Thursday, January 22, 2009

အော်စလိုသွားတောလား…

မဖြစ်မနေရေးဖို့ အစပျိုးလိုက်တာပါ။ ဒီနေ့တော့ အမြည်းလို့ သဘောထားပေးပါနော်။ ဒိုင်ယာရီရယ် ဒီခရီးသွားမှတ်တမ်းရယ်ကို တလှည့်စီရေးမယ် စိတ်ကူးတယ်။ ရောက်လာခဲ့တဲ့ နေရာမှာ ကိုယ့်စိတ်ထဲက သတ်မှတ်တဲ့အတိုင်း ခံစားရတဲ့အတိုင်း အကဲဖြတ်တာတွေလဲ ပါမှာမို့ သဘောထားကွဲလွဲတာတွေ ရှိခဲ့ရင်လဲ ပို့စ်မတင်ခင်ကတည်းက တောင်းပန်ထားပါတယ်။

တကယ်က ဒီခရီးစဉ်ကို အစက သွားဖို့ စိတ်မပါခဲ့ပါဘူး။ ဒါပေမယ့် ဆွီဒင် မီဒီယာက ခေါ်တဲ့ သင်တန်းမို့ ကိုယ့်ဌာနက ပိုက်ဆံမကုန်သလို ကိုယ်လဲရောက်ဖူးမယ် သွားရမယ့် အဖော်တွေကလဲ ကောင်းတယ် ဆိုတော့ လိုက်မယ် ဖြစ်ရော။ ဒါနဲ့ ပထမသုတ်မှာတောင် မပါပဲ ဒုတိယ သုတ်မှ လိုက်ဖြစ်တော့တယ်။ သင်တန်းက ပထမသုတ်ပြန်ခါနီးနဲ့ ဒုတိယသုတ်ရောက်ခါစမှာ ရက်ညှိ လုပ်တာဆိုတော့ အဆင်ပြေတာပေါ့။
ပထမဆုံးဘန်ကောက်ကနေ ဖင်လန်နိုင်ငံ က ဟယ်လင်စကီး မြို့တော်ကို ရောက် အဲဒီကနေ တဆင့်နော်ဝေးကို လေယာဉ်ပြောင်းစီးရတာပါ။ နော်ဝေးလေဆိပ်ကို စရောက်တော့ အ၀င်မှာ ကိုယ့်ပတ်စပို့စ် စာအုပ်ကို ပြရမယ် ထင်ပြီး ထုတ်တောင် ကိုင်ထားလိုက်သေး။ ဒါပေမယ့် ဘာအင်မီဂရေးရှင်းမှ လုံးဝကို မရှိတာတွေ့ရပါတယ်။ အော် .. ဥရောပဆိုတာ ရောက်လာလေပြီပေါ့။

အော်စလို လေဆိပ်ကလဲ အော်စလို မြို့တော်နဲ့ နည်းနည်းဝေးသေးတော့ ကြိုတင်မှာထားတဲ့အတိုင်း ရထားစီးရမယ်။ အော်စလိုသွားမယ့် ရထားကို စုံစမ်းရန်မှာ မေးမြန်းပြီးလက်မှတ်ဝယ်တော့ အတူသွားတဲ့ ၃ ယောက်မို့ ၃ ယောက်စာ လက်မှတ်ရောင်းပါ သေချာပြောပြီး လက်မှတ်ဝယ်တော့ ၉၁ ခရောင်းတဲ့။ အော် သိပ်ဈေးမကြီးဘူးပဲ တယောက်မှ ၃၀ လောက်ပဲကျတာပဲ တောင်တွေးမိသေးတယ်။ ဒါပေမယ့် ရထားပေါ်ရောက်တော့ လက်မှတ်စစ်လာတော့ ဒါတယောက်စာပဲတဲ့။ ဟမ် ဘယ်လိုလုပ်ရပါ့။ မြန်မာပြည်လို ဖမ်လိုက်မလား ဒဏ်ဆောင်ခိုင်းမလား ဘာလုပ်ရမယ်မသိဖြစ်နေတော့ လက်မှတ်စစ်က သူ့ဆီမှာလက်မှတ်ယူလို့ရတယ်။ ယူမလားတဲ့ ယူပါ့မယ်ပေါ့။ ပိုက်ဆံကို ယူအက်စ်ဒေါ်လာ ထုတ်ပေးတော့ သူမယူဘူးတဲ့။ ပေါက်ဈေးမသိလို့ဖြစ်မယ် ထင်တယ် ပြောပြီး ၃ ယောက်သား ခေါင်းချင်းဆိုင်ကြရတယ်။ ဒါနဲ့ သားသားကိုဒိန်းမတ်ကဘော်ဒါ မပိုက မုန့်ဖိုးလှမ်းပေးထားတဲ့ ဒိန်းမတ်ခရိုနာ ၅၀၀ ကို မလဲပဲ ယူလာတာ သတိရတော့ အဲဒီဒိန်းမတ်ခရိုနာ ထုတ်ပေးလိုက်တော့ ယူတယ်။ တော်ပါသေးရဲ့။ နော်ဝေးခရိုနာနဲ့ ဒိန်းမတ်ခရိုနာ မှာ တကယ်ဆို ဒိန်းမတ်က နည်းနည်းမြင့်မယ် ။ ဒဿမလောက်ပဲ ကွာ တာမို့ သူက တူတူပဲတွက်ယူလိုက်တယ်။

ဒီလိုနဲ့ မိနစ်၂၀ လောက်ရထားစီးပြီး အော်စလိုဘူတာကြီးကို ရောက်ခဲ့တယ်။ သေချာပြောထားတာက ဘူတာကနေ အပေါ်ကို တက်လာလိုက် စောင့်နေမယ် ဆိုတော့ အပေါ်တက်တဲ့လူတွေနဲ့ ရောတက်လာလိုက်တာ ကိုယ့်နာမည်ခေါ်သံတွေ ကြားနေရပြီး လူမတွေ့ဘူးဖြစ်နေသေးတယ်။ နောက်မှ အပေါ်ထပ်ကနေ ပြေးဆင်းလာကြတဲ့ ပထမသုတ်က ကိုယ့်လူတွေကိုတွေ့ရတယ်။ ဗမာစကားသံ ဆူဆူညံညံနဲ့ တယောက်တပေါက်ပြောနေလိုက်ကြတာ ရွာက ဘူတာကျနေတာပဲ။

ဒီဗွီဘီက လူတွေချည်းပဲ ဆိုတော့ရုပ်သံကနေ မြင်ဖူးကြမယ်ထင်တာပဲ။ နာမည်တွေ ရေးမတင်တော့ဘူး။

အဲဒီမှာပဲ အနွေးထည်လိုနိုင်မယ် ကြိုတွက်ပြီး အရင်ရှိသူတွေက အနွေးထည်တွေ ယူလာပေးထားတယ်။ ကျမအတွက် တေးဂီတအစီအစဉ်က မသီတာက အနွေးထည် တထည်ယူလာပေးတယ်။ အော်စလိုရုံးချုပ်မှာ ရှိနေတဲ့ လူတွေက ကိုယ်တာဝန်ယူမယ့် လူကို စောင့်ခေါ်တာမို့ ကိုယ်နေရမယ့်အိမ်ကို လိုက်သွားရတာပေါ့။

ကျမကတော့ ပထမသုတ်မိန်းကလေး ၂ ယောက်ရှိနေတဲ့ ဒီဗွီဘီရေဒီယိုက မခင်နှင်းထက် အိမ်မှာပဲ နေရမယ်လို့ နေရာချထားခံရတယ်။ ပထမသုတ်က ရောက်နှင့်နေတဲ့ နော်ဆေးဖော၊ စောလဲ့နန္ဒာ တို့ရဲ့ ခေါ်ဆောင်ရာ မနှင်းအိမ်ကို လိုက်လာတော့ အော်စလို စံတော်ချိန် ၉ နာရီခွဲ ကျော်နေပြီ။

မြေအောက်ရထားထပ်စီးပြီး ဘူတာလေးတခုမှာဆင်း။ ၆ မိနစ်လောက် လမ်းလျှောက်ရတဲ့ ခရီးမှာ ည ၁၀ နာရီထိုးခါနီး။ ခေါင်းမှာ ဓါတ်မီးလေးတပ်ပြီး ပြေးနေတဲ့နော်ဝေးတွေရယ်။ ခွေးတကောင်လက်ဆွဲပြီးလမ်းလျှောက်နေတဲ့ နော်ဝေးတွေရယ်တွေ့တော့ ဟဲ့ ညဖက်ကြီးလဲ ပြေးနေကြတာပဲလားလို့ မေးတော့ အမရေ .. သူတို့လဲဒီအချိန်ပဲ အားတယ်ထင်ပါတယ်။ အားတဲ့အချိန် လေ့ကျင့်ခန်း လုပ်တာတဲ့။ အော် ဖြစ်ရလေ လို့တွေးမိတယ်။ ကိုယ်တွေကတော့ ချမ်းလို့လေ။အနွေးထည် အထူကြီးစ၀တ်လာပြီ။ လေယာဉ် ၁၀ နာရီကျော် ဆက်တိုက် စီးလာရတော့ ထမင်းတောင်မစားတော့ပဲ အိပ်ယာထဲ တန်းဝင်ပစ်လိုက်တယ်။ အင်း မအိပ်ခင် ဆေးဆေးက အမ အိမ်ကို ဖုန်းပြန်ဆက်လိုက်ပါဦး ။ အော်စလို ရောက်ပြီဆိုတာကို ဆိုပြီး အင်တာနက်ကနေ ဖုန်းခေါ်ခိုင်းလို့ လှမ်းခေါ်လိုက်သေးတယ်။ ရောက်ခါစက ထိုင်းနဲ့နော်ဝေးက အချိန် ၅ နာရီပဲ ကွာသေးတယ်။ အော်စလို ည၁၀ နာရီဟာ ထိုင်းမှာ မနက်စောစော ၃ နာရီပဲပေါ့။ နှင်းတွေ ဘာတွေလဲမတွေ့ရသေးဘူး။ ဒါပေမယ့် ငါတော့ မြောက်ဝင်ရိုးစွန်းကိုရောက်နေပြီလို့ စိတ်ထဲမှာ မှတ်မှတ်သားသားဖြစ်မိတယ်။ ငယ်ငယ်က ပထ၀ီသင်ရတဲ့အခါမှာ အက်စကီမိုး လူမျိုးတွေရဲ့ ရေခဲကိုပဲ အိမ်ဆောက်နေတာ၊ စွပ်ဖားလေးတွေစီးတာ မျိုးကို သိပ်လုပ်ချင်ခဲ့တာမို့ ခုမြောက်ဝင်ရိုးစွန်းကို ရောက်နေတာကိုပဲ ပျော်နေမိတယ်။
(ဆက်ရန်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

9 comments:

Moe Cho Thinn said...

ခရီးသွားအတွေ့အကြုံတွေ ပြန်ရေးမယ်ဆိုတော့ ၀မ်းသာမိတယ်။ စ ဖတ်ရတာနဲ့ကို ပျော်စရာ။ ဓာတ်ပုံတွေ တွေ့တော့ ပိုလို့တောင် အသက်ဝင်တယ် အမရေ။ ဒါနဲ့ မသီတာက ပိုချောလာပါလား။ :)

အောင်သာငယ် said...

စောင့်ဖတ်နေတယ်ဗျို့....

ဒါနဲ့ စကားမစပ်ဗျာ... ခေါင်းစဉ်က မှားနေသလားလို့...
တောကိုသွားတာမှ မဟုတ်တာ...

အော်စလိုသွားမြို့လား- မဖြစ်သင့်ဘူးလား....း)း)

Craton said...

ဖတ်လို့ကောင်းလိုက်တာ အန်တီခင်မင်းဇော်ရေ..
ဘာတွေဆက်လုပ်ဖြစ်ကြတယ်လေးတွေ ရေးပါဦး
စောင့်ဖတ်နေတယ်...

Thet Oo said...

နော်ဝေးကို `တောသူဌေးတွေနေတဲ့နေရာ´ လို့ ခေါ်တယ်ဆိုတာလည်း ရေးဖို့ မမေ့နဲ့နော...

Ko Boyz said...

တောပဲလားလား မြို့ပဲ လားလား... ဇနပုဒ် ကျေးလက်ပဲ လားလား.. စုံတောမြိုင်ပဲလားလား... စောင့်ဖတ်နေပါတယ်။ :P

မမသီရိ said...

ဝင်ရိုးစွန်း ကို အတူ အလည် လိုက် လာ တယ်..
စိတ်ဝင်စား စရာ..ဆောင်းပါးလေး ပါ..
ဆက်ရန်တွေ အတွက် စောင့် ဖတ်ပါ့ မယ်..

Winn said...

ဖတ်လို့ ကောင်းပါတယ်။
ဖီလင်လေးတွေထဲ့ရေးရင်....
စောင့်ဖတ်နေမယ်။

pandora said...

ဆက်ရေး ဆက်ရေး.. အသေးစိတ်ကလေးနော်။
စောင့်ဖတ်နေတယ်။ :D

ဒူကဘာ said...

စာကြွေးတွေ လာရှင်းတယ်၊ ခရီးသွားတာ ဝါသနာပါတယ်၊ သူများအတွေ့အကြုံ ကိုယ်အတွေ့အကြုံ လို့ပဲခံယူတယ်...ဒါနဲ့ ဖင်လန်ရဲ့ မြို့တော်က ဟယ်ဆင်ကီး မဟုတ်လား? ဟယ်လင်စကီး လဲ ခေါ်လား?