Saturday, February 13, 2010

စပ်မိစပ်ရာ ... အတင်းတိုထွာ


ဒီနေ့ ဗိုလ်ချုပ်အောင်ဆန်းသာ ရှိရင် မွေးနေ့ မွေးရက် တထပ်တည်း ကျတဲ့ အသက် ၉၅နှစ်ပြည့် မွေးနေ့ကို ကျင်းပကြရမှာပါ။ ဒီနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် ဗိုလ်တေဇလေးတွေ ဗိုလ်အောင်ဆန်း လေးတွေ အားကျအတုယူနိုင်ဖို့ ဂုဏ်ပြုသတ်မှတ်ပေးခဲ့ကြပါတယ်။ ဒါပေမယ့်လဲ စစ်အစိုးရလက်ထက်မှာတော့ အောင်ဆန်းဆိုတဲ့ နာမည်တောင် တတ်နိုင်သလောက် ရှောင်ကျဉ်နေကြလေတော့ မြန်မာနိုင်ငံကလေးများနေ့လုပ်ပေးဖို့ ဆိုတာကတော့ ဝေး ဝေး ပေါ့။

ပြည်ထောင်စုနေ့ မိန့်ခွန်းရှည်ကြီးထဲမှာများ ပင်လုံစာချုပ်တို့ တောင်တန်းဒေသ ခေါင်းဆောင်များတို့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဆိုတာတွေ ပါမှာစိုးလို့များလားမသိ။ စကားတလုံးနဲ့တလုံး ပါဆယ်နဲ့ ပို့ယူရတဲ့အထိ လေးတွဲ့စွာ သတိထားဖတ်ကြားသွားပါလေရဲ့။

ပြည်ထောင်စုနေ့ ကျင်းပရတဲ့ ရည်ရွယ်ချက်တွေ တောင် ပြောင်းလို့ရသလောက် ပြောင်းထားပြီးမှတော့ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံကတော့ မသိလေ ပိုကောင်းလေလို့ သဘောထားလိုက်ရောပေါ့။

ဒါ့ထက် တရားကျဖွယ်လဲ ပြောချင်သေးတယ်။
ဒီနေ့ ကလေးများနေ့ ကျင်းပမယ် ဆိုတော့ တက်ကြွစွာသွားလိုက်တာ ဟိုရောက်တော့ခေါင်းစဉ်က နိုင်ငံတကာကလေးများနေ့ ပျော်ပွဲရွှင်ပွဲ တဲ့။ ဒိုနာတွေအကြိုက် လိုက်လုပ်ရတာနဲ့ ကျော်သွားတဲ့ နိုင်ငံတကာကလေးများနေ့ကို ဒီနေ့မှာ ကျင်းပလို ကျင်းပ။
မသိလို့ပဲလား သိရက်နဲ့ လုပ်တာလား ဘယ်လို သဘောထားရမယ်တောင် မသိတော့ပါဘူး။ တခြားနေ့တွေမှာ ခုလိုလုပ်ရင် တမျိုးပေါ့။ မြန်မာတနိုင်ငံလုံးရဲ့ခေါင်းဆောင် ဗိုလ်ချုပ်မွေးနေ့မှာ ကလေးများနေ့ လုပ်ပြီး သူတို့လဲ ဖေဖေါ်ဝါရီ ၁၃ ရက်ကိုမေ့နေကြပြန်တယ်။ အော်... ဒုက္ခပါပဲလား သုခရယ်လို့ ဗိုလ်အောင်ဒင်လို ညည်းလိုက်မိပြန်တယ်။

ဒါပေမယ့်လဲ ဒီနေ့ မင်္ဂလာသတင်းတခုကတော့ ဒီပဲယင်းလူသတ်ပွဲအပြီးမှာ အန်တီစုနဲ့အတူ အကျယ်ချုပ်ချခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုဥက္ကဌ ဘဘဦးတင်ဦး ပြန်လွတ်လာတာပါပဲ။
အမှတ်တရအနေနဲ့ ဘဘရဲ့ ပထမဆုံးအင်တာဗျူး အတိုလေးနဲ့ လွတ်မြောက်လာခါစ ဓါတ်ပုံလေးကို ဘလော့မှာဝေမျှပေးလိုက်ပါတယ်။

လူတွေရဲ့ ပူလောင်ခြင်းဟာ လောဘဒေါသမောဟ ဆိုရင်တောင် တရားမျှတမှုတွေလိုချင်လွန်းလို့ ဖြစ်ရတဲ့ လောဘဒေါသမောဟ တွေ ဆိုရင်တော့ ပူချင်သလောက်ပူပါစေ။ အဲဒီအပူဒဏ်ကို ကျေကျေနပ်နပ် ခံယူပါရစေ။
ုချစ်ခင်စွာဖြင့်
ခင်မင်းဇော်

3 comments:

ကိုခိုင် said...

လာလည်ပါသည်။ဖိတ်ခေါ်ပါသည်။လင့်ချိတ်ခွင့်ပြုပါ။
http;//kokhine.blogspot.com
kokhine

ကေဇီလင်း said...

အမရေ ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့။ မြန်မာနိုင်ငံရဲ့ ကလေးများနေ့ ကို မပျောက်ပျက်သွားအောင် စောကျောင်းကလည်း ဒီနေ့လေးမှာ ကလေးတွေ ပျော်ရွှင်မှုရအောင် ကျင်းပပေးခဲ့ပါတယ်။ လူအားလုံးက မေ့နေရင်တောင် အနည်းငယ်သော ကလေးများနဲ့ လူတချို့ကတော့ အမြဲ သတိရနေမှာပါ။။

kiki said...

အိပ်ချင်ယောင်ဆောင်နေသူများက နှိုးရခက်တယ် တဲ့ လေ ။
အတိတ်မေ့နေသူတွေ အိပ်ချင်ယောင်ဆောင်နေကြတော့ ပိုဆိုးမှာပေါ့ အစ်မ ရေ.. ။
ဒီနေ့  ဒီရက် ကို ဘယ်တော့မှ မမေ့နိုင်ကြသူတွေ အများကြီး ရှိနေပါသေးတယ်လေ ။
ချမ်းမြေ့ ပါစေ အစ်မရေ ။