Thursday, March 12, 2009

ဘုန်းမော်မသေ ရှင်သန်နေ


၁၉၈၈ ရဲ့ မတ် ၁၃ မှာ ဘုန်းမော် ကျဆုံးခဲ့တဲ့ အချိန်က မူလတန်းတောင်မတက်ရသေးတဲ့
ကလေးငယ်ဘ၀ပဲ ရှိနေခဲ့ကြတဲ့ ကျောင်းသားငယ်တစုက
၂၀၀၀ ခုနှစ်မှာ သူတို့ချစ်တဲ့ စက်မှုတက္ကသိုလ်ကို ၀င်ခွင့်ရပြီး ရောက်လာခဲ့ကြတယ်။
ဘုန်းမော်ဆိုတာ သူတို့မသိဘူး၊မမြင်ဖူးဘူး၊
ဒါပေမယ့် ဒီစက်မှုတက္ကသိုလ်ရဲ့ သွေးစွန်းခဲ့တဲ့ သမိုင်းကြောင်းနဲ့
၈၈ လူထုလှုပ်ရှားမှုကြီးကို ရင်ထဲမှာ စွဲနစ်နေအောင် ကြားဖူးခဲ့ကြတယ်၊ တချို့ပုံရိပ်တွေကို သူတို့ မြင်ဖူးခဲ့ကြတယ်။
ဗမာပြည် တနံတလျား အနယ်နယ်အရပ်ရပ်က ဒီစက်မှုတက္ကသိုလ်ကြီးကို ရောက်ခဲ့ကြတဲ့ ကျောင်းသားလူငယ်လေး တစုက ဒီလိုစာတမ်းလေးကို မျက်နှာဖုံးမှာ ရေးလို့ ကဗျာစာအုပ်လေး တအုပ် ထုတ်ဝေခဲ့ကြတယ်။

မျက်ရည်ကျခွင့် စကားပြောခွင့်တွေ မရှိပေမယ့်
ကျနော်တို့ ကတော့
အပူရုပ်ကို ဟန်လုပ်ပြီး
မနေတတ်ခဲ့ကြဘူး။

အလွမ်းပြေ
ပန်းခွေပို့ ခွင့်တောင် မရနိုင်ကြပေမယ့်
မတ် ဆယ့်သုံးကို ဒီကဗျာတွေနဲ့ 
ဂါရ၀ပြုလိုက်ပါရဲ့ 

အဲဒီနောက်တော့ ဒီကဗျာစာအုပ် ထုတ်ဝေမှုနဲ့ စက်မှုတက္ကသိုလ်ရဲ့
၂၀၀၀ ခုနှစ်စာသင်နှစ်မှာ....
စက်မှုတက္ကသိုလ်ကျောင်းသား ဆယ့်နှစ်ယောက်တိတိ ထောင်ခုနှစ်နှစ်စီ ကျခဲ့ကြတယ်။
လက်ရေးကဗျာစာအုပ် ထုတ်ဝေမှုနဲ့ ထောင်ခုနှစ်နှစ်ကျခဲ့ကြတယ်။
ကျောင်းသားလေးတွေ ကလောင်တံကြောင့် ထောင် ခုနှစ်နှစ်ကျခဲ့ကြတယ်။
ဒါဟာ ပုံပြင်မဟုတ်ဘူး။ တကယ့်ဖြစ်ရပ်မှန်ဖြစ်ပါတယ်။

၁၉၉၆ ကျောင်းသားလှုပ်ရှားမှုအပြီး ကျောင်းသားတွေ ငြိမ်သွားတာပဲ လို့ ပြောခဲ့တဲ့ လူတွေသိဖို့ သက်သက်ပါ။
ကျောင်းသားတိုက်ပွဲတွေထဲမှာ လူမသိခဲ့တဲ့ တိုက်ပွဲတွေလဲ အများကြီး ရှိခဲ့ပါတယ်။
စောဇော်မင်းထိုက်ကျော်ရဲ့ ခံစားချက်ကို ထုံကူး ရေးသားပါသည်။
(ကိုဘုန်းမော်နဲ့တကွ ကျဆုံးသွားသော အညတရ ကျောင်းသားရဲဘော်အားလုံးကို ဦးညွှတ်ဂုဏ်ပြုပါသည်။)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

1 comment:

မေ့သမီး said...

မမေငြိမ်းစာဖတ်ပြီးရင်းနှီးခဲ့ရတဲ့ ကိုဖုန်းမော်ကိုလေးစား ပါတယ်အစ်မရေ။ ကျောင်းသားတွေရဲ့စိတ်ဓါတ်ကတော့ ဘယ်တော့မှသတ်လို့ရမယ်မထင်ပါဘူး။ ကိုယ်တွေကျောင်းသားမဟုတ်တော့ရင်တောင် ကျောင်းသားကိုထိရင်တော့ မခံနိုင်ဖြစ်တုန်းပဲ။