စဉ်းစားထားသော်ငြားလည်း…
မဲဆောက်မြို့တောင်ဘက် ဖုတ်ဖရ နယ်ထဲက ၀ါးတော ဆိုတဲ့ ရွာကလေးက အိမ်တွေကို ဖျက်ခိုင်းတယ် လူတွေ အဖမ်းခံမလား ထွက်သွားမလား ပြောလို့
အားလုံး တောထဲကို တိမ်းရှောင်ပုန်းနေရတယ်တဲ့။
ဒီသတင်းကြားလာတော့ သတင်းယူဖို့သွားရင်း သူတို့ကိုလဲ လိုတာလေးတွေ လှုမယ် စိတ်ကူးပြီး နီးစပ်ရာကို နည်းနည်းအလှုခံလို့ ဒီနေ့ မနက် စောစောသွားဖြစ်လိုက်တယ်။
အဲဒီရွာလေးကို ကျမနဲ့ဘလော်ဂါ ဂျစ်တူး ရောက်သွားဖူးတယ်။ အိမ်တန်းလေးတွေ စီရီပြီး သန့်ရှင်းသပ်ရပ်နေသလို ရွာထဲက ကိုယ့်နိုင်ငံသားတွေရဲ့ ဖော်ရွေမှုကလဲ ကျမတို့ကို ခင်မင်မှုတိုးစေခဲ့တဲ့ မှတ်မှတ်ရရရှိခဲ့ရတဲ့ ရွာကလေးပါ။ ၀ါးပင်တွေရဲ့ အရိပ်တွေအောက်မှာ သနပ်ခါးဖွေးဖွေးနဲ့ ရွာသူတွေကို ညနေခင်းမြင်ခဲ့ရတဲ့ မြင်ကွင်းကို ခုထိ မှတ်မိနေဆဲပါ။
တကယ်က ထိုင်းကို လာလုပ်တဲ့ မြန်မာအလုပ်သမားတွေ မြေပိုင်ရှင်သူဌေးခွင့်ပြုချက်နဲ ခုလို စုပေါင်းနေရင်း လူဦးရေက ၂ ရာကျော် ရှိလာတာရယ်။
သန့်ရှင်းပြီး စနစ်ကျလှတဲ့ ဒီရွာလေးမှာ အန်ဂျီအိုတွေက ဆေးခန်း စာကြည့်တိုက် ရေပေးဝေရေး စနစ်တကျ ၊ ယင်လုံအိမ်သာ တွေနဲ့မို့ အိမ်ခြေက တိုးတိုးလာနေတာမှာ မြန်မာရွာကြီးကြီးတခု ဖြစ်လာနိုင်တာတွေရယ် ကြောင့် အလုပ်သမားလက်မှတ်မရှိသူတွေ နေထိုင်ခွင့်မပေးတော့တာကနေ စတာဖြစ်နိုင်ပါတယ်။
အကြောင်းရင်းသေချာ ကို ဘယ်သူကမှမသိပါဘူး။
ညဖက်ကြီးလာပြီး ဖယ်ပေးမလား အဖမ်းခံမလားပြောလို့ လက်မှတ်ရှိသူရော မရှိသူတွေပါ ထွက်ပြေးခဲ့ကြရတာကိုး။ လက်မှတ်ရှိသူတွေကရော ဘာလို့ ထွက်ပြေးရတာတုန်းဆိုတော့ မသိပါဘူး အမရယ် ။ ဒီလိုပဲ ကြောက်ကြောက်နဲ့ထွက်ပြေးခဲ့တာပါပဲတဲ့။ ကျမတို့ နိုင်ငံသားတွေမှာလဲ အကြောက်တရားက တော်တော်စွဲမြဲနေတာပဲနော်။
သူတို့ကို မြင်တဲအခါမှာ ဒေါသထွက်တာရော စိတ်မကောင်းတာရော ပေါင်းပြီးခံစားရတယ်။
ကိုယ့်မိခင်နိုင်ငံက မကောင်းတော့ အားလုံး ဒုက္ခလာခံနေရပါလားလို့ ခံစားရတာပါ။
ကျမကတော့ ထိုင်းအာဏာပိုင်တွေကိုလဲ အပြစ်မတင်ချင်တော့ပါဘူး။
သူတို့ကလဲ သူတို့ရဲ့ ဒေသ လုံခြုံရေးကို ကာကွယ်ချင်ပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် အရင်းစစ်ရင်တော့ အမိမြေမှာ နေခွင့်မသာအောင် ဖိနှိပ်မှုတွေ ကျပ်တည်းလွန်းမှုတွေကနေ ဒီလို တပါးနိုင်ငံမှာ ခုလို အောက်ကျနောက်ကျ နေ နေရတဲ့အဖြစ်ကို ရောက်စေခဲ့တာပဲ မဟုတ်လား။
ဒီဘက်ကို ရောက်လာသူအများစုက တောသူတောင်သားတွေလေ ။ မြန်မာနိုင်ငံထဲမှာတုန်းကလဲ လုပ်အားပေးဟေ့ ဆိုလဲ သူတို့၊ ကင်းစောင့်ဖို့ ဆိုလဲ သူတို့၊ ပေါ်တာဆိုလဲ သူတို့ … ဒီတော့ လွတ်ရာကျွတ်ရာ အဖြစ်ပြေးခဲ့ပေမယ့်လဲ အခုကျတော့ တောထဲတောင်ထဲ ခြင်ကိုက် ဖြုတ်ကိုက် ၊ ဒီနှစ် ပိုလာတဲ့အအေးထဲမှာ အိမ်ခြေယာမဲ့ဘ၀နဲ့..
ကျမတော့ မြင်ကွင်းတွေ ကြည့်ရင်း ဒင်းတို့လူရမ်းကား လူဆိုးဗိုလ် အုပ်စုကိုပဲ အသေသတ်ချင်တော့တယ်….။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

9 comments:
အသက်ရှူဖို့ ကျပ်တည်းနေကြတဲ့သူတွေနဲ့အတူ အသက်ရှူကျပ်သွားတယ်...
ပြည်သူပြည်သားတွေ ဒုက္ခလည်းမသေးပါလားနော်..
ပြေးစရာမြေရယ်မရှိဖြစ်နေပြီ။
ဟုတ်တယ်အန်တီရေ.. သားလည်းဖြစ်နိုင်ရင် ဟိုလူအုပ်စုကို အသေသာသတ်ပစ်ချင်တယ်။
ရွာသားတွေအတွက် စိတ်မကောင်းစရာပဲနော်..။
အမြန်ဆုံးအကူအညီ အထောက်အပံ့တွေရလို့ အေးအေးချမ်းချမ်းပြန်နေနိုင်ကြပါစေ..
အားလုံး နားခိုဖို့ အတွက် နေရာ လေးတခု လိုချင်မိတယ်။
တနေ့ တော့ တနေ့ ပေါ့
ဘယ်တော့လဲ မမေးလိုက်ပါနဲ့  ဆိုတဲ့  အိမ်ဆိုတဲ့ သီချင်းလေးကို သတိရမိတယ်
(Sigh!)
အင်း… ဆေးမြီးတိုကလည်း ရေရှည်တော့ ဘယ်အစွမ်းထက်နိုင်ပါ့မလဲ။ ရောဂါကို အမြစ်ကပြတ်အောင်ဖြတ်ကြဖို့ အားလုံးသဘောပေါက်လာတဲ့တနေ့မှာ အောင်မြင်မှာပဲ။
ဒါဖတ်ပြီး ဆောင်းတွင်းအေးအေးမှာ အိမ်ယာမရှိနေရမယ့် ဘ၀တွေကို မြင်ယောင်ပြီး စိတ်မကောင်းဘူး အမရယ်။
ကျနော်လည်း သက်ပြင်းချသွားပါတယ်။
ဒုက္ခတရားတွေအတွက် ရင်နာမိပါတယ်.. အစ်မရယ်။ ရာသီဥတုကလည်း ဒီအချိန် အဲဒီမှာ အေးနေမှာပေါ့။
တကယ်စိတ်မကောင်းဖြစ်မိတယ်
Post a Comment