Wednesday, January 9, 2008

ဘ၀ဒိုင်ယာရီ အမှတ်တစ်

ဘ၀မှာ ရေးချင်ခဲ့တဲ့ စာတွေ။ ပြောပြချင်တဲ့ စကားတွေကို ဖတ်ပေး နားထောင်ပေးမယ့် ပရိတ်သတ်ကို ဒီဘလော့လေး လုပ်နေရင်းက ရရှိခဲ့ပါတယ်။ တခါတခါ ကိုယ်ရေး ကိုယ်တာ တွေ ၊ ထမင်းစားရဖို့ လုပ်နေတဲ့ အလုပ်တွေကို ၀တ်ကျေတမ်းကျေ မလုပ်ပဲ စိတ်ပါလက်ပါ ကိုယ်ဖိရင်ဖိ လုပ်ရတဲ့အခါမှာ ကိုယ့်ဘလော့လေး ရှင်သန်စေဖို့ စာတွေ မရေးနိုင် ဖြစ်ခဲ့ရပြန်ပါတယ်။ အသစ်မတင်နိုင်တဲ့ ဘလော့တခုကို ၂ ခါ ၃ ခါထက် ဘယ်သူက လာကြည့်ဖြစ်မှာလဲနော်။ ဒါကြောင့် တတ်နိုင်သလောက် အချိန်ကို ချိန်ဆရေးနိုင်ဖို့ ကြိုးစားခဲ့ရတယ်။

ဘ၀မှာ ဖြတ်သန်းခဲ့ရတဲ့ အဖြစ်အပျက်တွေ ပြန်ရေးဖို့ အားစိုက်ရင်း ကိုယ့်ကိုယ်ဖော် မသူတော် ဖြစ်မှာလည်း စိုးရိမ်ရသေးတယ်လေ။

ပန်းပဲဖိုတခု သို့မဟုတ် ခိုင်မာခြင်းနောက်ကွယ်မှ သိမ်မွေ့မှု

ကျမ ဘ၀ထဲမှာ ဘယ်လိုမှ မမေ့နိုင်ခဲ့တဲ့ စစ်ထောက်လှမ်းရေး ရဲ့ အမှောင်ခန်းထဲက ၂၈ ရက်ကို ပြန်လို့ ပြောပြချင်ပါတယ်။ ပြန်ပြောပြနိုင်တဲ့ ခုလိုအချိန်မှာသာ ၂၈ ရက်ဆို ခဏလေး လို့ တွေးလို့ရပေမဲ့ တကယ်ကြုံတွေ့နေတဲ့ အချိန်တုန်းက ဘယ်တော့ ဒီနေရာက ထွက်ခွာရမယ် ဆိုတာ မသိလေတော့ တော်တော်ကြာခဲ့တဲ့ အချိန်ကာလတခုပါပဲ။

၁၉၉၀ ခု နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ကျမရဲ့ အိမ်ကို ယူနီဖောင်းဝတ်ဒုရဲအုပ်၊ ရဲသားတွေနဲ့အတူ သာမန် အရပ်ဝတ်နဲ့ ပေမဲ့ ကျမတို့က သူ့ကို စစ်ထောက်လှမ်းရေးလို့ သိနေတဲ့ တပ်ကြပ်ကြီးတယောက် ၊ ရပ်ကွက်လူကြီး တွေနဲ့ ရောက်လာခဲ့တယ်။ အချိန်က တော်တော်စောပါသေးတယ် ။ ည ၈ နာရီကျော် လောက်ပဲ ရှိဦးမယ် ထင်ပါတယ်။ အိမ်တအိမ်လုံး အပေါ်ထပ် အောက်ထပ် အကုန်မွှေနှောက် ရှာဖွေနေတာကို ကျမက ဒီတိုင်း ထိုင်ကြည့်နေလိုက်တယ်။ ကျမ ထိုးနေကျ ဗိုလ်ချုပ်အောင်ဆန်းပုံ၊ ဒေါ်အောင်ဆန်းစုကြည်ပုံ။ ခမောက်ပုံ စတာတွေပါတဲ့ ရင်ထိုးတံဆိပ်တွေ ၊ နောက်အာဇာနည်နေ့ အထိမ်းအမှတ် အာဇာနည်မျိုး သေရိုးမရှိ လို့ စာတမ်းပါတဲ့ ရင်ထိုးတံဆိပ်တွေ ထည့်ထားတဲ့ ဗူးကို ဖွင့်ကြည့်တဲ့ ဒုရဲအုပ်ကလေးက အသာဖွင့်ကြည့်ပြီး မသိသလို ချထားလို့ …. နောက် ဒီအပေါ်ရှာ ပြီးပြီလို့ အသံထွက်ပြောလိုက်တယ်။

ကျမအဖေ၊ ကျမအမေ ၊ မောင်လေး ၊ ညီမလေး သူတို့အားလုံး ကျမဒီအလုပ်တွေ လုပ်မယ်ဆုံးဖြတ်ကတည်းက ဒါမျိုးကြုံလာနိုင်တယ် ။ ဒါကို ခံစားနိုင်ရင်လုပ်ဆိုတဲ့ စကားကို ခေါင်းညိတ်ပြီး လုပ်ခဲ့တာမို့ အားလုံးက အေးဆေးပါပဲ။ မျက်နှာတောင် မပျက်ကြဘူး။(အားရှိစရာ)

နောက် အန်တီစု ဘာသာပြန်ထားတဲ့ if ကဗျာ ဘာသာပြန်စာအုပ်။ အဖွဲ့ချုပ်ကထုတ်တဲ့ ဂျာနယ်တွေ ထပ်ထားတဲ့ အပုံကို ရှာပြန်တယ်။ ဖူးချစ်ရဲ့ ကြိုးစင်ပေါ်က မှတ်တမ်းကို သေချာ လှန်ပြီး နည်းနည်းတောင် ဖတ်နေသေးတယ်။ သိန်းဖေမြင့်ရဲ့ အရှေ့ကနေ၀န်း ထွက်သည့်ပမာ၊ …… အောင်သန်းရဲ့ အောင်ဆန်းကို တွေ့တော့ သူမနေနိုင်ဘူး။ ဒီစာအုပ်တွေက အပိုင်လားတဲ့။ ကျမက အင်းလို့ မဖြေချင့်ဖြေချင် ဖြေပေးလိုက်တော့ သူခေါင်းညိတ်တယ်။ ပြီးတော့ ထောက်လှမ်းရေး တပ်ကြပ် အပေါ်ရောက်နေတုန်း ကျမကို if ကဗျာ စာအုပ် သူ့ကို ပေးဖို့ တိုးတိုးလေး လာတောင်းတယ်။ ကျမ ခေါင်းညိတ်ပြလိုက်တော့ သူ့ အနွေးထည် အကျီင်္ အိတ်ထဲကို အမြန် ထိုးထည့်လိုက်တယ်။ (အဲဒီ ဒုရဲအုပ်က ကျမ ထောက်လှမ်းရေးကနေ ထောင်ကိုရောက်၊ ထောင်ဝင်းထဲက ထောင်စာကြည့်တိုက်က အထူးရုံးခန်းမှာ အမှုစစ်တော့ သူပဲ တာဝန်ကျတာကို တွေ့ရတယ်။ ကျမထောင်က လွတ်တော့ အမြဲတမ်း သူတို့ လင်မယားကို အပြင်မှာ တွေ့ရင် နှုတ်ဆက်ဖြစ်တယ်။ ဒုတိယအကြိမ် အဖမ်းခံရတော့လည်း သူ့ကို ဆုံတွေ့ရသေးတယ်။ သူက အံ့သြလို့။ နောက် ၀မ်းပန်းတသာ နှုတ်ဆက်တယ်)

ကျမကို စစ်စရာရှိလို့ ခဏခေါ်သွားမယ်ဆိုတော့ ကျမက အနွေးထည် ဂျာကင်ကို ထပ်ဝတ်ပြီး အသင့် ထည့်ထားတဲ့ ရေဗူးနဲ့ သွားတိုက်တံသွားတိုက်ဆေး ဘာဘာညာညာထည့်ထားတဲ့ ကျွတ်ကျွတ်အိတ်ကို လှမ်းဆွဲတော့ အဲဒီထောက်လှမ်းရေး တပ်ကြပ်က တအံ့တသြကြည့်တဲ့ အကြည့်ကို ခုထိမှတ်မိသေးတယ်။ ကိုယ့်အကြောင်းကိုယ် သိတယ်ပေါ့လေ ဆိုတဲ့အကြည့်လို့ ကျမက ဘာသာပြန်တယ်။ လေသံပျော့ပျော့လေးနဲ့ သိပ်ကို နံတဲ့ကြောင်ချေးလို ကောင်ဆိုတာ ကျမတို့က သူ့ကို သိထားပြီးသား၊ မသိလို့ရောရမလား။ ကျမတို့ အဖွဲ့သားတွေ တော်တော် ဖမ်းခံထားရပြီလေ။ ပြီးတော့ ဘယ်လူက ဘယ်လောက်မာတယ် ပျော့တယ် ဆိုတာလည်း သိလိုက်ရတယ် ပြောရင် မလွန်တဲ့အခြေ ဖြစ်နေတယ်။ ကိုယ့်အဖွဲ့သားတွေထဲက ဘယ်သူ ဖော်လိုက်နိုင်တယ် မသိပေမဲ့ သူတို့ဆီမှာ ရှိနေတဲ့ အချက်အလက်အရ စာရင်းဇယားအရ ကျမကို ဖမ်းကို ဖမ်းရမယ်ဆိုတာ အဖမ်းခံရပြီးမှ သိတယ်။

တကယ်တော့ ကျမက လွတ်နေပြီးသား။ ဒါကို အရင်အဖမ်းခံထိတဲ့ လူတွေ အမိန့်ချပြီးပြီ ။ နင်နဲ့ မဆိုင်ဘူး ပြန်လာလို့ရတယ်တဲ့ ၊ အဲလိုပြောတာ အရွေးချယ်ခံထားရတဲ့ အမတ်ကပြောတာ။ အော် သူပြောတော့လဲ ယုံမိတာပေါ့။ အသက် ၂၅ နှစ်ဆိုပေမယ့် နိုင်ငံရေးပါးက သိပ်ဝသေးတာမဟုတ်ဘူး။ မခံချင်စိတ်နဲ့ မဆလကို ဆန့်ကျင်ရင် န၀တနဲ့ ထိပ်တိုက် တွေ့ရတော့တာကိုး။ ကျမသူငယ်ချင်းတယောက်က ကျမပုန်းနေတဲ့ဆီကို သတင်းစကား လာပို့ပေးရသူ။ ကျမအဖမ်းခံရတော့ သူက စိတ်မကောင်းဖြစ်လို့။ သူပြောလို့ ကျမပြန်လာတာလို့ အမြဲပြောပြီး စိတ်မကောင်းဖြစ်နေသူ။

ကျမကို ခေါ်သွားပြီး အဲဒီတုန်းက အက်စ်ဘီ လို့ ကျမတို့ခေါ်တဲ့ ရဲထောက်လှမ်းရေး ရုံးအပေါ်ထပ်မှာ တညလုံး မအိပ်ရဘူး။ သူတို့ တယောက်တလှည့်မေးနေတာ။ မသိဘူးလေ ။ ဟုတ်လား ဆိုတာတွေ တညလုံး ထိုင်ဖြေနေရတဲ့အဖြစ်။ နင်ဒီမှာ ကောင်းကောင်းမဖြေရင် ဒါ့ထက်ဆိုးတဲ့နေရာ ရောက်သွားမယ်နော်တဲ့။ ရောက်ဖူးတာပေါ့ လို့ ကျမက ပြောတော့ တော်တော် ဒေါသထွက်သွားပုံပဲ။ စားပွဲပေါ်ကို ထုလိုက်သေးတယ်။

ယောက်ျားတွေအများကြီးက အဲဒီတုန်းက ပိန်ပိန်လေးဖြစ်တဲ့ကျမကို ဒေါသထွက်နေတာများ ရယ်ချင်စရာကြီး။ ကျမက ရယ်တော့ ဘာရယ်တာလဲတဲ့။ မသိဘူး ရယ်ချင်လို့ ဆိုတော့ ပိုဒေါသ ထွက်နေကြသေးတယ်။ ကျမသိတာတွေ မသိတာတွေ အားလုံး စုရေးထားပုံရတဲ့ စာအုပ်တအုပ်ကိုလည်း ဖတ်ပြကြသေးတယ်။ ဟုတ်ရင် ဟုတ်တယ် ။ မဟုတ်ရင် မဟုတ်ဘူးဖြေတဲ့။ အင်း .. ဖြေရတာပေါ့ လို့… ။ အဲဒီတုန်းက အင်မတန် စိတ်ဓါတ် တက်ကြွပြီး အင်မတန် မာနေတဲ့ အရွယ်ကိုး။ ကြောက်စိတ်က မရှိဘူး။ လာထားပေါ့ ဆိုတဲ့ စိန်ခေါ်ချင်တဲ့ မာတောင့်တောင့် မျက်နှာပေးတော့ ရှိနေလိမ့်မယ်ထင်တယ်။ သူတို့ကလည်း အဲဒါကို ချိုးချင်ပုံပါပဲ။

ပျို့သာကီနွယ် ဆိုတာနင်လားတဲ့။ မဟုတ်ဘူး။ ဒါဆို ဘယ်သူလဲတဲ့ ၊ မသိဘူးလေ လို့ ကျမကဖြေတော့ … အော် ပြန်ရော… သူတို့ရှေ့က စာအုပ်ကို ကျမကို ထိုးပြတယ်။ အားပါးပါး… ကျမတို့ ဗကသ တိုင်းစာရင်း ၊ မြို့နယ်စာရင်း တန်းစီရေးထားတယ်။ နာမည်ရင်းတွေ မဟုတ်ဘူးလေ။ နာမည်ဝှက်တွေချည်းပဲ။ ကိုယ့်ဖာသာတော့ ကိုယ် သိတာပေါ့။ ဘယ်သူက ဘယ်ကောင်ဆိုတာ။ ဒါမဲ့ သူ့ကို ဘာတွေလဲ လို့ ပြန်မေးတာပေါ့။ တကယ်က ကျမသိတယ် သူတို့ က ရေးထားတဲ့ လက်ရေးကို မသဲကွဲတာ ။ မျိုးသာကီနွယ် လို့ နာမည်ဝှက်ပေးထားတာ ကျမကိုယ်တိုင်ပဲ။ ဟားဟား… ကျမလိမ်တာမှမဟုတ်တာနော်။ ပျို့သာကီနွယ်ဆိုတော့ မသိဘူးလေ ။ အဲဒီနာမည် တလုံးတည်းနဲ့ ကျမတို့ မိုးလင်းသွားတယ်။

မိုးလင်းတော့ ရဲမေ ၂ ယောက် ရောက်လာတယ်။ ကျမက ဒီမြို့ သူစစ်စစ်ဆိုတော့ ရောက်လာတဲ့ ရဲမေ ၂ ယောက်စလုံးက အသိတွေ။ ကျမထက်နည်းနည်း ငယ်တယ်ဆိုပေမဲ့ အထက်တန်း တကျောင်းတည်း။ ၂ နှစ်လောက်ပဲ ကွာတာဆိုတော့ သူတို့ကျောင်းပြီးတာနဲ့ ရဲမေသင်တန်းတက် ရဲမေဖြစ်နေတာတွေ။ ကျမက သူတို့ကို ငယ်နိုင်လိုဖြစ်နေတာ သူတို့သိပုံမရဘူး။ ဟိုကလည်း ခပ်တည်တည်နေပြီး ကျမက အိမ်သာသွားမယ်ဆို လိုက်ပို့ခိုင်းရော။ ရုံးခန်းထဲမှာ အိမ်သာမရှိဘူး။ နည်းနည်း သွားရသေးတော့ လမ်းမှာ ဘယ်လိုဖြစ်တာလဲ အမ။ အိမ်ကိုဘာမှာမလဲတဲ့။ ငါ ဒီမှာဆိုတာပဲ အကြောင်းကြားပေးလိုက်။ ဘယ်ကိုပို့ဦးမယ် မသိဘူးလို့ ပြောလိုက်တယ်။ ဒီနေ့ တနေ့လုံး နင်တို့ငါနဲ့နေရမှာပဲ ။ နေရာပြောင်းတာနဲ့ အကြောင်းကြားပေး သိလားလို့ ပြောထားလိုက်တယ်။ အမ ဘာစားမလဲတဲ့။ ပို့ချင်တာပို့ စားမယ်လို့ ပြောလိုက်တယ်။

ရုံးခန်းထဲ ပြန်ရောက်တော့ ကျမကို ထိုင်ခိုင်းထားတဲ့ ကုလားထိုင်မှာ ထိုင်နေတယ်။ ညက ကျမကို စစ်တဲ့လူတွေ တယောက်မှ မရှိတော့ဘူး။ နောက် ဗိုက်ဆာတယ်လို့ ကျမပြောတော့ အဲဒီရဲမေတွေကို သွားဝယ်ခိုင်းတယ်။ သူတို့သွားဝယ်တဲ့ရုံးဝန်းထဲက ဆိုင်ကလဲ ကျမကို သိတာကိုး။ ကျမအတွက်ဆိုတော့ လဘက်ရည်ကလဲ ၂ ခွက်စာလောက် ။ မုန့်တွေကလည်း စုံလို့ ။ ရဲမေတွေက သယ်လာတော့ ဟဲ့များလှချည်လားတဲ့။ အင်း .. ဆိုင်က ဒီအမကို အလကားပေးလိုက်တာ ။ သူတို့နဲ့ အသိဆိုလို့ ဆိုပြီး ရဲမေတွေက ပြောပြတယ်။ အင်း သူတို့ သိပ်မကျေနပ်ပုံပဲ။ ကျမကတော့ အီကြာကွေးတွေရော ပဲပလာတာတွေရော အပြတ်တီးပစ်တာ။ နောက် ဘယ်အချိန် စားရမယ် မသိတော့ စားရတုန်း အပြတ်တွယ်တာပဲ။ ကြားဖူးနားဝရှိထားတာက ရောက်ရောက်ချင်း စစ်ကြောရေးမှာ ထမင်းမကျွေးဘူး ဆိုတော့ ဒီကနေ စစ်ကြောရေး ဘယ်အချိန်သွားရမယ် မသိတဲ့အချိန်။ သွားကိုသွားရမယ်ဆိုတာလည်း သိနေတဲ့အချိန်။ စားတော့တာပေါ့လေ…. တကယ်ဆိုင်ကပေးသလား သူတို့ပဲ ၀ယ်လာသလား မသိပါဘူး။ ခုချိန်ထိလဲ အဲဒါကို မမေးဖြစ်ခဲ့ဘူး။

အဲဒီနေ့ခင်းမှာတော့ ကျမကို ရဲအချုပ်ကို ပို့လိုက်တယ်။ ပျော်တာပေါ့။ ရဲအချုပ်မှာ အထက်တန်းကျောင်းက ဖမ်းထားတဲ့ကလေး ၁၀ ယောက်လောက်က ရောက်နှင့်နေပြီးသား။ သူတို့ယောက်ျားလေး ၁၄ နှစ် ၁၅ နှစ် ကလေးတွေကတော့ အချုပ်ဆောင်ထဲ မနေရဘူး။ ရဲစခန်းဝင်းထဲမှာ စားပွဲခုံတွေ ခုံတွေချပြီး ပျော်ပွဲစားလားမှတ်ရတယ်။ မိဘတွေက ထမင်းချိုင့်တွေနဲ့ လိုက်လာ၊ အားပေးတဲ့လူတွေက အများကြီး လဘက်ရည်ထုပ်တွေ မှပုံလို့။ ကျမ ရောက်သွားတော့ မိန်းမအချုပ်ခန်းထဲ ထည့်လိုက်တယ်။ အထဲမှာ ရောက်နှင့်နေတာက ချဲမှုနဲ့ ကျတဲ့ ကောင်မလေး တယောက်နဲ့ အဒေါ်ကြီးတယောက်။ ကျန်တာက ၃(ခ) လို့ ကျမတို့ခေါ်တဲ့ ပြည့်တန်ဆာမှုနဲ့ ဖမ်းထားတဲ့ မိန်းမတွေ ။ သူတို့ထဲမှာ တန်းစီးဖြစ်နေတဲ့ မိန်းကလေး တယောက်က ကျမ နိုင်ငံရေးမှုနဲ့ ကျလာတာဆိုတော့ နေရာစီစဉ်ပေးတယ်။ အဲဒီတယောက်က ကျမ ထောင်ကျနေတဲ့ ၂ နှစ်အတွင်း ထောင်ထဲကို ၄ ခေါက်ထက်မနည်း ၀င်လိုက်ထွက်လိုက်။

နောက်အဲဒီအချိန်က ရဲစခန်းမှာ ခံဝန်လက်မှတ် နေ့တိုင်း လာထိုးနေရတဲ့ ကျမသူငယ်ချင်း ယောက်ျားလေး တယောက် မိန်းကလေးတယောက်ရှိတယ်။ သူတို့က လက်မှတ်ထိုးဖို့ စခန်းမှုး အခန်းထဲမ၀င်ခင် ကျမကို လာစကားပြော။ နောက် လက်မှတ်ထိုး။ ပြန်ထွက်လာတော့ ကျမကို ၀င်နှုတ်ဆက်နဲ့ သူတို့ ကြည့်မရတော့ဘူး ထင်ပါ့။ နောက်နေ့တွေမှာ ကျောင်သင်ပုန်းကြီးနဲ့ သံတိုင်တွေရှိနေတဲ့ အ၀င်ပေါက် ကို လာပိတ်ထားပြီး လက်မှတ် လာထိုးသူကိုလည်း ကျမဆီ လာခွင့်မပေးတော့ဘူး။

ဖမ်းထားတဲ့ ကလေးတွေကို ပြန်လွှတ်ပေးလိုက်ပြီလို့ သတင်းကြားရပေမဲ့ ကျမကို ထပ်လာမခေါ်တော့ပဲ ဒီအခန်းထဲမှာ ထည့်ထားတာ ၅ ရက်ရှိသွားပြီ။ အိမ်ကလာပို့တဲ့ ထမင်းစားပြီး ရဲစခန်းထဲက တနေ့တာကို နားဆင်။ ညဖက် တာဝန်ကျ ရဲစာရေးတယောက်နဲ့ ချဲမှုနဲ့ဖမ်းလာတဲ့ ကောင်မလေးတယောက် ဇာတ်လမ်းကလဲ မကြည့်ချင်ပဲ မြင်နေရ။

လူတွေမှာ လူ့ဂုဏ်သိက္ခာရှိတယ်။ အမှန်တရားကိုပဲ လုပ်မယ်။ လူမှုရေးဖောက်ပြန်မှုတွေ မုန်းတဲ့ ကျမရှေ့မှာ အံ့သြဖွယ်ရာ အမှောင်လောကကို မြင်တွေ့ရတာတော့ တကယ့်ကို ရှော့ဖြစ်စေတယ်။ ရှေ့နေက လာရစ်နေတာ။ စခန်းမှုးက လာရစ်နေတာ။ ဒုရဲအုပ်က လာရစ်နေတာ။ အပိုင်ရဲက လာရစ်နေတာ။ အိုး.. ဒီအချုပ်ခန်း ဆိုတဲ့ တရားဥပဒေ အ၀န်းအ၀ိုင်းထဲမှာကိုပဲ ဥပဒေနဲ့ မလွတ်ကင်းမှုတွေရှိနေတာကို မျက်ဝါးထင်ထင်တွေ့ နေရတော့တယ်။ ၆ ရက်မြောက်နေ့မှာ ထောက်လှမ်းရေး တာဝန်ခံတယောက် လာတွေ့တယ်။ သူက တပ်ကြပ်ကြီးဖြစ်ပြီး သူ့ကို ကျမသိနေတယ်။ သူ့လို၃ ရစ်ကို ရဲမြို့နယ်မှုး ၃ပွင့်က ခါးကျိုးနေအောင်ကို ရိုသေပြရတယ်။ ကျမကို သူ့ရှေ့စားပွဲမှာ ထိုင်ပြီး ဘာပြောချင်သလဲလို့ စမေးတယ်။ ကျမကို ဘာပုဒ်မနဲ့ တရားစွဲလဲ ပြောပြပါ။ နောက် ကျမဘာဝရမ်းမှ မရှိပဲ ၂၄ နာရီထက်ကျော် ချုပ်ထားတာကို ကျမ မကျေနပ်ဘူးလို့ ပြောတယ်။ ဘာထပ်ပြောချင်သေးလဲတဲ့။ အင်း ဒီရဲအချုပ်မှာ နေရင်း ကျမ မတရားတာတွေချည်း တွေ့နေရတယ်။ အားလုံးဥပဒေကို ချိုးဖေါက်နေပါတယ် ဆိုပြီး ကျမသိသမျှ အကုန် အိတ်သွန် ဖာမှောက် ပြောလိုက်တယ်. အေးရော။

စခန်းမှုးရော မြို့နယ်မှုးရော မျက်နှာပျက်သွားတယ်။ ကျမကို အခန်းထဲ ပြန်သွင်းပြီး ညနေဖက်မှာ မိန်းမအချုပ်ခန်းက လူတွေအားလုံး ထောင်ထဲကို ပို့လိုက်တယ်။ ကျမ တယောက်တည်း ရှိတော့တဲ့ညပေါ့။

(၇) ရက်မြောက်နေ့ကို ပျင်းရိစွာ ကုန်ဆုံးရတယ်။ တယ်လီဖုန်းဖြေတဲ့ ရဲသားလေးတောင်မှ စကားကို အရင်လို ကျယ်ကျယ် မဖြေတော့ဘူး။ ကျမကို ပိတ်ထားတဲ့ ကျောက်သင်ပုန်းကြီးလဲ မရှိတော့ဘူး။ တံခါးနောက်နားက အုတ်ခုံလေးမှာ ကျမထိုင်ပြီး ရုံးခန်းထဲကို ကြည့်နေရင် သူတို့ ပြန်မကြည့်ရဲဘူး။ ကျမစကားပြောဖော်လဲ မရှိ။ ထမင်းချိုင့်လာပို့ရင် ချိုင့်ပဲ သွင်းခွင့်ပေး တယ်။ နေပေါ့ … ။ နေ့ခင်းဘက် အိပ်နေလိုက်တော့တယ်။

ညနေ ၆ နာရီလောက် မှောင်စပျိုးချိန်မှာ စစ်ဝတ်စုံနဲ့ ၂ ယောက် စခန်းမှုးအခန်းထဲကို ၀င်သွားတယ်။ သိပ်မကြာဘူး ကျမ နာမည်ခေါ်ပြီး တံခါးသော့ကို လာဖွင့်တယ်။ စခန်းမှုးက ကြင်နာသနားတဲ့ အသံနဲ့ အသံကိုနှိမ့်ပြီး ထောက်လှမ်းရေးက လာခေါ်တယ် ပစ္စည်းတွေ အကုန်သိမ်းပြီး လိုက်သွားရမယ်တဲ့။ ဟုတ်လား ကောင်းပါတယ် လို့ ကျမက ပြန်ပြောပြီး သူတို့လာခေါ်တဲ့ အီးတူးသောင်ဇင် ကားနောက်ခန်းကို တက်လိုက်တယ်။ ဒီမြို့သူစစ်စစ်က ဘယ်ကိုသွားမယ်ဆိုတာ သိတာပေါ့။ ကျမတို့မြို့ပြင်ဖက်က စစ်တပ်ရှိရာကို ဦးတည်မောင်းနေတယ်။ မြို့ထဲကို ဖြတ်။ နောက် မြို့စွန် လယ်ကွင်းတွေကို ဖြတ်ချိန်မှာ ဘေးနားက စစ်သားတယောက်က ကျမကို ခေါင်းစွပ်လာစွပ်ပြီး ကြိုးကို တင်းတင်း ချည်လိုက်တယ်။ ဘယ်ကိုသွားတယ် ဆိုတာ ကျမ သိပါတယ် လို့ ပြောလိုက်တော့ ဘာမှ ပြန်ဖြေသံမကြားရဘူး။

ဆက်ရန်...

7 comments:

ကိုပေါ said...

အင်မတန် စိတ်ဝင်စားဘို့ကောင်းပါတယ်။ စောင့်ဖတ်နေပါမယ်။

Unknown said...

If you can give an introduction on why had you been arrested, in which organization you were working, like these detail, the article can give us much needed facts on our current history.
thanks

Lwin Moe said...

i will be looking forward to reading more.

Kaung Kin Ko said...

ဒိုင်ယာရီ အမှတ်တစ်ကို ဖတ်သွားပါတယ်အစ်မ။ စိတ်ဝင်စားဖို့ ကောင်းတယ်ဗျာ။ သက်ညှာမှုရှိတဲ့ ဒုရဲအုပ်ကိုလည်း လေးစားမိပါတယ်။

မေ့သမီး said...

အစ်မ အခုမှတွေ့လို့ အစကပြန်ဖတ်နေတယ်။ အစ်မ email ပေးမလား။ ညီမ ဆက်သွယ်လို့ရအောင်။

သင်းနွယ်ဇင် said...

အခုမှစဖတ်နေပါတယ်။

Anonymous said...

အပိုင်း ၁ ဖတ်ပြီးပြီ အများအကျိုးအတွက် မိမိအကျိုးမငဲ့ဘဲ ယုံကြည်ချက်ခိုင်မာသူတွေကို လေးစားတယ်