Saturday, July 18, 2009

တွေးမိလေတိုင်းးးးး

ဒီပုံကို ကိုမိုးသီးဇွန်ဘလော့က ယူထားတာပါ။
၆၂ နှစ်ပြည့်မြောက် အာဇာနည်နေ့ ရောက်တော့မယ်ဆိုတော့ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ အင်တာဗျူး တခုကို သတိရမိပါတယ်။ မေးမိတာက ကလေးအရွယ်ပါ ။ အသက် ၁၃ နှစ် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသားလေးးးး၊ သူ့ကို အာဇာနည်နေ့နဲ့ ပတ်သက်တဲ့အကြောင်း ဟောပြောတာတွေ နားထောင်ပြီးတော့ ဘာတွေ သိလိုက်သလဲ။ ဘယ်လို ခံစားရလဲ လို့မေးခွန်းမေးလိုက်ပါတယ် ။ သူပြန်ဖြေတာတွေထဲမှာ သူအရင်တုန်းက တွေးမိထားတာလေးတွေကိုလဲ ပြောပြတယ်။ အဲဒီထဲမှ အမှတ်အရဆုံးတခုကတော့ ….

သူများနိုင်ငံတွေမှာ ပိုက်ဆံတွေကို သူတို့ ဘုရင်ပုံနဲ့ ထုတ်တယ်တဲ့။(သူရောက်နေတဲ့ ထိုင်းနိုင်ငံက ပိုက်ဆံကိုပဲ မြင်ဖူးတာပါ) ကျနော်တို့ကို မင်းတို့ ဘုရင်ပုံပြဆိုရင် ခြင်္သေ့ပုံဖြစ်နေတာ ကျနော်ရှက်မိပါတယ်တဲ့။ ဒီနေ့မှ အာဇာနည်တွေကို လူတွေမသိအောင် လုပ်ချင်လို့ ဗိုလ်ချုပ်ပုံကို ခုလို မထည့်တော့တာလို့ သူသိရတာပါတဲ့။ သူကြီးလာရင် လူတိုင်းသိအောင် သူပြောပြချင်တယ်တဲ့။ ခြင်္သေ့ပုံကြီး မထည့်စေချင်တဲ့အကြောင်းပေါ့လေ။

ကျမစိတ်ထဲမှာ လှိုက်ကနဲ ခံစားလိုက်ရတယ်။ မျိုးဆက်သစ်ကလေးတယောက်ရဲ့အမြင် စူးရှမှုက ကျမရင်ကို ထိုးဖောက်သွားတာပဲ။ တို့တာဝန်တွေ ကျေဖို့ အများကြီးလိုပါသေးလား။ အဲဒီနောက်တော့ အတွေးတွေက ထုံးစံအတိုင်း ဆက်တွေးမိတော့တာပါပဲ။

အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အတ္ထုပတ္တိတွေကို ဒီနေ့ ခေတ်လူငယ်တွေ မသိတော့တာ.........။
အာဇာနည်နေ့မှာ ကျမတို့ငယ်ငယ်ကလို ကျောင်းတွင်းဟောပြောပွဲတွေ၊ မြို့နယ်အလိုက် တိုင်းအလိုက် စာစီစာကုံးပြိုင်ပွဲတွေ၊ ကဗျာပြိုင်ပွဲတွေ၊ ဆောင်းပါးပြိုင်ပွဲတွေ မရှိတော့တာ..........။
အာဇာနည်နေ့မှာ ကျောင်းအလိုက် ပန်းခွေတွေနဲ့ လွတ်လပ်ရေး ကျောက်တိုင်မှာ သွားပြီး ပန်းခွေချကြတာမျိုးတွေကို မတွေ့ရတော့တာ...............။
ရေဒီယိုက ၊နောက်... ကျမတို့မြို့မှာဆို ဆန်စက်တွေနဲ့ ဆိပ်ကမ်းမှာ ကပ်ထားတဲ့ သင်္ဘောတွေက ဥသြဆွဲသံမကြားရတော့တာ...........။
ရေဒီယိုက မေလှမြိုင်သီချင်း၊ ဗိုလ်ချုပ်မိန့်ခွန်းတွေ မလွှင့်ပေးတော့တာ.............။
ဒါတွေအားလုံးဟာ အာဏာရှင်တွေက စနစ်တကျ အစီအစဉ်ရှိရှိနဲ့ ဖန်တီးထားတာတွေ ပါပဲ။ ဒါဟာ သူတို့မှာ မရှိတဲ့ စွမ်းရည်တွေ၊ သူတို့ လိုက်မလုပ်နိုင်တဲ့ စွန့်လွှတ်မှုတွေကို မျိုးဆက်သစ်တွေက သိသွားမှာ အတုယူပြီး သူတို့ကို ထောက်ပြဝေဖန်မှာ အဆုံးစွန်ဆုံး သူတို့ကို ခုနေရာက ဖြုတ်ချပစ်မှာကို ကြောက်လို့ပဲ မဟုတ်လား။

ကျမတို့မျိုးဆက်တွေက အာဇာနည်တွေရဲ့ ဂုဏ်ရည်တွေ သတ္တိတွေကို လက်ဆင့်ကမ်းဖော်ထုတ်ပေးရမှာဖြစ်သလို လက်ရှိတိုင်းပြည်တွင်းက သူရဲကောင်းတွေရဲ့ စွန့်လွှတ်မှုတွေ ကိုလဲ ဖော်ထုတ်ပေးကြရမှာပဲ။ ဒါ့ထက်ပိုလိုအပ်တာက ကိုယ်တိုင် ဘယ်လောက်တိုင်းပြည်အတွက် စွန့်လွှတ်ပေးဆပ်မလဲ လက်တွေ့လုပ်ပြရမှာပါ။

ကျမတို့အရွယ် မျိုးဆက်ဘ၀တွေအားလုံးက အမိမြန်မာနိုင်ငံတော်ကြီးက ဘာတွေကို ရနိုင်မလဲ ဆိုတာထက် အမိနိုင်ငံတော်ကြီးကို ဘာတွေပေးဆပ်မလဲ ဆိုတာကို ပိုမိုပြသပေးရမယ့် မျိုးဆက်၊ ရင်းနှီးပေးဆပ်ပြရမယ့် မျိုးဆက်ပဲ မဟုတ်ပါလား။ ကျမကတော့ ဒီလိုပဲ ခံယူထားပါတယ်။ (ခုလက်ရှိတော့ အိမ်က သားတော်မောင်ကို ရှင်းပြနေဆဲ အချိန်ပါ။)

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

6 comments:

Myo Win Zaw said...

၄၂ နှစ်ကြိမ်လား ၆၂ နှစ်ကြိမ်လား တစ်ခုခုတော့မှား နေတယ်

ခင်မင်းဇော် said...

ပြင်လိုက်တယ် ကိုမျိုးဝင်းဇော်ရေ...
ဘယ်လိုဖြစ်သွားတယ်မသိ။ ၆ နဲ့ ၄ ကဝေးသားနဲ့ ....ကျေးဇူးနော်.....

rose of sharon said...

မခင်မင်းဇော်ရေ.... ဒီပို့စ်လေးကိုဖတ်ပြီးမှ... ကိုယ့်ခလေးတွေကိုသမိုင်းအမှန်သိအောင် ပြောပြဖို့ တာဝန်တခုတိုးလာတယ်...

Steve Evergreen said...

ဂါရဝပြုပါတယ်

JulyDream said...

အခုခေတ် ကလေးတွေက အာဇာနည် ဆိုတာလဲ အဆိုတော်လို့ပဲ ထင်နေကြတာ။ ဒါနဲ့ ခြင်္သေ့တွေကို နေရာမှန် ပြန်ပို့လိုက်ပါလား ခင်ဗျ။

Nge Naing said...

အစ်မရေ လာဖတ်သွားပါတယ်။ အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ပြောချင်တဲ့ အကြောင်းအရာကို အကုန်ပါအောင် လိုရင်းတိုရှင်းနဲ့ တင်ပြထားတာ ကောင်းပါတယ်။