်တရက် အိပ်မရသေးဘူး။ အပြင်က ကင်းစောင့်နေတဲ့ စစ်သားတွေ စကားပြောနေသံကို ကြားရတယ်။ နောက် တံခါးမကြီး သော့ဖွင့်သံကြားရပြီး ကျမတံခါး သော့ ထပ်ဖွင့်သံကြားရလို့ ထထိုင်နေလိုက်တယ်။

ကျမနာမည်ခေါ်ပြီး အပြင်ပြန်ထွက်ခိုင်းပြန်ရော။ လူချည်းထွက်လာတော့ ရေဘူးပါယူခဲ့တဲ့။ ပြန်လှည့်ဝင်ယူပြီး အခန်းဝရောက်တော့ အထဲကို ၀င်သွား နောက်ပြန်လှည့်မကြည့်နဲ့ ဘေးကိုလည်း မကြည့်နဲ့တဲ့ ။ သာမန် အသံနဲ့ ပြောလဲ ရတာကို ဟိန်းလားဟောက်လာနဲ့။ ဆတ်ခနဲ ပြန်လှည့်ကြည့်ပစ်လိုက်တယ်။ နင့်ကို လှည့်မကြည့်နဲ့ ပြောနေတာ မကြားဘူးလားတဲ့။ မကြားဘူးလို့ ပြန်အော်ပေးလိုက်ရင်း ရှေ့ကို သွားတော့ ညာဖက် ၄ ခန်းမြောက် ရှေ့အရောက် ရပ်ခိုင်းတယ်။ အထဲကို ၀င်တဲ့။ ဟင်… ဒီအခန်းမှာ မီးလုံးမထွန်းထားဘူး။ တံခါးမပိတ်ခင် ကြည့်လိုက်တော့ အရင်အခန်းလိုပဲ အထားအသိုက ရှိနေတယ်။ မိလ္လာခွက်။ ကွက်ပျစ် ဒီအတိုင်း။ အထဲ လှမ်းဝင်တုန်းမှာပဲ အခန်းတံခါးကို ပိတ်လိုက်တယ်။ သော့ခတ်လိုက်တော့ ဘယ်က အလင်းရောင်မှ မရှိတဲ့ လုံးဝမှောင်မိုက်သော အခန်းဖြစ်သွားတော့တယ်။

အမှောင်ထဲမှာ ခဏရပ်နေရင်း သူတို့ထွက်သွားသံ။ အပြင်တံခါး ပိတ်သံကို နားထောင်နေလိုက်တယ်။ သူတို့ ထွက်သွားမှ ခုနအခန်းတံခါးရဲ့ အလယ်က လျှာထိုး တံခါးအသေးလေးကို ဆံပင်ညှပ်ကလစ်နဲ့ တွန်းဖွင့်ကြည့် တယ် ။ အဲဒါကို ဖွင့်ဖို့ လက်ကိုင်လေးကလည်း အပြင်ဖက်မှာပဲရှိမယ်ထင်တယ် ။ နည်းနည်းအားစိုက် ဖွင့်လိုက်တော့ ပွင့်သွားတာပဲ ။ အလင်းရောင်က အခန်းထဲ မရောက်ပေမဲ့ အလယ် စင်္ကြန်လမ်း မှာ ဖွင့်ထားတဲ့ မီးသီးရောင်ကြောင့် မျက်နှာချင်းဆိုင် အခန်းက တံခါးကို မြင်ရတယ်။ အဲဒါလေး ဖွင့်ထားပြီး ကွက်ပျစ်နေရာ မှန်းလာ။ အကျီ င်္နဲ့ ဖုန်ခါ အိပ်ဖို့ လုပ်လိုက်တယ်။ စစ်ကြောရေးဆိုတာ ညဖက်တွေ ထုတ်စစ်တတ်တယ်လို့ ပြောသံ ကြားထားဘူးတယ်လေ။ မစစ်ဆေးခင် အိပ်ရေး ၀အောင် အိပ်ထားမှ။

ချက်ချင်း အိပ်မပျော်နိုင်သေးပဲ အသံတွေကို သေချာ နားထောင် နေမိတယ်။ အခြားအခန်းတွေက ဘာသံမှ မကြားရပဲ အပြင်က နာရီသံချောင်းခေါက်သံ။ ကင်းစောင့်တဲ့ စစ်သားတွေ ကင်းလဲသံ တွေ ကြားနေရပြီး တဖြည်းဖြည်း အိပ်ပျော်သွားတယ်။

ညက အိပ်ပျော်ချိန်က အများဆုံးရှိလှ ၈ နာရီဆိုတော့ မနက် စောစောပြန်နိုးနေတယ်။ နာရီသံချောင်းခေါက်သံ ကြားတော့ နားထောင်ပြီး ရေမိတယ်။ အချက်အများကြီးပဲ ။ ဘယ်နှစ်နာရီဆိုတာ နားမလည်တော့ဘူး။ ဒီိလိုနဲ့ ဟိုတွေးဒီတွေး နေလာပြီး နောက်တခါ နာရီခေါက်တော့ ၄ ချက် ။ အော် ဒါဆို ခုန အချက်အများကြီးတီးတာ နာရီဝက်ကို တီးတာဖြစ်မယ်လို့ စဉ်းစားမိတယ်။ ပြန်အိပ်လို့ကလည်း မရတော့ ဘာလုပ်ရမှန်းမသိဘူး။ ခေါင်းထဲကို ၀င်လာတာက သံဗုဒ္ဓေ အခေါက်တထောင် ရွတ်ရင် အချုပ်အနှောင်က လွတ်တယ်တဲ့ ။ ဘယ်သူပြောခဲ့တာလဲ မသိပေမဲ့ နောက် ယုံကြည်တယ်လဲ မဟုတ်ပေမဲ့ အားနေတာပဲလေ ဆိုပြီး သံဗုဒ္ဓေကို စရွတ်တယ်။ အခေါက်အရေအတွက် မမှတ်ပဲ အားနေတာနဲ့ ရွတ်နေလိုက်တယ်။ ရွတ်နေရင်းနဲ့ စိတ်က ဟိုရောက်ဒီရောက်။ ဘယ်ဟာကိုမေးရင်တော့ မသိဘူးပြောလိုက်မယ်။ ဘယ်ဟာဆိုရင်တော့ ဘယ်လိုဖြေမယ် အဲလိုအတွေးတွေ ၀င်လာပြန်ရော။ နောက် သူတို့မေးချင်ရာမေး ငါလဲ ဖြေချင်ရာ ဖြေမယ်လို့ တွေးမိတဲ့အခါလည်း ရှိပြန်ရော။ မနက်မြန်မြန်ရောက်ပါစေ .. လို့ ဆုလဲ တောင်းမိသေးတယ်။ ဘယ်သူနဲ့မှ စကားမပြောပဲ ခုလိုနေဆိုတော့လဲ ပျင်းလိုက်တာ။။ စကားပြောချင်နေတယ်။ ဒါနဲ့ သံဗုဒ္ဓေကို အသံထွက် ရွတ်လိုက်တယ်။ နို့မို့ စိတ်ထဲက ရွတ်နေရင် တွေးမိသွားတာမို့ မတွေးမိအောင် အသံထွက် ရွတ်ရတာ။ အဲလိုနဲ့ မနက် ၇ နာရီ သံချောင်းခေါက်သံ ။ ကင်းလဲသံတွေ။ သူတို့ အချင်းချင်း စနောက်နေတာတွေ အားလုံးကြားနေရပြီး ဘာလှုပ်ရှားမှုမှ မရှိဘူးဖြစ်နေတယ်။ ကျမကို တံခါးလည်း လာမဖွင့်ပေးပါလား။ ဗိုက်ထဲက လည်း ဆာလာပြီ။

မနက် ၈ နာရီလောက်မှာ အမျိုးသမီး ၂ ယောက် တံခါးလာဖွင့်တယ်။ မိလ္လာအိုးချပြီး အိမ်သာ တက်ဖို့ အချိန်တဲ့။ ဒါနဲ့ မိလ္လာအိုးကို ကောက်ကိုင်ပြီး အပြင်ထွက်တော့ အပြင်မှာ တော်တော်လင်းနေတာပဲ။ အခန်းထဲမှာတော့ မှောင်နေတာမဲလို့။ အိမ်သာရေချိုးခန်းက ကျမအခန်းနဲ့ မျက်စောင်းထိုး အစွန်ဆုံးအခန်းပဲ။ နောက် သေချာကြည့်လိုက်တော့ အခန်း ၅ ခန်းဆီ မျက်နှာချင်းဆိုင် ပြီးအလယ်မှာ ၄ ပေလောက် ရှိမဲ့ လမ်းတခုထားတဲ့ အဆောက်အဦးပဲဆိုတာ သိလိုက်တယ်။ အပြင်ထွက် မျက်နှာသစ်တော့ သွားတိုက်တံ သွားတိုက်ဆေး တောင်းလိုက်တယ်။ သူတို့ကို ဘာမှမပြောထားဘူးတဲ့။ အမတို့က ဘယ်ကလဲ မေးတော့ ရဲဘော် မိန်းမတွေတဲ့။ နောက်နေ့ ပြောပေးမယ်တဲ့။ ဒါနဲ့ သွားမတိုက်ပဲ ပလုပ်ကျင်း မျက်နှာသစ် အိမ်သာတက် အချိန်ကို ၁၅ မိနစ်လောက် အပြင်မှာ ဖြုန်းပစ်လိုက်တယ်။

မနက်စာ ဘာမှလဲ မကျွေးဘူး။ ကျမရေဗူးကို ရေထပ်ဖြည့်ခိုင်းတော့ ဖြည့်ပေးတယ်။ ကျမယူသွားတဲ့ ရေဗူးကလည်း ထူးထူးဆန်းဆန်း ။ ဂစ် မီးခြစ်ပုံစံ၂ လီတာခွဲလောက် ၀င်ဆန့်တဲ့ ရေဗူး ဖြစ်နေတော့ တော်သေးတယ်။ ရေဗူးကို ရေအပြည့်ဖြည့်ပြီး အခန်းထဲ ပြန်ဝင်နေရပြန်တယ်။ ဗိုက်လဲ တကြုပ်ကြုပ်နဲ့ ဆာလိုက်တာ။ တကယ့်ကို ဘာမှမကျွေးဘူး ။ စိတ်ကတိုလာတယ်။ ဒါနဲ့ လမ်းထလျှောက်တယ်။ မှောင်နဲ့ မည်းမည်းပေမဲ့ အမှောင်ထဲမှာ နေသားကျလာတော့ ၀ိုးတ၀ါး မြင်နေရတာပဲ။ လမ်းလျှောက်လို့ ရနေတယ်။ ဗိုက်ဆာတော့ နည်းနည်း ဒေါသ ထွက်နေပြီး ထခုန်နေမိတယ်။ အထဲမှာ တယောက်တည်း လုပ်ချင်တာ လုပ်နေပြီးတော့ ချွေးထွက် မောလာတော့ ပြန်လှဲနေရင်း အိပ်ပျော်သွားပြန်တယ်။ ကျမကို ထမင်းကျွေးဖို့ မေ့တာတော့ မဟုတ်လောက်ဘူး။ မကျွေးပဲ ပညာပေးတာထင်တယ် လို့ တွေးမိရင်း အိပ်ပျော်သွားခဲ့တာ။ နိုးလာတော့ နေ့လည် ၂ နာရီ ၃ နာရီလောက်ပဲ။ အ၀င်တံခါး အလယ်က လျှာထိုးလေးက အသုံးဝင်သား။ အဲဒီမှာ နားကပ်ထောင်ရင် အပြင်က အသံတွေကို သေချာပိုကြားရတယ်။နောက် အပြင် အရောင်ကို အဲဒီနေရာက နည်နည်း ကြည့်လို့ရတယ်။

ညနေ ၄ နာရီလောက် တံခါးမကြီးဖွင့်သံကြာရတော့ အဲဒီ လျှာထိုးပေါက်ကလေးကို အမြန် သွားပိတ် ထားလိုက်ရတယ်။ မကြာဘူး ကျမအခန်း သော့ ဖွင့်သံကြားရပြီး တခါးခဏအပွင့်မှာ ကြည့်နေလိုက်တော့ ထမင်းပန်းကန် တခု အောက်ခင်း သံမန်တလင်းပေါ်မှာ လျှောတိုက်ရောက်လာတယ်။ ကျမ ဖမ်းယူပြီး ကြည့်လိုက်ချိန်မှာ ဇွန်းတချောင်းတပ်ထားပြီး ဟင်းပုံပေးထားတဲ့ ထမင်းတပန်းကန်။ အဲဒီအချိန်မှာ အခန်းတံခါး ပိတ်လိုက်တယ်။ ဇွန်းကို မှန်းကိုင်ပြီး ထမင်းခပ် ပါးစပ်ထဲသွင်းတော့ ကိုယ့်ပါးစပ်ထဲကို ၀င်အောင် မသွင်းနိုင်ဘူး ဖြစ်သွားတယ်။ နှုတ်ခမ်းအပြင်ဖက်ကို သွားသွင်းမိလို့ ပူပြီးစပ်သွားတာပဲ။ အဲဒီ ပထမဆုံးထမင်းကို စာရတာက ခရမ်းသီးဟင်း စပ်စပ်ဖြစ်နေတယ်။ ထမင်းက မနပ်ဖူး ။ဒါမဲ့ ပြဲနေတယ်။ ဒါကိုပဲ အကုန် ကုန်အောင် စားလိုက်ပါတယ်။

ထမင်းပန်းကန်ပြန်ပေးဖို့ တံခါးဆွဲဖွင့်လိုက်တော့ အပြင်ဖက်မှာ ခပ်ရွယ်ရွယ် အမျိုးသမီး ၂ ယောက် ထိုင်စောင့်နေပါတယ်။ မနေ့က ၂ယောက်တော့ မဟုတ်ဘူး။ ကျမက စပ်လို့ ရှုးရှုးရှဲရှဲ လုပ်နေတော့ စပ်လို့လားလို့ ခပ်တိုးတိုးမေးတယ်။ ဟုတ်တယ်အမလို့ ပြောတော့ ညီမလေးက ကျောင်းသူဆို။ ဘယ်နှစ်တန်းလဲ တဲ့။ တကယ့်ကို တိုးတိုးလေးပြောဖို့ ကျမတံခါးနားကို ကပ်လာတယ်။ ကျမ MSc တက်နေတာပါ ဆိုတော့ အော် တဲ့။ သူတို့ ဘာမှ ထပ်မပြောပဲ ထမင်းပန်းကန်သိမ်းရင်း အိမ်သာ သွားဦးမလားမေးတယ်။ ဟုတ်ကဲ့ ဆိုပြီး မိလ္လာအိုးပါ ချလိုက်တယ်။ သူတို့ခွင့်ပြုသမျှ အကုန်လုပ်ရမှာ က ကျမတာဝန်ပဲမဟုတ်လား။

(ဒုတိယည)
ဒီညလဲ ဘယ်အချိန်ခေါ်စစ်မလဲ ဆိုတာကို အိပ်ရင်းစောင့်နေပေမယ့် လုံးဝလာမခေါ်ဘူး။ အမလေး ပျင်းလို့ သေတော့မယ်ဟ။ ဒီလိုနဲ့ မနက်မိုးလင်းတယ်။ မိုးလင်းတာနဲ့ ဗိုက်ကလဲ တော်တော်ဆာနေတယ်။ ဆာရင်ရေသောက် ။ ဘုရားစာရွတ်။ စိတ်က လုံးဝ ထိန်းမရတော့ရင် အခန်းထဲ တယောက်တည်း ထခုန်နေ ၊ မောရင် ပြန်လှဲ ။ ဒါပဲ လုပ်စရာရှိတာ လုပ်နေလိုက်တယ်။ ဒီနေ့ မနက်စာ ငတ်ဦးမလားမသိ။

မနက် ၁၀ နာရီကျော်လောက် ရှိမယ်ထင်တယ်။ တံခါးလာဖွင့်သံကြားရတယ်။ ထထိုင်လိုက်တဲ့အချိန်မှာပဲ ထမင်း ပန်းကန် ရောက်လာတယ်။ မနေ့က အမတွေပဲ ဖြစ်နေတယ်။ ထမင်းပန်ကန်အလယ်မှာ ပဲဟင်းချို ပန်းကန် ထည့်ပေးထားတယ်။ နောက်ထပ် ဘာဟင်းမှ ပါမလာဘူး။ အင်း ထမင်းလဲ ပူပူပဲ ဆာနေတာနဲ့ ထမင်းပူပူ ဟင်းပူပူ စားလိုက်တယ်။ ဒီနေ့ အခန်းထဲမှာ မှောင်တယ်လို့ ပြောတော့ ကျမအခန်းတံခါးကို တ၀က်လောက် ဖွင့်ပေးတယ် ။ တော်သေးတာပေါ့ ထမင်းနဲ့ ဟင်းကို ခပ်မှုန်မှုန်မြင်ရပြီး စားလိုက်ရတယ်။ သူတို့ကျမ ပဲကြိုက်တာ မသိလို့ ဖြစ်မယ် လို့ စိတ်ထဲ တွေးမိသေးတော့တယ်။

ကျမ စားပြီးတော့ မနေ့ကလို အပြင် မထွက်ခိုင်းပြန်ဘူး။ ရေဘူး ထပ်ဖြည့်ခိုင်းတာတော့ ဖြည့်ပေးသွားခဲ့တယ်။ မနေ့ကလို သူတို့ စကားမပြောရဲပြန်ဘူး။ ကျမပြောဖို့ ကြိုးစားတာ မအောင်မြင်ခဲ့ဘူး။ သူတို့ကို စကားမပြောရ ပြောထားပုံပဲ။

နေ့လည် လဲ ကျောခင်း။ ညလဲ ကျောခင်း။ မနက်လဲ ကျောခင်းတော့ ကျမရဲ့ ခြေဖနောင့်တွေတောင် နာလာတယ်။ အောက်မှ ဘာအခင်းမှလဲ မရှိ၊ စောင်လဲ မရှိ။ အေးကလဲ အေး ။ရေချိုး မျက်နှာသစ်လဲ မချပေးတော့ တမျိုးကြီးပဲ နေရတာ။ ခေါင်းကိုက်သလို ပိုချမ်းလာသလိုနဲ့ မျက်လုံးတွေကလည်း ပူလာသလို… စိတ်ထဲက ထင်တာလဲ ဖြစ်မှာပါ။ ဘုရားစာ ပိုရွတ်တယ်။ တကယ်ဆို အခေါက် တထောင်တောင် ကတော့မယ် မထင်ဘူး။ အားတိုင်းရွတ်တယ်ဆိုတော့ အချိန်တိုင်းကလဲ အားနေတာကိုး။

ညနေစာ စားဖို့လာပို့တဲ့ အမျိုးသမီး ၂ ယောက်က အသစ်ဖြစ်နေပြန်ရော.. သူတို့ကို စကားပြောမလို့ ပြင်တော့ သူတို့က ကျမနားမှာ မနေဘူး။ တံခါးမကြီးဖက်ကိုထွက်သွားတယ်။ကျမ တယောက်တည်း ထမင်းစားတယ်။ ပြီးတော့ မိလ္လာချတယ်။ အိမ်သာရေချိုးခန်း ဆက်နေတဲ့ အခန်းထဲက ရေကန်က ရေနဲ့ မျက်နှာသစ် လက်ဆေး ခြေဆေး လုပ်ပစ်တယ်။ ဟီး.. မလုပ်ခိုင်းလဲ အမြန်ခိုးလုပ်လိုက်တယ်…။ ကျမ အခန်းထဲ ပြန်ရောက်တော့မှ ထမင်းပန်းကန်လာယူပြီး တံခါးပိတ် ပြန်ထွက်သွားတယ်။

တတိယည….
စတုထ္ထည… ကျမ ဖျားနေပြီထင်တယ်။ ခေါင်းအရမ်း ကိုက်လာသလို ချမ်းကလဲ အရမ်းချမ်းတာပဲ။ နိုဝင်ဘာအအေးက တော်တော်ဆိုးပါလား။ ဟီး ဟီးလို့ပါးစပ်က အော်ပစ်တယ်။ သက်သာသွားမလားလို့ပေါ့။ ညဖက် တံခါးဖွင့်သံကြားတယ်။ တော်တော်ညနက်နေပြီ။ အသစ်များရောက်လာသလား နားထောင်ကြည့်တော့ ကျမအခန်းသော့ဖွင့်သံကြားတယ်။ နောက် တံခါးမဖွင့်ခင် ဟိုဘက်လှည့်နေဆိုတဲ့ အမိန့်ပေးသံကြားရတယ်။ ကျမခေါင်းကို ခေါင်းစွပ်တခု လာစွပ်လိုက်တယ်။ ပြီးတော့ သူတို့ခေါ်တဲ့နောက် လိုက်လာရတာပေါ့။ ကျမတို့ အဆောင်အထွက်တခုမှာပဲ လှေခါးတထစ် ဆင်းရတယ်။ ကျန်တာ လမ်းဖြောင့် မြေကြီးလမ်း ဆိုတာ သိနေတယ်။ နောက် လေတအားတိုက်နေတဲ့ ဟင်းလင်ပြင်တခုကို ဖြတ်ရတယ်။ ပြီးတော့ မီးတွေ လင်းထိန်နေတဲ့ အခန်းတခုကို ၀င်ရတယ်။ မီးလင်းနေတယ်ဆိုတာကတော့ မျက်စေ့အောက်ကို ခိုးကြည့်လိုက်တယ်လေ။ အမှောင်ထဲမှာ သူတို့ ခေါင်းစွပ်က ကြိုးကို ချည်တုန်းက လက်ညှိုးနဲ့ ခံထားလိုက်တာကိုး မြင်ရတော့မပေါ့။

ကျမကို ထိုင်ခိုင်းတော့ ထိုင်ခုံကို မမြင်ရဘူး ထင်ပြီး လက်မောင်းကို ဆွဲချ ထိုင်ခိုင်းတယ်။ ကျမအမြန်ထိုင်ချပြီး နေမကောင်းဖြစ်နေတယ်။ ဒီတိုင်းထိုင်လို့မရဘူး ပြောတော့ ဘယ်လိုထိုင်မလဲတဲ့။ အမှီနဲ့ ထိုင်ချင်တယ်လို့ ပြောတော့ နံရံဘေးကို ကပ်ပေးတယ်။ နောက် ဘာဆေးသောက်မလဲ တဲ့ ။ ကျမ အင်္ဂလိပ်ဆေး မသောက်ဖူးလို့ ပြောလိုက်တယ်။ ကျမကို တခြားဆေးတွေ ပေးနေရင် ဒုက္ခလေ။ ဒါဆို ကော်ဖီသောက်ပါတဲ့။ အင်း လို့ပြောတော့ ခဏအကြာ ကော်ဖီလာချပေးတယ်။ ခေါင်း က မထူနိုင်အောင် ဖြစ်နေလို့ နံရံကို ခေါင်းနဲ့ မှေးထိုင်ထားလိုက် တယ်။

ကျမကိုစစ်မဲ့ လူရဲ့ခြေချောင်းတွေက အရှည်ကြီးပဲ ဆိုတာ ခေါင်းငုံရင်း မြင်သမျှ ကြည့်နေတဲ့ ကျမက မြင် နေရတယ်။ အသားညိုညို ခြေဆံလက်ဆံရှည်ရှည်ဆိုတော့ အရပ်ရှည်သူ ပဲဖြစ်ရမယ်လို့ ကောက်ချက်ချနေမိ သေးတယ်။ ကျမကို အမှုစစ်ဆေးမဲ့ သူက ဗိုလ်မှုးလား ဗိုလ်ကြီးလားဆိုတာကတော့ အဲဒီအချိန်က မဆန်းစစ်တတ်သေးဘူး။ သူကလဲ အက်စ်ဘီရုံးမှာ မေးသလိုပဲ ဗကသ စာရင်းစာအုပ်ထုတ်မေးပြန်ရော။နင်တို့ ခုထုတ်တဲ့ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်စာအုပ် အတွက်ပိုက်ဆံက နင်ထုတ်ပေးတာ ဆိုတဲ့။ လူက နည်းနည်း တင်းသွားတယ်။ ဘယ်ကောင် ထုတ်ပြောသလဲပေါ့။ မဟုတ်ပါဘူးရှင့်လို့ နည်းနည်း စိတ်ထိန်းပြောပြလိုက်တယ်။ ဒါဆို နေဦး နင့်လူတွေ ဖြေထားတာတွေ ဖတ်ပြမယ်တဲ့။ ဖတ်ပေါ့လို့ စိတ်ထဲက ပြောလိုက်ရင်း ကော်ဖီပူပူကို သောက်နေလိုက်တယ်။ ကော်ဖီထည့်ထားတဲ့ မတ်ခွက်ထဲက ကော်ဖီက အရမ်းချိုနေတယ်။ ဒါပေမယ့် ခပ်ပျစ်ပျစ်ပဲ။ နို့ဆီတွေ များများနဲ့ ဖျော်ပေးထားတာ ဖြစ်မယ်။ ကော်ဖီဆန်းစစ်ခြင်း လုပ်ပြီး စိတ်ကို ရှည်ရှည်ထားလိုက်တယ်။ သူဖတ်ပြနေတဲ့အထဲမှာ အရှေ့ အုပ်စု ကလေးတွေက ဘာတွေ ပြောခဲ့တယ်ဆိုတာကို သိလိုက်ရတာ အမြတ်ပဲ။ ကိုယ်လဲ သူတို့ ခင်းထားတဲ့ လမ်းအတိုင်းလျှောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူတို့ တကယ့်အကြောင်းအရာတွေ အားလုံးချန်ထားခဲ့ပြီး လက်တွေ့ဖမ်းတဲ့ ဧရာဝတီတိုင်း ဗကသ က ထုတ်တဲ့ ဆဲဗင်းဂျူလိုင် အမှတ်တရ စာစောင်နဲ့ ပတ်သတ်သူတွေ ၊ အဖြစ်အပျက်တွေကိုပဲ အဓိကထား ပြောသွားတာကို သတိပြုမိတယ်။ ကောင်းလိုက်တာ ကိုယ်ဘာပြောရမယ်ဆိုတာ စဉ်းစားစရာ မလိုတော့ဘူးပေါ့။

လူလည်း နည်းနည်း စိတ်ပေါ့သွားတယ်။ သူတို့မေးတဲ့အထဲက သိတယ် မသိဘူး ။ ဟုတ်တယ် မဟုတ်ဘူး ပဲ ဖြေစရာ လိုတော့တယ်။ ကျမနဲ့ အမှုတွဲ ဖြစ်နေတဲ့ ၃ ယောက်ရဲ့ တယောက်ချင်း ထွက်ချက်တွေကို ဖတ်ပြနေတာက တနာရီကျော်ကျော် ကြာနေတယ်။ အဲဒီဖတ်ပြသူက ဖတ်ပြပြီးပြီးချင်း အပြင်ခဏသွားဦးမယ်။ ခေါင်းစွပ် မချွတ်နဲ့ နော် လို့ မှာပြီး အပြင်ထွက်သွားတယ်။ ကျမကလည်း စကားနားထောင်စွာ သူ့ခြေသံ ပျောက်သွားတာနဲ့ ခေါင်းစွပ်ကို အမြန်ပင့်ကြည့်လိုက်တော့ ကျမထိုင်နေတာက ရုံးခန်းတခုပဲ ဖြစ်မယ်။ ရှေ့က စားပွဲပေါ်က စာကြည့်မီးချောင်းလေး ဖွင့်ထားတယ်။ စာအုပ်တွေကလည်း သပ်သပ်ရပ်ရပ်မရှိဘူး ။ ပြန့်ကျဲနေတယ်။ ကုလားထိုင်ကတော့ ရုံးသုံးသစ်သား ထိုင်ခုံ မှ သစ်ညံ့ညံ့နဲ့ ထိုင်ခုံ။ ဒါဆို ဒီလူ သိပ်အကောင် ကြီးကြီး မဟုတ်ဘူးလို့ စိတ်ထဲက တွက်လိုက်မိတယ်။ ခေါင်းစွပ်ပြန်ချပြီးတာတောင် တော်တော်နဲ့ ပြန်ပေါ်မလာဘူး။ မီးတွေလင်းနေတဲ့ အခန်းထဲမှာ တယောက်တည်း ထိုင်နေရတာ တော်တော်ကြာတယ်။ ဒီနေရာက ပြန်လဲ မပြန်ခိုင်းဘူး။ အိပ်ချင်စိတ်လဲ မဖြစ်ဘူး။ စောင့်နေရတာကိုပဲ စိတ်တိုလာတယ်။ ဘာလုပ်တာလဲ။ သက်သက်မဲ့ နေမကောင်းဖြစ်နေမှန်းသိလို့ ညစ်ထားတာ ဖြစ်မယ်လို့ တွေးမိတော့ အားတင်းထား။ ဘာမှ မဖြစ်သလို ဆက်ထိုင်နေလို့ ကိုယ့်ကိုယ်ကို အားပေးထားလိုက်တယ်။ အဲဒီညက အဲဒီမှာ ထိုင်နေရတာ မိုးလင်းခါနီးထိပဲ။ ခေါင်းကို အုတ်နံရံမှာ မှီထားရင်း သံဗုဒ္ဓေရွတ်နေလိုက်တယ်။ သက်တောင့် သက်သာဖြစ်အောင် ကိုယ့်စိတ်ကပဲ ကိုယ့်ကိုထိန်းကျောင်းနိုင်မယ်ဆိုတာ လက်တွေ့ သိရတယ်။

ပြန်ဝင်လာတဲ့အသံကြားရပြီး ပြန်ပို့ဖို့ ခေါ်ခိုင်းနေသံကြားရတယ်။ အခန်းထဲပြန်ရောက်ရင် အိပ်ပစ်မယ်လို့ တွေးထားပြီး လာလမ်းအတိုင်း တည့်တည့်သွား။ ဘယ်ကိုကွေ့ ဆိုတာနဲ့ ပြန်လာလိုက်တယ်။ အခန်းထဲရောက်တော့ မျက်စိက အိပ်မရပြန်ဘူး။ ဒီလိုဘယ်နှစ်ရက် လုပ်ဦးမယ် မသိဘူး ။ ဒါ့ကြောင့် အိပ်လို့ရတဲ့အချိန် အိပ်ရမယ်လို့ ပြန်အားပေးပြီး အိပ်ပျော်ဖို့ ၁ ၊ ၂၊ ၃၊ ၄ ရေတွက်ကြည့်တယ်။ စိတ်ကို သေချာနှစ်ပြီး ရေတာတောင် တထောင်ကျော်ရောက်တဲ့ထိ အိပ်မပျော်ဘူး။ ခက်ပါလား။ စိတ်ကို လွှတ်ထားပြီး တွေးချင်တာ တွေးခွင့်ပေးလိုက်တယ်။ တဖြည်းဖြည်းနဲ့ အိပ်ပျော်သွားတယ်ထင်တယ်။

တံခါးသော့ဖွင့်သံ မကြားရပဲ အခန်းတံခါးကို အပြင်က ခေါက်သံကြားရတယ်။ ကျမ အသံချောင်းနားထောင်ရာ အလင်းရောင် ရလိုရငြား ဖွင့်ကြည့်တတ်ရာ လျှာထိုးပေါက်လေးကို အပြင်ကဖွင့်ပြီး ကျမနာမည်ခေါ်သံကြားလို့ ထကြည့်လိုက်တယ်။ နောက် အဲဒီအပေါက်လေးနားရပ်ပြီး အပြင်ကို ကြည့်လိုက်တော့ ပုခုံးမှာ အပွင့် ၃ ပွင့်နဲ့ စစ်ဗိုလ်တယောက်။ ကျမငုံ့ပြီး အပြင်ကိုကြည့်နေတာ သိတော့သူ့လက်ဝါးနဲ့ အပေါက်ကို ကာထားတယ်။ ဖျားနေတယ်ဆိုတဲ့။ ဟုတ်တယ် လို့ပြောတော့ ဘာလိုချင်သလဲတဲ့။ ကျမက စောင် လိုချင်ပါတယ်။ ကျမ အရမ်းချမ်းနေတယ် ပြောတော့ ဟုတ်ပြီပို့လိုက်ပါ့မယ်တဲ့။ ဘာဆေးသောက်မလဲ ပြောပါတဲ့ ။ ကျမအင်္ဂလိပ်ဆေး မသောက်ဘူး ဆိုတော့ ဗမာဆေး ရော ဘာသောက်မလဲ တဲ့။ ကျမက ရွဲ့ ပြီးပြောထားတာကိုး တကယ်ပြော ဆိုတော့ ဗမာဆေး ဘာမှာရမယ် မသိဘူး။ ဒါနဲ့ ဘာဆေးမှ မသောက်ချင်ဘူး လို့ပြောလိုက်တယ်။

တ၀ုန်းဝုန်း ခြေသံတွေနဲ့ ပြန်ထွက်သွားသံကို ကြားရတယ်။ ဖမ်းပြီး ပိတ်ထားတဲ့ ကျမအခန်းရှေ့မှာ စကားပြောဖို့ လာတဲ့ ဗိုလ်ကြီးတယောက်နောက်မှာ တပ်စိတ် တစိတ်စာလောက် စစ်သားတွေများ ပါသလားမသိပါဘူး။ ခြေသံတွေကတော့ အများကြီးပဲ။ အိပ်ပျော်ခါစပဲ ဖြစ်မယ်။ ထမင်းကလည်း ဘာမှမလုပ်ရပဲ ခဏခဏ ဆာနေတယ်။ ဗိုက်ဆာဆာနဲ့ အိပ်ဦးမှ……။

ဆက်ရန်.........

4 comments:

LIN LET KYAL SIN said...

ဘ၀ဒိုင်ယာရီ အမှတ်(၁) နဲ့ (၂)နှစ်ခုလုံးကို သေသေချာချာ ဖတ်သွားပါတယ် အန်တီ ။ အခုအချိန်မှာ စာတစ်ပုဒ်အနေနဲ့ပဲ သမီးတို့က ဖတ်နေပေမယ့် အဲဒီအချိန်တုန်းက အန်တီတွေ့ကြုံခံစားခဲ့ရတာတွေကိုတော့ ကာယကံရှင်ကို အသိဆုံး အခံစားရဆုံးဖြစ်မှာပါ .. ။ အတွေ့အကြုံတစ်ခုကို မျှဝေပေးတဲ့အတွက် ကျေးဇူးပါ အန်တီ ။ ဆက်လက်စောင့်မျှော်ဖတ်ရှုနေပါ့မယ်။

YeKyawAungMDY said...

ဆက်ဖတ်ဖို့စောင့်နေပါသည်ခင်ဗျား။

zeRoTraSh said...

အမရေ အမရဲ့ ဒိုင်ယာရီကို ကျွန်တော် ဖတ်ရင်း မောသွားတယ်
အမရဲ့ ခက်ခဲတဲ့ လမ်းတွေကို ကျွန်တော်သာဆိုရင် လို့ တွေးမိပြီး
စိတ်ထဲမှာ တော်တော်အီစလံဝေသွားတယ်။
ကျွန်တော့်လို့ အငြိမ်မနေနိုင်တဲ့ အကောင်သာဆိုရင် အဲဒီ့အခန်းထဲမှာ
ဘာတွေများ ဖြစ်ကုန်မလဲ မသိဘူး
ဆက်ရေးပါအမ ကျွန်တော် စောင့်ပြီး ဖတ်နေပါတယ်

Thet Thet Tun said...

Thank you so much for your Autobiography. I did not know you get involve in politic that much.

Please continue...