Thursday, April 30, 2009

ဖုန်မှုန့်များ တိုက်ပွဲများ စိန်မှုန်ပွင့်များရဲ့ ပိုင်ရှင်

တနေ့က မဲဆောက်နဲ့ နေ့ချင်းပြန်ခရီးတခု နယ်စပ်မျဉ်းကြောင်းတနေရာကို သွားခဲ့တယ်။ အဲဒီမှာ လူပုဂ္ဂိုလ်တယောက်ကို တွေ့ခဲ့ရတယ်။ အသက်ခပ်ကြီးကြီးလို့ ပြောလို့ရမယ်။ လူစိမ်းမို့ ပြုံးပြ နှုတ်ဆက်ပြီး ကိုယ့်အလုပ် ကိုယ်လုပ်ပြီး ပြန်လာခဲ့တယ်။ ဒါပေမယ့် အဲဒီလူရဲ့ ဥပဓိရုပ်က ကြည်လင်ပြီး လေးစားဖွယ် ရှိတာမို့ အိမ်ပြန်ရောက်တော့ ပြောပြဖြစ်တယ်။ ဘယ်လိုပုံသဏ္ဍာန်နဲ့ ဦးလေး တယောက်ကို တွေ့ခဲ့တယ်။ သူနဲ့တွဲတွေ့တာ ဘယ်သူပေါ့။ စသဖြင့်ပေါ့။ နောက်နေ့မှာ သူနဲ့တွဲတွေ့သူရဲ့ အိမ်ကို ရောက်သွားတယ်။ စကားတွေ ဆက်ပြောကြရင်း အဲဒါ ဘယ်သူလေ ဆိုတော့ အံ့သြမိသွားတယ်။ ဘာလို့ဆို သူက ကျမနှစ်သက်လွန်းလို့ ကျမဘလော့မှာ သူ့ရဲ့ ဆောင်းပါးတပုဒ်ကို ယူပြီး ခပ်စောစောပိုင်းက တင်ခဲ့ဖူးတာကိုး။ အဲဒီဆောင်းပါးကလဲ ခေတ်ပြိုင်မှာ တင်တဲ့ ဆောင်းပါး။

ဒီဆောင်းပါးကို ဖတ်လိုက်ရကတည်းက သူရေးထားတဲ့ စိန်မှုန်ပွင့်လေးတွေကို ကျမက ရှာဖွေနေခဲ့ဘူးတယ်။
ဖုန်မှုန့်လိုလူမဖြစ်ဖို့ ကြိုးစားခဲ့တယ်။ ဒါ့အတူ ဆောင်းပါးထဲက အတိုင်း အတ္တကိုအောင်နိုင်သူဖြစ်ဖို့ ကျမက အတတ်နိုင်ဆုံး ကြိုးစားချင်မိတယ်။ သူဟာ သူရေးတဲ့ဆောင်းပါးထဲက လူမျိုးပါပဲ။ အဲလိုမှန်းသိရင် သူ့ကို သေချာ နှုတ်ဆက်လိုက်ပါတယ်လို့။ ခုတော့ နောက်ဘယ်အချိန်မှာ ပြန်တွေ့တော့မယ် မသိတဲ့ ဆောင်းပါးရှင်ကို စိတ်ထဲကပဲ နှုတ်ဆက်လိုက်ပါတယ်။ ကျမတို့ အောင်ပွဲတွေနဲ့ ပြန်တွေ့ခွင့်ရပါစေလို့လေ။

အဲဒီဆောင်းပါးရှင် မြတ်နိုးရဲ့ ခေတ်ပြိုင်မှာ ဖော်ပြခဲ့ဘူးတဲ့ ဆောင်းပါးလေးကို ကျမဘလော့ ဒီနေရာလေးမှာ တင်ပေးခဲ့ဘူးပါတယ်။ ဖတ်ရှုကြည့်ပါဦးရှင်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Sunday, April 26, 2009

အမှတ်တရ နှစ်ပတ်လည်

နေမ၀င်အချစ်တွေ..
အချစ်ကို ပေးမယ်...

အချစ်စစ် အချစ်မှန် ပိုင်ဆိုင်တဲ့ သူတွေဟာ
တဦးနဲ့တဦးအမြဲတမ်း သစ္စာ တူမှာ...

(ဒီပုံမှာ သားသားကိုယ်ဝန် ၄ လနဲ့ပေါ့)
အချိန်တွေ ပြောင်းပါစေ...
နေရာတွေ ဝေးပါစေ..
အသည်းချင်းမှာ အမြဲနီးနေတာ....

နှစ်စဉ်နှစ်တိုင်းရဲ့ ဧပြီ ၂၇ ရက်နေ့ ဟာ ကျမတို့ ဘ၀အတွက်တော့ ထာဝရ အမှတ်ရစရာနေ့လေးပါပဲ။
ခွဲခွာမှုတွေကို ကြုံလာရတိုင်းလဲ မတုန်မလှုပ် ကျော်ဖြတ်နိုင်ဖို့ ကြိုးစားခဲ့ရတယ်..ဘယ်တော့မှ မမေ့ဘူး။
အကြိမ်ကြိမ်ခွဲခွာခဲ့ရတယ်။
ပထမအကြိမ် ၁၉၈၈ မှ ၁၉၉၅ ခုနှစ်ထိ။
ဒုတိယအကြိမ် ၁၉၉၈ မှ ၂၀၀၅ ခုနှစ်ထိ။
ဒါပေမယ့် ကျမတို့ရဲ့ မြတ်နိုးမှုတွေ ၊ ယုံကြည်မှုတွေကို တော့ အချိန်က မတိုက်စားနိုင်ခဲ့ပါဘူး။
အချစ်မှာ သစ္စာတရားက အရေးကြီးတယ်ဆိုတာကို လက်တွေ့နားလည်စေခဲ့တဲ့ လောကဓံကို ကျေးဇူးတင်ပါတယ်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Wednesday, April 22, 2009

ကျွန်းပြန်တယောက်နဲ့ စကားလက်ဆုံ…

မနေ့ညနေက မိတ်ဆွေတဦးက အမ မုန့်ဟင်းခါးချက်တယ် လာစားပါ ဆိုလို့ သွားရင်း ကျွန်းပြန်တဦးနဲ့ အမှတ်မထင်တွေ့တယ်။ အဲဒါ ဆရာဦးတင့်ဇော်လေ ဆိုပြီး ကဗျာဆရာ မောင်လွမ်းဏီက ပြောတော့ စားလက်စ မုန့်ပန်းကန်ကို ဘေးနားချရင်း ကိုယ့်ကိုယ်ကို မိတ်ဆက်လို့ သိချင်တာတွေ တရစပ်မေးမိတယ်။ သူကလဲ စကားကို ရေပက်မ၀င်ကို ပြောတာပဲ။ ကျမဖြင့် အားရလိုက်တာ စိတ်ထဲမှာ သိချင်တာတွေကို သေချာမေးလိုက်ရတော့ တော်တော် ကျေနပ်မိတယ်။

ဆရာဦးတင့်ဇော်နဲ့ တွေ့တော့ သူ့လက်ရေးစာမူ စာအုပ်ကို ၁၉၉၇ လောက်က ဖတ်ရတာ မှတ်မိနေတယ်။ အဲဒီစာအုပ်ဖတ်မိပြီး သိချင်တာတချို့ကို မေးမိတာပါ။

မေးမိတဲ့အထဲမှာ ကျွန်းက ထွက်ပြေးမယ့်လူတွေကို သံလိုက်အိမ်မြှောင် လုပ်ပေးခဲ့တဲ့အကြောင်း၊ လှေကို တွန်းထုတ်ပေးမယ့် လူအဖြစ် လိုက်ပေးတော့ လိုက်သွားချင်စိတ် မဖြစ်မိဘူးလား ဆိုတာရော မေးတာအစုံ။ သူ ပြန်ဖြေတာတွေကတော့ အများကြီးပေါ့။

အဲလိုပြောကြရင်းနဲ့ ကျွန်းဖျက်သိမ်းတဲ့ စာမထွက်ခင် ကျဆုံးခဲ့တဲ့ အစာငတ်ခံဆန္ဒပြတဲ့ လူတွေအကြောင်း ရောက်သွားရော။ ဘယ်လိုအစာငတ်ခံကြတာလဲ ဆရာရော အဲဒီအစာငတ်ခံတဲ့အထဲ ပါသေးလား ဆိုတော့ သူက ပထမ တခါ ရက် ၄၀ တိုက်ပွဲမှာ ပထမသုတ်ကတည်းက ပါထားလို့ ခုအပတ်မှာ မပါရပဲ ဘေးက ကူညီတဲ့အဖွဲ့မှာ ပါတယ်တဲ့။
သူတို့ အရက်၄၀ တိုက်ပွဲတုန်းက အသေအပျောက်မရှိပဲ သူတို့လိုချင်တဲ့ အချက်တွေ ရခဲ့တယ်တဲ့။ ခု သမီးမေးတဲ့်တိုက်ပွဲမှာတော့ ကျွန်းစနစ်ကို ဖျက်သိမ်းလိုက်တဲ့ ထိ အောင်မြင်ခဲ့တယ်တဲ့။ ဒါပေမယ့် တို့ဖက်က ၈ ယောက် ကျဆုံးခဲ့တာတဲ့။

ဦးတင့်ဇော်(ခ) ဦးလှဖေ(တကသ ကျောင်းသားခေါင်းဆောင်ဟောင်း)
တခါတိုက်ပွဲမှာ ပထမသုတ် ဒုတိယ သုတ် ဘယ်လိုခွဲလဲ ဆိုတော့ ပထမ တသုတ် အစာငတ်ခံပြီး တပတ်အကြာမှာ ဒုတိယသုတ်၊ ဒုတိယသုတ် ၀င်ပြီးနောက်တပတ်အကြာ တတိယသုတ် ၊ ပထမသုတ်နဲ့ ဆိုရင် ၂ ပတ်အကွာပေါ့။ အဲလိုဝင်တာတဲ့
ကျဆုံးတဲ့ ၈ ယောက်လုံးက ပထမသုတ်ကချည်းပဲလား ဆိုတော့ မဟုတ်ဘူးတဲ့ ပထမသုတ်ကလဲ ပါတယ် ဒုတိယသုတ်ကလဲ ပါတယ် တတိယ သုတ်ကလဲ ပါတယ်တဲ့။ နောက်ဆုံး တိုက်ပွဲ ဘယ်နှစ်ရက်ကြာခဲ့လဲ ဆိုတော့ ၅၃ ရက်တဲ့။

ဆရာရေ အဲဒီမှာ အစာငတ်ခံတိုက်ပွဲဝင်နေရင်း နှုတ်ထွက်တာရော ရှိသလားပေါ့။ သေတဲ့လူရှိလာတဲ့အခါမှာ နှုတ်ထွက်မယ့်လူရော မရှိဘူးလားပေါ့။ ဒီတော့ ဆရာဦးတင့်ဇော်က ဒီတိုက်ပွဲကို စတိုက်မယ် ဆိုကတည်းက အသက်သေတဲ့အထိ အဆုံးတိုင် တိုက်မယ်လို့ ဆုံးဖြတ်ထားတာပဲတဲ့ ။ ဒီတော့ လူတွေက ကြံ့ခိုင်ပြီးသားတဲ့။ သေတော့မယ်ဆိုရင် လူက ခြေဖျားတွေက စပြီးအေးလာတာတဲ့။ အေးလာတဲ့ လူကို ကျန်တဲ့လူတွေက ပြုစု ခြေဖျားလက်ဖျားလေးတွေကို ဆုပ်ကိုင်ပြီး စကားလေး ပြောပေးနေရင်း ကျဆုံးကြတာပဲတဲ့။ တချို့ကျ သတိလစ်သွားတာကနေ ကျဆုံးတာတဲ့။ တယောက်ဆိုရင် လက်မြှောက်တော့ တခုခု လိုချင်တယ်မှတ်လို့ ဘာလိုချင်လဲလို့ မေးနေရင်း က အလေးပြုလိုက်ရင်း ကျဆုံးသွားတာတဲ့။ ၅၃ ရက်တိုက်ပွဲမှာတော့ တယောက် နှုတ်ထွက်တာ ရှိခဲ့တယ်တဲ့။ ကျန်တဲ့လူတွေကတော့ တိုက်ပွဲ ပြီးတဲ့ထိ တိုက်မယ်ဆိုပြီး ကြံ့ကြံ့ခံနေခဲ့တာတဲ့။(အဲဒီနှုတ်ထွက်တဲ့ လူနဲ့ နှစ်အတန်ကြာ ထောင်ကလွတ်တော့ သူနဲ့ ဆုံခဲ့သေးတယ်တဲ့။ နှစ်တွေ အဲလောက်ကြာတဲ့အချိန်မှာတောင် အဲဒီလူက အဲဒီတုန်းက သူနှုတ်ထွက်ခဲ့တာ မှားပါတယ်လို့ တောင်းပန်တယ်တဲ့ ဆရာကပြောသွားသေးတယ်။)

သူတို့လက်ထက်က စာရေးဆရာ မြသန်းတင့်တို့ ၊လေထီးဦးအုန်းမောင်တို့တွေက ဒီတိုက်ပွဲတွေကို ဦးဆောင်ပါဝင်ခဲ့ကြတယ်။ အသက်သေချင် သေပါစေ အာဏာရှင်ကို တိုက်မယ်။ မတရားတဲ့ အမိန့်ကို တိုက်မယ်ဆိုပြီး တိုက်ပွဲဝင်ခဲ့ကြတယ်။ သူတို့ တိုက်ပွဲကြောင့် ဒီနေ့ထိ အဲဒီကျွန်းစနစ်က မရှိတော့တာပေါ့။ သူတို့သာ ခုလိုအသေခံမတိုက်ခဲ့ကြရင် ခုချိန်ဆို ဒေါ်အောင်ဆန်းစုကြည်တို့ မင်းကိုနိုင်တို့ အဲဒီကိုကိုးကျွန်းကို ရောက်နေလောက်ပြီ။

သူပြောတာကို နားထောင်ရင်း ကျမက ဒီနေ့အခြေအနေနဲ့ ဆက်စပ်တွေးမိနေတာပါ။
အဲဒီကျွန်းလို နေရာမဟုတ်ပဲနဲ့ ဒီနေ့ နယ်စပ်ဒေသက လူတွေ အနေနဲ့ သူတို့လို ဆက်သွယ်မှုဘယ်လိုမှ လုပ်မရတဲ့နေရာလဲ မဟုတ်၊ လွတ်လွတ်လပ်လပ်နဲ့ ကိုယ်လုပ်ချင်တာ လုပ်နေနိုင်တဲ့ ဘ၀မှာ ဘာလို့ တိုက်ပွဲတွေကို စွန့်ခွာပြေးကြသလဲ။ လူ့ဘ၀မှာ လူတိုင်းတွေ့နိုင်တဲ့ အခက်အခဲ အချို့ကြောင့် ဘ၀ရော အသက်ရော ပေးပြီးလုပ်ခဲ့တယ်ဆိုတဲ့ တော်လှန်ရေးနဲ့ ဝေးရာကို ဘာလို့ ပြေးကြသလဲ။ အဲဒီခေတ်က နိုင်ငံရေးသမားတွေ ၊ မျိုးချစ်ပုဂ္ဂိုလ်တွေလောက် အနစ်နာခံ အသေခံ ပြီး တိုင်းပြည်အတွက် လုပ်ပေးဖို့ စိတ်ဓါတ်တွေကို မရှိတော့တာလား။ လုပ်ဖို့ အလုပ်မရှိတာလား။

သားသမီးတွေ ရှေ့ရေးကြောင့်ဆိုတဲ့ လူတွေ။ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် ဒီနယ်က ထွက်ရတာလို့ သူများအပြစ်လွှဲချပြီး ထွက်သွားကြသူတွေ။ အကြောင်းကြောင်းကြောင့် နအဖ ထံမှာ လက်နက်မချခဲ့ကြပေမယ့် တတိယနိုင်ငံမှာ လက်နက်ချသွားသူတွေ။ အော် …. တိုက်ပွဲကို သူတို့ ဘယ်လိုနားလည်သလဲ။ အနှစ် ၂၀ ရှိပြီ ဘာမှမဖြစ်သေးဘူး လို့ ပြောနေသူတွေ။ သူတို့ရော အာဏာရှင်ကို ဘယ်လိုနည်းနဲ့ ဆန့်ကျင်ခဲ့ဘူးသလဲ …

ခုနောက်ပိုင်းတွေ့ရတဲ့ အာဏာရှင်တိုက်နေတဲ့ ဘက်က လူတွေ မကောင်းကြောင်းတွေချည်း လိုက်ပြောပြီး ကိုယ်တိုင်က နာမည်တောင်မဖော်ရဲတဲ့ လူတွေ။ ဒါတွေကို မြင်ရ ဖတ်ရတဲ့အခါ ဆရာဦးတင့်ဇော်တို့ရဲ့ အသက်ပေးတိုက်တဲ့ ကျွန်းတိုက်ပွဲကိုပဲ မြင်ယောင်နေမိတော့တယ်။

အဲဒီမှာလဲ အဖွဲ့တွေပါတီတွေ အစုံရှိတာပါပဲ။ မြေပေါ် မြေအောက် ကျောင်းသား ပါတီ အစုံရှိနေခဲ့တာပဲ။ သူတို့တွေ သိခဲ့ကြတယ်။ အဓိကရန်သူက ဘာလဲ။ ဒီတိုက်ပွဲကို ဘယ်လိုတိုက်မလဲ။ ဘယ်သူတွေက ပံ့ပိုးကူညီမလဲ။ ဘယ်လောက်ထိ စွန့်ရမယ် …။ သိရက်နဲ့ တိုက်ပွဲဝင်ခဲ့ကြသူတွေ… အဲဒီခေတ်က နိုင်ငံချစ်စိတ်က ဒီနေ့ခေတ်ထက်များ ပိုနေကြသလား။

ဆရာနဲ့ စကားပြောခန်းက ဆုံးသွားပေမယ့် ကျမအတွေးတွေက မဆုံးနိုင်သေးဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြောဖူးပါတယ်။ တော်လှန်ရေး လုပ်မယ်ဆိုရင် အဆုံးထိ လုပ်ရမယ်တဲ့။ ဒါ့ကြောင့်လဲ အကျဉ်းကျနေတဲ့ ကာလထဲမှာပဲ အာဇာနည်တို့၏ လုပ်ငန်းသည် ဆုံးခန်းတိုင်အောင် လုပ်ရမည်လို့ သူ့အိမ်မှာတောင် စာတန်းချိတ်ခဲ့ဘူးတာပဲ။ သူက ခိုင်မာပြတ်သားစွာ ရပ်တည်နေဆဲ။ တော်လှန်ရေးအပေါ် ယုံကြည်စိတ်က ခုလို ခိုင်မာပြတ်သားမှုကို ဖြစ်စေတာထင်ပါရဲ့။

တော်လှန်ရေးဆိုတာ ဘယ်နေ့ပြီးမယ်တော့ မပြောနိုင်ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ယုံကြည်စိတ်ကပဲ အနားသတ်ပေးတယ် ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ သူရဲကောင်းတွေ ရှိနေဆဲပါ။
(ကိုယ်တွေးမိရာကို တွေးတဲ့အတိုင်း ရေးထားတာပါ။)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Thursday, April 16, 2009

တခါတုန်းက တက်ဂ်အကြွေး

နှစ်သစ်မကူးခင် တက်ဂ်အကြွေးကို ဆပ်ပါလို့ ပြောလာတဲ့ ဖိုးဂျူလိုင်အတွက် ရေးတဲ့ စာ

ဟိုးရှေးရှေးတုန်းက အသားဖြူဖြူ ပိန်ပိန်ပါးပါးနဲ့ ဆံပင်က တိုတို (တိုတာမှ ယောက်ျားကေလို ညှပ်ထားတော့ ထိပ်လယ်က ဆံပင်က ထောင်တောင်နေတယ်) နဲ့ ကောင်မလေးတယောက် ဆယ်တန်းအောင်လို့ ကောလိပ်တက်တဲ့အချိန်ပေါ့။

ကောလိပ်ဆိုတော့လဲ ပျော်တာပေါ့။ အသက်က ၁၆ နှစ်ကျော်ကျော် တခါတရံ အဲဒီခေတ်က မိန်းကလေးတွေသိပ်မ၀တ်တဲ့ ဂျင်းဘောင်းဘီနဲ့ ရှပ်အကျီ င်္လဲ ၀တ်တတ်သေးတဲ့ ကောင်မလေးပေါ့။ ကောလိပ်ကို စက်ဘီးနဲ့ ကျောင်းတက်တယ်။ သူနဲ့ တူတူကျောင်းတက်တဲ့ ကောင်မလေးတယောက်နဲ့ ဆိုတော့ ၂ ယောက် စက်ဘီးကိုယ်စီနဲ့ပေါ့။

သူတို့နေ့တိုင်း ကျောင်းတက်တဲ့အချိန်တိုင်း ကျောင်းတက်ချိန်တူတဲ့ မေဂျာတူတွေနဲ့ အမြဲတမ်း စကားမပြောဖြစ်ပေမယ့် တူတူစက်ဘီးစီးနေကျ မျက်မှန်းတော့ တမ်းမိနေတဲ့ ကောင်လေးအုပ်စုလဲ ရှိသေးတယ်။ တနေ့တော့ အဲဒီကောင်မလေးနဲ့ ကျောင်းတူတူ တက်နေကျ ကောင်မလေးက ကျောင်းမတက်ဘူး။


ကောင်မလေးကလဲ တယောက်တည်း စက်ဘီးနင်းလာရတော့ ခပ်မြန်မြန်နင်းတယ် ခါတိုင်းလို စကားတပြောပြော အေးအေးဆေးဆေးမဟုတ်ဘူး။ သူ့နောက်မှာလဲ စက်ဘီးတစီးက အမြန်လိုက်စီးနေတယ်။ သေချာ ကြည့်လိုက်တော့ ကောင်လေးတယောက် မြင်ဖူးနေကျ။ အတန်းထဲကပဲ ပရယ်တီကယ် လုပ်ရင် တခန်းတည်း။ ဒါပေမယ့် တခါမှစကားမပြောဖူးဘူး။ ကျောင်းတက်တာကလဲ ၁ လကျော် ၂ လနီးပါးပဲ ရှိသေးချိန်ကိုး ။ နောက်က စက်ဘီးအနားကပ်လာတယ်ထင်လိုက် စက်ဘီးကို မြန်မြန်စီးလိုက် လုပ်နေရင်း ခရီးတ၀က်လောက်ရောက်တော့ ကောင်မလေးနာမည် ခေါ်သံကြားရရော။ ဒုက္ခပါပဲပေါ့ ငါ့ကိုများ စကားလိုက်ပြောမလို့လား ကျောင်းကို မြန်မြန်ရောက်အောင် အားစိုက်နင်းစမ်း။
စိတ်ထဲမှာ အဲလိုပြောရင်း ခပ်မြန်မြန်အရှိန်ကို မြှင့်နင်း။ နောက်က ကောင်လေးကလဲ စကားပြောဖို့ လိုက်သလို ခပ်မြန်မြန်လိုက်နင်းရင်း နာမည်ကို တရစပ်ခေါ်။

ဒီလိုနဲ့ ကျောင်းကိုရောက်။ တနေ့ ပြီးသွားတယ်။ ကိုယ့်ကို ကျောင်းမှာကျတော့လဲ လာစကားမပြောရဲဘူး အဲဒီကိုယ်တော်က။ သူငယ်ချင်းကလဲ နေမကောင်းဖြစ်နေတော့ ကျောင်းမတက်နိုင်သေး။ သူကျောင်းမတက်မချင်းကိုယ့်မှာလဲ ဒီဒုက္ခအရှုပ်ကြီးနဲ့ စိတ်ညစ်ခဲ့ရ။

ဘုရားဘုရား ဘယ်လိုလုပ်ရပါ့။ ဒီနည်းနဲ့ ရည်းစားစကား ပြောတာလဲ တခါမှမခံဘူး။ အထက်တန်းကျောင်းမှာ တုန်းကတော့ စာပေးတာမျိုးပဲ ရှိတာကိုး။ ဒါတောင် ကျောင်းက ထိုင်ခုံထဲမှာ လာထည့်ထားတာပဲ။ ကျောင်းနဲ့ အိမ်ကလဲ နီး။ တခါကိုယ့်ကို စတဲ့ အတန်းထဲက ကောာင်လေးတယောက်ကို စီးထားတဲ့ ဒေါက်ဖိနပ်နဲ့ ကောက်ပေါက်လိုက်လို့ ခေါင်းပေါက်သွားတာလဲ ရှိဖူးတော့ ကိုယ့်ရဲ့ လက်နဲ့ ပါးစပ်ကို ကြောက်ပြီး တော်ရုံဘယ်သူမှ လိုက်စကားပြောရဲတာမဟုတ်။ ဒါနဲ့ ၃ ရက်မြောက်နေ့မှာတော့စက်ဘီးကို အရှိန်လျှော့။ နောက် စက်ဘီးကို ရပ်ပြီးဆင်းလိုက်တယ်။ နင်ဘာပြောချင်နေတာလဲ လို့ ခပ်မာမာမေးလိုက်တော့ ကိုယ်တော်ချောက ကျောင်းမတက်တဲ့ သူငယ်ချင်း ဘာလို့ ကျောင်းမတက်လဲ မေးတယ်။ နောက် နင်က ငါပြောတဲ့စကားကိုမှ နားမထောင်ပဲ စက်ဘီးကို အမြန်စွတ်စီးနေတာကိုးတဲ့။ အမ်…. နင်နဲ့ငါမှမသိတာ နင်က ဘာစကားပြောစရာလိုလို့လဲ လို့ ပြန်မေးတော့ အဲဒီ(ကျောင်းမတက်တဲ့ )ကောင်မလေးရဲ့ သူငယ်ချင်းကို သူက ချစ်ခင်နှစ်သက်မိပါသတဲ့။ ဒါ့ကြောင့် ဘာဖြစ်လို့ ကျောင်းမတက်လဲ ဆိုတာကို ကောင်မလေးကို လိုက်မေးတာပါတဲ့။ သေဟဲ့ နန္ဒိယ( ကိုယ့်ကိုယ်ကို အထင်ကြီးဦး ၊ ကောင်မလေးဆိုတာ ကျမ.ဟိဟိ)။ (မှားတဲ့အခါလဲ မှားပေမပေါ့နော်)

ကိုဂျူလိုင် တက်ဂ်ထားတဲ့ တခါတုန်းက…… ဆိုတာဒီမှာတင် ပြီးပါပြီ။


လက်ကအရှိန်မသေဘူး ဆက်ပြီးရေးချင်သေးတော့ ဇာတ်လမ်းကို ဒီနေ့ထိ ဆက်ပေးရမယ်ဆိုရင်….

၃ ရက်လောက်စိတ်ညစ်နေရတဲ့ ဒုက္ခက ကင်းလွတ်သွားပြီး အဲဒီကောင်လေးဟာ ကျမရဲ့ အခင်ဆုံး သူငယ်ချင်းထဲကို စာရင်းဝင်သွားတာ ဒီနေ့ထိပါပဲ။ ကျမသူငယ်ချင်းကလဲ သူ့ကို မကြိုက်ခဲ့ပါဘူး။ ခုလောက်ဆို ပါမောက္ခဖြစ်နေမလားမသိ။ ကျမနဲ့နောက်ဆုံးတွေ့တော့ ကထိက။

၂၀၀၅ နှစ်ဆန်းပိုင်းက ကျမ မင်္ဂလာဈေးက အပြန် ကျောက်မြောင်းသီတာလမ်းက သူငယ်ချင်းတယောက်ဆီကို ၀င် အဲဒီကနေ ဗိုလ်ချုပ်ဈေးကို သွားဖို့ ကားဂိတ်ကို လမ်းလျှောက်အထွက် ၊ကားတစီးဘေးမှာ ရပ်နေတဲ့ ဘောင်းဘီဒူးကျနဲ့ နေကာမျက်မှန်နဲ့ တယောက်က နင်-- မဟုတ်လားတဲ့၊ ကျမနာမည်ကို မေးနေတဲ့ အဲဒီတယောက်ကို မသိတာမို့ ဟုတ်တယ် နင်ကဘယ်သူလဲ ဆိုတော့ မျက်မှန်ကို ချွတ်ပြီး ရယ်ပြတဲ့ သူငယ်ချင်းက ခုန ကိုယ်တော်ပေါ့။ ငယ်ငယ်က ပိန်ပိန်မည်းမည်းလေးရှည်ရှည်လေးက ခုတော့ဝတုတ် စိုစိုပြေပြေဖြစ်လို့။

သူသဘောင်္သားလုပ်ပြီး ကျောက်မြောင်းမှာ နေတယ်တဲ့။ သူ့ထက် အသက်တော်တော်ငယ်တဲ့ ကောင်မလေးနဲ့ အိမ်ထောင်ကျပြီး ကလေးတယောက်အဖေ ဖြစ်နေလေရဲ့။ ဘယ်သွားမလို့လဲ ငါလိုက်ပို့ပေးမယ် ဆိုပြီး သူ့ကားပေါ်တင် စကော့ဈေးရောက်။ ထုံးစံအတိုင်း အစားအသောက်တန်းအရင်သွား မတွေ့တဲ့ နှစ်ပေါင်းများစွာအတွက် အာရိုက်ရင်း သူငယ်ချင်းကောင်းစားနေတာကို မုဒိတာပွားပြီး သူကျွေးတာ စား။ ခု ဒီပို့စ်ကို ရေးရင်း သူ့ကို သတိတရဖြစ်နေမိပါသေးတယ်။(သူလား နာမည်ကျော်ဂီတစာဆို မောင်ကြေးမုံနဲ့ အမျိုးအရင်းကြီးလဲ တော်တယ် သိလား) တကယ်လို့များ ဒီပို့စ်ကို သူဖတ်မိရင် ကျမကို ဆက်သွယ်လာနိုင်ပါစေသော်ဝ်။ (သူက ဘလော့တွေဘာတွေလဲ စိတ်ဝင်စားမယ် မထင်ပါဘူးလေ။)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Sunday, April 12, 2009

သိင်္ဂါရသင်္ကြန်….

( ဓါတ်ပုံကိုမေးလ်ထဲက ရပါသည်)
ဒီလဘက်ရည်ဆိုင်လေးမှာ…..
သီချင်းသံ ဆူညံညံမရှိ။ ၀မ်းတူး တီးကော် စားပွဲထိုးရဲ့ အော်သံမရှိ။
ငွေရှင်းဖို့အော်ခေါ်သံမရှိ၊ ပလာတာ ရိုက်သံ နံပြားရိုက်သံ ဆူညံညံမရှိ။
ပကတိ တိတ်ဆိတ်နေပေမယ့် ဒီဆိုင်လေးမှာ လဘက်ရည်ကောင်းကောင်း၊ ပလာတာ ကောင်းကောင်း၊ စမူဆာ ကောင်းကောင်း ရှိနေပြန်သည်။
ဒီလဘက်ရည်ဆိုင်လေးကို သတိတရ ထိုင်နေဖြစ်တုန်းပင်။

ဒီလဘက်ရည်ဆိုင်လေးမှာ…
အေးချမ်းခြင်း ရှိသည်။ တိတ်ဆိတ်ခြင်းရှိသည်။
ဖော်ရွေတဲ့ အပြုံးတွေ ရှိသည်။ရိုးသားတဲ့ မျက်ဝန်းတွေ ရှိသည်။
ကြင်နာတတ်သော စိတ်နှလုံးသားတွေကို မြင်နေရသည်။
ဒီလဘက်ရည်ဆိုင်လေးကို သတိတရ ထိုင်နေဖြစ်တုန်းပင်။

ဒီလဘက်ရည်ဆိုင်လေးမှာ..
တယောက်မျက်နှာ တယောက်ကြည့်ကာ ထိုင်နေဖြစ်ခဲ့သည်။
တယောက်လက်ကို တယောက်ဆုပ်ကာ ထိုင်နေဖြစ်ခဲ့သည်။
တယောက် အသက်ရှုသံကို တယောက်နားစိုက်ကာ ထိုင်နေဖြစ်ခဲ့သည်။
တယောက် အနာဂတ်တယောက် ဝေမျှကာ ထိုင်နေဖြစ်ခဲ့သည်။
တယောက်ရဲ့ ပစ္စုပ္ပန်ကို တယောက်က ပိုင်ဆိုင်ထားကြသည်။
ဒီလဘက်ရည်ဆိုင်လေးကို သတိတရ ထိုင်နေဖြစ်တုန်းပင်။

ဒီလဘက်ရည်ဆိုင်လေးမှာ…
ကောင်လေးတယောက် သူ့ကောင်မလေးကို ထိုင်စောင့်နေပုံရသည်။
အသက်ခပ်လတ်လတ်တယောက်က တစုံတယောက်ကို ထိုင်စောင့်နေပုံရသည်။
အရွယ်တော်ဟိုင်းတဲ့ လူပျိုသိုးကြီးတယောက် တစုံတဦးကို ထိုင်ငေးနေပုံရသည်။
ဟမ်းဖုန်းကို ခါးကြားထိုးထားတဲ့ ဦးလေးကြီးတယောက်လဲ လာထိုင်သောက်နေသည်။
ဒီလဘက်ရည်ဆိုင်လေးကို သတိတရ ထိုင်နေဖြစ်တုန်းပင်။

ဒီလဘက်ရည်ဆိုင်လေးမှာ…
ပိတောက်တွေနဲ့ ကောင်မလေးတယောက် ပျော်ရွှင်စွာ ထိုင်နေခဲ့ဖူးသည်။
ပိတောက်တွေနဲ့ မိန်းမပျိုတယောက် စောင့်စားနေခဲ့ဖူးသည်။
ပိတောက်တွေနဲ့ ဇနီးတယောက် ဂုဏ်ယူနေခဲ့ဖူးသည်။
ပိတောက်တွေရွှေရည်လူးခဲ့သော ဧပြီလတွင် နှစ်ယောက်တဘ၀ခရီးကို စတင်ဖို့ ကြိုးစားခဲ့ကြပေသည်။

ဒီလဘက်ရည်ဆိုင်လေးကို သတိတရ ထိုင်ဖြစ်နေတုန်းပင်။

(၁၉၉၆ ဧပြီလ အမှတ်တရ)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, April 6, 2009

ကိုယ်ပျော်ရွှင်ရာ ….

ခရီးထွက်ရာက ပြန်ရောက်ပေမယ့် မအားလပ်လို့ ပို့စ်အသစ်မတင်နိုင်ဖြစ်နေပေမယ့် စိတ်ကတော့ ဘလော့ဂ်မှာ ချည်းသာ။ အော်စလိုသွားတောလားကို အဆုံးသတ်ပေးချင်နေတာလဲ ပါပါတယ်။ ဥရောပမှာ ခရီးစရိတ်အမြင့်ဆုံးလို့ ဆိုရမယ့် နော်ဝေးမှာ မြို့တော်တော်များများကို ရောက်ရှိခဲ့တာမို့ ကျမကို ဂုဏ်ယူပါလို့ ကျမတို့ရုံးက ကိုခင်မောင်ဝင်းက ပြောဖူးတယ်။ ရောက်ခဲ့တဲ့ မြို့တိုင်းမှာလဲ ထူးခြားချက်ကလေးတွေ ရှိနေတော့ ကျမက တမြို့ချင်း အကုန်ရေးပြချင်သေးတာမို့ မပြီးဆုံးသော ခရီးစဉ် ဖြစ်လို့ နေပြန်ပြီ။

နှင်းတွေကို ရောက်ရောက်ချင်းမမြင်ရသေးပဲ ရျော့ဗစ်ဆိုတဲ့ မြို့ကို အသွားမှာ စမြင်ပြီး ပျော်ရွှင်ခဲ့ရတာ၊ အရမ်းကို လှပတဲ့ တော်ပေါ်မြို့ လီလီဟမ်းမားအကြောင်း ၊ ဘာဂမ်လိုပဲ ဆင်တူပြီး မိုးရွာ လေတိုက်တာ လူပါ လွင့်သွားတော့မတတ် ဖြစ်ရတဲ့ အော်လီစွန်းဆိုတဲ့ ပင်လယ်ကမ်းစပ်က ရှည်မျောမျော ကျွန်းမြို့လေးအကြောင်းလဲ ရေးချင်သေးတာ။ နောက် အော်စလိုနဲ့ နီးနီးလေး ရှိနေပြီးအဝေးပြေးကားဂိတ် အကြီးကြီးနဲ့ နှင်းတွေဖုံးနေတဲ့ လီလီစွန်း၊ အော်စလိုနဲ့ နီးပေမယ့် နှင်းတွေကျတာ သိပ်လှတဲ့ အက်စကာ။ ရောက်ခဲ့တဲ့ မြို့တွေ မှာ ဧည့်ဝတ်ကျေတဲ့ ကိုယ့်မိတ်ဆွေတွေ၊ ကိုယ့်ပီအေရဲ့ မိတ်ဆွေတွေ ရဲ့ ဖော်ရွေမှုတွေ၊ ဒါပေမယ့် အဲဒီမြို့တွေ အကုန်ရေးမယ်ဆိုရင် ဂျာမဏီခရီးစဉ်ကို ဖိတ်ခေါ်တဲ့ ဘလော်ဂါ ဘော်ဒါကြီး ကိုသက်ဦးဒိန်းမတ် စောင့်စားနေတဲ့ ဂျာမဏီခရီးစဉ်က နှစ်ကုန်ခါနီးမှ ဖြစ်တော့မယ်ထင်ရဲ့။

ထူးခြားတာတခုကတော့ နော်ဝေးမှာ နေတဲ့ ဘလော်ဂါ တယောက်ကို အီးမေးလ်ပို့ ဆက်သွယ်ပေမယ့် လုံးဝအကြောင်းမပြန်တာ၊ အဲဒီအကြောင်းကို ကိုယ့်ပီအေဆီ ဂျီတော့ကနေ ပြန်ပြောပြဖြစ်တော့ နင့်ကို လူတိုင်းက ကြိုဆိုမယ် မှတ်လို့လား တဲ့ ။ ဟုတ်သားပဲနော် လို့ ပြောရင်း…. ဒီလောက်လျှောက်လည်နေတာ အလုပ်ရော လုပ်ရဲ့လား …မေးလာသူ တချို့အတွက် ဒီပို့စ်ကို တင်ပေးလိုက်ပါတယ်။
ဓါတ်ပုံနဲ့ပဲ လျှောက်လည်ပါတော့နော်....

အလုပ်ထဲမှာ မြန်မာစံတော်ချိန် ၉ နာရီညဖက်အသံလွှင့်ဖို့ စောင့်ဆိုင်းနေစဉ်
မြန်မာစံတော်ချိန်မနက် ၇ နာရီ အသံလွှင့်ဖို့ အော်တိုပလေးနဲ့ ပြင်ဆင်နေစဉ်
ရုပ်သံသတင်းဖတ်တဲ့ ခန်းမ
အလုပ်ထဲက မနက်စာ ဆူရှီ
ပြန်ခါနီး မှန်ကြည့်ဖို့ အထွက်တံခါးပေါက်နားက ကိုယ်လုံးပေါ်မှန်ပေါ့
JOKVIT မြို့ကလေးအ၀င်

ASKER မြို့ကလေးက လမ်း
ရေခဲဖုံးနေတဲ့ တောင်တန်းနောက်ခံနဲ့ OLISONE
OLISONE မြို့လည် တနေရာ
(ကြားဖြတ်ခရီးတိုလေးကိုလဲ ပို့စ်တင်ပေးပါဦးမယ်နော်….)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်