Sunday, April 12, 2009

သိင်္ဂါရသင်္ကြန်….

( ဓါတ်ပုံကိုမေးလ်ထဲက ရပါသည်)
ဒီလဘက်ရည်ဆိုင်လေးမှာ…..
သီချင်းသံ ဆူညံညံမရှိ။ ၀မ်းတူး တီးကော် စားပွဲထိုးရဲ့ အော်သံမရှိ။
ငွေရှင်းဖို့အော်ခေါ်သံမရှိ၊ ပလာတာ ရိုက်သံ နံပြားရိုက်သံ ဆူညံညံမရှိ။
ပကတိ တိတ်ဆိတ်နေပေမယ့် ဒီဆိုင်လေးမှာ လဘက်ရည်ကောင်းကောင်း၊ ပလာတာ ကောင်းကောင်း၊ စမူဆာ ကောင်းကောင်း ရှိနေပြန်သည်။
ဒီလဘက်ရည်ဆိုင်လေးကို သတိတရ ထိုင်နေဖြစ်တုန်းပင်။

ဒီလဘက်ရည်ဆိုင်လေးမှာ…
အေးချမ်းခြင်း ရှိသည်။ တိတ်ဆိတ်ခြင်းရှိသည်။
ဖော်ရွေတဲ့ အပြုံးတွေ ရှိသည်။ရိုးသားတဲ့ မျက်ဝန်းတွေ ရှိသည်။
ကြင်နာတတ်သော စိတ်နှလုံးသားတွေကို မြင်နေရသည်။
ဒီလဘက်ရည်ဆိုင်လေးကို သတိတရ ထိုင်နေဖြစ်တုန်းပင်။

ဒီလဘက်ရည်ဆိုင်လေးမှာ..
တယောက်မျက်နှာ တယောက်ကြည့်ကာ ထိုင်နေဖြစ်ခဲ့သည်။
တယောက်လက်ကို တယောက်ဆုပ်ကာ ထိုင်နေဖြစ်ခဲ့သည်။
တယောက် အသက်ရှုသံကို တယောက်နားစိုက်ကာ ထိုင်နေဖြစ်ခဲ့သည်။
တယောက် အနာဂတ်တယောက် ဝေမျှကာ ထိုင်နေဖြစ်ခဲ့သည်။
တယောက်ရဲ့ ပစ္စုပ္ပန်ကို တယောက်က ပိုင်ဆိုင်ထားကြသည်။
ဒီလဘက်ရည်ဆိုင်လေးကို သတိတရ ထိုင်နေဖြစ်တုန်းပင်။

ဒီလဘက်ရည်ဆိုင်လေးမှာ…
ကောင်လေးတယောက် သူ့ကောင်မလေးကို ထိုင်စောင့်နေပုံရသည်။
အသက်ခပ်လတ်လတ်တယောက်က တစုံတယောက်ကို ထိုင်စောင့်နေပုံရသည်။
အရွယ်တော်ဟိုင်းတဲ့ လူပျိုသိုးကြီးတယောက် တစုံတဦးကို ထိုင်ငေးနေပုံရသည်။
ဟမ်းဖုန်းကို ခါးကြားထိုးထားတဲ့ ဦးလေးကြီးတယောက်လဲ လာထိုင်သောက်နေသည်။
ဒီလဘက်ရည်ဆိုင်လေးကို သတိတရ ထိုင်နေဖြစ်တုန်းပင်။

ဒီလဘက်ရည်ဆိုင်လေးမှာ…
ပိတောက်တွေနဲ့ ကောင်မလေးတယောက် ပျော်ရွှင်စွာ ထိုင်နေခဲ့ဖူးသည်။
ပိတောက်တွေနဲ့ မိန်းမပျိုတယောက် စောင့်စားနေခဲ့ဖူးသည်။
ပိတောက်တွေနဲ့ ဇနီးတယောက် ဂုဏ်ယူနေခဲ့ဖူးသည်။
ပိတောက်တွေရွှေရည်လူးခဲ့သော ဧပြီလတွင် နှစ်ယောက်တဘ၀ခရီးကို စတင်ဖို့ ကြိုးစားခဲ့ကြပေသည်။

ဒီလဘက်ရည်ဆိုင်လေးကို သတိတရ ထိုင်ဖြစ်နေတုန်းပင်။

(၁၉၉၆ ဧပြီလ အမှတ်တရ)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

14 comments:

ကိုပေါ said...

“၀မ်းတီးတူးကော်….နံထောတပွဲ…..ကြက်ပေါင်တပွဲ……ကျောက်ပန်းတောင်း…ဂိတ်ဆုံးဆရာရေ့….”

စားပွဲထိုးမရှိဘူးဆိုလို့ စာပွဲထိုးလာလုပ်တာလေ။ စားပွဲခုံတွေခင်းထားတဲ့ကြားက စားပွဲထိုး လျှောက်သွားလိုက်တာ ဟိုမလွတ် ဒီမလွတ်နဲ့ အားလုံးတိုက်ချသွားတယ်ဆရာ..။ (စားပွဲထိုး ပိန်ပုံပြောပါတယ်။း-)

မင်္ဂလာနှစ်ပတ်လည်ပေါ့လေ။ သြော်…. ဟုတ်သားပဲ။ ဒေါ်မေငြိမ်းရဲ့ မြသီလာအလွမ်းပြေ(၂၆) မှာ ဂလိုရေးထားတယ်လေ။

“၁၉၉၆ ဧပြီ.. ၂၇ရက်နေ့... ဗောဓိကုန်းကျောင်းတိုက်မှာတဲ့။ အဲဒီတုန်းက အလွန် တန်ခိုးထွား နေတဲ့ စစ်ထောက်လှမ်းရေးအဖွဲ့များက ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ NLD အချင်းချင်း အဆက်အသွယ်မလုပ်ရဘူးလို့ နှစ်ဖက်စလုံးကို တားမြစ်ထားတဲ့အချိန်။ ဒေါ်ခင်မင်းဇော်ရဲ့ မင်္ဂလာပွဲက တကယ့်ကို အမှတ်တရ ဖြစ်စေခဲ့တာလေး ပြောပြချင်ပါသေးတယ်။”

အကြင် လင်မယား အိုအောင်မင်းအောင် ပေါင်းရပါစေသတည်း။ (အရင်ပို့စ်က ကွန်မင့်ထဲမှာ ငါမအိုသေး…လို့ ကြုံးဝါးထားတာတွေ့ရလို့ ကောက်ခါငင်ခါ အိုခိုင်းတယ်မထင်နဲ့နော်။း-)

ပိတောက်တွေဝေသော သင်္ကြန်အခါသမယတွင် အချစ်တွေလည်းဝေကာ တမိသားစုလုံး ပျော်ရွှင်ချမ်းမြေ့စေကြောင်း ဆုတောင်းလိုက်ပါတယ်။

ခင်မင်းဇော် said...

ကိုပေါ ... ၂၇ ရက်နေ့မှလေ...
ရောက်တောင်မရောက်သေးဘူး .... :P
တကယ့် လဘက်ရည်ဆိုင်ကို လွမ်းထားတာ သိလား။

ကိုပေါ said...

“ဂလိုလား…. သင်္ကြန်နဲ့ ပေါင်းပြီး အမှတ်တရ ရေးတယ်မှတ်လို့….ဦးဦးဖျားဖျား ဆုတောင်းလိုက်တာ။ (အခုတော့ ကတွတ်ပီ ဖြစ်သွားပြီ…တလွဲး-)”

ခင်မင်းဇော် said...

ဟိ.. ကတွတ်ပီ မလွဲပါ။ ဘာလို့ဆို မရှောင်လိုက်လို့ပါ။
ဦးဦးဖျားဖျား ဆုတောင်းပေးတဲ့အတွက်လဲ ကျေးဇူးပါ။ ကိုပေါ မန့်တာ ဖတ်ပြီး နှစ်ပတ်လည်ကျရင်ဖြင့် အထူးတင်ဆက်မှု တခုလုပ်ဖြစ်ဖို့ အိုင်ဒီယာ ရသွားကြောင်းပါ။ မကြာမီလာမည် မျှော်.....

YuuWaThone said...

မှတ်မိနေသေးတယ်
၁၉၉၁ ရဲ့ နွေရက်တရက်
ရှာပုံတော် မင်းသမီးကြီး
ABSDF က ကိုမင်းဇော်ကို
သိလားလို လာမေးတာ ဟား ဟား ။

မှတ်မိနေသေးတယ်
၁၉၉၆ ရဲ့ လ ဧပြီ မှာ
ရှာပုံတော် မင်းသမီးကြီး
ရှာတွေ့ သွားတဲ့ တပ်ရင်းမှူးကြီး ဟိ ဟိ ။

ကိုဇော်မင်း နဲ့ မကြည်ကြည်ခင် အတွက်
မင်္ဂလာ အမှတ်တယ ။

မေငြိမ်း said...

အမယ်မယ်..
နုနေတာ နုနေတာ..
အင်းး သင်္ကြန်ကတော့ ကိုယ်စီကိုယ်စီ..ဇာတ်လမ်းလေးတွေနဲ့ပါပဲလေ..
:(

YuuWaThone said...

မကြည်ကြည်ခင်
သန္တာ နံမည်မှားရေးထားတယ်
ပြင်လိုက်ပါနော်။
Sorry!!!!!!!

Anonymous said...

အမရေ ပိတောက်တွေသင်းထုံတဲ့ မင်္ဂလာရနံ့လေးနော်

မီယာ said...

အမှတ်ရစရာ ဧပြီမှာ ပေါ့နော် အမ

pandora said...

ဇာတ်လမ်းလေးတွေ ရင်ခုန်စရာ.... ဟဲဟဲ..

မေ့သမီး said...

အမ ဧပြီမှာဘ၀ခရီးစတာလား။ နှစ်သစ်မှာပျော်ရွှင်ပြီး ဒီမိသားစုအမြဲတမ်း မခွဲမခွာနေရပါစေ။

သက်ဝေ said...

အလည်လာပြိး စီဘောက်စ်မှာ နှုတ်ဆက်သွားတာ ကျေးဇူးပါ အမရေ... ။ ညီမ တွေးထားတာနဲ့ ရေးလိုက်တာနဲ့က နဲနဲလွဲနေတော့ အထင်လွဲစရာတွေ အတွေးပွားစရာတွေ ဖြစ်ကုန်ပြီထင်တယ်...။ ပျော်စရာ မိသားစုကလေးနဲ့ အတူတူ ကိုယ့်ဝါသနာပါတာလေး နဲနဲလုပ်ခွင့်ရနေတဲ့ ဘဝမှာ နေပျော်ပါတယ်...။

ဒါတွေကို သိသိကြီးနဲ့ အတ္တတရားတွေ ရှေ့တန်းတင်ပြီး ရေးမိတဲ့ ပိုစ့် အတွက် နောင်တတောင် ရနေမိပါတယ်...။ အမှန်မြင်အောင် အားပေးသွားတဲ့ အမကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်..။ အမတို့ မိသားစုလေး နှစ်သစ်မှာ ပျော်ရွှင် ချမ်းမြေ့ပါစေနော်…။

၂၇ ရက်နေ့ကျမှ နောက်တခေါက်ပြန်လာခဲ့ပါ့မယ်...။ မုန့်ကျွေးမယ် ဟုတ်...

ATN said...

ကဗျာစာအုပ် တအုပ်နဲ့ အလုပ်တွေရှုပ်နေလို့ အိမ်တွေမလည်ဖြစ် သင်္ကြန်မလည်ဖြစ်နဲ့ သိင်္ဂါရသင်္ကြန်ကိုလည်း အရောက်နောက်ကျသွားတာ ခွင့်လွှတ်ပါဗျို့...း)

နှစ်သစ်မှာ မိသားစုဝင်အားလုံး ပျော်ရွှင်ချမ်းမြေ့ အဆင်ပြေကြပါစေ
ချစ်သော ပီအေကြီးနဲ့အတူ သက်ဆုံးတိုင် ပြည်သူ့အကျိုး ဆောင်နိုင်ပါစေဗျား...

Anonymous said...

ဒီစာစုလေးက လှလိုက်တာ...
မင်္ဂလာနှစ်သစ်ပါ အမ

ခင်မင်လေးစားလျှက်..