Wednesday, May 27, 2009

လွန်ခဲ့တဲ့ ၁၉ နှစ်၊ ဒီနေ့ ဒီအချိန်

ဒီနေ့ မေ ၂၇ တဲ့။ လွန်ခဲ့တဲ့ ၁၉ နှစ်ကို သတိရမိတယ်။
လွန်ခဲ့တဲ့ ၁၉ နှစ် ဒီအချိန်က တညလုံး မအိပ်နိုင်အောင် ပျော်ရွှင်ခဲ့ရတယ်။ အဲလို အပျော်တွေ ရဖို့ ၈၈ က ရင်းနှီးထားခဲ့ရတာ မဟုတ်လား။ အဲဒီတုန်းကတော့ ခုလောက် ကြာအောင် ဂတိမတည် လိမ်လည်လိမ့်မယ်လို့ လုံးဝမထင်ခဲ့ဘူး။ ကြုံလဲ မကြုံဖူးဘူးလေ။ နောက်တသက်လုံး ကြားလာခဲ့တဲ့ ၆၂ တို့ ၇၄ ၊ ၇၅၊ ၇၆ တို့တုန်းက ခုလောက်ထိ မအောင်မြင်ခဲ့ဘူးမဟုတ်လား။ ငါတို့တွေ တိုက်တော့ တယ်ဟုတ်ပါလားလို့တောင် အဲဒီအချိန်က ဂုဏ်ယူခဲ့သေးတယ်။

သိပ်မကြာခင်ပဲ ရွေးကောက်ခံအမတ်တွေနဲ့ လွှတ်တော် ခေါ်ပေးတော့မလိုလို ၊ ကိုယ့်ဖာသာပဲ ခေါ်နိုင်တော့မလိုလို နဲ့ ဒင်းတို့ စစ်တန်းလျားအပြန်ကို စောင့်နေခဲ့ရတာလေ။
အစပိုင်းမှာလဲ စစ်တပ်က ဘာလုပ်ရမယ်တောင် မသိခဲ့ဘူးထင်ပါတယ်။ စစ်တပ်နယ်တွေဖြစ်တဲ့ မင်္ဂလာဒုံတို့ မှော်ဘီတို့မှာလဲ ခမောက်က နိုင်ခဲ့တာ ဆိုတော့ သူတို့လဲ ပျာနေတာ ဖြစ်မယ်။

အဲဒီအချိန်တုန်းက ကျမက လူထုရဲ့ ပါဝါကို ယုံကြည်ခဲ့တဲ့ အတွက် ၊ ရွေးကောက်ပွဲ ဂတိတွေကို ယုံကြည်ခဲ့တဲ့အတွက် တကယ့်ကို အားသွန်ခွန်စိုက် လုပ်ခဲ့ပေမယ့် ကိုယ့်နိုင်ငံကို မင်းလုပ်အုပ်ချုပ်ချင်သူတွေက အာဏာရူးတွေ၊ လူလိမ်တွေ ၊ဂတိဆိုတာ မသိတဲ့ တိရိစ္ဆာန်တွေ၊ တိုင်းပြည်ကို ဖျက်ဆီးချင်သူတွေ ဖြစ်နေတာကို နောက်ကျမှသိတော့တယ်။


ဒါက ကြိမ်ချောင်းလေး ဆိုတဲ့ ရွာကို အသွား၊
ဒါက ပုသိမ်မြို့ တဖက်ကမ်းမှာ
လှေဆိပ်က တက်တော့ အဲလို စည်းရုံးရေးဆင်းလာသူတွေကို ကြိုဆိုကြတယ်၊
တရွာနဲ့ တရွာသွားရင်း ထမင်းငတ်ခဲ့တဲ့ အချိန်တွေလဲ ရှိခဲ့တယ်။

အဲဒီတုန်းက ဂျင်းကျောပိုးအိတ်ထဲ ပေါင်မုန့် တထုပ်ထည့်ပြီး နေ့မအား ညမအား( မာရှယ်လော ၁၀ နာရီထိ) တရွာဝင် တရွာထွက်၊ တလမ်းဝင် တလမ်းထွက် ဟောပြောစည်းရုံးမဲဆွယ်ပေါ့၊ မဲကို ဘယ်လိုထည့်ရတယ်၊ ကြက်ခြေခတ်တံဆိပ်တုန်းကို ဘယ်လိုနှိပ်ရမယ်၊ မဲထည့်တဲ့ အခွင့်အရေး ရဖို့ ဘယ်လို ကြိုးစားရင်းနှီးခဲ့ရတယ် ဆိုတာတွေကို ပြောပြကြရတာလေ၊

ကျမက ပုသိမ်အနောက်မြို့နယ် မဲဆန္ဒနယ်မြေ (၂) ကိုယ်စားလှယ်လောင်း ဦးတင်ချော ရဲ့ နယ်မြေက စည်းရုံးရေးမှုး၊ နောက် ပုသိမ်အနောက်မြို့နယ် မဲအောင်နိုင်ရေးကော်မတီရဲ့ ဘဏ္ဍာရေးမှုး၊ (ဧရာဝတီတိုင်း ကျောင်းသားသမဂ္ဂ မှာလည်း ဘဏ္ဍာရေးမှုးပဲလေ၊ ဗကသ မှာကတော့ ကျောင်းသားချည်းပဲ ဆိုတော့ ၀င်ငွေမရှိတော့ ဘဏ္ဍာရေးမှုးကပဲ အားလုံး စိုက်ထုတ်အကုန်ကျခံရတဲ့ အဖြစ်ပါ၊ ဗကသ ဗဟိုက ခု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့ စည်းရုံးရေး ဆင်းလာရင်လဲ အိမ်မှာပဲ စားသောက်ခဲ့ရတယ်၊ ၀ယ်မကျွေးနိုင်ဘူးလေ၊ မိဘအိမ်ကတော့ ခေါ်ကျွေးလိုက်လို့ ရတဲ့နေရာကိုး)

စည်းရုံးရေးခရီးစဉ်တွေက တလစာ ကြိုတင်ပြီး ရက်စွဲ၊ လိုက်ပါမယ့် လူအတိအကျနဲ့ တိုင်းငြိမ်ဝပ် ပိပြားရေးအဖွဲ့ကို တင်ရတာမို့ ခမောက်အဖွဲ့သွားမယ့် ခရီးစဉ်တိုင်းကို တစည ပါတီ စပါးနှံကလဲ လိုက်လံနှောင့်ယှက် အပြိုင်မဲဆွယ်ပေါ့။ သူတို့က သင်္ဘောစင်းလုံးနဲ့ သွားချိန်မှာ ကိုယ်တို့က လှေစီး၊ လမ်းလျှောက်၊ သူတို့က ကားနဲ့ သွားချိန်မှာ ကိုယ်တို့က စက်ဘီးစီးလမ်းလျှောက်၊ တခါတလေ စက်ဘီးက ကိုယ့်ကို ပြန်စီး၊ သူတို့က ရွာတွေမှာ အလှုပေးပြီး လူစု စည်းရုံးချိန်မှာ ကိုယ်တို့က ရွာခံတွေ ကျွေးတဲ့ ထမင်းစားပြီး စည်းရုံးဟောပြော၊ ဒါပေမယ့်လဲ ထောက်ခံမှုကတော့ အပြတ်အသတ်ပါ။(အဲဒီအကြောင်း ဆောင်းပါးလေး တပုဒ်ရေးဖူးတယ်၊ ပြန်ရှာပြီး တင်ပေးပါဦးမယ်)

ဒါပေမယ့် ဘ၀မှာတော့ အဲလိုမဲနိုင်အောင် မဲဆွယ်တာဝန်ယူစည်းရုံးခဲ့ရတဲ့ အချိန်လေးတွေနဲ့ အတူ ကိုယ်ပါဝင်ထမ်းဆောင်ခဲ့ရတဲ့ အတွက် ပြန်တွေးတိုင်းတော့ ၀မ်းသာ ပီတိဖြစ်ရပါတယ်။ လူတယောက်ဟာ သူ့ခေတ်ကြီးက ပေးအပ်တဲ့ တာဝန်ကို နိုင်သလောက် ထမ်းခဲ့တဲ့အပေါ်မှာတော့ ပီတိဖြစ်ရတာ ဂုဏ်ယူရတာဟာ ဘာနဲ့မှ နှိုင်းလို့မရဘူး ထင်ပါတယ်နော်။ လုပ်ဖော်ကိုင်ဘက် ရဲဘော်ရဲဘက်တချို့တွေလဲ ဒီလမ်းပေါ်က လွင့်စင်ကျကြ၊ တချို့လဲ ဖိတ်စင်ခဲ့ရ၊ သူတို့ကိုလဲ သတိတရ ဖြစ်မိတယ်၊

ဒါပေမယ့် ခု လို၁၉ နှစ်ကြာတဲ့ အချိန်မှာတော့ …..သူတို့လိမ်ဆင်ကြီးတွေက ဆက်ရှိနေတုန်း။ အတင်းအဓမ္မ ယူထားတဲ့ အာဏာနဲ့ လုပ်ချင်ရာ လုပ်နေတုန်း။ ခုလဲ ဘာမှ အပြစ်မရှိသူကို လုပ်ကြံ အမှုဆင်၊ တကယ့်တာဝန်ရှိတဲ့ လုံခြုံရေးတွေ ၊ ပြည်ဝင်ခွင့် ပေးလိုက်တဲ့ လူတွေကတော့ ဘာမှတရားစွဲမခံရ။

အော်…. တသက်လုံး ဒီလိုနေရမယ်တော့ မထင်ကြပါနဲ့။ ၀ဋ်ဆိုတာ လည်ကိုလည်ဦးမှာပါ။ အမှန်တရားကလဲ နိုင်ရဦးမှာပါ။ ကိုယ့်အလှည့်ကျရင်သာ……….

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

13 comments:

zizawa said...

အမတို့တာဝန်ကျေခဲ့ပါတယ်။ အဲဒီနေ့ညနေက အဘွားချုပ်ပေးတဲ့ ပင်နီအင်္ကျီလေးဝတ်ပြီး အဖေနဲ့ ဒီချုပ်ရုံးရှေ့မှာ ရုံးကိုလာတဲ့အမတ်တွေကို သွားကြည့်ဖူးတယ်။ အဲဒီလို အချိန်မျိုးပြန်ရောက်မှာပါအမ။

ကေ said...

အမရေ..သတိရပါ့..
အသားတွေမဲ..အသံတွေကွဲ အောင် ပျော်ခဲ့ တက်ကြွခဲ့တဲ့ အချိန်လေးတွေ.. တွေးတိုင်း မျက်ရည်ဝဲ..
အမ ပုံလေးတွေ မြင်ရတော့..ပိုငိုချင်..

Anonymous said...

ပုံတွေကြည့်ပြီး မပါဝင်ခဲ့ရပေမယ့် ပါဝင်ခဲ့သူတွေတွက် ဂုဏ်ယူလေးစားမြဲ ...

Anonymous said...

ပုံတွေကြည့်ပြီး မပါဝင်ခဲ့ရပေမယ့် ပါဝင်ခဲ့သူတွေတွက် ဂုဏ်ယူလေးစားမြဲ ...


ညီမ

သက်ဝေ said...

အဲဒီညက ထမင်းမစားပဲ မဲရုံရှေ့မှာ သွားစောင့်ရင်း ဝမ်းသာ ပျော်ရွှင်ခဲ့ရတာ ၁၉ နှစ်တောင် ရှိသွားပြီနော် အမ... ဘယ်တော့မှ မမေ့ဘူး...

Ko Paw said...

အဲဒီအချိန်တုန်းက လူတိုင်းလူတိုင်းမှာ မျှော်လင့်ချက်ကိုယ်စီနဲ့....။

အဲသည်တုန်းကသာ အာဏာလွှဲပြောင်းပေးခဲ့ရင် ကျနော်တို့နိုင်ငံဟာ တော်တော်လေး ခေတ်မီဖွံ့ဖြိုးပြီး တိုးတက်နေမှာ သေချာတယ်။

weik.zar said...

သေနတ်ခါးကြားထိုးပြီး၊မျက်နာပြောင်ကြီးတွေနဲ့၊ဂတိမတည်တဲ့၊သူတို့ကိုကြည့်နေရသေးတာ၊၀ဋ်နဲ့တူပါရဲ့ဗျာ။

ဂျူနို said...

အမရေ
ဧရာဝတီတိုင်းခရီးစဉ်ခွေ ကြည့်ရတယ်။
တိုင်းမှူး မြင့်အောင်လေ ယုတ်မာတာ။
ဓနုဖြူ ကိစ္စကောပေါ့။
ဒေါ်အောင်ဆန်းစုကြည် ဈေးထဲသွားတာတို့ လေ။
ဒါတွေ အလကား မဖြစ်ပါဘူး ။
သူတို့ တွေက ဒီနေ့ ထိ အဲ့ဒီဓါတ်ပုံလေးတွေတောင် ကြောက်လို့ လိုက်သိမ်းနေတာပဲ။
ဗိုလ်ချုပ်မှူးကြီးစောမောင်က တပ်မတော်က ကြားနေမယ်ပြောပါတယ်။
ဧရာဝတီတိုင်းက ဗိုလ်ချုပ်မှူးကြီး အမိန့် ကို မနာခံပါဘူး။
ဒါကိုကြည့်ချင်းအားဖြင့် တပ်မတော်ထဲမှာ သဘောထားကွဲလွဲတာရှိပါတယ် ဆိုတာလေ။
စက်ဘီးတွေနဲ့ လှေတွေနဲ့ လေ။
ကျိကျိကို သတိရပါတယ်။

ဂျူနို said...

အဲ့ဒီတုန်းက ဗိုလ်ကြီးမြင့်ဦးလားမမ
ဟို စစ်သားတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ပစ်လို့ ပြောတဲ့သူလေ။
စစ်သားတွေက မပစ်ဘူး ဗိုလ်မှူး တစ်ယောက်ရောက်လာပြီး တားတယ်လေ။
အဲ့ဒီဗိုလ်ကြီး မြင့်ဦးက ရှေ့ တန်းမှာ ပေါင်ပြတ်သွားတယ်ပြောတယ်။
ခု မင်္ဂလာဒုံမှာ ခြံစိုက်စားတယ် ပြောကြတယ်။

လူထုက နိုင်ငံရေးဆိုပြီး ကြီးကြီးကျယ်ကျယ်သာ မသိရင်နေမယ် မတရားတာကို မတရားမှန်း အမှန်ကို အမှန်မှန်းသိတယ်။
တနေ့ အောင်မှာပါ။

Moe Cho Thinn said...

အဲဒီတုန်းက ပြည်သူ့ဆန္ဒ ဖော်ထုတ်ခဲ့ကြတာ ခုထိ မမေ့နိုင်သေးဘူး အမရေ..

လင်းဒီပ said...

လေးစားစွာ ဖတ်သွားပါတယ်အစ်မ...

တန်ခူး said...

မ ရေ… အဲဒီအချိန်လေးကို ပြန်လွမ်းသွားတယ်… အဲဒီဝတ်စုံလေးကို ကျွန်မသိပ်မြတ်နိုးတာ… ခုထိပါပဲ…

Yu Wa Yi said...

အဲတုန်းက ညီမဆယ်တန်းအောင်ပြီးကာစ ကြက်ခြေနီတပ်ဖွဲ့ ထဲမှာ လုပ်အားပေးနေခဲ့တယ်။ မဲရုံကိုလည်း စောင့်ပေးခဲ့တယ်။ ကိုယ်တတ်နိုင်တာလေးတွေပါ။ အခုတော့......:(