Thursday, November 27, 2008

အားကျမိတဲ့ အမျိုးသမီး ၂ ယောက်

ခုရက်ပိုင်းမှာ စိတ်မကောင်းဖြစ်စရာတွေနဲ့ တွေ့ကြုံရပေမယ့် လုပ်စရာရှိတဲ့ အလုပ်တွေကတော့ လုပ်နေရတာပါပဲ။ ဘ၀ခရီး ဆိုတာကလည်း ဒါပဲမဟုတ်လား။ တာဝန်တွေ ၀တ္တရားတွေကြားထဲမှာ စိတ်ခံစားမှုဆိုတာကို မေ့ထားနိုင်အောင် နေတတ်ရမယ် ဆိုပါတော့။

ဒီရက်အတွင်း ဆိုတာထက် တိတိကျကျပြောရရင် နိုဝင်ဘာ ၂၃ ကနေ ၂၅ ရက်နေ့ထိ အော်စလိုမြို့ရဲ့ တောင်ပေါ်ဟော်တယ်လေးတခုမှာ ပဋိပက္ခရပ်ဝန်းထဲမှ အမျိုးသမီးများ ညီလာခံတခု(Women in the land of Conflict ) ကိုသွားပြီးတက်ရောက် သတင်းယူရတယ်။

နိုင်ငံတကာက အသားအရောင်မျိုးစုံနဲ့ တက်ရောက်လာကြတဲ့ အမျိုးသမီးရေးရာတက်ကြွ လှုပ်ရှားသူတွေကို တွေ့ရတာကတော့ တော်တော် အားတက်စရာပါပဲ။ နိုင်ငံစုံဆိုတာမှာ ရ၀မ်ဒါ။ ယူဂန်ဒါ။ ကိုဆိုဗို၊ ကိုလံဘီယာ၊ နီပေါ၊ ဖိလစ်ပိုင်၊ အရှေ့တီမော၊ ဇမ်ဘီယား။ ဂွမ်တီမာလာ၊ ဒိုမီနီကန် ရီပတ်ဘလစ်၊ ဆူဒန်၊ တောင်အာဖရိက၊ လစ်ဗျား၊ အနောက်ဥရောပ နိုင်ငံစုံ ပေါ့။

ဒီထဲမှာ ကျမသဘောကျတဲ့ ပြင်သစ်ကလူ့အခွင့်အရေးဌာန ဆိုင်ရာ ၀န်ကြီးကိုတွေ့ရတော့ တော်တော် ပျော်သွားတယ်။ သူ့ကို ကျမဘာလို့သဘောကျလဲဆိုတော့ သူ့အသက်က ခုမှ ၃၂ နှစ် မပြည့်သေးဘူး ။ လာမယ့်ဒီဇင်ဘာမှ ပြည့်မှာ။ ငယ်ငယ်လေးနဲ့ ၀န်ကြီးဖြစ်တဲ့အထိ ပြည်သူ့တွေက သူ့ကို ထောက်ခံရွေးချယ် ခဲ့ကြတာပဲလေ။ ၀န်ကြီးဖြစ်ဖို့က ရွေးချယ်ခံရပြီး ပါလီမာန်ထဲရောက်ဖို့ လိုသေးတယ်မဟုတ်လား။ နောက်သူက လူမည်းအမျိုးသမီး။ နာမည်က Rama Yade တဲ့။ဘယ်လောက်စိတ်ဝင်စားဖို့ကောင်းလဲ။ ပြင်သစ်မှာက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဌာန ၄ ခုရှိတဲ့အနက် သူက လူ့အခွင့်အရေးဌာနဆိုင်ရာဝန်ကြီးဖြစ်ခဲ့တာပေါ့။ သူ့ပါတီကတော့ UMP party ပဲ။ စကားပြောလဲ ကောင်းပါ့။ သူပြောတဲ့အထဲ ဒေါ်အောင်ဆန်းစုကြည်ကို နအဖက ဖမ်းထားတဲ့အကြောင်းလဲ ပါသေးတယ်။ သူ့အကြောင်းအသေးစိတ်သိချင်သေးရင်တော့ ရှာဖတ်ကြည့်ကြပေါ့နော်။

နောက်တယောက်က ၁၉၉၂ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရရှိထားတဲ့ ဂွမ်တီမာလာက Rigoberta Menchu Tum ။ သူကလဲ တမိသားစုလုံးအသတ်ခံခဲ့ရတဲ့ ဘ၀ကနေ စိတ်ဓါတ်မကျပဲ ကြိုးစားရုန်းကန်ခဲ့တာလေ။ လူမျိုးတုန်းစစ်ပွဲတွေထဲမှာ ဘ၀ကိုမြှုပ်နှံပြီး တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးကို အရေးဆိုလှုပ်ရှားပေး ခဲ့သူ။ သူတတ်နိုင်သလောက် ကာကွယ် မြှင့်တင်ပေးခဲ့တာပဲ မဟုတ်လား။ သူစကားပြောတဲ့အချိန်မှာလဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ်ရုန်းကန်နေမှုဟာ အမျိုးသမီးထုရဲ့ ပြယုဂ်တခုပဲလို့ သူက တင်စားသွားသေးတယ်။

သူ့ကို ကျမက အင်တာဗျူး လိုက်မေးသေးတယ်။ ဘားမား ဆိုတာနဲ့ လှိုက်လှိုက်လှဲလှဲ ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူဘ၀အတွက်တော့ အရေးပါတဲ့ လူဖြစ်ပါတယ်တဲ့။ နောက်ကျမက သူ့ကို ခုတလော နှစ်ရှည် ထောင်ချတဲ့အထဲမှာ အမျိုးသမီးတွေ ကလေးအမေတွေလဲ ပါတယ်။ ဒါကိုရော ဘယ်လိုပြောချင်လဲ ဆိုတော့ ဒါဟာ လူသားမျိုးနွယ်တခုလုံးအတွက် အလွန်ရှက်ဖွယ်ပါပဲတဲ့။ ဒီလိုတောင်းဆိုတာတွေဟာ သူတို့မှာ တောင်းဆိုပိုင်ခွင့်ရှိတာပဲတဲ့။ အပြစ်ကျူးလွန်သူတွေ၊ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ဆန့်ကျင်ကြိုးပမ်းရတဲ့လှုပ်ရှားမှုဟာ အလွန်ခက်ခဲ အရေးကြီးပါတယ်လို့လဲ ပြောကြားသွားပါသေးတယ်။ မြန်မာအမျိုးသမီးတွေရဲ့ လှုပ်ရှားမှုမှာ သူ့အနေနဲ့ အာဏာမရှိတဲ့အတွက် နည်းနည်းပါးပါးပဲ ပူးပေါင်းဆောင်ရွက်နိုင်တာ ၀မ်းနည်းမိပါတယ်တဲ့။

ကျမဖြင့်သူပြောတဲ့အချိန်မှာ ၀မ်းနည်းလွန်းလို့ မျက်ရည်တောင် ကျခဲ့ပါတယ်။ သူနဲ့အင်တာဗျုးအပြည့်အစုံကို ဒီဗွီဘီ ရေဒီယိုမှာ ၂၇ ရက် မနက်ပိုင်း အစီအစဉ်မှာ လွှင့်ထုတ်သွားပါတယ်။ နားဆင်ကြည့်ပါဦး။ ဓါတ်ပုံကိုလည်း ဗွီဒီယိုက ပြန်ယူပြီးရင်တင်ပေးပါဦးမယ်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

5 comments:

ဒူကဘာ said...

အမရေ ...တော်လွန်တဲ့ မိန်းမတွေကြောင့် ဒူကဘာတို့ နဲနဲများ အနေကျုံ့လာ သလားလို့ပါ၊ ဂုဏ်ယူပါတယ် ..လွတ်မြောက် လွန်မြောက်ချင်လှပြီ။

kay said...

အမ- အဲဒီပြင်သစ်က..လူ့အခွင့်အရေးဝန်ကြီးကို..သတိထားမိနေတာကြာပီ..လူ့အခွင့်အရေးအတွက်..၀န်ကြီးဌါန သပ်သပ်တခုရှိနေတာရယ်..ငယ်တာရယ်..ဒေသခံပြင်သစ်အနွယ်မဟုတ်တာရယ်ကြောင့်။
ခု..အမ ထပ်ပြောပြမှ ပိုသိသွားတယ်။ ဗီဒီယိုဖိုင် စောင့်ကြည့်နေမယ်။

မေငြိမ်း said...

တော်တဲ့ အမျိုးသမီးတွေ နေရာရလာတာဟာ လူ့အဖွဲ့အစည်းရဲ့ အဆင့်အတန်းမြင့်လာမှုကိုပြတာလို့ ထင်တာပဲ။ ပြီးတော့ အမျိုးသမီးတွေ ကြိုးစားဖို့ ပိုအားရှိလာရတယ်.. Good post !!

mirror said...

အစ်မ
လဲလိုက်၊ထလိုက်လုပ်နေရတဲ့ သူတွေအတွက်
အားရှိလိုက်တာ အစ်မရယ်
ညီမတို့က ဘာမှသိသေးတာမဟုတ်ဘူးလေ
ခုလိုဖတ်ရမှသိတာပါ။
မနေ့က လာဖတ်ပြီး
ညတုန်းက ဒီဗွီဘီမှာ စောင့်ကြည့်တာ
မတွေ့ရသေးဘူး
ပြန်လည်ထုတ်လွှင့်ချက်တွေကြမှ ကြည့်ရတော့မယ်ထင်တယ်

လေးစားခင်မင်စွာ
Mirror

Anon........ said...

I think she is just a show case minority for Sarko's right wing cabinet. France and French are not in love with her suburbern ghettos and alien neighborhood. It is not judging the Parisians in downtown Paris or North and West Africans in those problematic areas who normally burn tires, live on welfare, committ some crimes, do not pay tax, live in public housing, living on other people's contribution. But we should see beyond those romantic and simplistic face values.