Thursday, February 26, 2009

နော်ဝေးတွေရဲ့ စိတ်ကို ဖတ်ခဲ့ရာဝယ်

အော်စလိုကို လည်တဲ့အထဲမှာ မှတ်မှတ်ရရ ရောက်ခဲ့တာကတော့
အော်စလိုရဲ့ ခံတပ်ဟောင်းတနေရာပါ။ အဲဒီကိုရောက်ပြီး သူတို့နိုင်ငံသားတွေရဲ့ စိတ်ဓါတ်ကို နည်းနည်းဖတ်လို့ရခဲ့တယ်လို့ ပြောချင်ပါတယ်။
ခံတပ်ဟောင်းပေါ်က မြင်ရတဲ့ အော်စလို
အော်စလိုက ဆိပ်ကမ်းမြို့ဖြစ်လေတော့ အဲဒီကိုပဲ ဂျာမန် ရေကြောင်းက လာတိုက်ခဲ့တာတဲ့။ သူတို့ ခံစစ်အဖြစ် တိုက်ခဲ့တဲ့ ရှေးဟောင်းအမြှောက်တွေ တင့်ကားတွေ မြို့တော် အုတ်ရိုးတွေနဲ့ အခုခေတ်မှာတော့ ပြတိုက်အဖြစ် ပြသထားတာပေါ့။ အရင်ရောက်နှင့်သူတွေ ပြောပြတဲ့ နော်ဝေး သမိုင်းအရတော့ ဂျာမန်တွေ လာတိုက်တော့ အင်အားမမျှတာလဲ သိရော ပါလီမာန်ထဲမှာ အမြန်ဆုံးဖြတ်ကြပြီး လက်နက်ချအညံ့ခံလိုက်သတဲ့။ သူတို့က နော်ဝေးလူမျိုးတွေ ထိခိုက်မှာနဲ့ တိုင်းပြည် ပျက်စီးမှာကို လုံးဝမလိုလားတဲ့အတွက် အာဏာလိုချင်သလား လာအုပ်ချုပ်ပါဆိုပြီး ပေးလိုက်တာတဲ့။

အဲဒါ နော်ဝေးလူမျိုးတွေရဲ့ စိတ်ဓါတ်တဲ့။ သူတို့က သူတို့ရဲ့ လူမျိုးတွေ အဓိက လူကိုပဲ ကြည့်တာလေ။ ဒါ့ကြောင့်လဲ လူ့အခွင့်အရေး အရဆုံးတိုင်းပြည်၊ ကမ္ဘာမှာ ကိုယ့်နိုင်ငံသားကိုယ့်ပြည်သူကို အကြည့်ဆုံး တိုင်းပြည်အဖြစ် ခုချိန်ထိရှိနေတာပါ။

ခံတပ်ပေါ်က မြင်ရတဲ့ အော်စလို ဆိပ်ကမ်းတစိတ်တပိုင်း


အဲဒီခေတ်ကတည်းက ရှိတဲ့ သံချပ်ကာ ကားနဲ့ အဝေးပစ်အမြှောက်
သူတို့ဆီက ဆေးသမားတွေကို ကြည့်ရှုစောင့်ရှောက်ပုံလေးကို ပြောပြချင်ပါသေးတယ်။ ကျမတို့ အများစုက ဆေးသမား ဘိန်းသမား အရက်သမားတွေကို လုံးဝ လူလို မဆက်ဆံချင်ဘူးမဟုတ်လား။ မကောင်းမှန်းသိရက်နဲ့ မိုက်တဲ့လူတွေ လုံးဝ အရေးပေးစရာ ဂရုစိုက်စရာ မလိုဘူးလို့ တွေးထား ခဲ့သလို အဲလိုပဲ ဆက်ဆံတတ်ကြတယ် မဟုတ်လား။ ကျမဆိုလဲ အဲလိုပဲ ဆက်ဆံတတ်ခဲ့တာပါ။ အော်စလိုမှာ နေစဉ်မှာတော့ အရက်သမား ဆေးသမားတွေကို သေချာတွေ့ခဲ့ရတယ်။ တခါတလေဆို သူတို့ ဆေးချနေတာကို မြေအောက်ဘူတာကိုဆင်းတဲ့ ဓါတ်လှေကားတွေနားမှာ တွေ့ရတယ်။ မနက်စောစော ရုံးတက်လာတဲ့နေ့တွေဆို မြေအောက်ဘူတာ တချို့နေရာလေးတွေမှာ အိပ်နေဆဲ ဆေးသမားတွေတောင် တွေ့ဖူးတယ်။ သူတို့ကို နော်ဝေးမှာ ဘယ်လို စောင့်ရှောက်သလဲ အရေးမယူဘူးလားလို့ ကျမမေးဖူးတယ်။ ကျမသူငယ်ချင်းက ကျမလိုပဲ ဆေးသမားအရက်သမား မုန်းသူ။ သူကအဲဒီဆေးသမား အရက်သမားတွေကို စောင့်ရှောက်ကူညီတဲ့အဖွဲ့မှာ မေးဖူးတယ်တဲ့။ သူတို့က ဘာပြန်ပြောလဲ ဆိုတော့…. နင်တို့ကိုလဲ ငွေအများကြီးလိုသလောက်ပေးမယ် ဆေးသမားလုပ်မလား လို့ ပြန်မေးတယ်တဲ့။ ဟာ ဒါ ကောင်းမှမကောင်းတာ မလုပ်ဘူး ဆိုတော့ အဲဒါပဲတဲ့ ၊ဒီလူတွေလဲ ဆေးသမားဖြစ်ချင်လွန်းလို့ ဖြစ်တာ ဟုတ်ချင်မှ ဟုတ်မယ်တဲ့။ အကြောင်းကြောင်း တွေကြောင့် ဆေးစွဲသွားခဲ့ကြတယ်။ ဒီတော့ သူတို့ကို ဒီဘ၀မှာ ပစ်ထားလို့မရဘူး။ တတ်နိုင်သလောက် ကူညီရမယ်။ သူတို့ ၀င်ငွေရှိအောင် အလုပ်ပေးရမယ်။ ဒါ့ကြောင့် သူတို့ကို စာအုပ်ရောင်းတဲ့ အလုပ်မျိုးတွေ ရအောင် လုပ်ပေးထားတယ်။ ဒီအခါမှာ သူတို့ကို ပစ်ပယ်ထားတာထက် ကောင်းတဲ့တုန့်ပြန်မှုကို ရမယ်။ သူတို့ လိုအပ်တာ ကူညီတဲ့အတွက် ခိုးဆိုးလုယက်တာ မရှိတော့ဘူး။ စာအုပ်ရောင်းနေတဲ့ ဆေးသမားတွေဆီက စာအုပ်ကို အာပေးရမယ်။ ဒါသူတို့ ၀င်ငွေပဲ။ သူတို့ကို အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် ကူညီတာကမှ သူတို့ဘ၀ကို ကောင်းစေချင်တာလို့ ခေါ်တယ်တဲ့။

အင်း သူတို့ အယူအဆအရတော့လဲ ဟုတ်နေတာပဲ။ ဒါ့ကြောင့်လဲ အဲဒီတိုင်းပြည်မှာ ခိုးဆိုးလုယက်မှုက မရှိသလောက်ပါပဲ။ ဒါတောင် ကျမရှိနေတုန်းက ရုံးက နော်ဝေးမလေးရဲ့ အိမ်မှာ သူခိုးဝင်ခိုးသွားလို့တဲ့။ သူတို့အတွက် သိပ်ထူးဆန်းစရာပဲ။ ဒီလိုခိုးမှုဖြစ်လာတာတွေမှာ သူတို့ ခေါ်ထားတဲ့ ဒုက္ခသည်တွေကြောင့် ဆိုပြီးလဲ ပင်စင်စားတွေက ဒုက္ခသည်လက်ခံတဲ့ မူကို ကန့်ကွတ်ကြောင်း တင်ထားသေးတယ်တဲ့။
သူတို့လက်ခံတာ မြန်မာတွေတင်မကဘူးလေ။ တခြားနိုင်ငံတွေကလဲ ပါသေးတာကိုး။ ကိုးရီးယားတွေ ပါကစ္စတန်တွေနဲ့အတူ လူမည်းတွေလဲ တွေ့ခဲ့ရတယ်။ အားလုံးက ဆံပင်အရောင်မှာ သူတို့တွေလို ရွှေဝါမဟုတ်တဲ့ အမည်းရောင်ဆိုတော့ ခြုံပြီးခေါင်းမည်းတွေလို့ ခေါ်ကြတယ်။တချို့နော်ဝေးတွေက အဲလိုအမှုအခင်းတွေဖြစ်လာတာ ခေါင်းမည်းတွေကြောင့်ဆိုပြီး ခေါင်းမည်းတွေကို စက်ဆုပ်ကြတယ်။ ကျမတို့ မြန်မာတွေကလဲ ခေါင်းမည်းနေတော့ တခါတလေ အဲလိုဆက်ဆံခံရတယ်တဲ့။

ကျမတွေ့ခဲ့တာလဲ အဲဒီအတိုင်းပဲ။ အမူးသမားတွေက မူးလွန်းလို့ အိမ်မပြန်နိုင်တော့ရင် ဖုန်းဆက်ပြီးရဲစခန်းကို ဘယ်နေရမှာ မူးလဲနေပါတယ်ပြောယုံပဲ။ ရဲကားရောက်လာပြီး ခေါ်သွားပြီး အိမ်ပြောနိုင်ရင် အိမ်တိုင်ယာရောက် မပြောနိုင်ရင်လဲ ထိန်းသိမ်းစောင့်ရှောက်တဲ့ နေရာတွေကိုခေါ်သွားထာတယ်တဲ့။ သူတို့ဆီမှာကလဲ အရမ်းအေးတော့ အပြင်မှာ နေရင်သေမယ်လေ။ ဒီတော့ရဲကားတွေကလဲ ညဖက်တွေဆို မြို့တွေပတ်ပြီး နေရတာပဲ။ လူတွေက မီးပွိုင့်တွေမှာပဲ မီးနီမီးစိမ်းစောင့်စရာလိုပြီး တခြားလမ်းတွေပေါ်က လူကူးမျဉ်းကျားမှာ ဖြတ်ရင်တော့ ဘယ်အချိန်ဖြတ်ဖြတ် လမ်းပေါ်ခြေချတာနဲ့ ကားတွေက ရပ်ပြီးသားပဲ။ လမ်းလျှောက်တဲ့ လူကို ဦးစားပေးရတော့ ကားတွေလမ်းပေါ်မှာ မောင်းနေလဲ အမြန်ကြီးမောင်းတာ မတွေ့ခဲ့ရဘူး။ တိတ်ဆိတ်ပြီအေးချမ်းလွန်းနေတဲ့ အော်စလိုဆိုတဲ့မြို့တော်ပါပဲ။ နယ်မြို့တွေလဲ မထူးပါဘူး ဒီအတိုင်းပဲ။ အေးချမ်းငြိမ်သက်လို့လေ။

ဒါ့ကြောင့်လဲ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ချီးမြှင့်တာလား။ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုချီးမြှင့်တဲ့ တိုင်းပြည်မို့လို ဒီလို အေးချမ်းနေတာလား အတွေးပွားစရာပါ။ ကျမတွေ့ခဲ့တဲ့ နော်ဝေးလူမျိုးတွေကတော့ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်တဲ့ နိုင်ငံသား ဖြစ်တာကိုတော့ အတော်ဂုဏ်ယူနေတာ တွေ့ခဲ့ရပါတယ်။
(ဆက်ရန်ရေးဦးမယ်။)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

14 comments:

Moe Cho Thinn said...

ဖတ်သွားပြီ အမရေ..ဆက်မျှော်အုံးမယ်။
လူကို တန်ဖိုး မထားတတ်တဲ့ နာဇီတွေကို လူတွေ သေကြေမှာစိုးပြီး လွယ်လွယ် အရှုံးပေးလိုက်တာတော့ မကြိုက်ဘူး။ သူတို့ လက်ထဲဆို ဒိထက် ပိုဆိုးတော့မပေါ့။ အမရေးပြတဲ့ ကျန်တာတွေတော့ နားလည်ပြီး သဘောကျပါတယ်။ အဲဒီတခုက လွဲရင်ပေါ့..

ခင်မင်းဇော် said...

ဟုတ်တယ် ချိုသင်းရေ..
အမလဲ နားမလည်ဘူး သူတို့ကိုဘာလို့ အရှုံးပေးတာလဲ မေးတော့ လူတွေမသေအောင် နိုင်ငံမထိခိုက်အောင်ဆိုပဲ.. သူတို့နိုင်ငံမှာတော့
၈ျာမန်တွေက ဘာမှမလုပ်ဖူးပြောတယ်ဟ..

ATN said...

အလွယ်တကူ အရှုံးပေးလိုက်တာကတော့ သိပ် မဟုတ်သေးပါဘူး... ဂျာမန်တွေက ဘာမှ မလုပ်ဘူး ဆိုတော့ ... ယိုးဒယားကို ဂျပန် ၀င်ခဲ့သလိုမျိုး ဖြစ်နေတာလား...
ဘာပဲဖြစ်ဖြစ် နော်ဝေဟာ စိတ်ဝင်စားစရာတော့ အတော် ကောင်းတဲ့ နိုင်ငံပါပဲ... များများ ရေးပါဦးဗျို့...

MANORHARY said...

အမ..ဖတ်ရင်းတွေးနေတယ် တွေးရင်းဆက်ဖတ်တယ်
ဖတ်တာပဲကောင်းတယ်နော် ဘာမှမပြောချင်ဘူး
ဆက်ရန်တွေကို အမြင်ကပ်ကပ်နဲ့ပဲမျှော်နေရတာပဲ ..း)

ကိုပေါ said...

မြန်မာတွေကလည်း နော်ဝေလူမျိုးတွေကို အတုခိုးတာပဲဖြစ်မယ်…သိလား။

လူတွေ သေကြေကုန်မှာစိုးလို့ နအဖကို ထွက်ပြီးဆန္ဒမပြစေချင်တာတဲ့လေ။ အဲသည်ရှုထောင့်က ရေးနေတဲ့ မြန်မာဘလော့ဂါတွေ အများကြီးရှိပါတယ်။ ကြံဖန်ချီးမွန်းရရင်တော့ နော်ဝေစိတ်ဓါတ်၊ ငြိမ်းချမ်းရေးစိတ်ဓါတ်ပေါ့လေ။ (ကျနော်တော့ အဲသည်စိတ်ဓါတ်ကို တယ်ပြီး သဘောမကျလှဘူး။)

မေ့သမီး said...

ရေးမလို့လုပ်မှ ရှေ့ကအစ်မတွေလည်းရေးသွား တာတွေ့တယ်။ လူအခွင့်အရေးရတာတော့မှန်ပါရဲ့။ ကိုယ့်နိုင်ငံကိုဒီလိုပဲ လွယ်လွယ်အညံ့ခံရမှာလား။ ပြီးတော့ နယ်ချဲ့တဲ့သူဆိုတာ ကိုလိုနီနိုင်ငံကို ဘယ်တော့မှတစ်တန်းတစားတည်းလက်ခံပေးတာမှ မဟုတ်တာ။ နာဇီဖက်ဆစ်ဆိုတော့ ပိုဆိုးဦးမှာ။ ညီမတော့ အဲဒါစိတ်ဓါတ်ကိုလက်မခံနိုင်ဘူး။ အစ်မရေးတာဖတ်ပြီးတော့တော့ နော်ဝေသွားလည်ချင် စိတ်ပေါက်သွားတယ်။

kay said...

နော်ဝေ ကို ကျမသိပ် စိတ်ဝင်စားတယ်။ တိုင်းပြည်တပြည်ရဲ့ တာဝန်ကျေပွန်တဲ့ နေရာမှာတော့..၂ယောက်မရှိပဲ။ သိက္ခာရှိတယ်ပေါ့နော်။

အခု ဆေးသမားတွေ အကြောင်းသိလိုက်ရပြန်တာလဲ..အတော်စိတ်ဝင်စားစရာ..ပဲ။

aung said...

Actually you cannot simply compare Norway with Burma or Thailand. Norway has a very long coast line and relatively big country. According to current statistics, it has only 4.6 Million population (similar to Singapore). Oslo might be the same size as Singapore island to give you an idea.
Norway was one of the poorest country in Europe when Germans invaded them and they had very limited resources to defend them.

Thet Oo said...

နာဇီဟစ်တလာကို အင်အားချင်းမမျှလို့ အညံ့ခံလိုက်တာ.. ဒိန်းမတ်ကိုသိမ်းတုံးကလည်း လွယ်လွယ်လေးပဲ။ တိုင်းပြည်နာမှာစိုးလို့ ဟစ်တလာစကားနားထောင်ပြီး ရုပ်သေးအစိုးရအနေနဲ့ နာဇီခိုင်းတာ လုပ်ပေးခဲ့ရတယ်။ နောက်တော့လည်း သီးမခံနိုင်တော့ မြေအောက်ဆန့်ကျင်ရေးတွေလုပ်ပြီး ဆန့်ကျင်ခဲ့ကြလို့ ဂတ်စတာပို သတ်တာခံရတဲ့ ဒိန်းမတ်တော်လှန်ရေးသမားတွေ အများကြီးပဲ။

JulyDream said...

နော်ဝေးက သံချပ်ကားကြီးကို တွေ့မိပြီး ကန်တော်ကြီးက တင့်ကားကြီးကို မဆီမဆိုင် သတိရမိတယ်။

Mg Gabar said...

အမရေ....နော်ဝေးအကြောင်း ကို ဖတ်သွားပါတယ်။ တိုက်ရိုက်ဒီဗွီဘီ တီဗွီအစီအစဉ်ကို ဘာဖြစ်လို့ ဖြုတ်လိုက်တာလဲဟင်။ တိုက်ရိုက်ကြည့်လို့ မရရင်တောင် လင့်ခ်လေးပေးထားရင် ပိုကောင်းမယ်ထင်တယ်။ you tube ထဲမှာ ဝင်ကြည့် ရတာလည်း အားမရပါဘူး။ ဆယ်မိနစ်စာလေးပဲ ပါလို့ပါ။ ကျေးဇူးတင်ပါတယ်။

Sir Yaw said...

ကျွန်တော်တို.ရဲ.တော်လှန်ရေးက
ဘယ်တော.မှ.............................
ကျွန်တော်ဆက်မရေးတော.ဘူး။

Sir Yaw said...

ွှအမပြောထားတဲ
လက်နက်ကြီးတွေ
ဘာအသုံးဝင်လဲ
မျက်ရည်ကြားက
သံစင်တွေ။
ပြောပြပါ။

မီယာ said...

အမရေ ယူကေမှာလည်း Big Issue လို စာအုပ်မျိုးကို သူတို့ရောင်းရတယ်... သူတို့ရဲ့ ဆေးဖိုးခေါ်မလား.. တပတ်တခါ ထွက်တဲ့ အဲ့ဒီစာအုပ်တွေကို အလုပ်ရှာတဲ့ ဌာန မှာ သွားယူပြီး လမ်းမှာ ရောင်းပေါ့.. မီယာလည်း စိတ်ပေါက်ရင် ၀ယ်ဖတ်ပါတယ်... ယူရိုမီလီယံ ထီထိုးမယ့်အစား ၁ကျပ်ခွဲပေးပြီး စာအုပ်ဝယ်ပါလို့ ယောကျာ်းကိုတောင် တိုက်တွန်းမိသေးတယ်။