Sunday, July 18, 2010

အတိတ်ရဲ့ခြေရာ

ဒီလဆန်းပိုင်းက ချင်းမိုင်ရောက်နေတုန်း မနက် ၅ နာရီခွဲလောက်ဖုန်းမြည်လာတယ်။ အရေးကြီးလို့ ဆက်တယ် ထင်တယ် ဆိုပြီး အိပ်ချင်မူးတူးနဲ့ ဖုန်းကိုင်တော့ လုပ်ဖော်ကိုင်ဘက် တယောက်က အမ ကျနော့်သားတော့ ခုမနက်ပဲ ဆုံးသွားပြီတဲ့။ အသက် ၁၃ နှစ်ပြည့်ကာစ သူ့သားကို မျက်စိထဲ ပြေးမြင်လိုက်ပြီး ဘာမှတောင်မပြောနိုင်ဖြစ်ခဲ့ရတယ်။ ဘယ်လိုမှ ဆက်အိပ်မရတော့ပဲ မျက်စိလဲကြောင် လူလဲ ငေါင်သွားတယ်။

စိတ်တွေက ၁၉၉၇ ခုနှစ်ခုလို မိုးတွင်းကာလကို ပြန်ရောက်သွားခဲ့တယ်။ ၁၉၉၇ ခုနှစ်ရဲ့ သြဂတ်စ်လ တရက်နေ့ နေ့လည် ၁၁ နာရီမှာ သားကြီးကို မွေးခဲ့တယ်။ သားမွေးရင် အံ့မင်းဇော်လို့ မှည့်မယ် ။ သမီးမွေးရင် ခင်မင်းဇော်လို့ မှည့်မယ်လို့ နာမည်ရွေးထားခဲ့တဲ့ အတွက် သားနာမည် အံ့မင်းဇော် ပေါ့။ ဒါပေမယ့် မနက် ၆ နာရီကတည်းက ရေမွှာပေါက်ပြီး မမွေးနိုင်ဖြစ်နေတာမို့ ညှပ်ဆွဲမွေးခဲ့ရတဲ့ သားက အသက်မရှည်ရှာဘူး ။ နောက်နေ့ နေ့လည် ၂ နာရီလောက်မှာ ဆုံးသွားခဲ့တယ်။ သားက အချင်းလည်ပင်းပတ်နေတာတဲ့။ ဒါ့ကြောင့် သူက ရေတွေ မွန်းခဲ့တယ် ထင်ပါတယ်။ နောက် ကလေး ကိုယ်ဝန်ရှိနေတာ မသိပဲ ငှက်ဖျားဒေသတွေ ခရီးထွက်နေတော့ ငှက်ဖျားကာကွယ်ဆေးတွေ သောက်နေတာလဲ ပါမယ် ထင်ပါရဲ့။

ပထမဆုံး ကိုယ့်ရဲ့ သားဦးမွေးတော့ အနီးအနားမှာ မိန်းမဖော်လဲ မရှိ။ ဆွေမျိုးသားချင်းမရှိ၊ နောက်ဆေးရုံမှာလဲ တကယ့်ကျွမ်းကျင်သူ အိုဂျီမရှိ၊ ခွဲစိတ်ဆရာဝန်မရှိ၊ ဖရူဆိုဆေးရုံကို သွားစစ်ဆေးနေတယ် ဆိုလား။ လွိုင်ကော်ဆိုတာ ကယားပြည်နယ်ရဲ့ မြို့တော်ဆိုပေမယ့် နယ်ဆေးရုံဆိုတော့ ဘာမှ ပြည့်ပြည့်စုံစုံမရှိတဲ့ အချိန်ပေါ့။ ကလေးညှပ်ဆွဲမွေးပေးတဲ့ ဆရာဝန်မငယ်ငယ်လေး နာမည်က နွယ်နွယ်ဝင်းတဲ့။ သူတယောက်တည်း ညှပ်ဆွဲတာ မနိုင်တော့ နောက်ထပ် ဆရာဝန်ငယ်ငယ်လေး ကောင်းမြတ် ဆိုတာကပါ ၀င်ဆွဲပေးရသေးတာကလား။ မွေးခန်းထဲမှာ အသံတိတ်နေလို့ အပြင်မှာ စောင့်နေတဲ့ သက်ဆိုင်သူကလဲ ရင်တထိတ်ထိတ်နဲ့။ ကျမတို့ ၂ယောက်တည်းပဲ ရှိနေရတဲအချိန်ပါပဲ။

ကလေးဆုံးတော့ ချက်ချင်းမငိုဖြစ်သေးဘူး။ မွေးပြီးကတည်းက အသက်ရှု ရပ်ရပ် သွားတဲ့ ကလေးနဲ့ ဘာမှ မလုပ်တတ်တဲ့အမေလက်သစ်ရဲ့ ဘ၀ကလဲ ပြန်မတွေးချင်လောက်အောင် စိတ်ညစ်ခဲ့ရတာပဲ။ နောက် ကလေးကို အောက်စီဂျင်ပေးရမယ်ဆိုတော့ ပြည်နယ်ဆေးရုံမှာ မရှိလို့ လွိုင်ကော် စစ်ဆေးရုံကနေ သွားငှားခဲ့ရတယ်။ အဲဒီချိန်တုန်းက ကယားအထူးဒေသ (၃) ရဲ့ ဆက်ဆံရေး တာဝန်ခံ လုပ်နေရတဲ့ ကျမ ပီအေက သွားငှားတော့ ထောက်လှမ်းရေးက တော်တော်ကူညီခဲ့တာပဲလေ။ စစ်ဆေးရုံမှာ ရှိတဲ့ တလုံးတည်းသော အောက်စီဂျင် ဗူးကို ငှားပေးလိုက်တယ်။ သူတို့နဲ့ ဆက်ဆံနေရတဲ့ လူမို့ထင်ပါရဲ့။

ကလေးကိုယ်ဝန်ကြီးနဲ့တုန်းက အိမ်မှာရောက်နေတဲ့ ရဲဘော်တွေ ဆို စကားပြောဖြစ်တိုင်း၊ နောက် ၁၀ နှစ်ကျနော်တို့ ပြန်ဆုံရင် အံ့မင်းဇော်လေးက တော်တော်ကြီးနေမှာ။ ဘယ်လိုဆော့နေမှာ ဆိုတာမျိုးတွေကလဲ ခဏခဏ ပြောထားတာ ဆိုတော့ ကလေးဆုံးပြီးဆေးရုံးက ဆင်း ၊ အိမ်ပြန်တော့ သူတို့တွေကလဲ မျက်နှာငယ်လေးနဲ့။ ကျမကလဲ သူတို့ကိုတွေ့တာနဲ့ အံ့မင်းဇော်တော့ ပြန်ပါမလာတော့ဘူးဟယ် ဆိုပြီး ငိုတာပါပဲ။( အဲဒီတုန်းက ရောက်နေတာ ထောင်ထဲမှာ ဆုံးသွားတဲ့ သက်ဝင်းအောင် အပါအ၀င် ခု အေအေပီပီ အတွင်းရေးမှူး ကိုတိတ်နိုင် ၊ အာအက်ဖ်အေမှာ လုပ်သွားတဲ့ မင်းဇင်၊ ထောင်တသက်တကျွန်းကျနေဆဲ အကိုကြီးတယောက်။ နောက် အမေရိကားရောက်နေတဲ့ မင်းဇင် သူငယ်ချင်းတယောက်။ )

ဘာပဲ ဖြစ်ဖြစ် အဲဒီသားကြီး ဆုံးသွားတဲ့ အချိန်ကို ဘ၀မှာ မေ့ထားချင်ခဲ့တာ အမှန်ပါ။ ခုပြန်တွေး ပြန်ရေးတော့ ပြန်ခံစားရတယ်။ ကလေးဆုံးသွားတာကို အမေကို တိုက်ရိုက်လာပြောရလား ဆိုပြီး အစိမ်းဝတ်သူနာပြုကြီးက လာဆူတာလဲ သူ ခံနေရတာပဲ။ ကြားခါစက မငိုပဲ ပြီးမှ ငိုတော့ မတိတ်နိုင်ဖြစ်နေတာမို့ အစိမ်းဝတ်ကြီးက သွေးနုသားနုနဲ့ တခုခုဖြစ်မှာ စိုးရိမ်ရှာတာပေါ့။ သူက စိတ်မာပါတယ်လို့ ပြောရင်း ကျမကို ငုံ့ကြည့်တဲ့ မျက်လုံးတွေမှာတော့ စိုးရိမ်စိတ်တွေနဲ့ ။ အဲဒီချိန်တုန်းက လောကဓံကို ၂ယောက်တည်း ရင်ဆိုင်ရတာ ဘယ်တော့မှ မေ့နိုင်မယ် မထင်ဘူး။ ဘယ်တုန်းကမှ ထင်မထားတဲ့ ကိုယ့်ရဲ့ သွေးသားအရင်းအချာ ၊ တကယ့်ကို မျှော်လင့်တကြီးစောင့်ကြိုခဲ့ရတဲ့ သားဦး ဆိုတော့ ကျမအတွက် ရူးမတတ်ဆိုတဲ့စကားကို လက်တွေ့ သိရတဲ့အချိန်ပေါ့။

တချိန်လုံးငိုနေတဲ့ ကျမကို ဘယ်လိုမှ မပြောတတ် မချော့တတ်တော့တဲ့ အချိန်တွေမှာ မဂ္ဂဇင်းတွေထဲက ၀တ္တုတွေ တပုဒ်ပြီး တပုဒ် အသံထွက်ဖတ်ပြခဲ့ရတာ။ စကားပြောနေရင်းက သတိရပြီး ထ ငိုတတ်တဲ့ ကျမကို အကြောင်းအရာရွေးပြီး ပြောခဲ့ရတာ။ ကိုယ့်ကလေးဆုံးတော့ ဘယ်သူ့ကလေးမှ မကြည့်ချင်ဘူး ပြောပြောနေလို့ လူနာလာမေးတဲ့ ရဲဘော်မိန်းမတွေ ကလေးပါရင် ကလေးခေါ်မသွားဖို့ ကလေးအကြောင်းမပြောဖို့ အိမ်ရှေ့က တိတ်တိတ်ကြိတ်မှာရတာ။ ကိုယ်ငိုနေရင် ကိုယ့်မျက်လုံးတွေ သေချာကြည့်နေရတာ (ရူးသွားမှာ စိုးလို့တဲ့ ) အဲဒါတွေကို ခုနောက်ပိုင်းမှာ ပြန်ပြောပြခဲ့တာပါ။ အဲဒီတုန်းကတော့ မိဘတွေရဲ့ စွန့်ပစ်ခံမို့ တနယ်တကျေးမှာ တော်တော့်ကို ခံစားရတဲ့အချိန်ပေါ့။

ကလေးဆုံးပြီး ဆေးရုံကဆင်း။ နောက် ဆေးရုံကိုထပ်သွားပြရတဲ့အချိန်မှာတော့ အိုဂျီ ဒေါ်ခင်ထားရီ ဆိုတာ အင်္ဂလန်က ပြန်ရောက်ခါစ တာဝန်ကျလာတယ်၊ သူက အကျိုးအကြောင်းမေးရင်း ဌာနက ဆရာဝန်တွေကို နိုင်ငံခြားမှာ ဆိုရင် အဲဒါ တရားစွဲလို့ ရတယ်တဲ့။ သူဆေးရုံကို အချိန်မီရောက်ရဲ့ သားနဲ့ မွေးချိန်ကအရမ်းနောက်ကျနေတယ်တဲ့။ ကိုယ်ရှိတုန်း ထပ်ယူပါလား ။ ကိုယ် သေချာ မွေးပေးခဲ့မယ်။ ယူ့ကို ခွဲမွေးပေးခဲ့မယ် တဲ့။ အဲဒီဆရာမကတော့ ကလေးထပ်ယူဖို့ အားပေးခဲ့တယ်။ နောက်ထပ်ကလေးတောင် မယူချင်လောက်အောင် စိတ်ဓါတ်ကျနေတဲ့ကိုယ့်ကို ဆေးရုံ သွားပြတဲ့အခါတိုင်း တိုက်တွန်းလို့ ။ ကျမနဲ့လဲတော်တော်ခင်သွားတယ်။ (နောက်ပိုင်း သူပုသိမ်ဆေးရုံကြီးကို ပြောင်းလာရတော့ သူ့နဲ့ ဆုံခဲ့ရသေးတယ်။) အင်္ဂလန်ပြန်ပေမယ့်သဘောထားပြည့်တဲ့ ဆရာဝန်မတယောက်ပါပဲ။ သူ့အားကိုးနဲ့ ခုသားသားကို ကျမတို့ ယူခဲ့မိတယ်။ သားကိုခွဲမွေးပေးခဲ့ပြီး နောက်တပတ်ဆို သူပြောင်းသွားတော့တယ်။

အချိန်မတိုင်မီ ဘ၀ထဲက ထွက်သွားခဲ့ရတဲ့ ကလေး၊ ဖြူစင်ပြီး ဘာဆိုဘာမှ မသိသေးတဲ့ကလေး။ လူ့ဘ၀ရဲ့ အစမှာကတည်းက ဝေဒနာတွေ ခံစားသွားရတဲ့ ကလေးမို့ ပြန်တွေးမိတိုင်း ကိုယ့်ကိုယ်ကိုယ် ပဲ အပြစ်တင်ချင်တယ်။ ဒီကလေးကို ဘာလို့ရှင်အောင်မမွေးနိုင်ခဲ့ရတာလဲ ဆိုတာ။ အဲဒီတုန်းက ကလေးမွေးပြီးခါစ အနှီးတွေပဲ ရှိပြီး ကလေးအကျီ င်္တောင်မ၀ယ်ထားခဲ့မိတဲ့အဖြစ် ။ ဘာဆိုဘာမှ မသိခဲ့တဲ့ အဖြစ်ပါ။ နောက်ဘ၀ဆိုတာများရှိခဲ့ရင် ဒီသားကြီးနဲ့ပြန်ဆုံချင်ပါသေးတယ်။ ခုဘ၀မှာ မပြုစုလိုက်ရတာ။ ဘာမှ အတွေ့အကြုံမရှိတော့ ဘယ်လိုမှ မပြုစုတတ်တာကြောင့်လား ဆိုတာ တွေးမိတိုင်းယူကျုံးမရဖြစ်ရတယ်။ တခါတလေ မိသားစု ပျော်ရွှင်မိတဲ့အချိန်တွေမှာ သူ့ကို သတိရမိသေးတယ်။ ဒီသားကြီးသာ ရှိရင် …. ဆိုတာကို ခဏခဏတွေးမိတယ်။
တကယ်လို့ သူသာ ရှိနေရင် အခုဆို အသက် ၁၃ နှစ်ပြည့်တော့မယ်ပေါ့။

ခုချိန်မှာတော့ အသိတွေရဲ့ ကလေး ဆုံးတယ် သတင်းတွေ ကြားတိုင်း အသစ် ပြန်ဖြစ်တုန်းပါပဲ။ ကိုယ့်တုန်းက တရက်သားလေးတောင်မှ ဒီလောက်ခံစားရတာ ။ နည်းနည်းကြီးလေ ပိုခံစားရလေ ဖြစ်မှာဆိုတာကို ကိုယ်ချင်းစာနိုင်တယ်။ လောကဓံတရား ၈ ပါးထဲမှာ ခံစားခဲ့ဘူးတာတွေက ကြီးမားလွန်းပါတယ်လေ။


ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

5 comments:

Min said...

အိုဂျီ ဒေါ်ခင်ထားရီ ဆိုတာ အင်္ဂလန်က ပြန်ရောက်ခါစ တာဝန်ကျလာတယ်၊ သူက အကျိုးအကြောင်းမေးရင်း ဌာနက ဆရာဝန်တွေကို နိုင်ငံခြားမှာ ဆိုရင် အဲဒါ တရားစွဲလို့ ရတယ်တဲ့။ သူဆေးရုံကို အချိန်မီရောက်ရဲ့ သားနဲ့ မွေးချိန်ကအရမ်းနောက်ကျနေတယ်တဲ့။

I wonder how this specialist told these words in that condition.

ု့khaing said...

အစ်မ ကို ကိုယ်ချင်းစာမိတယ်။ မမ နှင့် တကွ ဘယ်သူမှ ဒီလို အဖြစ်မျိုး မကြုံ ရပါစေနဲ့ ၊မခံစားရ ပါစေနဲ့ လို့ ဆုတောင်းပါတယ်။ မြန်မာပြည်ကြီး ဒီမိုကရေစီ ရတဲ့အခါ မိခင်လောင်း ဖခင်လောင်းတွေ ဖြစ်လာကြမယ့် ကျောင်းသား ကျောင်းသူ လေးတွေကို သားဖွားမီးယပ် နှင့် ပတ်သက်တဲ့ ပညာဗဟုသုတများအား ကျောင်းမှာ ကတည်းက သင် ကြားနိုင်အောင် ကြိုးစားကြမယ်နော်။ ကျန်းမာရေး ၀န်ဆောင် မှုလည်း ဆထက်တပိုး ကောင်းအောင် ကြိုးစားကြမယ်။ ဘယ်သူမဆို ချစ်သောသူနှင့် ကွယ်ကွင်းရခြင်းမှ ကင်းဝေးကြပါစေ။

ယွန်း said...

အစ်မေ၇..ဒီပိုစ့်လေးဖတ်ပြီး ကိုယ်ချင်းစာမိပါတယ် ..
ညီမလဲ အဲလိုမျိုးခပ်ဆင်ဆင် ခံစားခဲ့ရလို့ ပါ..
ခင်မင်စွာဖြင့်...

သက်ဝေ said...

အမရယ်...
ဒီပိုစ့်ကို မဖတ်ဖြစ်လိုက်ဘူး
ဘယ်လိုဖြစ်လို့ ကျော်သွားတယ် မသိဘူး...
ဖတ်ပြီး စိတ်ထိခိုက်လိုက်တာ...း((

PAUK said...

အစ်မရေ..
စိတ်မကောင်းဘူး။
အခုမှ ဖတ်မိလို့..။
ကျနော်အမေလည်း ၁ယောက်မွေးတာ အသက်မရှင်ဘူး။
ကလေးက အကြီးကြီးပဲ..။ယောင်္ကျားလေး။
ညီမအငယ်ရဲ့ အထက်ကပါ..။
မွေးရက်လွန်တယ်ပြောတာပဲ..။