Thursday, March 20, 2008

ဘ၀ ဒိုင်ယာရီ အမှတ် တစ် အပိုင်း (၇)


အပိုင်း (၇)


နေ့ရက်တွေ ကြာလာတာနဲ့အမျှ ဒီနေရာကနေ အမြန်ထွက်ခွာချင်လာတယ်။ သူတို့တွေက တနေ့ခေါ်မေးလိုက် ဒီတိုင်းပစ်ထားလိုက်နဲ့ စိတ်ဓါတ်စစ်ဆင်ရေး လုပ်နေတာပဲ ဖြစ်မယ်လို့ ကိုယ့်ကိုယ်ကို အားပေးရင်း ကျော်ဖြတ်ရတာကတော့ ဘ၀မှာ နောက်တွေ့မယ့် ဒုက္ခတွေကို ခပ်ပျော်ပျော် ဖြတ်သန်းရအောင် လေ့ကျင့်ပေးလိုက်သလိုပဲ။ စိတ်သိပ်တိုတတ်ပြီး စောင့်ရတာကို လုံးဝ သည်းမခံနိုင်တဲ့ ကျမအတွက် အချိန်ဆိုတာ ဂရုစိုက်လို့ မရအောင်ကို စိတ်ကို ဆွဲဆန့် ထားလိုက်ရတဲ့ အချိန်ကာလတွေပါပဲ။
ကိုယ့်ထွက်ချက်တွေကို လက်မှတ်လာထိုးရင် ဒီနေရာက ထွက်ရပြီသာမှတ်လို့ ပြောပြဖူးတဲ့ သူငယ်ချင်းတယောက်ကို ခုထိ ဘာလို့ လက်မှတ်လာမထိုးသေးတာလဲ လို့ စိတ်ကူးနဲ့ အခါခါမေးနေမိတာလဲ နေ့တိုင်းရဲ့ အချိန်တိုင်းပါပဲ။ လူတွေနဲ့ တွေ့ချင်စိတ်၊ စကားပြောချင်စိတ်တွေကို ထိန်းထားရတာလဲ တော်ရုံ သည်းခံလို့ မရပါဘူး။ ခုလိုအချိန်ကာလမှာ နေရတော့မှ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း ဆိုတာ လူတယောက် ရှင်သန်ဖို့ တကယ့်လိုအပ်ချက်ပါလား ။ လူဆိုတာလဲ သစ်ပင်တွေလိုပဲ ။ ရေမြေလေ သဘာဝတွေ လိုအပ်သကိုးလို့ ကိုယ့်ဖာသာ ကောက်ချက်တွေ ဆွဲလို့ ပညာတတ် ဆန်ဆန် တွေလဲ တွေးတတ်လာခဲ့ပြီ။


အံ့သြစရာ တခုကို ဒီရက်ပိုင်းမှာ တွေ့လိုက်ရတယ်။ အဲဒါကတော့ ကျမဆီကို နန္ဒသိန်းဇံ စာအုပ်တွေ အတွဲလိုက် လာပို့ပြီး အခန်းထဲက မီးလုံးကို ဖွင့်ပေးလိုက်တာပါပဲ။ ကျမနဲ့ ဆွေးနွေးတဲ့ တယောက်က ကျမ ဘာစာအုပ်တွေ ဖတ်သလဲ မေးခဲ့တုန်းက နန္ဒသိန်းဇံလို့ ပြန်ပြောခဲ့တာကို ကျမက မေ့နေပေမယ့် အဲဒီလူက စာအုပ်တွေ လာပို့ပေးသွားမှ ကျမက သတိရမိတယ်။ ခုတော့ စစ်ကြောရေး အခန်းထဲမှာ မီးလုံးတလုံးလင်းလာတာဟာ တော်တော်လေးကို နေပျော်စရာဖြစ်နေတာပဲ။ စာအုပ်တွေ အများစုက ကျမဖတ်ပြီးသား မိတ်ကောင်းဆွေကောင်းနဲ့ ခရီးသွားခြင်း လိုစာအုပ်တွေ ပါသလို နန္ဒသိန်းဇံ ကျမ်းပြုအဖြစ် တင်သွင်းတဲ့ စာအုပ် ( ကျမ အခု နာမည်မေ့နေပြီ) လို ကျမ မဖတ်ရသေးတာတွေလဲ ပါလာတယ်။ စာအုပ်တွေကို ခေါင်းအုံးလိုက် မှောက်လိုက်၊ စာဖတ်လိုက်နဲ့ အဲဒီနေ့ ရက်ကတော့ အချိန်တွေ ကုန်မှန်းတောင် မသိဖြစ်သွားတော့တယ်။ ကျမအခန်းထဲက မီးလင်းနေပေမယ့် ကျမဘေးခန်းက ဦးလေးကြီးကို ခေါ်ထုတ်သွားတာတွေ ၊ ပြန်သွင်းလာတာတွေ ခပ်စိတ်စိတ် ဖြစ်လာနေတဲ့ အပြင် သူ့ကို တခါတခါ ပြန်မသွင်းပဲ နောက်တနေ့မှ ပြန်ရောက်လာတာတွေ အတွက်တော့ ကျမက တော်တော် စိတ်မကောင်း ဖြစ်နေတော့တယ်။ ကျမအထင်တော့ ကျမ ဒီအခန်းထဲက ထွက်ရမယ့်ရက် နီးလာနေပြီလို့ ခံစားလာရတယ်။
---------
ကျမ အိပ်ရာက နိုးနိုးချင်း မထသေးပဲ စိတ်ထဲမှာ တွေးနေမိတာ တခုရှိနေတယ်။ အဲဒါကတော့ ကျမကို သိပ်မစစ်ဆေးပဲနဲ့ ဘာ့ကြောင့် ဒီလောက်ကြာကြာ ဒီထဲမှာ ထားနေရလဲ ဆိုတာကိုပဲ။ ကျမရှေ့က အုပ်စုတွေမှာ မိန်းကလေး တွေဆိုရင် စစ်ကြောရေး ဖြတ်သန်းချိန် တပတ် လောက်ပဲ ဆိုတာကို သိထားနေတော့ ခုလို ၄ ပတ်ထဲ ၀င်လာတဲ့ ထိ ဘာ့ကြောင့် ထားသလဲ ဆိုတာကို ဘယ်လိုမှ စဉ်းစားမရဖြစ်နေတယ်။ အဲဒါကို သိချင်စိတ်ကလည်း ပို ပိုများလာတယ်။ ကျမကို လာခေါ်စစ်ပါစေ လို့ပဲ ဆုတောင်းနေတယ်။ ဒီတခါ စစ်ရင်တော့ မေးကြည့်ဦး မယ်လို့လဲ စိတ်ထဲမှာ တေးထားလိုက်တယ်။

တိုက်ဆိုင်ချင်တော့ အဲဒီလို တွေးပြီးတာ သိပ်မကြာခင်မှာပဲ ကျမကို ခေါင်းစွပ်ပြီး လာခေါ်ပြန်တယ်။ ခပ်ပျော်ပျော်တွေးမိရင်း လိုက်သွားရတာကလည်း ခြေလှမ်းတွေကို ပေါ့ပါးနေစေတယ်။ နောက် လူကလည်း တက်ကြွနေတာပဲ။

ကျမကို ထိုင်ခိုင်းတဲ့နေရာမှာ ထိုင်လိုက်တာနဲ့ ကျမလမ်းလျှောက်လာတာကို ကြည့်နေပုံရတဲ့ စစ်ဆေးမယ့်သူက စစ်ကြောရေးကို ဘာထင်နေလဲလို့ ခပ်မာမာ စဟောက်လိုက်တယ်။ ကျမကလည်း ဘာမှမထင်ဘူး လို့ ခပ်အေးအေး ပြန်ပြောလိုက်တာပေါ့။ သူက စဟောက်တော့ ကျမစိတ်ထဲမှာလဲ တင်းကနဲ ဖြစ်သွားပြီကိုး။ နင်က နောင်တ မရသေးဘူးလားတဲ့။ အင်း .. ကျမတော့ ဒီတခါ အရိုက်ခံရဖို့ ကြိမ်းသေနေပြီလို့လဲ စိတ်ထဲမှာ ကြိုတွေးထားလိုက်တယ်။ နောင်တက ဘာကို ရ ရမှာလဲ လို့ ပြန်မေးလိုက်တော့ မရယ်ချင့် ရယ်ချင်နဲ့ ဖြစ်ညှစ် ရယ်သံက အရင်ထွက်လာတယ်။ နင့်ကို ဒီလို ထားတာတောင် နင်မသိသေးဘူးလားတဲ့။ ကျမအတွက် နောင်တ ရစရာ ဘာမှ မလုပ်ခဲ့ဘူး။ ဒါ့ကြောင့် ဘာကို နောင်တရ ရမှာလဲ နားမလည်ဘူးလို့ ပြောလိုက်တော့ နင်က တော်တော် သတ္တိကောင်းနေပါ လားတဲ့။ ကျမလဲဒေါသထွက်ပြီး လုပ်ရဲတာ သတ္တိမဟုတ်ဘူး။ ခံရဲတာ သတ္တိလို့ ဗိုလ်ချုပ်အောင်ဆန်း ပြောဖူးတယ်လေ လို့ ဖြစ်ချင်ရာဖြစ် ရိုက်ချင်လဲ ရိုက်ဆိုပြီး ပြန်ပြောပစ်လိုက်တယ်။

ကျမမျှော်လင့်ထားတဲ့ လက်သီးတွေဘာတွေတော့ ရောက်မလာခဲ့ပါဘူး။ နင်ပြန်တော့ ဆိုတဲ့ စကားသံထွက်လာပြီး ကျမ ပြန်လာခဲ့ရတယ်။ ကျမ အခန်းကို ရောက်ပြီး သိပ်မကြာခင်မှာပဲ နောက်ထပ် တံခါးခေါက်သံထွက်လာပြီး ကျမ တချိန်လုံးမျှော်လင့် နေတဲ့ လက်မှတ် ထိုးဖို့ ကိစ္စက မြန်မြန်ဆန်ဆန် ရောက်လာပါတော့တယ်။

လက်မှတ်ထိုးဖို့ ကျမရဲ့ ထွက်ဆိုချက်တွေကို ကျမက တရွက်ချင်းပြန်ဖတ်ဖို့လုပ်နေတော့ လက်မှတ်လာထိုးခိုင်းတဲ့ တယောက်က မဖတ်ရဘူး။ စာရွက်တိုင်းရဲ့ အောက်မှာ ကိုယ့်လက်မှတ်ထိုးလိုက်ပါတဲ့။ ဒါဆို ကျမလက်မှတ်မထိုးနိုင်ဘူးလို့ ပြန်ပြောပြီး မော့ကြည့်လိုက်တော့ ထွက်ချက်တွေ ပြောတဲ့နေ့က သက်သေအဖြစ် ထိုင်တဲ့လူက ခုတော့ လက်မှတ်ထိုးဖို့ လာပေးနေတဲ့လူ ဖြစ်နေပြန်ပါရောလား။ အော် တော်တော်တတ်လဲ တတ်နိုင်တဲ့ လူတွေလို့ တွေးမိရင်း လက်မှတ်မထိုးဘူး လို့ ပြန်ပေးလိုက်ပြီး ကျမအခန်းထဲ ပြန်ဝင်နေလိုက်တယ်။

ကိုယ့်ရဲ့ ထွက်ဆိုချက် ဆိုတာကို တောင် ကိုယ်တိုက်မဖတ်ရပဲ လက်မှတ်ထိုးခိုင်းတာတော့ တော်တော့်ကို လွန်လွန်းတယ်လို့ ကျမ ထင်တဲ့အတွက် အင်မတန်ထိုးချင်နေပြီး ဒါထိုးရင် ဒီနေရာက ထွက်ရမှာ သေချာနေတဲ့ လက်မှတ်ကို ကျမက မထိုးပဲ ငြင်းပစ်လိုက်နိုင်ခဲ့တယ်။ ကျမလဲ စိတ်တိုဒေါသထွက်ရင်း အိပ်ရာပေါ်မှာ ပြန်လှဲနေလိုက်တယ်။
--------
နောက်တနေ့ကို ရောက်လာပြန်တယ်။ ဖတ်စရာ စာအုပ်လဲ မရှိတော့ဘူး။ စာဖတ်နှုန်းမြန်တဲ့ ကျမအတွက် စာအုပ်တွေက ၀ါးစားရသလို ဖြစ်နေတယ်။ လက်မှတ်ထိုးဖို့ ငြင်းထားတာကို ဘယ်လို ဆက်ဖြစ်မယ် ဆိုတာကိုလဲ သိချင်နေပြန်တယ်။ ဒီနေ့တော့ သူတို့ တနည်းတလမ်း လုပ်လာဦးမှာပဲ လို့လဲ စိတ်ထဲမှာ ကြိုတွက်ထားပြီး ဘယ်လို ပြန်လုပ်နိုင်မလဲ ဆိုတာကိုလည်း ဘာလာမယ် မှန်းမသိပဲ ကြိုပြီး ရောက်တတ်ရာရာ တွေးနေမိတယ်။ တံခါးခေါက်သံကို နားထောင်နေရင်း လက်မှတ် လာထိုးပါစေလို့လဲ စိတ်ထဲက ကြိတ်ဆုတောင်းနေမိပြန်တယ်။ ဒီရက်တွေမှာ လက်မှတ်လာထိုးပြီးတာနဲ့ ကျမဟာ ဒီလိုနေရာက လွတ်ပြီး လူလူသူသူ နေရတော့မှာပဲ ဆိုတာကို အကြိမ်ကြိမ်ကြိုတွေး ကြိုပြီး ပျော်ချင်နေတာကိုး။ ဒီတခါလာထိုးခိုင်းရင် မဖတ်ပဲကို ထိုးပစ်လိုက်မယ်လို့လဲ တခါတခါ တွေးမိလိုက်ပါသေးတယ်။

ဒီလိုနဲ့ ကျမစောင့်မျှော်နေတဲ့ အချိန်က နေ့လည်တော်တော်စောင်းနေချိန်မှာ ရောက်လာပါတော့တယ်။ မနေ့က လာတဲ့ တယောက်မဟုတ်ပဲ နောက်တယောက် ဖြစ်နေတာကို စာရွက်လှမ်းယူရင်း သေချာ မြင်လိုက်ရပါတယ်။ ဒီတခါတော့ ဖတ် မဖတ်နဲ့ ဆိုတာ ဘာမှမပြောပဲ စာရွက်တွေကို လှမ်းပေးလိုက်တာပါ။ ပထမ စာမျက်နှာကို ကျမဖတ်ပြီး လက်မှတ်ထိုးလိုက်တယ်။ နောက်စာမျက်နှာကို လှန်တယ် ခပ်မြန်မြန် ဖတ် လက်မှတ်ထိုး။ နောက်တရွက် လှန် ခပ်မြန်မြန်ဖတ် လက်မှတ်ထိုး ၊နောက်တရွက် တော်တော့်ကို မြန်မြန်ဆန်ဆန်ဖတ် လက်မှတ်ထိုး တချို့စာရွက်ကို မဖတ်ပဲ လက်မှတ်ထိုး တော်တော်တော့ ဟုတ်နေတာပါပဲ။ ဒါပေမယ့် စာမျက်နှာ ၂၄ မျက်နှာ တိတိ ဆိုတာတော့ အသေအချာ မှတ်မိလိုက်ပါတယ်။

စာရွက်တွေကုန်တော့ လှမ်းပေးလိုက်ပြီး ကိုယ့်အခန်းထဲ ပြန်ဝင်နေလိုက်တယ်။ တံခါးပိတ် သော့ခတ်ပြီး ပြန်ထွက်သွားသံ ကြားလိုက်တော့ ဒီအခန်းထဲက မကြာမီသော အချိန်မှာ ထွက်ရတော့မယ် ဆိုတဲ့ အသိက ပိုခိုင်မာလာတာမို့ အခန်းထဲက မီးလုံးမှိန်မှိန်လေး အောက်မှာ နံရံတွေကို လျှောက်ကြည့်မိနေတယ်။ နောက် သစ်သားတံခါးရဲ့ ဘောင်လေးမှာ မည်သို့ပင်ဖြစ်စေ ချစ်နေဦးမည် ဒီမိုကရေစီ ဆိုတဲ့ စာကြောင်းလေးကို ဆံပင်ညှစ်တဲ့ ကလစ်နဲ့ ခပ်ဖိဖိ ခြစ်ရေးပစ်လိုက်တယ်။ တကယ်လို့ ကျမနေခဲ့တဲ့ ဒီအခန်းလေးထဲကို နောက်ထပ်ရောက်လာဦးမယ့် လူတွေ ဖတ်မိခဲ့ရင် အားတက်စေမယ်လို့ ထင်မိလို့ ဒီစာသားလေးကို ချရေးခဲ့တာပါ။

နံရံတွေပေါ်မှာ ၁ ၊ ၂၊ ၃၊ ၄ တွေကို ချရေးထားတာတွေကိုလည်း တွေ့ရပါတယ်။ သူတို့တွေက အုတ်နီခဲ ရောင်တွေနဲ့ ရေးထားတာမို့ ဒီအခန်း ထဲကို အ၀င်မှာ လမ်းက ခဲတလုံး လုံး ကို ခိုးယူကောက်ခဲ့ပြီး ခုလို ရေးရင် ရတာပဲလို့ အဲဒီတော့မှ သိတော့တယ်။ ကျမ ကလစ်ကလေးနဲ့ ခြစ်ထားတဲ့ အရာလေးတွေက မှောင်ထဲမှာမို့ ဘာမှ မမြင်နိုင်ဘူး မဟုတ်လား။ ဒီလိုနဲ့ ဒီအခန်းလေးကို အသေအချာလိုက်ကြည့်နေရတာကို သဘောကျနေ ပြန်ရော။ ခုလို ဆိုတော့လဲ ဒီနေရာကလေးက ထွက်သွားရတော့မှာ ပျော်သလိုလွမ်းသလိုပါပဲ။ ဒီလိုနဲ့ အိပ်ရာပေါ်ကို ပြန်လှဲနေရင်း လာခေါ်မှာကို ပဲ စောင့်နေလိုက်တော့တယ်။

သိပ်မကြာခင်မှာပဲ တံခါးသော့ဖွင့်သံ ၊ တံခါးဖွင့်သံတွေနဲ့ အတူထမင်းလာပို့တဲ့ အမတွေ အသံကြားလိုက်ရတော့ ညနေစာ ကျွေးဖို့တောင်လာနေပြီဆိုပြီး ထမင်းစားဖို့ ထထိုင်စောင့်နေလိုက်တယ်။ အဲဒီအမတွေက အခန်းတံခါးဝကို ရောက်လာပြီး ညီမ ရေချိုးမလားလို့ လာမေးတော့ တော်တော်အံ့သြသွားတယ်။ ဒီရောက်တာ ကြာလှပြီးတခါမှ ရေမချိုးရသေးတာမို့ အင်း လို့ ဖြေလိုက်တော့ သူတို့လက်ထဲမှာ ကျမ လာတုန်းက သိမ်းထားတဲ့ ကျမရဲ့ အ၀တ်အစားအိတ်ကလေးပါလာတာကို တွေ့ရတယ်။ အ၀တ်ထုတ်ကို လှမ်းယူပြီး ခေါင်းပါလျှော်ချင်တယ် ဆိုပြီး ပြောတော့ ခဏလေးစောင့်နော် ဆိုပြီး တယောက်က ထွက်သွားတယ်။ နောက် သူပြန်လာတော့ မဉ္ဖု ခေါင်းလျှော်ရည် ဗူးသေးတဗူးပါလာတယ်။ ရေချိုးခန်း အိမ်သာ တွဲနေတဲ့ အခန်းထဲမှာ ၀င်ပြီး ရေချိုးတော့ အဲဒီ ခေါင်းလျှော်ရေဗူးသေး တ၀က်လောက်ကို ကုန်သွားအောင် သုံးပစ်လိုက်တယ်။ ကဲ မှတ်ကရောဆိုပြီး ခေါင်းတခါလျှော်လိုက် ။ ရေလောင်းလိုက် ထပ်လျှော်လိုက်နဲ့ လုပ်ပစ်တာပေါ့။ ရေမိုးချိုးပြီး အကျီ င်္လုံချည်လဲ ၊ ပြီးတော့ ထမင်းကျွေးမယ် ထင်တာ မကျွေးပဲ အပြင်ကို အထုပ်တွေပါ သယ်ခိုင်းပြီး ခေါ်လာပြန်တယ်။ ခေါင်းစွပ် စွပ်ခေါ်လာတာမို့ ဘယ်ကိုမှန်း မသိပေမယ့် ဒါဟာ ဒီနေရာက အပြီးထွက်ရတော့မယ် ထင်တယ်ဆိုတဲ့ အတွေးက ပိုလို့ ရှင်သန်လာတော့တယ်။

စားပွဲတခုရှေ့မှာ ရပ်နေတုန်းမှာ ဘာပြောချင်လဲ ဆိုတဲ့စကားသံ ကြားရတယ်။ ပြောစရာမရှိဘူးလို့ ကျမကပြောတော့ နင့်ကို ဒီနေရာကနေ ပြန်လွှတ်တော့မယ်။ နင်ဥပဒေအရ ရင်ဆိုင်နိုင်ပါတယ်တဲ့။ ဟုတ်ကဲ့ လို့ ပြန်ပြောတော့ ကဲ သွားလို့ရပြီတဲ့။ အားပါးပါး ပြန်လွှတ်တော့လဲ လွယ်သားပါလား လို့ တွေးရင်း ၀မ်းသာအားရ လှည့်ထွက်လိုက်တယ်။ ကျမကို ပြန်ပို့မယ့် ကားဆီကို ခေါင်းစွပ်ရက် ခေါ်သွားတဲ့အခါ အထုပ်ဆွဲ ရေဗူးပိုက်ရင်း အားရပါးရ လျှောက်လိုက်လာမိပါတော့တယ်။


(ခုလို စိတ်ရှည်လက်ရှည် စောင့်ဖတ်ပေးသူများ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ ထောင်ထဲကို အသွားလမ်းနဲ့ ထောင်တွင်းအတွေ့အကြုံတွေကိုတော့ အမှတ် နှစ် အဖြစ် မှတ်မိသလောက် ဆက်ရေးမယ်လို့ စိတ်ကူးထားပြီးသားပါ။ ဒါပေမယ့် ခုအချိန်က အရေးကြီးတဲ့ ပြည်သူ့ဆန္ဒခံယူပွဲနဲ့ ပတ်သတ်တာတွေလဲ ရေးတင်ဖို့ လိုမယ် ထင်လို့ အဲဒီပို့စ်တွေ တင်ချင်ပါသေးတယ်။ ကွန်ပျူတာ ဗိုင်းရပ်ထိသွားမှု၊ အင်တာနက် လိုင်းသစ်ပြောင်းလျှောက်နေရမှု၊ အလုပ်ပိနေမှုတွေ ကြောင့် ကြန့်ကြာနေမှုအားလုံးကို ခွင့်လွှတ်သည်းခံရင်း အားပေးကြလို့ အရမ်းကို ကျေနပ်မိပါတယ်။)

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

8 comments:

P.Ti said...

စိတ်ဓာတ် ကြံ့ခိုင်စွာ စစ်ကြောရေးကို ကျော်ဖြတ်ခဲ့တာကို ချီးကျူးပါတယ် အမရေ… ဂုဏ်လည်းယူပါတယ်။
လုပ်ရဲတာ သတ္တိမဟုတ်ဘူး။ ခံရဲတာ သတ္တိ ဆိုတဲ့စကားကို စိတ်ထဲမှာ မှတ်ထားလိုက်ပါတယ်။

အချိန်ရရင် ဆက်ပြီးရေးပါဦး။ ဖတ်ဖို့ စောင့်နေပါတယ်။

Swan said...

Thanks for Part 7. Were you released from detention as your concluding paragraph indicated? Or were you sent to prison?

ခင်မင်းဇော် said...

ကိုပီတိ - ဆက်ရေးဖို့ အားပေးသူတွေ ရှိနေလို့ ရေးဦးမှာပါ။

swan ရေ အမက အနောက်တောင်တိုင်း စစ်ဌာနချုပ် ထောက်လှမ်းရေး ၄ (MI 4) ကနေ ပုသိမ်ထောင်ကို ပို့ဆောင်ခြင်း ခံလိုက်ရတာပါ။ ဒီအကြောင်း ဆက်ရေး ပါဦးမယ်။

s0wha1 said...

အော်... ပြန်လွှတ်လိုက်တာလားလို့... အန်တီရေ မြန်မြန် ဆက်ရေးပါ...

Nanda said...

ဆက်ရေးပါအုံးအမရေ

Anonymous said...

အမရေ ...

“လုပ်ရဲတာ သတ္တိမဟုတ်ဘူး။ ခံရဲတာ သတ္တိ ” ဆိုတဲ့စကားကို အမပြောဖူးတဲ့ တခြားစကားတချို့ နဲ့အတူ ဂျစ်လည်း မှတ်ထားလိုက်ပါတယ် ။

ZMT said...

အံတီရေ ကျန်တော်လည်းပြန်လွတ်တယ်ထင်နေတာဗျ အပိုင်း၂ကိုဆက်ေ၇းပါဦးဗျ စိတ်ဝင်စားစ၇ာကောင်းလို့

Anonymous said...

comment မရေးဘဲ မနေနိုင်အောင် ကောင်းလွန်းနေပါတယ်...