Monday, March 10, 2008

ဘ၀ဒိုင်ယာရီ အမှတ်တစ်(အပိုင်း ခြောက်)

အပိုင်း(၆)

ကျမ ဘေးနားက ကျောင်းသားလေးကို နောက်နေ့ နေ့လည်မှာ စစ်ကြောရေး ခေါ်ထုတ်သွားသံ ကြားနေရတယ်။ ကျမကို ဘယ်အချိန်လာခေါ်မယ် မသိပေမယ့် စောင့်နေမိတယ်။ နောက်ပိုင်း ရက်တွေမှာ တရားသူကြီးဆီက စစ်ချက်တွေကို ကျမလက်မှတ်ထိုးရဦးမယ် ဆိုတာသိနေတော့ လာထုတ်ဦးမယ် ဆိုတာ ကြိမ်းသေနေတယ်။ ဒါပေမယ့် အဲဒီနေ့က လုံးဝလာမခေါ်ဘူး။ ဘေးက ကျောင်းသားလေး တနေ့လုံး တညလုံး ပြန်လာပို့သံ မကြားရဘူး။ သူ့အခန်းတံခါးဖွင့်သံပိတ်သံကို စောင့်နားထောင်နေရင်း တညလုံး သိပ်ပြီး အိပ်လို့မရခဲ့ဘူး။ ဒါနဲ့ နောက်နေ့ မနက်ဖက် အသံတွေနားထောင်ရင်း ပြန်အိပ်ပျော်သွားလိုက်တာ ထမင်းစားဖို့ တံခါးလာဖွင့်ချိန်ကျမှ နိုးတယ်။ထမင်းကို စားရင်း သွားမတိုက်ရတဲ့ ရက်တွေအတွက် ကိုယ့်ကိုယ်ကို သနားနေမိတယ်။ နောက် ရေမချိုးရတာ အကျီ င်္ မလဲရတာ ကြာနေတာတွေကို အတွေးရောက်သွားမိတယ်။ စိတ်တိုတိုင်း အခန်းကျဉ်းလေးထဲ လမ်းထလျှောက်နေမိတာ။ ခုန်ပေါက်နေမိတာ မို့ ချွေးတွေ ထွက်သွားတိုင်း အကျီ င်္နဲ့ဆွဲသုတ်ထားလို့ အောက်နားက ပန်းဖောက်ထားတဲ့ စပို့ရှ့ပ် နို့နှစ်ရောင် လေးက ကာကီရောင်ဖြစ်နေပြီ။ နောက်ပြီး အောက်နားကပန်းတွေလဲ ပြတ်ပြီး ဖွာလန်ကျဲနေပြီ။ အင်မတန် အအိပ်မက်ခဲ့တဲ့ ကျမလဲ အိပ်ရာထဲမှာ လှဲနေရလို့ ဖနောင့်နေရာတွေလဲ နာနေပြီး လှဲနေတိုင်း အိပ်မပျော်နိုင်တော့ဘူး။ အချိန်ကာလတွေက အကုန်မြန်လိုက်တာလို့ ညည်းညူတတ်သူတွေကို ဒီအခန်းထဲမှာ ပြောင်းလဲထားဖို့ ကောင်းမယ်လို့ ရောက်တတ်ရာရာလဲ တွေးတတ်နေပြီ။

ဘေးအခန်းက ကောင်လေး ပြန်မလာတော့တာ တရက်ကျော်သွားပြီမို့ သူလွတ်သွားပြီဆိုတာ သေချာသွားပြီ။ ကလေးအရွယ်ကျောင်းသားလေး တယောက်အနေနဲ့ သူရောက်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ခံစားရတဲ့ ဒဏ်ရာ တွေက သူ့ကို နိုင်ငံရေးနဲ့ ဝေးအောင် လုပ်လိုက်မလား။ ဒါမှမဟုတ် ငါ့ထက် ဆိုးတဲ့လူတွေတောင် ရှိနေသေးတာကို လက်တွေ့ သိလိုက်ရပြီဆိုပြီး အရင်ထက် ပိုလို့ နိုင်ငံအရေး လူ့အခွင့်အရေး အတွက် အလုပ်လုပ်မလား ဆိုတာကိုလဲ မသိနိုင်တဲ့အခြေအနေကနေ သိချင်နေပြန်သေးတယ်။ ကျမ အခန်းရဲ့ တံခါးကို ဘယ်အချိန်သော့လာဖွင့်ပြီး စစ်ချက်ကို ပြန်ဖတ်ပြတာ နားထောင်ရမလဲ။ စစ်ချက်အတွက် လက်မှတ် ဘယ်တော့လောက် ထွက်ထိုးရမလဲ ဆိုတာကို စောင့်နေရင်းကပဲ ဒီနေရာက ထွက်ရတော့မယ့်ရက် နီးတော့လာနေပြီလို့ အားတင်းထားရတယ်။

တပတ်တခါ ပြောင်းနေတဲ့ ဆေးတပ် ၊ ဆက်သွယ်ရေးတပ် ၊ ထောက်ပံ့ရေး တပ်ဆိုတဲ့ တံဆိပ်လေးတွေကို မှတ်သားနေရင်းနဲ့ ပထမဆုံး ရောက်စက တွေ့လိုက်ရတဲ့ ထောက်ပံ့ရေး တပ်အလှည့်ပြန်ရောက်နေတာမို့ သူတို့တွေက အမမလွတ်သေးဘူးလားလို့ ရေဗူးလာဖြည့်ပေးရင်း မေးတာကိုလဲ ရယ်ကျဲကျဲ နဲ့ ဟင့်အင်းလို့ ပြန်ဖြေနိုင်ခဲ့ပြီ။

တနေ့နေ့လည်ဖက် ထမင်းစားပြီးလို့ ကွက်ပျစ်ကလေးမှာ လှဲနေရင်း ဟိုမရောက် ဒီမရောက်အတွေးတွေနဲ့ မျက်လုံးမှိတ် ထားတုန်း သံတိုင်ပြတင်းပေါက်ကလေး ဖျတ်ကနဲပွင့်လာပြီး အခန်းထဲကို အထုတ်တထုတ်ပစ်ထည့်လိုက်တာကို မြင်လိုက်ရတယ်။ တံခါးက ချက်ချင်းဆိုသလို ပြန်ပိတ်သွားတာကိုပဲ တွေ့လိုက်ရပြီး ဘယ်သူလဲ ဆိုတာ မတွေ့လိုက်ရဘူး။ အခန်းအလယ်တည့်တည့်ကို ရောက်လာတဲ့ အထုတ်ကလေးကို
သွားကောက်ကြည့်လိုက်တော့ စမ်းမိတဲ့ အတွေ့အရ မုန့်ထုတ်ဖြစ်နေတာကို ခံစားသိလိုက်ရတယ်။ ဒါနဲ့ ဖွင့်လိုက်တော့ ကျမတကယ့်ကို ကြိုက်နှစ်သက်တဲ့ တရုပ်မုန့်တွေ၊ ဒါ့ထက်ကောင်းတာက တရုပ်မုန့်ထဲက ကျမ အကြိုက်ဆုံး မုန့်တခုဖြစ်တဲ့ ပဲမုန့် ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ ရေဘူးလေးကို ဘေးနားကို ယူလိုက်ပြီး ဘာကိုမှ မတွေးမိပဲ မုန့်တွေကို ပါးစပ်ထဲကို အမြန်သွင်းလိုက် တခုပြီးတခု စားနေလိုက်နဲ့ ၄ ၊ ၅ ခုလောက်ပါတဲ့ အထုပ်ကလေး ကုန်သွားမှ အော် ကုန်သွားပါလားလို့ သတိရတော့တယ်။

ရေသောက်လိုက်စားလိုက် ဆိုတော့ ဗိုက်ကလဲ တော်တော်တင်းသွားတယ်။ အိပ်ရာပေါ်မှာ ပြန်လှဲနေရင်း ကိုယ်စားခဲ့တာကို အရသာ ပြန်ခံနေရင်း ထိတ်ကနဲ အဆိပ်များ ထည့်ထားလေမလားလို့ အတွေးတစ ၀င်လာတော့ ဆတ်ခနဲ ထထိုင်ဖြစ်လိုက်တယ်။ စိတ်ထဲမှာလဲ အဆိပ်ဖြစ်နိုင်တာကို ဘာ့ကြောင့် မတွေးမိပါလိမ့်လို့ ကိုယ့်ကိုယ်ကို ဒေါသထွက်မိတယ်။ ဒီလို အတွေးဝင်လာတာနဲ့ တပြိုင်တည်း ချွေးစေးတွေ ထွက်လာပြီး မူးနောက်နောက်ဖြစ်လာတယ်။ အစားတလုပ်နဲ့ ဘ၀ နိဂုံး ချူပ်ရမှာလားလို့ စိတ်ထဲ ခံစားလာရပြီး ထိုင်နေလို့ မရတော့အောင် ခြေတွေ လက်တွေက ပျော့ခွေခွေဖြစ်သွားတယ်။ လှဲအိပ်ချလိုက်တဲ့အခါမှာ လှုပ်လို့ လှည့်လို့တောင် မရတော့လောက်အောင် အားကုန်လာသလို ခံစားနေရတယ်။ တကယ့်ကို အဆိပ်မိနေပြီလားလို့ စိုးရိမ်စိတ်က ဖြစ်လာတဲ့နောက်မှာ တိတ်ဆိတ်မှုက တော်တော်ဆိုးဆိုးဝါးဝါး ခံစားမှုကို ဖြစ်ထွန်းစေတယ်။ နှလုံးခုန်သံကို တဒိတ်ဒိတ်ကြားလာရသလို သေသွားခဲ့ရင်ဆိုတဲ့ အတွေးနောက်ကိုပဲ စိတ်က တစိုက်မတ်မတ် လိုက်သွားနေပြန်တယ်။ ကိုယ့်အသက်ရှုသံကို ပြန်နားထောင်နေရင်း ဘ၀ ဆိုတာ တပ်မက်စရာပါလားလို့ အသိတရားဝင်လာတယ်။ တကယ်တော့ သေဖို့ဆိုတာ တော်တော် ကြောက်စရာကောင်းပါလား။

ခုနေ အဆိပ်မိလို့ သေသွားတယ်ဆိုရင် ကျော်မကောင်း ကြားမကောင်းလဲ ဖြစ်နေဦးမယ်လို့လဲ တဆက်တည်း တွေးမိပြီး ရယ်ချင်လာပြန်တယ်။ တဆတ်ဆတ် ခုန်နေတဲ့ ကိုယ့်ရင်ခုန်သံကို ကိုယ်တိုင် ပြန်ရယ်ချင်လာသလို ဖြစ်လာတဲ့ နောက်မှာတော့ တော်တော် ပေါ့ပါးသွားပြီး အိပ်ပျော်အောင် အိပ်လိုက်ဖို့ အတွေးအသစ်ရောက်လာတယ်။ ဗိုက်ပြည့်တင်းပြီး အိပ်ပျော်သွားပြီးနောက်မှ သေခဲ့ရင်လဲ ကောင်းတာပဲလို့မျှမျှတတ တွေးမိနိုင်ပြီ ဆိုတဲ့အခါမှာ စိတ်ကို တင်းထားစရာ စိုးရိမ်မှုတွေ မရှိတော့ပဲ သက်တောင့် သက်သာ ဖြေလျော့လို့ မျက်စိကို မှိတ်ထားလိုက်တယ်။ ချွေးစေးတွေနဲ့ မောပန်းနေတာတွေ ပျောက်ကင်းပြီး တဖြည်းဖြည်း အိပ်ပျော်သွားခဲ့တယ် ထင်တာပဲ။ နိုးလာတော့ တော်တော် လန်းဆန်းနေတယ်။

ကိုယ့်အသက်ကို ကိုယ်တိုင် တန်ဖိုးထားတတ်အောင် ဒီအဖြစ်အပျက်က တော်တော့်ကို သင်ခန်းစာပေးသွားတယ်။ စိတ်ကြောင့် ဒုက္ခဖြစ်တတ်တယ် ဆိုတာလဲ နားလည်မိတယ်။ ကိုယ့်ရဲ့ စိတ်ကို ထားတတ်ဖို့က အရေးအကြီးဆုံးပဲ။ အခက်အခဲထဲမှာလဲ စိတ်ကို ထားတတ်ရင် လွယ်ကူစွာ ကျော်ဖြတ်နိုင်တယ်။ (နောက်ပိုင်း ပြန်သိရတာက အဲဒီမုန့်ကို ရဲဘော်လေး ၂ ယောက်က တိုင်ပင်ပြီး ခိုးပို့ပေးခဲ့တာတဲ့။ ကျမ ထောင် ၂ နှစ်ကျပြီး လွတ်လာတော့ ကျမတို့မိသားစုပိုင် ဆိုင်ကို လာပြီး မိတ်ဆက်လို့ အဲဒီတုန်းက အကြောင်းကို ပြောပြခဲ့ကြတယ်)

သူများတွေက ယုံချင်မှ ယုံကြမယ်။ ကျမကတော့ စစ်အုပ်စုရဲ့ စစ်ကြောရေးထဲမှာ နေချိန်တောင်မှ မုန့်ခိုးပို့သူ ဟင်း ပိုထည့်ပေးသူရှိခဲ့တဲ့ထိ ကုသိုလ်ကံကောင်းခဲ့တယ်။ ဒီရက်ပိုင်းမှာ ကျမကို လာမခေါ်လို့ စိတ်ထဲမှာ ဘယ်လောက်ထပ်နေရဦးမလဲလို့ ခပ်လေးလေးတွေးမိတယ်။ ခုချိန်ထိလောက်ကို မနည်း အားတင်းနေ နေရပေမယ့် တကယ်က ဒီနေရာက အမြန်ဆုံး ထွက်ချင်နေတယ် ဆိုတာကိုတော့ ၀န်ခံရမယ်။ ဘေးအခန်းက ကျောင်းသားလေး ပြန်မလာတော့တဲ့အချိန်က စလို့ ဒီလို လွတ်မြောက်ချင်စိတ်က ပို ၀င်လာနေတယ်။နေ့တိုင်း ထုတ်စစ်နေတဲ့ ဦးလေးကြီးကိုလဲ လွတ်မြောက်စေချင်တာပဲ ။ သူ့လို အသက်ကြီးနေသူ တယောက်အတွက်ကျတော့ စိုးရိမ်စိတ်ကလဲ ပါနေသေးတယ်။ သူ တောင့်ခံနိုင်ပါ့မလား။ ဘယ်လောက်အရိုက်ခံ နေရမလဲ။ တောင့်မခံနိုင်ပဲ ဖော်ခဲ့မိရင် နောက်ထပ် ဘယ်သူတွေများ ထပ်ရောက်လာဦးမလဲ ။ ဒါတွေပဲ ထပ်ခါ တလဲလဲ တွေးမိနေတော့တယ်။

နောက်ဆုံးရက်သတ္တပတ်ရဲ့ ရက်တရက်မှာ..

နေ့လည်ဖက် တံခါးသော့ဖွင့်သံကြားတော့ အသစ်ထပ်ရောက်လာသလားလို့ အသံကို နားထောင်နေတုန်း ကိုယ့်အခန်းတံခါးဖွင့်သံ ကြားလိုက်ရတယ်။ ခပ်ငြိမ်ငြိမ်ထိုင်နေတုန်း လာခေါ်တာ ဆိုတဲ့ အသံကြားမှ နေရာက ထပြီး အခန်းတံခါးဝကို လျှောက်သွားလိုက်တယ်။ ထုံးစံအတိုင်း မျက်စိကို ကာကွယ်ဖို့ ခေါင်းကို စွ့ပ်လိုက်တယ်။ ဒီတခါက ခပ်ဝေးဝေးကို မသွားရဘူး။ ကိုယ်ရောက်နေတဲ့ နေရာကနေ အများဆုံးလှမ်းရလှ ခြေလှမ်း ၅၀ လောက်ပဲ။ ထိုင် ဆိုတဲ့ အမိန့်ပေးသံ ကြားရပြီး ထိုင်လိုက်တဲ့ အချိန်ထိ တဖက်က စကားသံ မေးခွန်း ဘာမှ မပြောဘူး။ နောက်.. စားပွဲခုံပေါ်ကို လက်ခေါက်သံလိုလို ခေါက်နေပြီးမှ ဒီကိုရောက်တာ ဘယ်လောက်ရှိပြီ လဲလို့ မေးသံကို ကြားလိုက်ရတယ်။ ၂၄ ရက် ရှိနေပြီလို့ တိတိကျကျ ဖြေလိုက်တော့ ပြန်ချင်ပြီလားတဲ့။ သက်သက်မယ့် စော်ကားတဲ့ ရိတဲ့ စကားလို့ ယူဆတယ်။ ဒါ့ကြောင့် ဘာမှ ပြန်မဖြေပဲ ပါးစပ်ပိတ်နေလိုက်တယ်။ ဒါနဲ့ နင် သီချင်းဆို သိပ်ကောင်းတယ် ဆိုပါလား တဲ့။ ဟိုတနေ့ညက သီချင်းတွေ ဆိုတာကို ပြောတာပဲဖြစ်မယ်။ နားထောင်ချင်လို့လား လို့ ပြန်မေးလိုက်တော့ ဆိုပြနိုင်မယ် ဆိုရင် နားထောင်မယ် ကဲ ဆိုစမ်းပါဦးတဲ့။

သီချင်းကို သေချာ ဆိုပြလိုက်တယ်။ ဘာ့ကြောင့်ဆို ဒါတွေကို သူတို့လဲ နားထောင်ခွင့် ရစေချင်တယ်။ သူတို့ သိထားတဲ့ တဖက်သတ်အတွေးတွေကို ချိန်ထိုးစဉ်းစားနိုင်ဖို့ ဒီလို အချက်အလက်တွေ အယူအဆတွေကို သူတို့ သိဖို့ လိုကိုလိုတယ်လို့ ကျမက စဉ်းစားမိတယ်။ ဒါ့ကြောင့် ကျမကတော့ ပြောခွင့်ရတဲ့ အချိန်မှာ တတ်နိုင်သလောက် ပြောမယ် စိတ်ကူးထားတာမို့ ခုလဲ ဆိုပြခွင့်ရတဲ့ သီချင်းတွေကို ဆိုပြနေတာပါပဲ။

သီချင်း ၂ ပုဒ်လုံးကို အဟန့်အတားမရှိ ဆိုပြခွင့်ရခဲ့တယ်။ ဘယ်သူရေးတာလဲ မေးတော့ မသိဘူး။ ဒါပေမယ့် ဒီသီချင်းကို အားလုံးတော့ ရနေတာပဲ လို့ ပြောပြလိုက်တယ်။ တကယ်လဲ မသိဘူး အဲဒီအချိန်က။ နောက် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမြင်လဲ ၊ ဘာ့ကြောင့် သူ့ကို ထောက်ခံနေတာလဲ လို့ ယဉ်ကျေးစွာ မေးပါတော့တယ်။ ဘယ်လိုမြင်လဲ မေးရရင် ကျမ အသက်ငယ်ငယ် လူငယ်အတွေးတခုတည်းအရ သူဟာ ပညာတတ်တယ်။ သူ့ဖာသာ အေးအေးနေနိုင်တဲ့အခြေမှာ မနေပဲ ခုလို အနစ်နာခံ လုပ်တာကိုပဲ ကျမက လေးစားတယ်။ နောက် သူပြောတဲ့ စကားတွေက ကျမတို့ကို အတွေးသစ် အမြင်သစ်တွေပေးနေတယ် ။ ကျမတို့ စိတ်ဓါတ်တွေ နဲ့ တထပ်တည်းကျနေတယ်။ ဒါတွေကပဲ သူ့ကို ထောက်ခံ စေတာပဲ လို့ ကျမကလည်း ယဉ်ယဉ်ကျေးကျေး ပြန်ဖြေလိုက်တယ်။

နင်တို့က မြန်မာပြည်ကို ဘယ်လိုဖြစ်စေချင်တာလဲတဲ့။ ဒီတယောက်က သေချာ ဆွေးနွေးနေတာမို့ ကျမကလည်း အတတ်နိုင်ဆုံး ကောင်းကောင်းမွန်မွန် ပြန်ဆွေးနွေးနိုင်ဖို့ ကြိုးစားရတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ကျမဖြေတာ တချက်လွဲတာနဲ့ ကျမကိုတင်မကပဲ ကျမတို့ ယုံကြည်နေတဲ့ ဒီမိုကရေစီ ဆိုတာကိုပါ သူတို့ အထင်တသေး ထိခိုက်ပြောတော့ မယ် ဆိုတာသိနေလို့ပါပဲ။ ကျမကတော့ မြန်မာနိုင်ငံကြီးကို ခု လက်တွေ့ဖြစ်နေတဲ့ ဆင်းဆင်းရဲရဲ နိုင်ငံ မဖြစ်စေချင်ဘူး။ အိမ်နီးချင်းနိုင်ငံတွေထက် ချမ်းသာပြီး အတုယူခံခဲ့ရတဲ့ မြန်မာ နိုင်ငံမျိုးပဲ ပြန်ဖြစ်စေချင်တယ်။ ဒါကိုလဲ ခုစနစ် ခုလိုလူတွေနဲ့ မရနိုင်တော့ဘူးလို့ ယုံကြည်ပါတယ် လို့ ဖြေတော့ သူ့ဖက်က တိတ်သွားတယ်။ သူတို့တွေက ကျမတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ ကိုးကွယ်ပြီး ဘာမှ သိသူတွေမဟုတ်ဘူးလို့ ထင်ထားပုံပါပဲ။ ကျမကတော့ ရင်ထဲက ခံစားရတာတွေ အမှန်အတိုင်း ရိုးသားစွာ ပြောပြလိုက်တာပါ။ တဆက်တည်း သူမမေးပဲ ကျမကြုံတွေ့ခဲ့ရတဲ့ အချုပ်ခန်းက လာဘ်စားမှုတွေ၊ ကျမတက်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် က ဆင်းရဲချို့တဲ့မှုတွေ ၊ ကျမ သိခဲ့ ကြုံခဲ့တဲ့ အထဲက ရာထူးကြီးကြီးတွေ ကြားထဲက လာဘ်စားမှုတွေ ၊ အဲဒီ မဆလ ဗဟိုကော်မတီ ၀င်တွေ ၊ တိုင်းကောင်စီဝင်တွေ ရနေတဲ့ အခွင့်အရေးတွေ အားလုံးကို သူဘာမှ မလုပ်နိုင်မှန်း သိပေမယ့် ပြောဖြစ်အောင် ပြောပြဖြစ်ခဲ့တယ်။ ကျမ သိနေတဲ့ ခိုင်မာတဲ့ အချက်အလက်တွေ ကို တချက်ချင်းပြောပြနေချိန်မှာ တချို့အချက်တွေကို အဲဒီလူ လုံးဝ မသိနိုင်ဘူး လို့လဲ ကျမက ခိုင်ခိုင်မာမာ ယုံကြည်နေသေးတယ်။

ကျမ အားရပါးရ ရင်ဖွင့်ပြောပြတဲ့ မကျေနပ်ချက်တွေကို နားထောင်နေတဲ့ လူတော့ မသိဘူး ၊ ကျမကတော့ တော်တော် ရင်ပေါ့သွားပြီး တာဝန်ကျေသွားသလို ခံစားလိုက်ရတယ်။ တိုင်းပြည်ရဲ့ ယိုယွင်းပျက်စီးနေမှုနဲ့ ကျမတို့ ဘာ့ကြောင့် ခုလို လုပ်နေရတာလဲ ဆိုတဲ့ ကိုယ့် ယုံကြည်ချက်ကို ဒီလို ပြောပြခွင့် ပြုလို့ ကျေးဇူးတင်ပါတယ် လို့လဲ ပြောဖြစ်အောင် ပြောပြလိုက်သေးတယ်။ တကယ်က ကျမတို့ဟာ တိုင်းပြည်ကို ပျက်စီးစေချင်သူ ဖျက်စီးမယ့်သူတွေ မဟုတ်ဘူး ဆိုတာကို သေသေချာချာ သူတို့ နားထောင်ပြီး စဉ်းစားခွင့် ရစေချင်ပါတယ်။

အဲဒီနေ့က အချိန်တော်တော်ကြာကြာ စကားပြောဖြစ်တဲ့အတွက် ကျမကတော့ စိတ်ကျေနပ်ခြင်းတွေနဲ့ ကိုယ့်အခန်းကို ပြန်လာနိုင်ခဲ့တဲ့ ညနေပါပဲ။ ကျမ ဟာ ခေတ်ကြီးက ကိုယ့်ပုခုံးပေါ်တင်ပေးလိုက်တဲ့ တာဝန်တချို့ကို တတ်နိုင်သလောက် ထမ်းပိုးခွင့်ရတာကိုပဲ ကျေနပ်နေဦးမယ့် လူအဖြစ် ကိုယ့်ကိုယ်ကို ဆက်လက် ပျိုးထောင်နေဦးမှာ ဆိုတာလဲ ပိုပြီး ခိုင်မာ ပီပြင်လာပါတယ်။

ဆက်ရန်
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

9 comments:

Ko Paw said...

စောင့်ရကျိုးနပ်ပါတယ်။ နောက် တပိုင်းကို ဆက်လက်မျှော်နေဦးမယ်။
မေးတဲ့လူက မြန်မာတီးရှော့ပ်က မောင်ဆန်လို လူမျိုးမဟုတ်လို့ တော်တော့တယ်။

Lun Lunn said...

ရရှိလာတဲ့ အခွင့်အရေးအပေါ် ကြောက်ရွံ့ခြင်းကင်းစွာ မိမိယုံကြည်ရာ၊ ပြောသင့်ပြောထိုက်တဲ့ အကြောင်းအရာတွေကို တည်ကြည်ပြတ်သားစွာ ပြောဆိုတင်ပြသွားတာကို လေးစားဂုဏ်ယူပါတယ်။

မြန်မာတွေ အားလုံးနီးပါး ရဲရင့် ပြတ်သားနိုင်ရင် ဒီ စစ်အာဏာရှင် လူမိစ္ဆာတွေရဲ့ ဘ၀ နိဂုံးချုပ်ပြီ။

Nanda said...

ကောင်းလိုက်တာ အမရယ်.. တစ်ကယ်ပါ..။ လေးစားပါတယ် ဂုဏ်ယူပါတယ်။ ဒီလောက် စိတ်ဓါတ်ခိုင်ကျည်နိင်ပါ့မလားဆိုတာလဲ ယောကျာ်းဖြစ်ရက်နဲ့ ကိုယ့်ကိုယ်ကိုမသေချာနိုင်ဘူး..။ ကိုယ့်ယုံကြည့်ချက်ကို ကိုယ်ရဲရဲရင့်ရင့် ပြောနိုင်ဖို့ဆိုတာ..တစ်ကယ်တစ်ခုခုကို ခိုင်ခိုင်မာမာ မယုံကြည်ရင် မရပါဘူး..။ ဒီမိုကရေစီအရေးအတွက် စွန့်လွှတ်စွန့်စားခဲ့ရတဲ့ လူတစ်ယောက် သမိုင်းမကပါဘူး။ ဘယ်လိုဘ၀မျိုးမှာမဆိုကျင်လည်နေသူတွေအတွက် အသုံးကျတဲ့ အတွေးအခေါ်မျိုးတွေကိုပေးနိုင်ပါတယ်..အမရေးထားတာတွေက..။

Swan said...

Thank you, Khin Min Zaw. Please continue with your anecdote. I'm very glad you'd been able to at least to tell the other side what you believe in, and the true nature of what has and is happening in our country. Sometimes those privileged few have no idea of the reality of our lives. And I think in the late 90s, even some of the military personnel were not as brutal and brutalized as they are now, as you had some sort of favours from the very people who guarded you. Maybe there's some ray of hope that the soldiers haven't lost all sense of humanity.

Swan said...

Thank you, Khin Min Zaw. Please continue with your anecdote. I'm very glad you'd been able to at least to tell the other side what you believe in, and the true nature of what has and is happening in our country. Sometimes those privileged few have no idea of the reality of our lives. And I think in the late 90s, even some of the military personnel were not as brutal and brutalized as they are now, as you had some sort of favours from the very people who guarded you. Maybe there's some ray of hope that the soldiers haven't lost all sense of humanity.

list of hates said...

ဒီလောက်ကျဉ်းထဲကျပ်ထဲမှာတောင်မှ--စိတ်ဓါတ်မယိုင်ပဲ--ရလာတဲ့အခွင့်အရေးကိုလိုသလိုအသုံးချလိုက်တဲ့အမကို--
ကျမတို့အတုယူသင့်ပါတယ်--
အမလုပ်ခဲ့တာဘယ်လောက်ပဲသေးငယ်ပါစေ--
အလှမ်းကျယ်အလယ်လပ်နေတဲ့လူတွေထက်စာရင်--
အမရဲ့အခွင့်အရေးကိုဖမ်းဆုတ်တတ်တဲ့မူဝါဒက်ုလေးစားတယ်--
အမလိုပြတ်သားတဲ့သူမျိုးများများလိုပါတယ်

YeKyawAungMDY said...

....အပိုင်း (၆)ကို ဖတ်သွားပါသည် ခင်ဗျား....

co said...

အမရေ ..
ကျွန်တော် ကျူးပစ်ဖိုရမ် မှာပြန်တင်ပေးနေပါတယ်။ တန်ဖိုးရှိတဲ့ မှတ်တမ်းမို့ ဖိုရမ်က သူငယ်ချင်းတွေကို ဖတ်စေချင်လို့ပါ၊ ခုမှ ခွင့်တောင်းတာ ခွင့်လွှတ်ပါ..cohtet

ကောင်းကင်ကို said...

အပိုင်း ၇ ဖတ်သွားပါတယ်။ အမှတ် ၂ ကိုလည်း မျှော်နေပါတယ်။ pdf format နဲ့  Ebook ကလေးလုပ်လိုက်ပါလား အစ်မ။ သမိုင်းအတွက် သိမ်းထားသင့်တဲ့ စာလေးတွေ မို့ လို့ ပါ။