Tuesday, July 21, 2009

နော်ဝေး အတိတ်ရဲ့ခြေရာတွေ

ကိုယ့်မှတ်စုစာအုပ်ကလေးကို ဖိုင်တွေ ပြန်စီရင်းနဲ့ နော်ဝေးခရီးစဉ်မှာရိုက်ခဲ့ပြီး ပျောက်နေတဲ့ ဓါတ်ပုံဖိုင်တခုကို ပြန်တွေ့တယ်။ လိုက်ပါပို့ဆောင်ပေးသူက ဒီဗွီဘီက သတင်းကျေညာသူ အေးအေးမွန်တို့ စုံတွဲပါ။ အေးမွန်နဲ့က သူအရင်လုပ်ခဲ့တဲ့ မိုးကြိုးသတင်းစာတိုက်မှာပဲ ကိုယ်ကလဲ လုပ်ခဲ့ဘူးတော့ ခင်နေပြီးသား၊ အားနာစရာမလိုတဲ့အတွက် သူတို့ အိမ်က ချက်ကျွေးတဲ့ ဒန်ပေါက်ကို စားပြီး လိုင်းကားစီးလို့ ရှေးဟောင်းသင်္ဘောပြတိုက်ကို သွားခဲ့ကြတယ်။(ဒါက ကိုယ့်ဖာသာပြောတဲ့နာမည်၊ သူတို့ မှည့်ထားတာတော့ ဘယ်လိုလဲမသိ မမေးမိခဲ့ဘူး) နော်ဝေးလူမျိုးတွေက အရင်ရေနံသဘာဝဓါတ်ငွေ့ မထွက်ခင်တုန်းက ပင်လယ်ပျော်တွေပဲ။ ရေကြောင်းကိုပိုင်နိုင်တယ် သဘောင်္တွေကို ပိုင်နိုင်တယ်။ ဒါ့ကြောင့်လဲ သူတို့ကို ဗိုက်ကင်း (Viking)လို့ခေါ်ခဲ့တာထင်ပါရဲ့။
ရုပ်ရှင်ကြည့်ရင်း မရိုက်ရဘူးရေးထားတဲ့ စာကို မမြင်ပဲ ဓါတ်ပုံရိုက်မိသွားတယ်
သဘောင်္ပုံစံတည်ထားတဲ့ ပြခန်းတွေ၊ ဟိုတုန်းက သင်္ဘောပေါ်မှာ သုံးတဲ့ ပစ္စည်းတွေ၊ မီးပြတိုက်ဟောင်းတွေ၊ နောက် နော်ဝေးရဲ့ ခေတ်ဟောင်းကနေ ခေတ်သစ်ထိ ပြောင်းလဲ လာတဲ့ သမိုင်းကြောင်းတွေကိုပြတဲ့ ရုပ်ရှင် အကုန်လုံးကို ၀င်ကြည့်ခဲ့တယ်။ အဲဒီကနေ နော်ဝေးအလံတံဆိပ်လေး ပါတဲ့ ကြွေခွက်အသေးလေး ၂ လုံး၊ နော်ဝေးတံဆိပ်ပါတဲ့ ဦးထုပ်၂ လုံး ၀ယ်လာဖြစ်ခဲ့တယ်။ ပြန်လာတော့ နော်ဝေး ညနေ ၄ နာရီဆိုတာ မှောင်မည်းနေတာပါပဲ။ ဓါတ်ပုံတွေကတော့ အများကြီးရိုက်ဖြစ်တယ်။ ပုံတင်လို့မရသူတွေ ပါနေတာရယ် ၊ အဲဒါတွေ ရှောင်ရင်လဲ ကိုယ့်ပုံချည်း ဖြစ်နေမှာရယ် ကြောင့်လူမပါပဲ ရိုက်ထားတဲ့ တချို့ကိုပဲ တင်ပေးလိုက်ပါတယ်။ တနေ့လုံးလည်လို့မပြီးနိုင်တဲ့ နေရာတခုပါပဲ။ဒီနေရာကို လိုက်ပို့တဲ့ ကိုထွန်းလူ အေးအေးမွန်တို့စုံတွဲနဲ့အတူ ရုပ်တုပန်းခြံကို လိုက်ပို့ပေးတဲ့ ကိုမိုးမောင်မောင် မပူစူးတို့ စုံတွဲ၊ လီလီဟမ်းမားကို လိုက်ပို့ပေးတဲ့ သူငယ်ချင်း ကိုဝင်းသိန်းနဲ့ အေးအေးမိုးစုံတွဲ ကို ကျေးဇူးအထူးတင်ကြောင်း ဒီနေရာက မှတ်တမ်းတင် ပြောပြချင်ပါတယ်။ နောက်တခါကျရင်လဲ မရောက်ဖြစ်လိုက်တဲ့နေရာတွေကို လိုက်ပို့ပေးကြပါဦး။

ရှေးခေတ်က သုံးတဲ့ ကျောက်ဆူးကြီး(အဲဒီမှာ ကိုယ့်ပုံနဲ့ ရိုက်လာသေးတယ်)
သင်္ဘော ပုံစံတူတွေ အများကြီးမှ အများကြီး

သဘောင်္ပုံ ဦးခန်းမှာ ( မမြင်ရလေ ပိုကောင်းလေ ဖြစ်အောင် အဝေးကရိုက်တဲ့ပုံပဲ တင်လိုက်တယ်)
( နော်ဝေးခရီးစဉ် နောက် ပို့စ် တင်ပြီးရင် ပြီးတော့မယ်၊ ပြီးရင် ဆွီဒင် ဆက်မယ်နော်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

6 comments:

Ko Boyz said...

လာဖတ်သွားတယ် အစ်မ။ နော်ဝေဂျီယန် ဆိုတဲ့ အသံထွက်ကို အင်္ဂလိပ်စာ ဖတ်တတ်ကတည်းက စိတ်ဝင်စားနေတာ။ ချစ်စရာ အသံထွက်လေး။

ညနေလေးနာရီကတည်းက မှောင်နေတာ ဆိုတာက ကမ္ဘာ့မြောက်ဘက်ခြမ်းကို တော်တော်ရောက်နေလို့ပေါ့။

မမြင်ရလေ ကောင်းလေဆိုရင် ဆိုဒ်လားနားက ပုံလေးပါ ဖြုတ်လိုက်ပါ့လား။ :P

သက်ဝေ said...

အမရေ...
နော်ဝေက သင်္ဘောပြတိုက်ကို အမနဲ့အတူ လာကြည့်ပါတယ်...။ ပျော်စရာကြီးနော်.. အဲလိုလျှောက်သွားရတာ... ဆက်ရေးအုံးနော် အမ..။

(အမ ကိုဘွိုင်းက ဆိုးလိုက်တာနော်... ဒီလောက်လှတဲ့ပုံကိုများ ဖြုတ်ခိုင်းစရာလား...
သူ နာမလို လို့ ဖြစ်ရမယ်...)

Dr. Yi Yi Win said...

သဘောင်္လေးတွေအောက်က ကျောက်ခဲလေးတွေက လှလိုက်တာနော်။ သဘာဝအတိုင်းဖြစ်လာမို့ ထင်တယ် အစ်မ။

ATN said...

သည်တခါ တင်တဲ့ပို့စ်က တိုတိုလေး...

pandora said...

ဆွီဒင်ကိုလိုက်ဖို့ စောင့်နေပါတယ်။ :)

mgmg said...

နော်ဝေးကနေ မြန်မာပြည်ကို ဖုန်းခေါ်ခက ဈေးကြီးသလားခင်ဗျ ဘယ်နေရာတွေက ဈေးကြီးလို့ ဘယ်ဈေးရှိတယ် ဖုန်းအဆက်အသွယ်ခက်မခက်ဆိုတာလေး ပြောပြစေခြင်ပါတယ် ကျေးဇူးအထူးတင်ပါတယ်