Wednesday, March 18, 2009

Bergen ဘာဂမ် ခရီးစဉ်

အော်စလိုမြို့ထဲမှာပဲ ဖြစ်နေတော့ ဖတ်တဲ့လူတွေ ပျင်းနေပါဦးမယ်။ ဒီတော့.....
ကျမ သွားခဲ့တဲ့ မြို့ထဲက နော်ဝေးနိုင်ငံရဲ့ ဒုတိယမြို့တော်လဲဖြစ်၊ နိုင်ငံခြားသားဧည့်သည် အလာဆုံးမြို့လဲ ဖြစ်တဲ့ ဘာဂမ် ဆိုတဲ့မြို့ ဓါတ်ပုံလေးတွေ ကြည့်ပါဦး။
ဒီနေရာက ငါးသဘောင်္တွေ ကပ်တဲ့ ဆိပ်ကမ်းတဲ့။ အဲဒီမှာ ငါးရောင်းတဲ့ ဆိုင်တွေ ညနေဖက်ဆို ဖွင့်တယ်။
ဒါက မြို့ထဲမှာ ညနေဖက် လေညှင်းခံတတ်တဲ့လူတွေ လေ့ကျင့်ခန်းလုပ်တဲ့လူတွေ အလာများတဲ့ တောင်ကုန်းလေး
သူတို့မြို့ခံတွေထဲမှာ ဘလော့ဖတ်နေကျကဗျာချစ်သူတွေ သိကြမယ့် ကဗျာဆရာနှင်းခါးမိုးရှိနေပါတယ်။ မသွားခင်မှာ သူတို့မြို့က ကျမသူငယ်ချင်း ကေသီအေးက အွန်လိုင်းကနေ လက်မှတ်ဝယ်ပေးပြီး ဘယ်လိုစီးလာပါ သူ ကိုဝေလင်းကို လာကြိုခိုင်းမယ်လို့ သင်ပြပါတယ်။ အဲဒီနေ့က နှင်းတွေကျနေတဲ့ အော်စလိုမြို့ထဲက ညနေစာ ထမင်းကျွေးတဲ့ ကိုခင်မောင်ဝင်းတို့အိမ်မှာ သိုးသားဟင်းနဲ့ ထမင်းစားပြီး ည၁၀နာရီလောက်မှာ ဘူတာကြီးကို ရောက်ခဲ့ပါတယ်။ ည၁၁နာရီ မှာ ထွက်တဲ့ ရထားစီးပြီး မနက် ၇နာရီလောက် ဘာဂမ်ကိုရောက်ပါတယ်။ ရထားပေါ်မှာ စောင်ရယ် မျက်လုံးကာရယ် ပေးတော့ ကောင်းကောင်းအိပ်ရမယ် ထင်ပေးမယ့်တကယ်တမ်းကျ အိပ်မပျော်ပါဘူး။ လင်းထိန်နေတဲ့ လမ်းဘေးဝဲယာကို ကြည့်ရင်း အိပ်ဖို့တောင် သတိမရတော့ပါဘူး။ တဖက်ဘေးက ကမ်းနားစပ် နောက်တဖက်ဘေးက နှင်းတွေဖွေးနေတဲ့ ကျောက်တောင် အဲလိုနေရာမျိုးတွေ ဖြတ်သန်းနေရတော့ ဘယ်လိုအိပ်ချင်ပါ့မလဲ၊ ကျမ ရထားပေါ်ကဆင်းပြီး ဘူတာထဲကို သွားဖို့ လျှောက်လာတော့ ဘာဂမ်မြို့ရဲ့ သမိုင်းကို ရေးထားတဲ့ ဆိုင်းဘုတ်နားမှာ ကိုဝေလင်းခေါ် ကဗျာဆရာ နှင်းခါးမိုးက ရပ်စောင့်နေတာ တွေ့ရတော့ ၀မ်းသာသွားတယ်။ သူကလဲ အချိန်မှားပြီး တော်တော်စောစောရောက်နေတာလို့ ပြောပါတယ်။ အားလဲနာတယ် ခင်လဲ ခင်ပါတယ်ပေါ့လေ။

ကျနော့်အိမ်ကို လမ်းလျှောက်သွားမယ် လျှောက်နိုင်မလား ဆိုတော့ ရပါတယ်ပေါ့။ ဒါနဲ့ ရထားဘူတာကနေ ထွက်လာပြီး လမ်းတလျှောက်မှာ ဘယ်သူတွေ နေကောင်းလား၊ ဘယ်သူက ဘယ်နိုင်ငံထွက်သွားပြီလဲ၊ မဲဆောက်မှာ ဘယ်သူတွေ ကျန်နေသေးလဲ စသဖြင့် အလာပ သလာပ ပြောသလို ဒီနေရာကတော့ တက္ကသိုလ်ပေါ့၊ ဒီကျောင်းဝင်းက ဘယ်လောက်ထိကျယ်တယ်။ ကျနော်တို့ အိမ်ကို ရောက်တော့မယ်။ ကျနော်တို့က တက္ကသိုလ်ဝင်းနဲ့ နီးနီးပေါ့လေ … ဒီလို စကားတပြောပြောနဲ့ ကိုဝေလင်းတို့ အိမ်ကို ရောက်ခဲ့ပါတယ်။ ကိုဝေလင်းမဟေသီရဲ့ ကြက်သားပလာတာနဲ့ ဆီးကြိုဧည့်ခံမှုကို လှိုက်လှဲဝမ်းသာစွာ စားသုံးရင်းနဲ့ ဧည့်သည်အခွင့်အရေး ယူရတာပေါ့လေ။
ဒီ့နောက်တော့ အမနဲ့ စကားစမြည်နည်းနည်းပါးပါး ပြောပြီး ကေသီအေးကို ဖုန်းဆက် သူ့အိမ်ကို သွားပြီး ဘာဂမ်ရဲ့ နာမည်ကျော် ရှုခင်းသာ တောင်ပေါ်ကို တက်ဖို့ အိမ်က ထွက်ပါတော့တယ်။ အဲဒီနေ့က မိုးလေ၀သ သတင်းက နေ့လည် ၁ နာရီကျော်ရင် သုံည ဒီဂရီ ဖြစ်မယ်လို့ ကျေညာထားပါတယ်။
အပေါ်က တောင်ကုန်းရဲ့ အခြားတဖက်မြင်ကွင်း

ဘာဂမ်မြို့က တောင် ၇ လုံး က မြို့ထဲမှာကို ပါနေပါတယ်။ တခြားမြို့တွေလို တောင်တွေက ၀ိုင်းရံထားတာ မဟုတ်ပဲ တောင်၇ လုံးက မြို့ရဲ့ ဟိုနေရာ ဒီနေရာမှာ ရှိနေတာပါ။ သွားနေရင်းကပဲ ဘွားကနဲ တောင်ကို တွေ့ရတာမျိုး ဖြစ်ပါတယ်။ လမ်းတွေကလဲ တောင်ကို ကွေ့ပတ်ဖောက်ထားတာမို့ တောင်ကြီးနဲ့လဲ ဆင်သလိုလိုပါပဲ။
တောင်ပေါ်မရောက်ခင် တ၀က်လောက်အမြင့်က ရိုက်တဲ့ မြို့မြင်ကွင်း
တောင်ပေါ်ကို စကားတပြောပြောနဲ့ လမ်းလျှောက်တက်ကြပါတယ်။ နော်ဝေးရောက်နေချိန်မှာ နေရောင်ကို ကောင်းကောင်းခံစားရတာ အဲဒီတမြို့ပဲ ရှိပါတယ်။ ကျန်တဲ့မြို့တွေက လင်းတာပဲ ရှိပြီးတောက်ပတဲ့ နေရောင်ကို မခံစားရပါဘူး။ ဒါ့ကြောင့်နေရောင် ကောင်းကောင်းရတဲ့ နွေရာသီလိုမျိုးမှာ သူတို့တွေ ရဲ့ အရေပြားတွေကို နေရောင်ထိအောင် ဘစ်ကနီလေးတွေပဲ ၀တ်ပြီးနေပူဆာလှုံတာပဲ ဖြစ်မယ် ထင်ပါတယ်။
နေရောင်တွေအောက်က မြို့အ၀င်ကို ရိုက်ထားတာ
နေရောင်ရတဲ့ တောင်ပေါ်ခရီးစဉ်တ၀က်မှာ ပါလာတဲ့ လိမ္မော်သီးစား ရေသောက်ပြီး နည်းနည်း အမောဖြေရပါသေးတယ်။ တော်တော်တော့ တက်ရတယ်။ ဒါပေမယ့် တောင်ပေါ်ရောက်လို့ ဓါတ်ပုံရိုက်တဲ့ နေရာလဲ ရောက်ရော လှလိုက်တာလို့ ပါးစပ်က မအော်ပဲ မနေနိုင်လောက်အောင် လှပါပေတယ် ဘာဂမ်ရယ်၊ ( ဘာဂမ်သားတွေ စိတ်ကြိုက်ပို့စ် ရေးပေးတာ မဟုတ်ပါ။ တကယ့်ကို လှလို့ လှတယ် ရေးပါတယ်)။ နှင်းကျရင်လဲ ခဏပဲ ကျပြီး အစဉ်မိုးရွာတဲ့ ရာသီနဲ့ ဒီမြို့ကတော့ အမှတ်တရပါပဲ။ ကျမရောက်တော့လဲ မိုးရွာသေးတယ်။
တောင်တက်ခရီးအလယ်မှာ အနားယူနေတုန်း နေရောင်တွေ ကျနေတာကို သဘောကျလို့ ရိုက်ထားတဲ့ပုံ
တောင်ပေါ်က ဓါတ်ပုံရိုက်တဲ့ နေရာမှာ ဓါတ်ပုံရိုက် နောက် အမောဖြေ စကားစမြည်ပြော ကိုယ်လိုပဲ လာလည်တဲ့ လူတွေကို ကြည့် ပြီးတော့ တောင်အောက်ကို ရထားနဲ့ ပြန်ဆင်းလာခဲ့တယ်။ ဒီလိုတော့လဲ မြန်သား။ တောင်အောက်ရောက်တော့ နေ့လည် ၁ နာရီကျော်နေပြီ၊ အပူချိန်ကလဲ သုံညဒီဂရီ စင်တီဂရိတ်အောက်ကို ရောက်သွားပါပြီ။ သိသိသာသာကို အေးလာတာ လက်တွေ ထုံလာတဲ့အထိပါပဲ။ ဒါနဲ့ပဲ အိမ်ကို ပြန်လာခဲ့ကြတယ်။

ဘာဂမ်ဟာ အရင်က နော်ဝေရဲ့ မြို့တော်ပါ။ နောက်မှ အော်စလိုကို မြို့တော်အဖြစ် သတ်မှတ်လိုက်တော့ သူက ဒုတိယမြို့တော်အဖြစ်တည်ရှိနေတာပေါ့။ သူတို့မြို့က နော်ဝေးစကားက အော်စလိုက စကားနဲ့ နည်းနည်းလွဲသလို သင်တဲ့စာနဲ့လဲ နည်းနည်းလွဲတယ်လို့ ပြောပါတယ်။ ဒီတော့ ဒီကို ရောက်တဲ့ လူတွေအနေနဲ့ အလုပ်ရှာတဲ့အခါ ဘာသာစကားအခက်အခဲ နည်းနည်းရှိတာကို တွေ့ရပါတယ်။ ကျမရဲ့ သူငယ်ချင်းနောက်တယောက်ကိုလဲ ဒီမြို့မှာ တွေ့ရပါတယ်။ ကျမရောက်သွားတော့ ပျော်လို့တဲ့ သောက်လိုက်တာ နောက်နေ့ သူအလုပ်လုပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် အမှတ်တရ ပြခန်းလေးကိုတောင် လိုက်ပို့ဧည့်ခံဖို့ ရောက်မလာနိုင်တော့ပါဘူး။ အဲဒီပြခန်းကိုလဲ ကျမမရောက်ခဲ့ရတာအတွက်တော့ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
ဘာဂမ်က ကဗျာဆရာဘလော်ဂါ နဲ့အမှတ်တရ
အဆင်းရထားပေါ်က မြင်ရတဲ့ မြင်ကွင်း
ပြန်မယ့်နေ့ကို ကေသီအေးရဲ့အိမ်မှာ စကားပြောရင်း အချိန်ကုန်ခဲ့တယ်။ မိုးရွာနေတဲ့ ဘာဂမ်ကို တွေ့နေရတာပေါ့။ အလာတုန်းက ရထားပေါ်မှာ ပေးတဲ့ စောင်နဲ့ မျက်လုံးကာ လေးက ယူလာလို့ရတယ်လေတဲ့ ၊ မသိဘူးလေ ။ ထားခဲ့တာပေါ့ ဆိုတော့ အမရေ ရထားအသွားအပြန်ကို ခရိုနာ ၇၀၀ လေ ။ အဲဒါ နော်ဝေးတွေလဲ ယူတာပဲ အမအပြန်မှာ ထည့်ယူသွားနော်တဲ့။ အဲဒီ က ပေးတဲ့ စောင်လေးကို ထိုင်းထိယူလာပြီး မွေးကာစ ကလေးလေး တယောက်ကို လက်ဆောင်ပေးလိုက်တယ်( ပိုင်တယ်နော်)။ ည ၁၀နာရီခွဲ ထွက်မယ့် ရထားကို လိုက်ပို့တော့လဲ မိုးတစိမ့်စိမ့်ပဲ။ နှုတ်ဆက်ခဲ့ပါတယ် ဘာဂမ်ရေ…..

(စာကြွင်း)မိုးရွာနေတာနဲ့ အပြန်ကျရင် ရိုက်မယ်လို့ စိတ်ကူးထားတဲ့ ဘူတာက ဓါတ်ပုံတွေလဲ မရိုက်ဖြစ်လိုက်ဘူး။ ဘာဂမ်ကို ပြန်သွားလည်ခွင့်ရဖို့ ဆုတောင်းထားပါတယ်။ လည်စရာတွေ ကျန်သေးတယ်တဲ့။ ဒါပေမယ့် အဲဒီမြို့က ဘလော်ဂါ ကဗျာဆရာကတော့ အခု ထိုင်းကို အလည်တခေါက် ရောက်လာနေလေရဲ့။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

6 comments:

အောင်သာငယ် said...

စိတ်ဝင်စားစရာ ကောင်းတယ်... ဆက်ရေးပါဦးဗျို့...
ပြီးတော့ ကိုဝေလင်းကို တွေ့ဖူးသွားတဲ့အတွက် ကျေးဇူးပါ ကြီးဒေါ်...း)

တန်ခူး said...

မ ရေ… ဘာဂမ်မြို့ လေးက အတော်ကို ချစ်စရာကောင်းတယ်နော်…
တောင်ကြီးမြို့ လေးနဲ့ အတော်ဆင်ပါတယ်…
ကဗျာဆရာကြီးကို မြင်ဘူးလိုက်တဲ့ အတွက် ကျေးဇူးပါ မ ရေ…
ကဗျာဆရာတို့ မိသားစုလေးနဲ့ ရော မရိုက်ခဲ့ဘူးလား မ ရေ… ရိုက်ခဲ့ရင် တင်ပေးပါဦး…

မေ့သမီး said...

အစ်မရဲ့အော်စလိုပို့စ်ကိုဖတ်ရကတည်းက နော်ဝေကို အလည်သွားချင်စိတ်ဖြစ်နေတာ။ တခေါက်တော့ ရောက်အောင်သွားဦးမယ်။ ကျေးဇူးအမရေ။

pandora said...

မိုက်တယ်...။
(မြို့လေးရဲ့ ရှုခင်းတွေနဲ့ အစ်မရဲ့ စတိုင်ကို ပြောတာပါ)

ကဗျာဆရာကတော့... အင်း... အားလည်းနာတယ် ခင်လည်းခင်ပါတယ် ... :P

PAUK said...

အမရေ..
နေရာင်လေးနဲ့ ပုံလေးကြိုက်တယ်..
နော်ဝေးက လွမ်းစရာလေးနော်..
ကျနော့ဆီလာလည်တဲ့အတွက်ကျေးဇူးပါ..

ရွာသားလေးဝိုင်တီယူ said...

မရောက်ဖူးတဲ့ဒေသတစ်ခုအတွက် ဓါတ်ပုံလေးတွေရယ် စာလေးတွေရယ်က တကယ့်ကို တန်ဖိုးရှိလှပါတယ်ဗျာ