Monday, July 6, 2009

သမဂ္ဂ စိတ်ဓါတ်နဲ့အတူ

သူမနဲ့ စတင်သိရှိခဲ့တာက ကျမရဲ့ သူငယ်ချင်းတယောက်နဲ့ ပတ်သက်ဆက်နွယ်ခဲ့သည်။ သူငယ်ချင်းကလဲ တော်တော့်ကို ခင်မင်ရတဲ့ လူ။ နောက် နိုင်ငံရေး လုပ်တာချင်းလဲ တူ၊ နိုင်ငံရေးမျိုးရိုးကလဲ ဖြစ်သူမို့ သူတန်ဖိုးထားမိတ်ဆက်ပေးတဲ့ သူမကို မြင်တာနဲ့ ခင်မင်ခဲ့ရသည်။ နေ့ရက်တိုင်း သွားအတူလာအတူ အဲဒီအချိန်တုန်းက ၁၉၉၅ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခါစ ၊ အန်တီ့ခြံရှေ့က တရားပွဲတွေကို တူတူသွားခဲ့ကြသည်။ နောက် မှတ်မိတာ တခုရှိသေးသည်။ သာမညဆရာတော်ဘုရားနဲ့ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံကို ကူးယူဖြန့်ချီတဲ့ လူတွေဆီကို ကိုယ့်နယ်မှာ ရောင်းဖို့ ဓါတ်ပုံတွေ အများကြီး ကူးဖို့သွားမှာခဲ့ဖူးသည်။ မဟုတ်မခံစိတ်ဓါတ်ရှိသူ၊ သူငယ်ချင်းအပေါ် အနစ်နာ ခံတတ်သူ၊ အားလုံးနဲ့ တူတူ ခံစားချင်စိတ် ရှိသူ။

နောက် အဲဒီအချိန် ကျမက ရန်ကင်းက ဆယ်တန်းကျောင်းသူတယောက်ရဲ့ သိပ္ပံဘာသာတွဲကို ဂိုက်လုပ်ပေးနေချိန်၊ ရန်ကင်းက ည ၈ နာရီခွဲအပြီး အလုံကို ပြန်ရချိန်တိုင်း သူတို့ ၃၃ လမ်းထိပ်မှာ ဆင်းပြီး ကားပြောင်းစီးနေကျ၊ ကျမသူငယ်ချင်းနဲ့ သူက ကားဂိတ်နားက သစ်ပင်အောက်က အုတ်ခုံလေးမှာ ထိုင်ပြီး စောင့်ပေးနေကျ။ ပြောင်းစီးရမယ့် ၃၃ လိုင်း မှာ ယောက်ျားလေးများပြီဆို သူငယ်ချင်းက အဖော်လိုက်ပို့ပေးတာကို သူမက လက်ပြနှုတ်ဆက်ရင်း ကျန်ရစ်ခဲ့မြဲ။

တခါတရံနေ့လည်ဘက်တွေမှာ သူ့အိမ်ကို သွားခေါ်တိုင်း သူ့မောင်လေးက အအေးပုလင်းကို သူတို့အိမ်အောက်က ဆိုင်ကနေ သွားဝယ်လာပြီး တိုက်နေကျ။ နောက် အဲဒီအချိန်တုန်းက ကျမရဲ့ ပီအေနဲ့ ကျမက လက်မထပ်ရသေး။ တခါတရံ ရန်ကုန်ကို ဆင်းလာတဲ့ပီအေလောင်းကို သူမနဲ့ မိတ်ဆက်ပေးဖူးသည်။ နောက် ကျမတို့ လက်ထပ်ပွဲ လုပ်ဖို့ ရန်ကုန်မှာ ရှိနေတဲ့ ကျမက ဖိတ်စာအပ်၊ ဘုန်းကြီးကျောင်းရှာ ဘာညာဘာညာတွေ လုပ်တော့ သူကလဲ တက်ကြွစွာ ကူညီပေးခဲ့သည်။


ကျမတို့ မင်္ဂလာပွဲကို သူငယ်ချင်းနဲ့ သူက တူတူတက်ရောက်အားပေးခဲ့သည်။ အဲဒီတုန်းက ပန်းရောင် ပိုးပြောင်လုံချည်လေးနဲ့ ပန်းရောင် ဇာကို ၀တ်လာပြီး အရပ်မြင့်မြင့်မှာ ဒေါက်ဖိနပ်အမြင့်ကြီးစီးလာတဲ့ သူမကို ကျမပီအေရဲ့ ရဲဘော်သူငယ်ချင်းတွေက မျက်စိ ကျပြီး မေးမြန်း မိတ်ဆက်ကြသည်။ ဟဲ့ မလုပ်ကြနဲ့အဲဒါပိုင်ရှင်ရှိတယ်ဟလို့ တားဆီးခဲ့ရတာ မှတ်မိနေသေးသည်။ ငယ်နုပျိုရွယ်တဲ့သူမရဲ့ အရိပ်ကို ခုထိမမေ့နိုင်သူတွေ ရှိနေဆဲပါ။

၁၉၉၆ ကျောင်းသားဆန္ဒပြပွဲတွေ ဖြစ်တော့ ကျမက ရန်ကုန်ရဲ့ အဝေးမှာ။ ဒါပေမယ့် သူမရဲ့သတင်းတွေ ကြားနေရသည်။ လမ်းဟိုဘက်က ဆန္ဒပြနေတဲ့ကျောင်းသားတွေဆီကို ကူးသွားနေတဲ့ သူ့ကို လှမ်းတားတဲ့ စစ်ဗိုလ်ကို ပါးရိုက်ပစ်တယ် ဆိုတာ။ အဲဒီနောက် သူ့ကို ၀တ္တရားနှောင့်ယှက်မှု၊ ဆူပူရန်လှုံ့ဆော်မှုနဲ့ ဖမ်းတာ၊ နောက် ထောင်ခုနှစ်နှစ်အပေါင်း သုံးနှစ်လား ၊ ခုနှစ်နှစ်အပေါင်း ခုနှစ်နှစ်လား (မမှတ်မိတော့) ချမှတ်ခံရတာ။ အင်းစိန်ထောင်ကနေ သာယာဝတီကို ပြောင်းရတာ စသဖြင့် သူမသတင်းတွေကို အဝေးက နားထောင်နေရတဲ့ ဘ၀ကို ရောက်ခဲ့ရသည်။

ကိုယ်တိုင် ရန်ကုန်ကို ပြန်ရောက်ချိန် သူမအိမ်ကို တခေါက်ရောက်သေးသည်။ သူမကတော့ အဝေးကနယ်ထောင်မှာ။ သူမအိမ်က ထောင်ဝင်စာသွားတွေ့ပြီး ပါလာတဲ့ သတင်းတွေကိုသာ မေးမြန်းသိခွင့်ရခဲ့သည်။ အဲဒီအခေါက်ထောင်ကျတဲ့အထဲ ကျမသူငယ်ချင်းလဲ ပါသွားသည်။

နောက် သူငယ်ချင်းက ရက်မစေ့ပဲ ပြန်လွှတ်တဲ့ အထဲပါလာပြီး ပြန်ထွက်လာသည်။ သူ့ကို အပြေးသတင်းမေးရင် သူမရော ပြန်လွတ်တဲ့အထဲ ပါသလား မေးမြန်းကြည့်တော့ လက်မှတ်ထိုးမထွက်ဘူးတဲ့။ ဘာလက်မှတ်လဲ ဆိုတော့ နောက်မှုဖြစ်ရင် အခု ကျန်ရှိနေတဲ့ပြစ်ဒဏ်ကို ပြန်လည်ကျခံမယ်ဆိုတဲ့ အချက်ကို သူမ လက်မှတ်မထိုးဘူး သိရတော့ သူမကို ပြန်တွေ့ချင်ဇောနဲ့ လက်မှတ်ထိုးလိုက်တာ မဟုတ်ဘူးဟာ လို့ ပြောခဲ့ဖူးသည်။ ဒါပေမယ့် သူမကတော့ ခေါင်းမာမာနဲ့ ထောင်ထဲမှာ နေဆဲ။ သူမနဲ့ ထောင်ထဲမှာ တူတူနေတဲ့ နောက်သူငယ်ချင်းမတယောက် လွတ်လာပြန်ပြီး သွားတွေ့ဖြစ်တော့ သူမအကြောင်းတွေ သတင်းတွေ နားစွင့်မိရပြန်ပြီ။ တကယ့်ကို ပြေလည်တာထက်ပိုသော ချမ်းသာသော မိသားစုက ပေါက်ဖွားလာတဲ့ သူမကတော့ ထောင်ဆိုတာကို မကြောက်မရွံ့ ၊ သူမရဲ့ သတ္တိကတော့ စံတင်လောက်ပါရဲ့။

သူမ ထောင်ကလွတ်ချိန်မှာတော့ ပြန်မဆုံဖြစ်ခဲ့တော့ ကျမက ဒီဖက်ရောက်နေလေပြီ်။ လောကထဲမှာ အရှုပ်တွေလုပ်ရင်း အလုပ်တွေ ရှုပ်ရင်း သူမနဲ့ သူငယ်ချင်းရဲ့ ပြန်မဆုံနိုင် ဇာတ်လမ်းကို ကြားသိရပြီး စိတ်မကောင်းတွေ ဖြစ်ရသည်။ နောက်သူမရဲ့ လက်တွဲဖော်ရွေးချယ်မှုတွေ သိရသည်။ ဒီအသိုင်းအ၀ိုင်းထဲက ဖြစ်ပြီး ကျမက အဲဒီသူမလက်တွဲဖော်ရဲ့ အကိုနဲ့ တော်တော်ခင်မင်တာမို့ သူမရွေးချယ်မှုကို မကန့်ကွတ်မိတော့။

ဒီလိုနဲ့ သူမတို့မင်္ဂလာပွဲ ဆင်နွဲတဲ့ သတင်း.........
နောက်သူတို့ သမီးလေးသတင်း...........၊
နောက် ကိုကိုကြီးတို့ မင်းကိုနိုင်တို့ကို ထိန်းသိမ်းထားတဲ့အချိန်မှာ လက်မှတ်ကောက်ခံတဲ့ သတင်း.....၊
နောက် သူတို့ရဲ့ အဖြူရောင်လှုပ်ရှားမှု သတင်း........၊
နောက် လောင်စာဆီဈေးနှုန်းကျဆင်းဖို့လမ်းလျှောက်တဲ့ သတင်း.........၊
နောက်တော့….သမီးငယ်လေးကို ချန်ထားလို့ သူမကိုယ်တိုင် လမ်းထွက်လျှောက်တဲ့ သတင်းတွေကို မြင်ရ ကြားရ .. တချို့ကို ကိုယ်တိုင် သတင်းတွေ လုပ်ပေးခဲ့ရ… ပုန်းအောင်းနေရတဲ့ သူမဘ၀ကို နားလည်စာနာရင်း မျက်ရည်အကြိမ်ကြိမ်ကျရင်း….........
သူမအတွက်ခံစားရလွန်းလို့ သမီးဖတ်ဖို့စာကို ရေးဖြစ်ခဲ့သေးသည်။
အဲဒီစာကို အင်္ဂလန်က အဖွဲ့တခုက ဘာသာပြန်ပြီး အသံထွက်ဖတ်ရှုပေးတာလဲ အမှတ်တရဖြစ်ရသေးသည်။
ခုတော့ ၆၅ နှစ်ဆိုတဲ့ မတရားတဲ့ ပြစ်ဒဏ်နဲ့ သူမက သူမရဲ့ချစ်သမီးလေး သူမရဲ့လက်တွဲဖော်တို့နဲ့ ဝေးရာတနယ်စီမှာ….။
ပုန်းအောင်နေရစဉ် အချိန်တွေတုန်းက ဒီဖက်ကို ထွက်ခဲ့ပါလို့ အကြိမ်ကြိမ်ခေါ်ခဲ့ဘူးပေမယ့် … ငြင်းဆန်ခဲ့တဲ့ သူမကိုလဲ နားလည်ပေးနိုင်ခဲ့သည်။ သူမရဲ့ သတ္တိ သူမရဲ့ ဇွဲ ကိုတော့ ဘယ်လိုခြိမ်းခြောက်မှုမျိုးတွေကမှ လျော့ပါးသွားစေခြင်းငှာမတတ်နိုင်ပါချေ။

ဘာပဲ ဖြစ်ဖြစ် ကျောင်းသားဆိုတဲ့ သွေးနဲ့ ကျောင်းသားစိတ်ဓါတ်ကို မမှေးမှိန်ရလေအောင် သူမတို့လို လူမျိုးတွေက အရောင်တင်ပေးခဲ့သည်။ စွန့်လွှတ်နိုင်မှုတွေကို ဘယ်လိုရေးပြလို့မှ လိုက်မမှီနိုင်၊
ကျောင်းသားသမဂ္ဂကို ဖြိုဖျက်နိုင်ခဲ့ပေမယ့် ခေတ်အဆက်ဆက် ကျောင်းသားစိတ်ဓါတ် သမဂ္ဂစိတ်ဓါတ်နဲ့ ကျောင်းသားသွေးကိုတော့ ဘယ်လိုအာဏာရှင်မျိုးတွေကမှ မဖြိုဖျက်နိုင် ဆိုတာကို သမိုင်းက သက်သေပြနေလေပြီမဟုတ်ပါလော။

(၈၈ မျိုးဆက်ကျောင်းသားများ ထဲက ချစ်ခင်ရပါသော နီလာသိန်းသို့ အမှတ်တရ ရေးဖွဲ့ပါသည်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

17 comments:

JulyDream said...

ဓါတ်ပုံထဲမှာ ၀ါးဝါးလေး လုပ်ထားပေးမယ် အတော်ကို ချောမယ့်ပုံပဲနော်။ ဒါကြောင့် ပီအေကြီးရဲ့ ဘော်ဘော်တွေ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်တာ နေမယ်။

မခင်မင်းဇော်ရေ...
မသိရသေးတဲ့ အချက်တွေကို သိခွင့်ပေး ဝေမျှလို့ ကျေးဇူးတင်ပါတယ်။ တချို့ဟာတွေက စာအုပ်ထဲမှာ ရှာမရဘူး ခင်ဗျ။

ဂျူနို said...

မနီလာသိန်းအကြောင်း အခုလိုပြည့်ပြည့်စုံစုံ ဖော်ပြပေးတာကျေးဇူးတင်ပါတယ် အမရယ်...

ပြည့်စုံတဲ့သူတွေလဲ နိုင်ငံ့အရေး လုပ်ဖို့လိုပါတယ်

လေးစားစရာကောင်းတဲ့ ခွပ်ဒေါင်းစိတ်ဓာတ်နဲ့လူမို့ အလေးပြုပါတယ်

ကိုလူထွေး said...

နီ...တယ် တို့သွေးက နီတယ်
လာ...မစနဲ့ မတရားမှုကို ခေါင်းငုံ့တော့မခံဘူး
သိန်း...သန်းကုဋေ ပြည်သူတွေကို သက်သေပြုပါရဲ့...

ကိုပေါ said...

လေးစားပါတယ်ဗျာ....

ဒေါ်အောင်ဆန်းစုကြည်၊ မနီလာသိန်း၊ မမီးမီး၊ မစုစုနွေး၊ မဖြူဖြူသင်း.... သတ္တိရော၊ စိတ်ဓါတ်အရာမှာပါ ကျနော်တို့က ကြည်ညိုလေးစားရတဲ့ မိန်းမသားတွေပါ။ ရာဇ၀င်ထဲမှာ ထူးခြားပြီး အမွန်တမြတ် မှတ်တမ်းတင်ထိုက်တဲ့ သူတွေပါ။

Anonymous said...

မမရေ...
မမနီလာသိန်းအကြောင်းဖတ်ရလို့ 
ကျေးဇူးပါ အရမ်းလေးစားဖို့ ကောင်းတဲ့သူရဲကောင်းတွေပါ
အမြဲဦးညွတ်လျှက်ပါ

မြူးသျှရီ

Jackel said...

I am so moved by her courage, commitment and activism.
Salute to Ma Ni Lar Thein!

P.Ti said...

စိတ်ဓာတ်တူတဲ့ သူတို့နှစ်ယောက် မိသားစုနဲ့ အတူအတူ ပျော်ရွှင်စွာနေထိုင်သွားနိုင်ပါစေ... ၈၈ မျိုးဆက်ကျောင်းသားတွေကတော့ တာဝန်ကျေပါတယ်

Moe Cho Thinn said...

မနီလာသိန်းအကြောင်း အခုလို ပြည့်ပြည့်စုံစုံ သိရတော့ အမကို ကျေးဇူးတင်ရင်း သူ့ကို ပိုလေးစား ချစ်ခင်မိတယ်။ ရုပ်ကလေးလှသလို စိတ်ဓာတ်ကလဲ စံပြုလောက်အောင် ချောသူပဲနော်။
သူတို့မိသားစုတွေ ငြိမ်းငြိမ်းချမ်းချမ်း ဆုံဆည်းကြရပါစေ။
ဒေါ်စုနဲ့တကွ နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ပါစေ။
တဦးတယောက်ကို အထူးကြောက်ရတဲ့ အာဏာရှုင်စနစ် ကျဆုံးပါစေ။

Anonymous said...

you should not include personal things.

သက်ဝေ said...

အမှတ်တရ သမိုင်းတွင်စေမယ့် မှတ်တမ်းလေး လာဖတ်သွားပါတယ်။
မျှဝေပေးတာ ကျေးဇူးပါအမရေ...

Rita said...

မျှဝေပြောပြပေးတာ ကျေးဇူးတင်ပါတယ် အစ်မ

ATN said...

သမဂ္ဂစိတ်ဓါတ် အဓွန့်ရှည်ပါစေ....
သူရဲကောင်းစိတ်ဓါတ် ထာဝရတည်တန့်ပါစေ...
သူရဲကောင်းများ ကိုယ်ရောစိတ်ပါ ကျန်းမာကြပါစေ...

BTW ကိုဂျင်မီနဲ့ မနီလာသိန်းတို့ သူရဲကောင်းဇနီးမောင်နှံကို ဂုဏ်ပြုသောအားဖြင့်
ကျနော် ကဗျာတပုဒ်ရေးခဲ့ဖူးတယ်...
http://aungthange.blogspot.com/2009/02/blog-post_14.html

ကိုလူထွေး said...

ကိုကိုကြီးအကြောင်းကို ကိုလူထွေးရေးတာက ပြည့်စုံမှုမရှိသေးတာ ဝန်ခံပါတယ်...

မခင်မင်းဇော်ရေးမယ် ဆိုလဲ ကြိုဆိုလျှက်ပါ...

အင်တာနက်ပေါ်မှာ ရှာရသလောက်မှာလဲ ကိုကိုကြီးအထုပ္ပတိက အားရမှုမရှိသေးဘူးလို့ ခံစားမိပါတယ်...

မခင်မင်းဇော် သိထားတဲ့ ကိုကိုကြီးအကြောင်းကို မျှဝေမယ်ဆိုရင်လဲ ဖတ်ချင်ပါသေးရဲ့...

မေ့သမီး said...

မနီလာသိန်းအကြောင်းကိုကြားဖူးတယ်။ သမီးလေးအကြောင်းသိပြီး စိတ်မကောင်းဖြစ်နေတာ။ ပထမဖတ်နေတာအမဘယ်သူ့အကြောင်းရေးမှန်း မသိသေးဘူး။ သမီးပါလာမှသူ့အကြောင်းဆိုတာ သိလိုက်တာ။ ဆရာအောင်ဝေးရေးတဲ့ကဗျာဆို ဖတ်ရင်းနဲ့ငိုတောင်ငိုရတယ် အမရယ်။

Nge Naing said...

မိခင်တယောက်အတွက် ရင်သွေးထက် နှစ်လိုဖွယ်ကောင်းတဲ့အရာ ဆိုလို့ ဘ၀မှာ တခြားဘာတခုမှ မရှိနိုင်ပါဘူး။ ကျွန်မအတွက်တော့ ရင်သွေးကို ပစ်ထားဝံ့ပြီး မိမိဘ၀ကို အများအတွက် ပေးဆပ်တာထက် အဆုံးစွန်တဲ့ ပေးဆပ်စရာ ရှိမယ်မထင်ဘူး။ ဒီလိုပေးဆပ်နိုင်သူတွေကို တကယ်ပဲ အလေးပြုပါတယ်။

Anonymous said...

[URL=http://imgwebsearch.com/35357/link/buy%20viagra%20online/11_viagra1.html][IMG]http://imgwebsearch.com/35357/img0/buy%20viagra%20online/11_viagra1.png[/IMG][/URL]


[URL=http://imgwebsearch.com/35357/link/buy%20viagra%20online/17_buygenericviagra.html][IMG]http://imgwebsearch.com/35357/img0/buy%20viagra%20online/17_buygenericviagra.png[/IMG][/URL]


[URL=http://imgwebsearch.com/35357/link/buy%20viagra%20online/3_buygenericviagra1.html][IMG]http://imgwebsearch.com/35357/img0/buy%20viagra%20online/3_buygenericviagra1.png[/IMG][/URL]

Anonymous said...

[URL=http://imgwebsearch.com/35357/link/buy%20viagra%20online/15_viagra1.html][IMG]http://imgwebsearch.com/35357/img0/buy%20viagra%20online/15_viagra1.png[/IMG][/URL]


[URL=http://imgwebsearch.com/35357/link/buy%20viagra%20online/14_buygenericviagra.html][IMG]http://imgwebsearch.com/35357/img0/buy%20viagra%20online/14_buygenericviagra.png[/IMG][/URL]


[URL=http://imgwebsearch.com/35357/link/buy%20viagra%20online/3_buygenericviagra1.html][IMG]http://imgwebsearch.com/35357/img0/buy%20viagra%20online/3_buygenericviagra1.png[/IMG][/URL]