Tuesday, February 17, 2009

သားသား (၂)

အိမ်နားက ကလေးတွေ ၁ နှစ်ကျော်ကျော်လေးတွေရဲ့ လူလည်ကျတာတွေ တွေ့လာရတော့ သားငယ်ဘ၀ အကြောင်းလေး သတိတရ ရေးချင်လာပြန်တယ်။

သားသားအသက် ၃..၄ နှစ်လောက်က စကားအရမ်းပြောပါတယ်။ သူ့ကို ကိုကိုကြီးလို့ ခေါ်မှ ကြိုက်တယ်။ သူက သူ့ထက်ငယ်သူတွေက သူ့နာမည်ခေါ်ပြီး ပြောရင် ကိုကိုကြီးလို့ခေါ်လေ ငရဲကြီးလိမ့်မယ် ဆိုပြီး ပြောတတ်တယ်။ တနေ့ သူ့အဖေဘက်က အဖွားအိမ်ကို သွားလည်တော့ အဲဒီအိမ်ကို အရင်လာလည်နေတဲ့ သားသားနဲ့ နှစ်ဝမ်းကွဲညီအကို တော်တဲ့ ကလေးလေးကလဲ ရောက်နေတယ်။ ကလေးက သားသားထက် ၁ နှစ်လောက်ကြီးပြီး ခပ်အေးအေးလေးပဲ။ သူတို့ ၂ယောက် ကလေးချင်း ညီအကိုတော်တယ် မိတ်ဆက်ပေးပြီး အတူဆော့ကြလို့ ပြောပြီး လူကြီးတွေက စကားပြောနေကြတာပေါ့။ တအောင့်လောက်ကြာတော့ ကိုကိုကြီးကလေ ကိုကိုကြီးကလေနဲ့ သားက ပြောနေလို့ ဟဲ့ သားက ငယ်တယ် ။ သူ့ကို ကိုကိုကြီးလို့ ခေါ်ရမယ်ဆိုလဲမရဘူး။ သူက ကိုကိုကြီးပဲ ဆိုလို့ ဟိုကအမေက ရပါတယ် ကလေးပဲ ထားလိုက်ပါ ဆိုတော့ ရတယ်တဲ့ တွေ့လား သားက ကိုကိုကြီးပဲနော်လို့ ပြန်ပြောလို့ ရယ်လိုက်ကြရတာလေ အဲဒီတုန်းက။

သူ့ကို ဓါတ်ပုံရိုက်လို့ စိတ်ဆိုးနေတဲ့ သားသား
နောက် သူငယ်ငယ်က ရက်သားလေးတုန်းက ကလေးလေးတွေ ၀တ်တဲ့ ဇီးကွက်အကျီ င်္လေး ၀တ်ပေးထားတော့ သူ့အဖေက မချီတတ်ချီတတ်နဲ့ ချီပြီး ယောက်ျားလေးလား မိန်းမလေးလား အဲလိုပြောတဲ့အကြောင်းကို ကျမအမေသူ့အဖွားက ပြန်ပြောတာကြားထားပြီး သူ့အဖေဘက်က အဖွားကို တခါတလေ စိတ်လိုလက်ရ သားသားငယ်ငယ်တုန်းကလေ ပါပါးက ယောက်ျားလေးလား မိန်းမလေးလား ဆိုပြီး ဒီလိုလုပ်တယ် လို့လဲ ကလေးလေး ချီသလို လုပ်ပြပြီး ပြန်ပြောတတ်တယ်။

သူ့အသက် ၅ နှစ်လောက်ကဆို ဘာပြန်ပြောပြော သားသားငယ်ငယ်တုန်းကလေ နဲ့ အစချီလို့ ဈေးထဲက လူတွေက ဟေ့ကောင်မင်းက ခုလူကြီးဖြစ်နေလို့လား ငယ်ငယ်တုန်းကလို့ ပြောရအောင်လို့ ပြန်မေးကြရတယ်။

နောက်သူ့ဦးလေးတယောက် ငွေလွှဲမယ်ဆို ငွေတွေကို ပီနန်အိတ်ထဲထည့်ပြီး သယ်တာ မြင်မြင်နေတော့ တနေ့သူက ထူးထူးခြားခြားပြောလာတယ်။ မာမားတဲ့ ပါပါး နိုင်ငံခြားက ပြန်လာရင် ပိုက်ဆံတွေကိုလေ ဒီလိုအများကြီး သယ်လာမှာနော်တဲ့။ ပီနန်အိတ်ကို ထမ်းထားတဲ့ ပုံစံနဲ့ ခါးလေးကုန်းပြီး သယ်လာပုံ လုပ်ပြတယ်။ နောက် ဆယ်ထပ်တိုက်ဆောက်ပြီး တည်းခိုခန်း လုပ်စားမယ်တဲ့။ သားစီးဖို့ ဓါတ်လှေကား တပ်ဦးမယ်တဲ့။ အဲဒီအချိန်က ပုသိမ်မှာ တည်းခိုခန်းတွေကို အထပ်အမြင့်တွေနဲ့ အပြိုင်အဆိုင်ဆောက်နေချိန်ပေါ့။ သူ့အဖေကို နိုင်ငံခြားမှာ အလုပ်သွားလုပ်တယ်ပဲ ပြောထားတော့ သူကလဲ အဲလိုပဲ စိတ်ကူးယဉ်တယ် ထင်ပါရဲ့။ ကျမမှာ အဲဒီတုန်းက ရယ်ရခက် ငိုရခက်ပါပဲ။

နောက် သူ့အဖေဖက်က အဒေါ်တွေက ကျောင်းဆရာမတွေ လုပ်ကြတော့ ကျောင်းပိတ်ရက် ဆို သွားလည်ဖြစ်တယ်။ သူတို့ကလဲ လျှော်ဖွတ် ချက်ပြုတ်ပြီး နေ့ခင်းဘက် တရေးတမော အိပ်ရင် သူက မအိပ်ရဘူးလေ အလုပ် လုပ်တဲ့။ လုပ်စရာမရှိဘူးလေ သားသားရဲ့ ဆိုတော့ လုပ်စရာမရှိရင် ဆိုင်ထွက်တဲ့။ မြန်မာထမင်းဟင်းရောင်းတဲ့။ အိမ်မှာ ဧည့်သည်တချို့လာလို့ ဆိုင်မှာ လိုက်ကျွေးရင် ကျမက အစားအသောက်ရောင်းတာ အရမ်းမြတ်တယ်။ ဘာညာ အမြဲပြောတတ်တာကို သူမှတ်ထားတာဖြစ်မယ်။ သူ့အဒေါ်တွေဆိုတာ ရယ်လိုက်ကြတာ။ အံမယ် ငါတို့ တူလေးက စီးပွားရေးကို ငယ်ငယ်လေးနဲ့ နားလည်နေပါလားပေါ့။

သူအဒေါ်သူငယ်ချင်းတွေကလဲ ကျောင်းပိတ်ရက် တခါတလေ လာလည်လို့ အကြော်တွေ လဘက်ရည်တွေ ၀ယ်ကျွေးတယ်ဆိုရင်လဲ သူနဲ့ တိုးရင် ဘာလို့ သူများတွေကို ၀ယ်ကျွေးတာလဲ ပိုက်ဆံကုန်တာပေါ့ လုပ်နေလို့ ဟိုက ဧည့်သည်က ဆက်ပဲ စားရမလို မစား ရမလိုနဲ့ဟဲ့ နင်တူက လူလည်ပဲ သားရယ် အန်တီတို့ဝယ်ကျွေးတာပါ ဘာညာ လုပ်ရတယ်။ အဲဒါ အသက် ၅ နှစ်လောက်က ဖြစ်နေတာလေ။

ခု အသက် ၁၀ နှစ်မှာတော့ သူက အွန်လိုင်းဂိမ်းကစားတာမြန်ဖို့ ထပ်ထည့်ရမယ့် ဘာကဒ်ဆိုလဲ အဲဒီကဒ်ကိုလဲ ပူဆာတတ်နေပြီ။ ဟိုတလောက ဘတ်တထောင်တန် အတုပေါ်နေတယ် အစစ်အတုဘယ်လိုခွဲရမလဲ မသိဘူးလို့ သူ့အဖေနဲ့အမေ အချီအချပြောနေတော့ သားသိတာ ကြာပြီ။ သားခွဲတတ်တယ်တဲ့။ ဘယ်လိုခွဲရလဲ သားဘယ်လိုသိလဲ ဆိုတော့ အင်တာနက်ထဲမှာ ပါတယ်လေတဲ့ သူကပဲ လင့်တခုကနေ ရှာပြီး ဘယ်နေရာက ဘာ ရှင်းပြနေတော့တယ်။

ခုတလောတော့ ဘာပဲ ပြောပြော သားသိတာ ကြာပြီ ဆိုတဲ့ လက်သုံးစကားနဲ့ ပြောနေပြန်ပါတယ်။
(သားသားပို့စ်တွေကတော့ ရေးမကုန်နိုင်ပေါ့ လာဦးမယ်နော်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

10 comments:

မီယာ said...

မခက်မာရဲ့ သားထံမှ သင်ယူခြင်း ၀တ္ထုတိုတွေကို သတိရတယ်.. များများ ထပ်ရေးပါဦး အမရေ ဓါတ်ပုံတွေလည်း များများရိုက်ပါဦးလို့ ပရိသတ်ကြီးက တောင်းဆိုတယ်လို့ ကိုကိုကြီးကိုပြောလိုက်ပါ :D

MANORHARY said...

အမ
.မနော့်သားကလည်း သူ့ကိုယ်သူ ကိုကို ကတစ်ပြား
မှမလျှော့ဘူးနော်။း) အရွယ်သုံးးပါးမရွေးကိုကို လို့ကို
ပြောတာ။အစကတော့သူ့ထက်အငယ်တွေမို့သုံးတယ်ထင်
တာ။နောက်တော့အမေကိုပါ သူက ကိုကိုကလေ တွေ
ဘာတွေလုပ်တော့ ခု သူ့နာမည်က ကိုကို လို့တောင်
လူသိမျာနေပြီ။ ကပ်စေးနဲတဲ့နေရာမှာလည်းပြောမနေနဲ့။
အမေအရင်းတောင်မသထာဘူး။ဈေးဝယ်ချိန်သူပါလို့က
တော့..တော်ပြီလေ..များနေပြီ..ပိုက်ဆံကုန်တယ်..
ပြန်မယ်..ဆိုတာချည်းပဲ..သူအမုန်းဆုံးအလုပ်ကခုထိ
တော့ shopping လေ။ကြီးလာမှကောင်မလေးနဲ့ဆို
ရင်တော့မသိ..း(

တန်ခူး said...

အမရေ… ဒီဘလော့ဂ်နဲ့ ရင်းနှီးနေတာ ကြာပေမယ့် ခုမှ ကော်မန့် ပေးဖြစ်တယ်…
အမသားက ၅နှစ်မှာ အတော်သွက်နေပြီနော်… ကျွန်မသား ၄နှစ်ခွဲက အဲဒီလို အရမ်းလည်လည်ဝယ်ဝယ် မပြောတတ်သေးဘူး အမရေ… သူ့ ခမျာ မြန်မာ၊ အင်္ဂလိပ်၊ တရုတ်ဘာသာ ၃မျိုးနဲ့  လုံးလည်လိုက်နေတယ်… သားအကြောင်းတွေ များများရေးပါအမရေ… ကျွန်မတို့ လေ့လာသင်ယူလို့ ရတာပေါ့…

kay said...

ကိုကို ကြီးရဲ့ နိုင်ငံခြားက..ပါးပါး အိမ်မက်လေးကို ဖတ်ပြီး.. ငိုချင်သွားတယ်။
ခုတော့..ကိုကို ကြီးက.. ပါးပါးတို့ မာမားတို့အတွက် ဆရာလေး တဆူဖြစ်နေပီပေါ့လေ..း)

မေ့သမီး said...

အစ်မ ကိုကိုကြီးကိုပြောလိုက်ပါ။ ချောပါတယ်လို့။ ဓါတ်ပုံရိုက်မခံချင်ဘူးလား။ သူပုသိမ်အကြောင်းရော မှတ်မိသေးလား။

လင်း said...

ညီမလေးတွေ ညီလေးတွေ မွေးပေးလိုက်တော့ အမ ဒါမှ သူ့ ရဲ့ ကိုကိုကြီး နာမည်အတည်ဖြစ်သွားအောင်။

ကလူသစ် said...

အမေ့ဆီက အတုခိုးတာဖြစ်မယ်။ ကြီးကြီးငယ်ငယ် သူကတော့ အမြဲတမ်း ပြောလိုက်ရင် “အမ” ဆိုတာချည်းပဲ :)

ခင်မင်းဇော် said...

မီယာ..ကိုကိုကြီးက ဓါတ်ပုံရိုက်တာ မကြိုက်ဘူးဟ..
မနော်... သားကပ်စေးနည်းတာတွေ လာဦးမယ် စိတ်ချ..
တန်ခူး...သားက အခုကျ စကားသိပ်မပြောပြန်ဘူး.. သားသားပို့စ်တွေကတော့ ရေးပေးပါဦးမယ်..
ကေ.... ခုသူက ကိုယ်တို့ရဲ့ ဘာသာပြန်ဆရာလေးပေါ့...
မေ့သမီး... သားက ဒီမှာ ပျော်နေသတဲ့.. သူ့အတွက်ကတော့ ပျော်မှ ဖြစ်မယ်နော်..
လင်း... လာမြှောက်ပေးနေတယ်.. သူ့ကျတော့ ... ဟမ်းးးးး
ကလူသစ်... မမလို့ လာတော့မယ် စိတ်ချ...ဟိ

TZA said...

မိခင်မေတ္တာ သဲကိုးဖြာ အဲလေ.. မိခင်မေတ္တာကို ပေါ်လွင်စွာဖော်ကြူးထားသော ပို့စ်လေးတပို့စ် ဖြစ်ပါကြောင်း သားသားလေးကိုယ်စား ကျေးဇူးတင်သွားပါသည်။

ပုံ.. ကိုကိုကြီးထက်အနီးငယ်ပိုကြီးသောကိုကို

Khin Ma Ma Myo said...

အမရေ။ ကိုကိုကြီးဆိုတော့ ကိုကိုလလေးကော မလာတော့ဘူးလား