Saturday, July 25, 2009

နိုဘယ်လ်ငြိမ်းချမ်းရေး စင်တာသို့

ရေးဖို့ကျန်တဲ့ ထဲမှာ ဒီဇင်ဘာ ၁၀ ရက်နေ့ နိုဘယ်ဆုချီးမြှင့်ပြီးတဲ့ညဖက် နိုဘယ်ဆုရှင်ကို ဆီမီးတုတ်ကြီးတွေ ထွန်းပြီး ဂုဏ်ပြုနှုတ်ဆက်ပွဲကို သွားဖြစ်ကြတယ်။ ကျမတို့ တီဗွီအဖွဲ့က တိုက်ရိုက်တင်ဆက်တာကို ကျမက အစီအစဉ်တင်ဆက်သူ လုပ်ပြီး သန်းဝင်းထွဋ်က ကင်မရာမန်း လုပ်ပေးခဲ့တယ်။ ကင်မရာကိုင်တဲ့ သူ့လက်တွေက လက်အိတ်မစွပ်ရတော့ အနုတ်( ၇ )အအေးဒဏ်ကို တော်တော်ခံလိုက်ရတယ်။ အမရေ ကျနော့လက်တွေ ထုံနေပြီ လို့ သူခဏခဏပြောတာပဲ။ ကိုယ်ကလဲ ကိုယ်ပြောရမယ့် စကားတွေကို တရစပ်ပြောနေရင်း အေးလွန်းလို့ ပါးတွေတောင် တုန်တက်လာနေပြီ။
နော်ဝေးရောက် သူငယ်ချင်း ရီရီထွန်းနဲ့ အမှတ်တရ
(သတင်းကျေညာတော့ ရီမေအောင်တဲ့)
နောက် လက်အိတ်တစုံလဲ ကျပျောက်ခဲ့တယ်။ ဓါတ်ပုံကင်မရာ ထုတ်ရိုက်ရင်း လက်အိတ်ကို စွပ်မထားပဲ ချွတ်လိုက်မိတာနဲ့ ကျပျောက်သွားတာပေါ့။ အဲဒီညက နှင်းတော့မကျဘူး။ ခါတိုင်းနှစ်က နှင်းကျတော့ အအေးနည်းနည်းပေါ့တယ်လို့ပြောတယ်။ ဖင်လန်နိုင်ငံက သမတဟောင်းက နိုဘယ်လ်ဆုရတာမို့ သူတို့ အိမ်နီးချင်းနိုင်ငံဆိုတော့ လူတွေက သိပ်အထင်မကြီးတာလား မသိ ၊လာတဲ့လူ နည်းတယ်တဲ့။ သူတို့က နည်းတယ်ပြောပေမယ့် တခါမှ မကြုံဖူးတဲ့ ကျမကတော့ လူအုပ်ကြီးကို ကြည့်ပြီး များလိုက်တာလို့ တွေးမိနေတာပဲ။
(ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် လက်ပြနှုတ်ဆက်တဲ့ ဟိုတယ်ကိုနောက်ခံထားလို့ ဒီဗွီဘီဝိုင်းတော်သားတွေနဲ့ နော်ဝေးရောက် နိုင်ငံရေးလှုပ်ရှားသူတချို့)
အန်တီစု ရတဲ့ နှစ်တုန်းက မိုက်ကယ်အဲရစ်ရော သား၂ ယောက်ရော တက်တယ်တဲ့။ ဆုရှင်ကိုယ်စား သူတို့ မိသားစုကို လာနှုတ်ဆက်တဲ့ လူတွေဆိုတာ များလိုက်တာမှ ခုနဲ့တခြားစီပဲတဲ့။ ကြုံခဲ့တဲ့လူတွေက ပြန်ပြောပြကြတယ်။ အဲဒီတုန်းက နော်ဝေးမိဖုရားကြီး က မျက်ရည်တောင်ကျတယ်တဲ့။ နိုဘယ်လ်ဆုရွေးချယ်ရေး ကော်မတီ အတွင်းရေးမှုး မစ္စတာ ဂိုင်းရ် လွန်ဒဲစတက် ကို အင်တာသွားဗျူးတုန်းက ပြန်ပြောပြတာ။ တကယ်တော့ အဲဒါတွေကို ဒီဗွီဘီမှာ ၂ ပိုင်းခွဲ လွှင့်ခဲ့ပြီးပြီ။ ရှည်တော့ အပိုင်းခွဲပြီး ယူကျု့စ်မှာ တင်ရမယ်။ ၁၅ မိနစ်ရှိတယ်လေ။ မတင်တတ်ဘူးဖြစ်နေတယ်။ တင်ပေးချင်ပါတယ်။ မကြည့်ဖြစ်တဲ့ လူတွေ ကြည့်စေချင်လို့ပါ။ (ဘယ်လိုတင်ရမယ်ဆိုတာ ပြောပြပေးကြပါဦး)
အဲလ်ဖရက်နိုဘယ်လ် ရုပ်တုနဲ့ ဆုရွေးချယ်ရာ ရုံးခန်း

နိုဘယ်လ်ဆုနဲ့ ပတ်သက်တဲ့အင်တာဗျူး၊ ဆုရွေးချယ်တဲ့ ကော်မတီရုံးထိုင်တဲ့ ရုံး၊ နောက် နိုဘယ်ဆုရှင်တွေနဲ့ ပတ်သက်တာတွေကို ပြခန်းလုပ်ထားတဲ့ နိုဘယ်စင်တာ စတာတွေကို
ဒီဗွီဘီ ပရိတ်သတ်တွေအတွက် တတ်သလောက်မှတ်သလောက် မိတ်ဆက်ပေးထားတာလေးတွေပေါ့။
ဒီနေရာမှာ ဘယ်သူ့ကိုပေးသင့်လဲ ဆိုတဲ့ အစည်းအဝေးထိုင်တာပေါ့။
သူတို့တွေ ဖွင့်ထားတာ ၃နှစ်ပဲ ရှိသေးတဲ့ ဒီစင်တာအကြောင်းကို ဒီဗွီဘီက တင်ဆက်ချင်လို့ မေလ်းအရင်ပို့တော့ ၀မ်းသာအားရ လက်ခံပြီး သေချာစီစဉ်ပေးတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို သိပ်လေးစားတယ် ဆိုတာတွေ့ရတယ်။ ဂုဏ်ယူဝမ်းသာမိပါတယ်။
ဝင်တာနဲ့ ရဲရဲတောက်
ငြိမ်းချမ်းရေးနိုဘယ်စင်တာကို ၀င်လိုက်တာနဲ့ အနီရောင်ခြယ်ထားတဲ့ အခန်းကို တွေ့ရမှာပါ၊ အဲဒီအခန်းမှာ လက်ဆောင်ပစ္စည်းအရောင်းဆိုင်ကို ဖွင့်လှစ်ထားပါတယ်။
ငြိမ်းချမ်းရေးဥယျာဉ်တဲ့ နာမည်ပေးထားပုံက
အပေါ်ထပ်မှာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်တွေရဲ့ ဓါတ်ပုံတွေကို အမှောင်ထဲမှာ စလိုက်တွေနဲ့ ထောင်ထားတဲ့ ငြိမ်းချမ်းရေး ဥယျာဉ် ဆိုတာရှိတယ်။ နောက် အဲဖရက် နိုဘယ်လ်ရဲ့ ဘ၀အကြောင်းကို စာအုပ်ကြီးတအုပ်မှာ ရေးထားတယ်။ အဲဒီစာအုပ်ကို ကွန်ပျူတာ ပညာနဲ့ လုပ်ထားတာမို့ လက်နဲ့ ထိတာနဲ့ ပြောင်းလဲ သွားအောင် လုပ်ထားပါတယ်။ တရွက်လှန်လိုက်တိုင်း အံ့သြဘွယ်ရာတွေ မြင်တွေ့ရအောင် စီစဉ်ထားတာပေါ့။ နောက် နံရံကို ကွန်ပျူတာ စခရင်တွေ နဲ့ လုပ်ထားပြီး ကိုယ်သိချင်တဲ့ နိုဘယ်ဆုရှင်အကြောင်းကိုလဲ လိုက်ရှာလို့ရတဲ့ နံရံတွေကိုလဲ တွေ့ရတယ်။ ကျန်တဲ့ဆုရှင်တွေရဲ့ အကြောင်းကို ခလုတ်လေး ရွေှ့လိုက်ရင် ဗွီဒီယိုတွေ မိန့်ခွန်းတွေကိုပါ မြင်ရကြားရပေမယ့် ဒေါ်အောင်ဆန်းစုကြည့်ကို ကလစ်လိုက်တဲ့အခါမှာ ဓါတ်ပုံလေးတွေပဲ တွေ့ရပါတယ်။ အချုပ်ခံထားတာကို ဖော်ညွှန်းတဲ့ ပြတင်းပေါက်ကလေးက အဝေးကို ငေးကြည့်နေတဲ့ ပုံလေး ပါတာပေါ့။ အဲဒီအခန်းရဲ့ တခြားနံရံတွေမှာတော့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တွေရဲ့ ပုံသေးသေးလေးတွေပါတဲ့ နံရံကပ်စက္ကူနဲ့ တခန်းလုံးကို ကပ်ထားတာတွေ့ရတယ်။
မှော်စာအုပ်ပါပဲ
နံရံတွေက ကွန်ပျူတာစခရင်ကြီး
အဲဒီအစီအစဉ်ကို နော်ဝေးရောက်တုန်းအမှတ်တရ တင်ဆက်ခွင့်ရခဲ့တဲ့အတွက် ကျေနပ်ဂုဏ်ယူမိပါတယ်။ ခုပုံတွေကို ဗွီဒီယိုထဲက ဓါတ်ပုံရိုက်တင်လိုက်တာပါ။
(တကယ်တော့ တဖွဲ့တနွဲ့ရေးဖို့ အားခဲထားတာပါ။ ဒါပေမယ့် မအားတာရယ်။ စာရေးဖို့ ပျင်းနေတာရယ်ကြောင့် နည်းနည်းအကျဉ်းချုပ်သလို ဖြစ်သွားတာကို ခွင့်လွှတ်စေချင်ပါတယ်။)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

10 comments:

ATN said...

YouTube မှာ အကောင့်တခုဖွင့်ထားပြီးရင် အကောင့်ကို sign in လုပ်လိုက်တာနဲ့ ညာဖက်ထောင့်မှာ Upload ဆိုတဲ့ button တွေ့မယ်လေ။ အဲမှာ Upload Video File ဆိုတာ vid တွေ တင်ဖို့ပေါ့။

Steve Evergreen said...

thanks for sharing about Norway.

Please say "hi" to Than Win Htut

တန်ခူး said...

မ ရေ... အဲလိုနေရာမျိုးရောက်ခဲ့ ဖြန့် ဝေနိုင်ခဲံ့တဲ့ အခွင့်အရေးရခဲ့တာ ၀မ်းသာဂုဏ်ယူစရာပါနော်...ကျေးဇူးပါမရေ

ကိုပေါ said...

ဒီဗီဘီက မြန်မာတွေရဲ့ နေ့စဉ်ဘ၀နဲ့ ဒုက္ခကို အချိန်နဲ့တပြေးတည်း အများသိအောင် ဖော်ထုတ်ပြသနိုင်တဲ့အတွက် ချီးကျူးပါတယ်။

ပြည်ပရောက် အတိုက်အခံ နိုင်ငံရေးသမားတွေ ဘာတခုစွမ်းဆောင်နိုင်တာရှိသလဲလို့ မေးလာရင် ဒီဗီဘီကို ဘယ်သွားထားမလဲလို့ ပြန်ပြောရမယ်။

Moe Cho Thinn said...

ရောက်ဖူးချင်လိုက်တာ အမရယ်။
ဒီပို့စ်ကို ဖတ်ပြီး ခံစားချက်တွေ အမျိုးမျိုးပဲ လှိုင်းထ သလို ဖြစ်မိတယ်။

Dr. Yi Yi Win said...

ကြည့်ချင်လိုက်တာ အစ်မရေ။ ကွန်နက်က သိပ်မကောင်းဘူး။

Nge Naing said...

အစ်မရေ မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။

Anonymous said...

အာရှအတွက်ဂုဏ်ယူရမဲ့ လူတယောက်ပါ...
အခုတော့........

မီယာ said...

ရောက်ဖူးချင်လိုက်တာ အမရေ... စိတ်ဝင်စားအောင် ရေးပြပေးလို့ ကျေးဇူးပါ။

အိမ့်ချမ်းမြေ့ said...

အစ်မ...
လူပုံက သေးသေးလေးရယ်...
မြင်ရဘူး