Friday, January 23, 2009

ဘ၀ဒိုင်ယာရီ အမှတ် နှစ် ၊ အခန်း (၈)

မရေးဖြစ်တာကြာနေတဲ့ ဘ၀ဒိုင်ယာရီကိုလဲ ဆက်လက်ရေးသားနေပါပြီ။ ခရီးထွက်နေရတော့ ကိုယ့်အိမ်လို စာရေးဖို့ခံစားချက်က သိပ်မလွယ်ဘူးလေ။ ဒါနဲ့ပဲ ဘ၀ဒိုင်ယာရီက အခန်း(၇) ရေတိုက်ပွဲအပြီးလေးမှာပဲ ရပ်နေခဲ့ရတယ်။ တကယ်ဆိုရင် ထောင်ဒဏ် ၂ နှစ်ဆိုတာ အခု ထောင်ဒဏ် နှစ် ရာကျော်တွေ ၆၅ နှစ်တွေနဲ့ နှိုင်းလိုက်ရင်တော့ ခဏလေးပါပဲ။ ဒါပေမယ့်လဲ ကျမဘ၀ အတွေ့အကြုံလေးတွေကို မှတ်တမ်းတင် ထားခဲ့ချင်တာရယ်၊ ထောင်ဆိုတာ ကြောက်စရာ မဟုတ်ဘူးဆိုတာရယ်ကို မျှဝေ ပေးချင်တာတွေကြောင့် ဒီဘ၀ဒိုင်ယာရီကို ဆက်ရေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဆက်လက်အားပေးကြပါဦး။

အခန်း(၈)
ရေတိုက်ပွဲပြီးတော့ ထမင်းတိုက်ပွဲရှိသေးတယ်လေ။ သူကလဲ တကယ်က ကိုယ်ကစလုပ်တာ မဟုတ်ပါဘူး။ အခြေအနေအရ အခွင့်ထူးခံလို ဖြစ်သွားစေတဲ့ အဖြစ်အပျက်ကလေးပါပဲ။

ဖြစ်ပုံက .. ထောင်ထဲမှာ မနက်စာ ဆန်ပြုတ်လာတယ်။ ကိုယ့်ရှိတဲ့ခွက်တွေနဲ့ သွားပြီးခံသောက်။ နောက် ထမင်းပုံး( စည်ပိုင်း အပြတ်ထဲ ထမင်းထည့်လာတာ)လာရင်လဲ ကိုယ့်ရှိတဲ့ ကော်ဇလုံနဲ့ သူတို့ ထိုးပေးတဲ့(ဒါက ထမင်းထိုးတယ်ဆိုတာ ထောင်ကခေါ်တာလေ၊ သွပ်ပြားအရှည်ကို ကတော့ပုံ ခပ်ပက်ပက် ဆက်ထားပြီး သစ်သားလက်ကိုင်တပ်ထားတာ) ထမင်းကို သွားယူရတာပဲ။ အဲဒီမှာ လူတိုင်းတန်းစီရတယ်။ ကိုယ့်တယောက်စာ ကိုယ်ယူရတဲ့ စနစ်ပဲ။ ထမင်းယူ ပြီးရင် ဘေးမှာ ရပ်နေတဲ့ ပုံစံငပိယူ၊ နောက်ပဲဟင်းယူ အဲလိုယူရတာ။ ထုံးစံအတိုင်း အားလုံး တညီတညာတည်း ဆိုလဲ ဒီလိုဖြစ်မှာ မဟုတ်ဘူးလေ။ ခုက တန်းစီးနဲ့ တည့်သူ၊ ထမင်းထိုးပေးတဲ့ သူနဲ့ တည့်သူဆိုရင် ထမင်းက တန်းစီစရာမလိုပဲ ဘယ်နှစ်ယောက်စာ ဆို ကျွပ်ကျွပ်အိတ်နဲ့ ခံယူလိုက်ယုံပဲ။ ပဲဟင်းလဲ အဲလိုပဲ ။ တယောက်ချင်းစီတဲ့လူကို ထိုးပေးတဲ့ ထမင်းက တော်တော်နည်းတယ်။ တယောက်အနေနဲ့ မ၀ဘူး။ ဘာလို့နည်းထည့်ပေးလဲ ဆိုတော့ များလို့ မစားနိုင်ပဲ ကျန်တာများနေရင် သူတို့အဆူခံရလို့တဲ့။ တကယ်က ၀က်စာအိုးထဲထည့်လို့ရတယ်။ ထမင်းအကျန် ဟင်းအကျန်ထည့်ဖို့ စဥ့်အိုးတလုံးလုပ်ထားတယ် ညနေဆို လာသိမ်းတာပဲ ၊ ထောင်မှာလဲ ၀က်တွေ ကြက်တွေမွေးရတယ်။ အကျဉ်းသားတွေ အတွက်မဟုတ်ဘူးလေ။ ထောင်ဝန်းထမ်းတွေ သက်သာချောင်ချိရေးအတွက်တဲ့ ။

အကျဉ်းသားတွေက ၀က်သားဆိုလဲ အဆီတုံးရင့်ရင့် တတုံးလောက်ကို အပတ်စဉ် ကြာသပတေးနေ့တိုင်း စားရမယ်။ ၀က်သားမဟုတ်ရင် အမဲသား အရွတ်တုံး အသားပါတယ်ဆိုယုံ၊ ဒါးနဲ့တောင်မနည်းလှီးယူရတယ်။ ဟင်းဆိုပေမယ့် အရည်ကျဲကျဲထဲ ထည့်ပြုတ်ထားတာချည်းပဲ။ ဒါတွေမစားဘူးဆိုရင် ဘဲဥပြုတ်တလုံး ယူခွင့်ရှိတယ်။ ဒါပေမယ့် လူတိုင်းတော့ မပေးဘူး။ဘဲဥပြုတ်တာ နည်းလို့တဲ့။ သီးသန့်တွေက ထောင်ဝင်စာတွေ့ခွင့်က ကြာသပတေးနေ့ ဖြစ်နေတော့ ဘဲဥပြုတ်ပဲ ယူမယ်လို့ ပြောထားရတယ်။ ဒါမှ နောက်နေ့စားဖို့ဖြစ်မယ်လေ။ ထောင်ဝင်စာမှာက အိမ်က ဟင်းထည့်ပေးတာပဲ ဆိုတော့အဲလိုမှ အဆင်ပြေမယ်။ ဒီလိုပဲ ကြည့်ကျက်စီမံရတာပေါ့လေ။ အဆောာင်မှာနေရသလိုပါပဲ။ အဲဒီချိန်က အဲလိုပဲ ခံစားရတယ်။ ထူးထွေပြီးလဲ စိတ်မညစ်ပါဘူး။ ကိုယ်နဲ့ရွယ်တူတွေနဲ့ သီချင်းဆိုလိုက် ဘုရားစာကျက်လိုက်နဲ့၊ ပရိတ်ကြီး ၁၁ သုတ်၊ ဓမ္မစင်္ကြာ၊ ပဌာန်းအကျယ် အကုန်ရခဲ့တယ်။ ထောင်ကျတဲ့ အကျိုးပေါ့။

ထမင်းတိုက်ပွဲကို ဆက်ပြောပြရရင်တော့ ကျမတို့သီးသန့်မှာ လူကြီး ၂ယောက်ပါတယ် အသက် ၅၀ ကျော် နဲ့ ၆၀ ကျော်ပေါ့။ အဲဒါသူတို့ ၂ယောက်ကိုလဲ ထမင်းတန်းစီခိုင်းတယ်။ စီတာပါပဲ အစက။ ဒါပေမယ့် တန်းစီနေတဲ့ အချိန်မှာ ကျမတို့က အမြဲ ထိပ်ဆုံးမှာ ဖြစ်နေအောင် နေရာယူနေကျမို့ သူက ကျွတ်ကျွတ်အိတ် သမားတွေကို အရင်ဆုံးထည့်ပေးနေတာ မြင်နေရတယ်။ နေပူကျဲကျဲထဲမှာ တန်းစီနေတဲ့ လူတွေကို အရင်မပေးပဲ သူတို့ အခွင့်ထူးခံတွေကို နေ့တိုင်းအဲလိုပေးနေတော့ သိပ်မကြည်ချင်တော့ဘူး။ ဒါပေမယ့် သည်းခံနေကြသေးတယ်။ ဒီလိုအချိန်မှာပဲ ကော်ဇလုံတွေ မကိုင်ရတော့ဘူး။ ထောင်က ပုံစံပန်းကန်တွေကိုပဲ သုံးတော့မယ်။ တယောက်တပန်းကန်လာယူကြ ဆိုတဲ့အမိန့် ထုတ်လိုက်ပါလေရော။ အဲဒီအချိန်မှာ ကောင်းတယ် ကျွတ်ကျွတ်အိတ်သမားတွေ ပျောက်တော့မယ်ပေါ့။ တွေးမိကြသေးတယ်။

ဒါပေမယ့် ထောင်က ပေးတဲ့ပုံစံပန်းကန်က အကျဉ်းသူဦးရေနဲ့ မလောက်ဘူး ဖြစ်ပြန်ရော။ နောက်ပြီး ကိုယ်ရတဲ့ ပုံစံပန်းကန်ကို ကိုယ်က အပြီးယူမထားရဘူးတဲ့။ စားပြီး ပြန်လာထပ် ။ နောက်နေ့ ထမင်ပုံးလာရင် အဲဒီအထပ်ထဲက ကျရာဆွဲယူပြီး ထမင်းခံတဲ့။ ဟာ မဖြစ်ဘူးပေါ့။ သူများတွေက ဆပ်ပြာနဲ့မဆေးပဲ ရေနဲ့ပဲ ဆေးထားတာတွေ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ ကျမတို့ကလည်း ဝေဖန်တာပေါ့။ မရဘူးတဲ့။ အဲလိုပဲ လုပ်ရမယ်တဲ့။ ပန်းကန်မလောက်တဲ့ လူတွေက ဘယ်လိုစားမလဲ ဘာနဲ့စားမလဲ ဆိုတော့သူတို့က ကျွတ်ကျွတ်အိတ်နဲ့စားတဲ့။ ဒါဆိုရင် ကျမတို့ ကျွတ်ကျွတ်အိတ်နဲ့ စားမယ်လို့ ပြောတော့ မရဘူးတဲ့။ ဘာလို့မရတာလဲ ကျမတို့ နောက်ဆုံးမှာနေမယ် ၊ ကျွတ်ကျွတ်အိတ်နဲ့စားမယ်။ ဒါမှ မဟုတ်လဲ ကျမတို့ ရှေ့ဆုံးကနေ ကျွတ်ကျွတ်အိတ်နဲ့ ယူလိုက်မယ်။ လက်မခံဘူး။ ကျရာပန်းကန်နဲ့စားရမယ် ကိုယ်တိုင်ထမင်းခံရမယ်။ သူများစာ မယူရဘူး ဖြစ်ရော။ ဘယ်လိုမှ ပြောလို့ လက်မခံဘူး ထောင်မှုးမက။ သူကလဲ သက်သက်ချိုးချင်နေတာလေ။ ကျမတို့ကို။

အဲဒီလိုဖြစ်တဲ့နေ့က ထောင်ဝင်စာ လာထားတဲ့နေ့ ဆိုတော့ကိုယ့်ဆီမလဲ ဟင်းကောင်းကောင်းက ပါလာတယ်။ အရည်နဲ့ အစိုဟင်းလို့ခေါ်ရမယ့် ဟင်းတွေ ကိုယ်စီနဲ့ပေါ့။ ထောင်ဝင်စာကလဲ တယောက်ကို ၂ပတ်တခါတွေ့ခွင့်ရတော့ များများပို့နိုင်သူနဲ့ နည်းနည်းပို့နိုင်သူ တွဲပြီး အလှည့်နဲ့ ဒီတပတ် ဒီ၂ ယောက်၊ နောက်တပတ် ဟို၂ ယောက် အဲလိုလဲ လုပ်ထားရသေးတယ်။ ဒါမှ ဟင်းအစိုနဲ့ ထမင်းက စားဝင်မှာကိုး။ အခြောက်တွေနဲ့ချည်းစားရတာ မြိုမကျတော့ဘူးလေ။ အဲဒီဟင်းအစိုတွေနဲ့ ထမင်းနဲ့စားရင် ကောင်းလိုက်မယ့်ဖြစ်ခြင်းပေါ့။(အခုတော့ အင်းစိန်ထောင်မှာ ရှိနေတဲ့ ကျမအဖေဆီကို ဟင်းအစိုပို့လို့မရဘူး၊ ပို့ခွင့်မရှိဘူးတဲ့) ဒါပေမယ့် ခုနလို ညှိမရတဲ့အခါမှာတော့ ရတယ်လို့ ကျမတို့ ဒီနေ့သီးသန့်အားလုံး ထမင်းမစားတော့ဘူးလို့ ၊ ထောင်ပိုင်လေးကို အကြောင်းကြားလိုက်ပါ။ ထမင်းမစားပဲ ဆန္ဒပြတယ်လို့ ပြောလိုက်ပြီး ထမင်းလုံးဝ မယူလိုက်ကြဘူး။

ထောင်မှုးမက မျက်စိမျက်နှာပျက်လို့။ ဒါဆို တကယ်မစားဘူးပေါ့လေတဲ့ ဟုတ်တယ်လို့ ကိုယ့်ကျွတ်ကျွတ်အိတ်နဲ့ သူများတွေ ထမင်းယူသွားတာ ကျမတို့ တွေ့နေတာပဲ ၊ ကျမတို့ကို ခွင့်မပြုတာတော့ မဟုတ်သေးဘူးလေ။ ဒါ့ကြောင့် မစားတာ၊ သွားအကြောင်းကြားပေးပါလို့ သေချာပြောလိုက်တယ်။ သူက ညည်းတို့က ထောင်ပိုင်လေးနဲ့မှ စကားပြောချင်တာလားတဲ့။ ဟုတ်တယ်လေ အန်တီက ထောင်ပိုင်လေး အမိန့်ပေးရင် လက်ခံမယ်မဟုတ်လား ဆိုတော့ သူထောင်ပိုင်က ခွင့်ပြုရင် ငါကပေးရမှာပဲ ပေါ့ ဆိုပြီး မဲ့ကာ ရွဲ့ကာနဲ့ လေးတံခါးသွားခေါက်ပြီး အခြေအနေကို သတင်းပို့ တိုင်တော့တာပေါ့။

သတင်းပေးတာကလဲ အဆင့်ဆင့်ဆိုတော့ ထောင်တန်းပိတ်သွားပြီ။ ကျမတို့ လဲ ထမင်းမစားဖြစ်ဘူး။ ဒါပေမယ့် ထောင်ကထမင်းပဲ မစားတာလေ။ ထောင်ဝင်စာမှာ ပါလာတဲ့ မုန့်တွေ ရှိနေတာပဲ မုန့်စားပြီး ရေသောက်နေလိုက်ကြတာပေါ့။ဝါဒါမတွေကလည်း ဟိုဘက် ဒီဘက်မပါရဲပဲ ကျမတို့ကို အရိပ်တကြည့်ကြည့်ပေါ့။ အဲဒီနေ့က ဘာမှအကြောင်းပြန်ကြားချက် မလာဘူး။ မလာရင် နောက်နေ့တွေ ရော ထမင်းမစားပဲ နေမှာလား ဆိုတာ ကျမတို့ အချင်းချင်းတိုင်ပင်ကြရပြီပေါ့။ အခန်းတွေကလဲ မတူတော့ မနက်ထိစောင့်ကြည့်ပြီး မနက်ကျမှ ဆက်တိုင်ပင်မယ်။ ဒီညတော့ ဗိုက်ဝအောင် စားပြီး အိပ်ကြမယ်လို့ အကြံပြုကြတာမို့ စောစောပဲ အိပ်ကြတယ်။ ဒါပေမယ့် မနက်ထိ အကြောင်းမပြန်ရင် လုံးဝမစားပဲ ဆက်နေကြမယ်လို့ ကျမအခန်းထဲမှာ တူတူရှိနေတဲ့ အမနှစ်ယောက်နဲ့ တိုင်ပင်ဖြစ်တယ်။ သူတို့ကလဲ မထူးဘူး ဆက်ချပစ်မယ်တဲ့။ ပိုက်ဆံပေးနိုင်သူတွေကို ဆက်ဆံတာကျတော့ တမျိုး ဒီလိုမျိုးခွဲခြားဆက်ဆံတာမျိုးကို တိုက်ပစ်မယ်လို့ အချင်းချင်းအားပေးပြီး ဆုံးဖြတ်ထားကြတယ်။ မနက်ကျတော့ ကျန်တဲ့လူတွေလဲ သူတို့အခန်းတွေမှာ ခုလိုပဲ ဆုံးဖြတ်ထားကြတာကို သိကြရတယ်။ အသက်ကြီးတဲ့ ၂ ယောက်ကိုတော့ ကျမတို့လုပ်ရင်မပါဖို့ ပြောထားပြီး အခြေအနေစောင့်ကြည့်နေကြတယ်။

မနက်ပိုင်း တန်းဖွင့်ချိန်မှာ ထောင်မှုးမမျက်နှာက မာရေကြောရေနဲ့ပေါ့။ သူ့ရှေ့က ဖြတ်သွားချိန်မှာ မကြားတကြားစောင်းပြောသေးတယ်။ မိမနိုင်ဖမနိုင်တွေတဲ့။ ဒါနဲ့ပဲ ခပ်တည်တည် သူ့ရှေ့ရပ်လိုက်ပြီး အန်တီကလဲ နည်းသေးတာပေါ့။ အစိုးရပါ မနိုင်လို့ ထောင်ထဲပို့ထားပါတယ်ဆိုမှတော့ ဘယ်သူမှကိုမနိုင်တော့ဘူးသာမှတ်လို့ သေချာပြောပစ်လိုက်တယ်။ မျက်စောင်းထိုးလိုက်တာ မျက်နှာတောင် တပတ်လည်မတတ်။
ပြီးတော့ ကျမတို့အုပ်စု လေးတံခါးထောင်ပိုင်ဝင်လာနိုင်တဲ့ လမ်းကိုမြင်ရတဲ့ ထောင်အုတ်ရိုးဘေးနားမှာ တန်းစီထိုင်ကြရင်း ရောက်တတ်ရာရာ ပြောဆိုနေလိုက်တာပဲ။
မနက်ထမင်းပုံးလာချိန် လေးတံခါးဖွင့်သံကြားလို့ လှမ်းကြည့်လိုက်တော့ ထောင်ပိုင်လေး ဦးပြုံးချို ၀င်လာတာကိုတွေ့လိုက်တယ်။

ရုပ်ခပ်ဖြောင့်ဖြောင်ပေမယ့် သူ့ရဲ့လက်သံက တကယ်ပြောင်သတဲ့။ ဒီလောက်ပဲ အတွင်းမှာ နေတုန်းက သိထားပေမယ့် အပြင်ပြန်ထွက်လာတော့ အင်းစိန်ထောင်ထဲမှာ ဒေါက်တာတင်မျိုးဝင်းကို နံရိုးကျိုးသွားတဲ့ထိ ရိုက်တာ သူတဲ့။ နံရိုးကျိုးပြီးလမ်းမလျှောက်နိုင်လို့ တွဲသွားရတဲ့အခါမှာ ဘေးကတွဲတဲ့လူကို မတွဲခိုင်းပဲ ဒေါက်တာတင်မျိုးဝင်းကို ဒီတိုင်းလမ်းလျှောက်ခိုင်းခဲ့တယ်။ လမ်းမလျှောက်နိုင်လို့ လေးဘက်ထောက်သွားနေတဲ့အချိန်မှာ မင်းတို့ ကြည့်ထား။ တင်မျိုးဝင်းလိုကောင်ကို တောင် ဒီလိုလုပ်နိုင်တယ် ဆိုပြီးကြိမ်တ၀င့်ဝင့်နဲ့ ရိုက်ပြလိုက်သေးသတဲ့။ အဲဒါကို ပြန်ပြောပြတာက ဒေါက်တာတင်မျိုးဝင်းကို ၀င်တွဲခဲ့တဲ့ ကျမသူငယ်ချင်း ကိုစိုးနိုင် ပဲ။ ဒါတွေက တကယ့်အဖြစ်အပျက်တွေပဲ။

ကျန်တဲ့လူတွေ ပုံစံထိုင်ခေါင်းငုံနေချိန်မှာ ကျမတို့ဆီကို လာနေတဲ့ ထောင်ပိုင်လေးကိုကြည့်ရင်း အဲဒီအချိန်က အားလုံးရင်ထဲမှာ သတ္တိတွေအပြည့်နဲ့ ဘာဖြစ်ဖြစ် ရင်ဆိုင်မယ်ဆိုတာက သေချာသလောက်ပဲ။ အံ့သြဘွယ်ရာပါပဲ။ ထောင်ပိုင်လေးက ပြုံးပြုံးရွှင်ရွှင်နဲ့ ပုံစံထိုင်မနေပဲ မြေကြီးပေါ်ပြားပြားချ ထိုင်ထားတဲ့ ကျမတို့ အုပ်စုနားမှာ လာရပ်ရင်း သူ့နောက်နားမှာ ရပ်နေတဲ့ မိန်းမထောင်မှုးကို သူတို့ကို သူတို့ပန်းကန်နဲ့ပဲ ထမင်းစားခိုင်းလိုက်ပါတဲ့။ ဒါပဲပြောပြီး ကျေနပ်သလားတဲ့ ကျမတို့ကိုလှမ်းပြောတယ်။ ပုံစံပန်းကန်မလောက်လို့ ကျမတို့ ဒီလိုတောင်းတာပါ။ နောက် ကျမတို့ထဲက လူကြီးတွေကိုလဲ ထမင်းတိုးမခံစေချင်လို့ပါ။ ကျေနပ်ပါတယ်လို့ ပြောလိုက်တယ်။ ကျမတို့ကို ရယ်ရယ်မောမောလာပြောတော့ ကျမတို့ကလဲ အေးအေးဆေးဆေးပဲ ပြန်ပြောလိုက်တာပါ။ အဲဒီအဖြစ်အပျက်က ဘာမှမဟုတ်ဘူးဆိုပေမယ့် ကျမတို့ သီးသန့်အကျဉ်းသူတွေ ညီညွတ်တယ် တစိတ်တ၀မ်းတည်းဆိုတာကို သူတို့ အသိအမှတ်ပြုလိုက်ရသလို နောက်ပိုင်းမှာလဲ ခပ်ကြောကြော လုပ်တာမျိုးတွေ သိပ်မတွေ့ရတော့ပါဘူး။ ထောင်မှုးမက တပတ်လောက် မခေါ်ပဲနေတာတော့ ခံလိုက်ရတာပေါ့။ နောက်တော့လဲ အရာရာပုံမှန်ပါပဲ။

ထောင်ထမင်းပြဲမနပ်နဲ့ ပဲဟင်းကျဲကျဲ၊ နောက် သဲများများနဲ့ ငရုတ်သီးတောင့်ကြော် စိုက်ထားတဲ့ ငပိစိမ်းကို အိမ်က၂ပတ်တခါပို့တဲ့ ထောင်ဝင်စာနဲ့ တွဲဖက်စားသုံးရင်း ၂ နှစ်ဆိုတာက ဘာမှမကြာလိုက်သလိုပါပဲ။ ဒီထဲမှာ ကျမတို့အရင် ထွက်သွားတဲ့ သူငယ်ချင်းတွေ၊ ကျမတို့နောက်မှ ၀င်လာတဲ့ သူငယ်ချင်းတွေနဲ့ ပုသိမ်ထောင်ထဲက သီးသန့်အကျဉ်းသူက နည်းသွားလိုက် များလာလိုက်နဲ့ ၁၀ ယောက်ဝန်းကျင်ကတော့ ပုံမှန်ရှိနေတာပါပဲ။
(ဆက်ရန်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

9 comments:

Craton said...

ဖတ်ပြီးတော့ စိတ်ထဲမကောင်းလိုက်တာဗျာ..
ခုမှပဲ ထောင်ဆိုတာကို ကိုယ်တိုင်ကြုံတွေ့ရသလို မြင်မိတော့တယ်.. အပြစ်မဲ့စွာနဲ့ ထောင်ထဲနေရတဲ့ သူတွေကို တကယ်လေးစားပါတယ်။ တိုင်းပြည်အတွက် အခုလိုပေးဆပ်နေကြတာ...
လက်ရှိထောင်ထဲရောက်နေသူတွေ ဘယ်လိုများနေမယ်မသိဘူး။ ၁၀၄ နှစ်တွေ၊ ၆၅ နှစ်တွေ
ကြက်သီးထဖို့ကောင်းတယ်။
အဲ့ဒီ ဦးပြုံးချိုဆိုတဲ့သူ တော်တော်အရှက်မရှိတာပဲ အန်တီရေ..
အများကြီးကို သိခွင့်ရလိုက်လို့ ကျေးဇူးအရမ်းတင်ပါတယ်။ အရာရာအဆင်ပြေကြပါစေ
အကျဉ်းသားတွေအားလုံး ဒီဝဋ်ဆင်းရဲတွေကနေ အမြန်ဆုံးလွတ်ကင်းပါစေ...

Nyo Htet Nyo said...

အစ်မရေ…မဖတ်ရတာ ကြာပြီဖြစ်တဲ့ ဘဝဒိုင်ယာရီလေး ဖတ်သွားပါတယ်ဗျာ။ ဆက်လက် စောင့်မျှော် အားပေးလျက်ပါ….

Kay said...

အမကြီးရေ- ခုမှ စာတွေစုဖတ်သွားတယ်။
ဗမာပြည်ရဲ့ တထောင့်တည ထောင်ဇာတ်လမ်းတွေကို နာနာကျင်ကျင် ဖတ်နေတယ်။

အော့်စလိုက..မျက်တောင်အလှတွေအကြောင်းရေးမယ်ဆို။ နန်းအိအိဇာလဲ လုပ်အုံးလေ။ ဟိ

မိုးမခက ဟာလည်း ဖတ်ပြီးပီ..ကောင်းတယ်နော်။း)

ရွှေဂျမ်း said...

ဘ၀ဒိုင်ယာရီကို ဆက်ရေးတာ ကျေးဇူးတင်ပါတယ်အမရေ။ အရင် အပိုင်းတွေလိုပဲ ဖတ်လို့ အရမ်းကောင်းပါတယ်။ ကိုယ့် ပြည်သူအချင်းချင်း ကိုယ်ချင်းစာစိတ် နည်းနည်းလေးတောင် မရှိတဲ့သူတွေ အကြောင်းတွေကို ဖတ်ရတာ ၀မ်းနည်း ဒေါသထွက်စရာပါပဲ။ အပြင်လူတွေ တော်ရုံသိခွင့်မရတဲ့ ထောင်ထဲက အတွေ့အကြုံတွေ မှတ်တမ်းတင်ထားသင့်ပါတယ်။ ဆက်အားပေးနေပါမယ် အမ။

Aung San said...

သူ့လက်ခုပ်ထဲကရေ ပြုသမျှ နုရမယ့် ခံရမယ့်သူကို၊ အနိုင်ကျင့်ပြီး ငါကွ လုပ်ပြရဲတဲ့ စိတ်ဓါတ်မျိုးကိုတော့ မစင်ထက်ကို ရွံရှာတယ်ဗျာ။ ဒေါက်တာတင်မျိုးဝင်းကိုကျိုးကြေ အောင်ရိုက်နှက်တဲ့ ထောင်မှုးရဲ့စိတ်ဓါတ်ကိုပြောတာပါ။

ခင်မင်းဇော် said...

craton။ ညိုထက်ညို၊ ကေ ၊ ရွှေဂျမ်း၊ အောင်ဆန်း တို့ရေ.. လာဖတ်တာ ကျေးဇူးပဲနော်။
အောင်ဆန်းရေ... အဲဒီထောင်မှုးလဲ ခု ကိုယ့်ကိုယ်ကို သတ်သေသွားပြီဟ။ သူ့မိန်းမက ထောင်ကျတယောက်နဲ့ ဖောက်ပြန်သွားတော့ ရှက်ပြီး ကိုယ့်ကိုယ်ကို သေနတ်နဲ့ ပစ်ပြီးသေသတဲ့။ ကြားရတာတော့ အဲဒီလိုပဲ။ သူလမ်းသူရွေးသွားတာပါပဲ။

Ko Paw said...

အလုပ်တဖက်နဲ့ မအားလပ်မှာကို သိပြီး ကိုယ်ချင်စာပေမယ့် ဒီ ဘ၀ဒိုင်ယာရီကို ဆက်ရေးပါလို့ တိုက်တွန်းပါရစေ။ မတရားတာကို ခေါင်းငုံ့မခံတဲ့စိတ်ဓါတ်တွေ၊ သတ္တိတွေကို သတ္တိရှိသူတွေ၊ ယုံကြည်ချက် ခိုင်မြဲသူတွေဆီက ဆောင်းပါးတွေ၊သတင်းတွေ၊ မျက်မြင်ကိုယ်တွေ့တွေကတဆင့် သွေးကူးရယူနိုင်လွန်းလို့ပါ။

Ko Paw said...

အလုပ်တဖက်နဲ့ မအားလပ်မှာကို သိပြီး ကိုယ်ချင်စာပေမယ့် ဒီ ဘ၀ဒိုင်ယာရီကို ဆက်ရေးပါလို့ တိုက်တွန်းပါရစေ။ မတရားတာကို ခေါင်းငုံ့မခံတဲ့စိတ်ဓါတ်တွေ၊ သတ္တိတွေကို သတ္တိရှိသူတွေ၊ ယုံကြည်ချက် ခိုင်မြဲသူတွေဆီက ဆောင်းပါးတွေ၊သတင်းတွေ၊ မျက်မြင်ကိုယ်တွေ့တွေကတဆင့် သွေးကူးရယူနိုင်လွန်းလို့ပါ။

lin said...

ုစိတ်ထဲမှာတကယ်ကိုခံစားပြီးဖတ်မိပါတယ်အမရေ