Wednesday, March 26, 2008

ဇာတိမြေ (သို့မဟုတ်) သတိတရရှိလှတဲ့ အိမ်

ဒီခေါင်းစဉ်နဲ့ သမီး စိုးဝှက်လေးက tag တာခံထားရလေတော့ ရေးပေးပါ့မယ်ပေါ့၊ ဒီအကြောင်းအရာက ဘယ်တော့မှ မရိုးနိုင်အောင် ပြောပြနိုင်တဲ့ အကြောင်းအရာလေး မဟုတ်လား။(ဒီခေါင်းစဉ်ကို အမြန်ရေးမှ ကိုယ်ရေးချင်တဲ့ ခေါင်းစဉ်က ရေးရမှာကိုး)

တကယ်တော့ ကျမရဲ့ ဇာတိမြေဆိုတာ ကျမဘ၀ရဲ့ အနှစ်သက်ဆုံးနဲ့ ဂုဏ်အယူဆုံး နေရာလေး တခုပဲလေ။ ဧရာဝတီတိုင်း ဆိုတာ ကျမတို့ နိုင်ငံရဲ့ စပါးကျီ။ အဲဒီစပါးကျီရဲ့ မြို့တော်၊ နောက် ဂုဏ်ယူစရာ မြို့နာမည်နဲ့ ကျော်ကြားတဲ့ မုန့် ၊ ထီး ၊ ကမ်းခြေအပန်းဖြေ စခန်းတွေ နဲ့ အလှပဆုံး ဆိပ်ကမ်းမြို့လေးလည်း ဖြစ်နေသေးတယ်။
ပစောက်ပုံဆန်းဆန်းလေးနဲ့ လှပတဲ့ပုသိမ်ဆိပ်ကမ်း
ပုသိမ်ထီး အရွယ်စုံကို ဒီလိုတွေ့ရမယ်
ဓါတ်ပုံတွေကို ဒီက ယူပါတယ်

ကျမဟာ ဘ၀မှာ ပုသိမ်သူပါလို့ ဂုဏ်ယူစွာ အမြဲပြောဖြစ်တဲ့အထိ ပုသိမ်သူစစ်စစ် ဖြစ်ပါတယ်။ ကျမတို့ မြို့လေးဟာ အင်မတန်အေးချမ်း ပြီး စားဖွယ်ပေါတဲ့ မြို့ကလေး ဖြစ်လို့ ပုသိမ်ကို အစိုးရ၀န်ထမ်းအဖြစ် တာဝန်ကျပြီး သူတိုင်းဟာ သူတို့ရဲ့ အလုပ်က အနားယူချိန်မှာ ဒီမြို့ကလေးမှာပဲ အခြေချကျဖို့ စဉ်းစားကြတော့တယ်။ သူများမြို့တွေမှာ ပိုက်ဆံရှိရင်တောင် ၀ယ်ဖို့မလွယ်တဲ့ ပုဇွန်ထုပ်ကြီးတွေကို ပေါပေါများများ တွေ့ရှိရတဲ့အခါ၊ မီးဖုတ်ပြီး သုတ်စားရတဲ့ အခါမှာ ဒီမြို့မှာ လူဖြစ်ရတာ တယ်ကောင်းပါလား လို့လဲ အခါခါတွေးမိပါတယ်။ ကျမတို့ မြို့က ပုဇွန်ချဉ် မျိုး ဘယ်မြို့မှာမှ မတွေ့နိုင်ပါဘူး။ ထမင်းနဲ့ ပုဇွန်ကို ရောနယ်ထား တာမျိုး မဟုတ်ပဲ တကယ့်ကို ပုဇွန်ချဉ်တုံးလေးမှာ ထမင်း ကိုမနည်းရှာရအောင် အသားများ သလို အရသာလဲ သိပ်ကောင်းပေါ့။ ကျမတို့ မြို့ရဲ့ ဟာလ၀ါ၊ ပုသိမ်ထီး တွေဟာလဲ မြို့အမှတ်တံဆိပ် မဟုတ်ပါလား။ ဘယ်နေရာရောက်ရောက် ပုသိမ်ကဆိုတာနဲ့ ပုသိမ်ဟာလ၀ါအကြောင်း ချီးမွမ်းကြတာပဲ ကြားရပါတယ်။

ကျမတို့ အိမ်ကိုလာလည်တဲ့ တောင်ပေါ်ဒေသက သူငယ်ချင်းတွေဆိုရင် ကျောက်ပုဇွန်ကို မီးဖုတ်ကျွေးတော့ ဒါ အပြင်မှာ တကယ်ရှိတာကိုးတဲ့။ သူတို့က အရုပ်ပဲ ရှိမယ် ထင်တာတဲ့။ အော် ချိုလိုက်တာ ဆိုပြီး သူ့အမေကို သတိတရနဲ့ ကျွေးချင်လိုက်တာတဲ့။
အင်း ကျမက အစားအသောက်မက်သူဆိုတော့ အစားအသောက်ချည်း ပြောတယ် ဖြစ်ဦးတော့မယ်။ တကယ်တော့ စားဝတ်နေရေး လို့တောင် ဆိုထားသကိုး။ အစားကို အရင်ပြောရတော့မပေါ့။ ကျန်တာကတော့ အခြားမြို့တွေလိုပါပဲ။

ကျမရဲ့ ဇာတိမြို့ကလေးမှာ ကျမတို့ငယ်စဉ်က နေခဲ့ရတဲ့ အိမ်ကတော့ ၂ထပ်ဆိုပေမယ့် အင်မတန်ကျဉ်းတဲ့ တိုက်ခန်းကျဉ်းကျဉ်းလေး ၊ အဲဒီကျဉ်းကျဉ်းလေးမှာပဲ ကျမတို့ မောင်နှမ ၃ ယောက်စလုံး ၁၀ တန်းအောင်ခဲ့ကြတယ်။ ကျမ တို့အိမ်မှာ စည်းကမ်းကောင်းလွန်းလို့ဆိုပြီး (တကယ်က စည်းကမ်းကြီးလွန်းတာ) လာပြီး ကျောင်းတက်ခိုင်းတဲ့ မောင်နှမ ၀မ်းကွဲတွေကလည်း နှစ်စဉ် အနည်းဆုံး ၁ ယောက်ကနေ ၃ ယောက်ထိရှိနေတယ်။ နောက် မိဘတွေ ဆုံးမမရတဲ့ (ဆေးသုံးတဲ့ မောင်ဝမ်းကွဲ၊ အရက်သောက်တဲ့ အကိုဝမ်းကွဲ၊ ရည်းစားများတဲ့ အမ၀မ်းကွဲ) စသဖြင့် အမျိုးဝမ်းကွဲတွေကိုလည်း ပို့ထားတတ်သေးတယ်။ ကျမတို့ရဲ့ အကျင့်ကောင်းတွေ ကူးသွားစေဖို့ ဖြစ်မယ် ၊ (ဟဟ) ဆွေမျိုးစုများရဲ့ စည်းကမ်းထိန်းသိမ်းရေး အိမ်ပေါ့လေ။ အဲဒီလိုပဲ လူခပ်များများနဲ့ အိမ်မှာ နေခဲ့ရတာမို့ အိမ်မှာ လူနည်းနေရင်တောင် သိပ်မနေတတ်တော့ဘူး။ ပြီးတော့ ကျမတို့အမျိုးတွေက တအိမ်နဲ့တအိမ်လဲ ကူးလူးဆက်ဆံမှု အရမ်းရှိတဲ့ အမျိုးဆိုတော့ အမြဲပဲ ကျောင်းပိတ်ရက် ဈေးပိတ်ရက်တွေမှာ ပျော်ပွဲစားထွက်လိုက် ၊ ဟိုမြို့သွားလည် ဒီမြို့သွားလည်တွေလဲ လုပ်ကြသေးတယ်။ အဲဒီအကျင့်က ခုထိပါတုန်း။ အိမ်ကို ဧည့်သည်လာရင် သူသွားချင်လား မသွားချင်လားမသိ ကိုယ်သွားချင်တဲ့ နေရာတွေချည်း လိုက်ပို့ပစ်တတ်တယ် (ဟိ)

နောက်ကျမတို့ အိမ်အသစ်ဆောက်တော့ ၂ထပ်အိမ် အကျယ်ပေ၂၀ အရှည် ၄၆ ပေပေါ့။ အရင်အိမ်နဲ့ သိပ်မဝေးတော့ အရင်အိမ်မှာလည်း နေ၊ အိမ်အသစ်မှာလဲနေ ဆိုတော့ ဘာပြောကောင်းမလဲ ၊ အိမ်မှာ ဧည့်သည်ပြတ်တယ်ကို မရှိတောဘူ့း၊ အမျိုးတွေတင် မကတော့ဘူး။ အသိမိတ်ဆွေတွေ လာလဲ တည်းအိမ်ကို ဖြစ်လို့။ ကျမအမေက လာသမျှဧည့်သည် ထမင်းမစားပဲ မပြန်ရဘူး။ ကျမတော့ အဲဒီအိမ်ကိုလည်း ခဏခဏ လွမ်းတယ်။ အခု သူများတိုင်းပြည်မှာ သူများအိမ်ကို ငှားနေလို့ အဆင်မပြေဖြစ်တိုင်း လူတွေများများနဲ့ ပျော်ပျော်ရွှင်ရွှင်နေခဲ့ရတဲ့ ကျမတို့ရဲ့ ဇာတိအိမ်လေးကို အရမ်း ပြန်ချင်စိတ် ဖြစ်မိတယ်။ အခုအိမ်ရှင်က ဂဂျီဂကြောင် ကျတဲ့အခါတိုင်း နင်တို့အိမ်လဲ နေချင်လို့ နေတာ မဟုတ်ဘူးလို့ စိတ်ထဲက အခါခါပြန်ပြောမိသေးတယ်။
ခုချိန်မှာတော့ အတောင်အလက်တွေ စုံလို့ တနေရာစီခွဲသွားကြတာမို့ ကျမတို့ အိမ်ကြီးမှာ လူနည်းနည်းလေးပဲ ကျန်နေတော့တယ်။ တချိန်ချိန်တော့ ပြန်ခွင့်ရဦးမှာပါ။

နောက် ကျမအိမ်ထောင်ကျအပြီး အိမ်ထောင်ရှင်ဘ၀ရဲ့ ပထမဆုံး အိမ်ကတော့ လွိုင်ကော်မြို့လေးမှာပေါ့။ အဲဒီမှာလည်း ခင်ပွန်းသည်ရဲ့ ရုံးမှာပဲ ပေါင်းနေရပြန်တော့ လူများများနဲ့ နေရပြန်ရော။ အီးပုံစံ ဆောက်ထားတဲ့ တထပ်အိမ်ကလေးရဲ့ ထောင့်ဆုံးအခန်းတခုက ကျမတို့ ဇနီးမောင်နှံရဲ့ ကိုယ်ပိုင် အခန်းလေးပေါ့။ တရုံးလုံးကို မြင်နေရတဲ့ အဲဒီထောင့်ဆုံးခန်းလေးကိုလည်း ကျမ နှစ်သက်မိတာပဲ။ အဲဒီကနေတဆင့် ရုံးခန်းပြောင်းတော့ ကျမတို့ နေဖို့ ဆောက်ပေးတဲ့ အိမ်ကလေးကတော့ သေးသေးလေးနဲ့ ခြေတံရှည်လေး မို့ တကယ့်ကို ချစ်စရာ ဖြစ်နေပြန်ပါရော။ နှစ်ယောက်တည်းနေရမယ့် အိမ်ကလေးမှာ ပျင်းခွင့်မရအောင် ရောက်လာတာကတော့ ခင်ပွန်းသည်ရဲ့ ရဲဘော်တသိုက်ပေါ့။ အိမ်ကျဉ်းကျဉ်းလေးရဲ့ အိပ်ခန်းကျဉ်းကျဉ်းလေး ၂ခန်းမှာ တခန်းက ကျမတို့အတွက်ဖြစ်ပြီး နောက်တခန်းမှာက အမြဲဧည့်မပြတ်၊ အဲဒီအိပ်ခန်းတင်မဟုတ်ပဲ အိမ်ရဲ့ နေရာလွတ်မှန်သမျှ ရဲဘော်တွေ ပြည့်နေတော့ အိမ်လေးကို နောက်ထပ် ၁၀ ပေထပ်ချဲ့ ၊ မီးဖိုခန်းကို ထပ်ထုတ်။ အော် … ပြန်ပြောရင်း ပြန်လွမ်းမိတယ်။ အဲဒီကနေမှ အခြေအနေ အကြောင်းကြောင်းတွေအရ တနေရာပြီး တနေရာ တဆင့်ပြီး တဆင့် နောက်ဆုံး……..ခုနေတဲ့ အိမ်ကလေး .. အင်းဒီအိမ်မှာနေရင်းလဲ လွိုင်ကော်က အိမ်လေးကို လွမ်းပြန်ရော။ ဒီမှာကတော့ တပါးနိုင်ငံဆိုတော့ ဆွေမျိုးမိဘဝေး၊ အိမ်ကိုလာလည်တဲ့ ဧည့်သည်ဆိုတာ နည်း၊ တော်တော်လေး တော့ အေးချမ်းငြိမ်သက်၊ ကိုယ်လုပ်ချင်ရာတွေ လုပ်နေနိုင်တဲ့ အခြေအနေလေးပါပဲ။ ဒါပေမယ့် စားစရာတွေ ပေါများသလို ကိုယ့်မိဘဆွေမျိုး သိုက်သိုက်ဝန်းဝန်းနဲ့ ဇာတိချက်ကြွေ မွေးရပ်မြေ ပုသိမ်မြို့လေးကိုရော.. တောရိပ်တောင်ရိပ်တွေနဲ့ အေးချမ်းလှတဲ့ လွိုင်ကော်ဆိုတဲ့ တောင်ပေါ်ဒေသက မြေပြန့်လေးကိုရော.. သတိတရရှိနေဆဲ……..။

ကျမ ဆက် Tag ချင်သေးတဲ့ လူတွေကတော့
ဘလော်ဂါဘော်ဒ်ါကြီးများ ဖြစ်သော
၁)ပိတောက်ရိပ်က ကိုပေါ
၂)ကိုဂျူလိုင် အိပ်မက်
၃) လုံးဝ အလုပ်ရှုပ်နေပါသော ကိုဇီးရိုး တို့ ဖြစ်ပါကြောင်း…

8 comments:

JulyDream said...

အင်း... ကြည့်ရတာ ကျွန်တော်က လုံးမ၀ အလုပ်မရှုပ်နေဘူးလို့ ထင်နေပုံပဲနော်။ အိုခေပါ... ရေးပါမယ်။ အချိန်တော့ နည်းနည်းပေးပါနော်။ အချိန်အားလေး ရရင် တင်ပေးပါမယ်။ အခုတော့ နိုင်ငံတော်အတွက် အခွန်ဆောင်ဖို့အရေး သံရုံးမှာ တန်းစီဖို့ ရုံးကနေ ခွင့်ယူခဲ့လေတော့ ရုံးပြန်တက်တဲ့နေ့က စပြီး အလုပ်တွေ ပိနေပါလေရဲ့ဗျာ။

s0wha1 said...

အန်တီရေ ဖတ်လို့ကောင်းလိုက်တာ... ဒါမဲ့ ဆန့်တငန့်ငန့်နဲ့ ဖတ်ရတာ... နောက်ထပ် ထပ်ရေးဦး... ပုသိမ်ကို တခါမှ မရောက်ဖူးသေးဘူး။ ဒီတခါ ရန်ကုန်ပြန်ရင် သွားလည်ရမယ်။။။

Ko Paw said...

ရေးပါ့မယ်ဗျာ……..။ မခင်မင်းဇော်တယောက် ကျနော့်ကို ပထမဦးဆုံး တက်ဂ်ဖူးသော ဘလော့ဂါဘွဲ့ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားပါပြီ။ ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း။ (အမှန်ကတော့ အတက်ဂ်မခံရဘူးလို့ သူများတက်ဂ်တာကို မျှော်နေတာ….ဟိ)

ပုသိမ်ဟလ၀ါ တော့ ကြိုက်သဗျို့။ ပုဇွန်ချဉ်ကတော့ ကျနော့်မဒမ် အရမ်းကြိုက်။
ဧရာဝတီတိုင်းကို မရောက်ဘူးသေးဘူး။ ပုသိမ်က သူငယ်ချင်းတွေတော့ ရှိတယ်။

ခင်မင်းဇော် said...

ကိုဂျူလိုင်... ရေးဖို့သာ အဓိက ဟိ
စိုးဝှက်ရေ... ပုသိမ်အကြောင်းရေးမယ်ဆို ဘယ်တော့မှ ကုန်မှာမဟုတ်ဘူး။ ရေးစရာတွေ အများကြီး ။ ရေတက်ချိန်မှာ ၊ မော်တင်ချိန်တွေမှာ ကမ်းနားလမ်းမှာ ပျော်စရာ သိပ်ကောင်းတာ။
ကိုပေါ.. စောစောကပြောရောပေါ့ ဟဟ နောက်ဆို ကိုဂျူလိုင်လို ကျမ Tag ရေးတိုင်း သူ့ကို လက်ဆင့်ကမ်းပေးခံနေရမှာ...ဒါဘလော့လောကက ပျော်စရာ တခုမဟုတ်လား.. ဂုဏ်ယူလိုက်စမ်းဘာာာာာာာာာ

စိုးထက် - Soe Htet ! said...

ပုသိမ်ရောက်တိုင်း ဟာလ၀ါပဲ ၀ယ်ဖြစ်တယ် ဗျို့ :D

Nyo Htet Nyo said...

အစ်မရေ...ကျွန်တော်လည်းချောင်းသာသွားရင်းလေးငါးခေါက်
ရောက်ဖူးတယ်။ သိပ်ကိုနေလို့ ကောင်းတဲ့ မြို့ ပါပဲဗျာ။ ငြိမ်ငြိမ်
လေးဗျ...ကဗျာပဲ...အဲဒီလိုပဲ ခံစားရတယ်...အစ်မရဲ့ ဘလော့ကို
တော့ကျွန်တော့်အိုင်အီး ဖေးဘရိတ်ထဲမှာ ထည့်ထားပါတယ်ဗျာ။
ကျန်းမာပါစေ...nhn

Tin said...

Nice post n good reading. I have a friend who is my classmate from Pathein, but i never been the place. I wish i could visit one day when I go back mother's home.

Tin said...

အမေ့ အိမ်

အ ကို တွေ..အ မ တွေ ရဲ့ အလယ် အမေ က ကျမ ကို ပို ကာ အထွေး ဆုံး မို့  ချစ် တယ် ချစ် တယ်...
အဆိုး အနွဲ့ တွေ နဲ့ မိဘ ရဲ့ အရိပ် မှာ ကွယ် ပူပင် သောက တွေ လဲမရှိ ခဲ့ ပါ တယ်..
လူ့ လောက အလယ် လျှောက်ရတဲ့ အခါ ချစ်ရတဲ့ သူ တွေ့ ရ ပြန် တော့ အမေ့ အိမ် ကို လဲ မေ့ ထား ခဲ့ ပါ တယ်..
ရုန်း ကန် ရင်း ဘဝ မှာ လေ ကွယ် ကျင်လယ် ခံ စား ရ ပြန် များ လာ တော့် အမေ့ အိမ် ကို ဘဲ သမီး အောင့် မေ့ လှ ပါ တယ်..

ဒီ သီ ချင်း လေးဟာ ဟိုး.........လွုန်ခဲ့သော နှစ် ၃၀ လောက်က မြန်မာ့အသံကနေ လာနေ ကြ သီ ချင်း လေး ပါ..
အကြောင်းအမိုးမိုး နဲ့ အမေ့ အိမ် ( မြန်မာပြည် ) ကို ခွဲခါ နေ ရ သူ ညီ အကို မောင်နှမ များအား မျှဝေ ခံစား နိုင် ရန် အတွက် ဖြစ်ပါတယ်.